Pages

မင်းဒင်ရဲ့သက်ခိုင် (ဒုတိယအကြိမ် ရိုက်နှိပ်ခြင်း)



                                                      ယနေ့ထွက်ပါပြီ

ဒုတိယအကြိမ်ရိုက်နှိပ်ခြင်း

မျက်နှာဖုံးပန်းချီ ။ ။ ပန်းချီမျိုးမြင့်

စာအုပ်အပြင်အဆင်။  ။ သီဟမောင်မောင်

စီစဉ်သူ။   ။ကိုဝင်းဟိန်း

ဖြန့်ချိရေး ။   ။ သက်ခိုင်စာပေ။ (+၆၆(၀) ၈၁၇၁ ၉၁၀ ၉၂ )

                  email; mindin3000@gmail.com
                                  .............................................................
                                          ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် 

                                              စာရေးသူ၏ အမှာစာ

“မင်းဒင်ရဲ့ သက်ခိုင်” သည် စာရေးသူ၏ရင်တွင်း၌  နှစ်ကာလအားဖြင့် ကြာရှည်လေးမြင့်စွာကပင် ဖြစ်ပေါ် တည်ရှိခဲ့သော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ အခွင့်သာသည့် ၂၀၀၈ ခုနှစ်ဝန်းကျင်၌ www.mindin.info တွင် စတင် လူးလွန့်နိုးကြားလာခဲ့ပြီး ၂၀၁၀ခုနှစ်တွင် ပထမအကြိမ် ပုံနှိပ် စာအုပ်အဖြစ် အလားမြောက် ခဲ့ပါသည်။ မျှော်လင့်မထားသည့် အခြေအနေတရပ်အထိ စာဖတ်သူတို့၏ အားပေးမှုများ ရရှိခဲ့သောကြောင့် သက်ခိုင်ကိုထုဆစ် ဖန်တီးရကျိုးနပ်သည်ဟူသော ဝမ်းမြောက်ပီတိဖြင့် စာဖတ်သူများ အား ကျေးဇူးစကား လေးနက်စွာ ဆိုပါ၏။ စင်စစ် ထိုကျေးဇူးတရား၏ နောက်ဆက်တွဲသည်ပင် “မင်းဒင်ရဲ့သက်ခိုင်”ကို ဒုတိယအကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေနိုင်ခြင်း၏ အခြေခံ အကြောင်း တရားဖြစ်ချေသည်။
ဤစာအုပ်တွင် ဇာတ်ကောင်အမည်အများစုမှာ သက်ရှိထင်ရှားရှိခဲ့သူများ ၊ရှိနေသူများ၏ အမည်နာမများ ပါဝင်နေလေရာ ကာယကံရှင်ပုဂ္ဂိုလ်အချို့အနေဖြင့် မနှစ်မြို့စရာဖြစ်ကြမည်မှာ သေချာလှသော အချက်ဖြစ်၏။ စင်စစ် သက်ခိုင်သည် အမှန်တကယ်သက်ရှိထင်ရှားရှိသည့် ဇာတ်ကောင်ဖြစ်ရုံမက သူကျင်လည် ခဲ့သည့် ခေတ်ကာလအပိုင်းအခြားမှာလည်း လက်ရှိကာလနှင့်မနီးမဝေး သည့် ခေတ်ပြိုင်ကာလပင်ဖြစ်၍ ဤဇာတ်အိမ် သည် သက်ရှိထင်ရှား ဇာတ်ကောင်များနှင့် ဆပ်စပ်နေရခြင်း ဖြစ်ပေသည်။စာရေးသူ အနေဖြင့်  မျက်မှောက် ခေတ်လူ ငယ်များအား ဘဝသင်ခန်းစာ၊ သမိုင်းသင်ခန်းစာ ဖြစ်လိုဖြစ်ငြားသာ ရည်ရွယ်ခဲ့ပြီး တစုံတယောက်သို့ ထိခိုက်နစ်နာစေရန် ရည်သန်ခဲ့သည်မဟုတ်ချေ။
စာရေးသူ အနေဖြင့် သက်ခိုင်ကို ဖန်တီးရာ၌ အာဃာတရားကို အတတ်နိုင်ဆုံး မေ့ပျောက်ဖယ်ရှားလျက် သံဝေဂ တရားဖက်သို့ ဇောင်းပေးရေးသားခဲ့ရိုးအမှန်ဖြစ်ပါသည်။ ရေးသားနေစဉ်ကာလတွင်လည်း စာရေးသူ၏ စိတ်အစဉ်ကို ကြိမ်ဖန်များစွာ ဆုံးမခဲ့သည်မှာလည်း မှန်သောသစ္စာစကားဟု လိပ်ပြာသန့်စွာ ဆိုဝံ့ပါ သည်။
ထို့ကြောင့် ဇာတ်လမ်းပါ အကြောင်းခြင်းရာအားလုံးမှာ စာရေးသူ တတ်ကျွမ်းသမျှ ချယ်မှုန်း ပုံဖော်ထားသည် သက်ခိုင်၏  ခံစားချက် အတွေးအမြင်မျှသာ ဖြစ်လေရာ စာဖတ်သူ တို့အနေဖြင့် ဖော်ပြထားသမျှသော အချက် အလက်၊ ဖြစ်ရပ်အားလုံးသည် ပရမတ်ဆတ်ဆတ် မုချ အမှန်ချည်းဖြစ်သည်ဟု  ယူဆကြရန်မဟုတ်မူပဲ မိမိတို့ ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် အကြောင်း ယုတ္တိတန်သည် မတန်သည်ကို ဝေဖန်ပိုင်းခြားကြရန် ဖြစ်ပါသည်။
ဒုတိယအကြိမ်ရိုက်နှိပ်ခြင်းတွင် ပထမအကြိမ်ရိုက်နှိပ်စဉ်က လွဲမှားစွာဖော်ပြမိခဲ့သော အကြောင်းအချက် အမည်နာမအချို့ကို ဖြည့်စွက်ပြင်ဆင်ဖော်ပြထားပါသည်။ ထိုသို့ဖော်ပြနိုင်ရန် အတွက် မေတ္တာစေတနာဖြင့် ထောက်ပြ ပြင်ဆင်ပေးခဲ့သူများအား ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
ရသစာအုပ်တအုပ် ပီပြင်စွာဖြစ်ပေါ်လာနိုင်ခြင်းမှာ အခိုက်အတန့်အားဖြင့် စာရေးသူတွင် ပူးကပ်လာသော ဈာန်သဘောနှင့် အခြေအနေပေးမှု အပေါ်တွင်သာ မူတည်လေရာ ဒုတိယအကြိမ်ရိုက်နှိပ်ထုတ်ဝေရခြင်း အတွက် စာရေးသူအနေဖြင့် ဂုဏ်ယူပလွှားစရာ အကြောင်းမမြင်ပဲ၊ ဤစာအုပ်ဖြစ်ပေါ်လာနိုင်ရေးအတွက် ဝိုင်းဝန်းအားထုတ်ပေးခဲ့ကြသည့် မျက်နှာဖုံးပန်းချီမျိုးမြင့်၊ ရခိုင်သတင်းစာ အယ်ဒီတာ ဦးဌေးဝင်း၊  ဓာတ်ပုံ ဂျစ်တူး(မုံရွာ)၊ ကိုသီဟမောင်မောင်၊ ကဗျာဆရာနှင်းခါးမိုး၊ ကိုမောင်မောင်ဈာန် ၊ကိုဝင်းဟိန်း၊ ကိုဝင်းမြင့် (စင်္ကာပူ) ၊ ကိုရဲ (စင်္ကာပူ)၊ ရွှေပြည်စိုး(စင်္ကာပူ) နှင့်တကွ စာဖတ်ပရိတ်အားလုံး၏ ကျေးဇူးတရားသို့သာ ဦးညွတ်လိုပါသည်။

ချမ်းသာကိုယ်စိတ်မြဲပါစေ

လေးစားမှုများဖြင့်

မင်းဒင်
mindin3000@gmail.com
၂၀၁၂ ခုနှစ်။ အောက်တိုဘာလ (၃၀) ရက် ။
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ။


6 comments:

Yaw Mang said...

Hi Mr. Mindin,
When you have time, please drop a note to me about how I can order the book. I really would like to have it. Thanks! :)

All the best!

Respectfully yours,
Yaw Mang

မင်းဒင် said...

ကိုယောမောင်ခင်ဗျာ

စာတိုက်နေ ကျနော်လှမ်းပို့ပေးပါ့မယ်။ mindin3000@gmail.com ကိုလိပ်စာပို့ပေးထားပါခင်ဗျ။

လေးစားစွာဖြင့်

မင်းဒင်

Yaw Mang said...

Hi, I just sent my current home address to your email Mr. Mindin. Thank you very much for your response and I hope I'll be enjoying your book soon! :)

Respectfully yours,
Yaw Mang

စံပယ်ဖြူ (Jasmine White) said...

ကိုမင်းဒင်ရှင်.

သက်ခိုင်အကြောင်းရေးတဲ့ ၀တ္ထုကို မလေးရှားမှာ ထုတ်ဝေတဲ့ လမ်းသစ်ဂျာနယ်မှာ အခန်းဆက်ဖော်ပြပေးလို့ ဇာတ်လမ်းတ၀က် ကျော်အထိ ဖတ်ဖြစ်ခဲ့ပါတယ်။ အရမ်းကို ကြိုက်ပါတယ်။ အချိန်မရတာရယ်၊ စိတ်ဓာတ်ကျနေတာရယ်ကြောင့် ဆက်မဖတ်ဖြစ်ခဲ့ပါ။
ကြိုက်တဲ့စာမို့ ၀ယ်ဖတ်ပြီးသိမ်းထားပါမယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပီပြင်တဲ့ ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်အောင် ရေးသားပုံဖော်နိုင်တာကို လေးစားအားကျမိပါတယ်။
ရင့်ကျက်သော စာဖတ်သူတွေဟာ စာရေးသူရဲ့ နှလုံးသားကိုမြင် နိုင်ကြပါတယ်။ ကျွန်မက အထိုက်အလျောက်ပဲ ရင့်ကျက်သေးသူမို့ သက်ခိုင်အကြောင်းရေးတဲ့ ကိုမင်းဒင်ရဲ့ နှလုံးသားနဲ့ အတွင်းစိတ်ကို အထိုက်အလျောက် မြင်နိုင်ပါတယ်။
သက်ခိုင်ဝတ္ထုကပေးတဲ့ အသိနဲ့ရသတွေဟာ ဖတ်တဲ့သူတိုင်းရဲ့ ရင်ကိုထိရှစေပြီး၊ အသိဥာဏ်တွေ ပွင့်လင်းစေပါတယ်။
ဲမြန်မာသမိုင်း အပြောင်းအလဲအတွက် အထောက်အကူ ပေးတဲ့ဝတ္ထုကောင်း တစ်ပုဒ်ကို ရဲရဲရင့်ရင့် ရေးသားပေးတဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

Unity To Fight Dictatorship said...

ကိုမင်းဒင်ခင်ဗျား။ အဘဗိုလ်မှုးကြီးစိန်မြအကြောင်းဖေါ်ပြထားတာ တွေ့လိုက်မိပါတယ်။ အဘရဲ့ မိသားစုနဲ့ပါတ်သက်တဲ့ ဆက်သွယ်နိုင်မဲ့အချက်အလက် တချက်ပြော လို့ဖြစ်မလားမသိဘူးခင်ဗျား။ ကျွန်တော်တို့ အဘ မိသားစု ကို တတ်နိုင်သမျှ ပြန်ကူညီချင်ကြလို့ ပါ။ အဘကျေးဇူးတွေကျွန်တော်တို့ မှာ ဆပ်မကုန်အောင်ရှိခဲ့ပါတယ်။
ကျွန်တော့်ဆီကို nyeinchan2008@live.com ကနေ ဒါမှမဟုတ် nyeinchanforunity@gmail.com ကနေ အားရင်အီးမေးလ်ပို့ ပေးစေချင်ပါတယ်။ လေးစားစွာဖြင့်
ငြိမ်းချမ်း

yelin said...

ဦးမင်းဒင်ခင်များ ကျွန်တော် မင်းဒင်ရဲ့သက်ခိုင် စာအုပ်ကိုကြိုက်လို့ ဖက်တာ ၅ ကြိမ်အထက်မှာရှိပါပီ ကျွန်တော့ဆီမှာ အတွဲ(၃)ထိပဲ ရှိပါတယ် နောက်ထပ်ရေးထားတာရှိသေးလားဆိုတာလဲသိချင်ပါတယ် ရှာကြည့်တော့လဲမတွေ့ရလို့ပါ ရှိသေးရင်ဖက်ချင်ပါတယ် ပြောပြပေးပါခင်မျာ မေးကနေပို့ပေးလို့ရရင်လဲပို့ပေးစေချင်ပါတယ် ခင်မျာ... yelin.0002@gmail.com
အမြဲအားပေးစွာဖြင့်
ရဲလင်း

Post a Comment