(၁၁)
အသူရာကယ်ဘုံက ဧည့်သည်
“သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို …….”
ကျနော်နှင့်ကိုသက်ခိုင် ညက အိပ်စက်ခဲ့သော
တဲငယ်၏အပြင်ဘက်တွင် အမှောင်သန်းနေဆဲဖြစ်၏။ ရဲဘက် စခန်းထုံးစံအတိုင်း
နံနက်ငါးနာရီခွဲတွင် ဘုရားဝတ်တက်လေ့ရှိသဖြင့် ခပ်လှမ်းလှမ်း
အကျဉ်းသား အိပ်ဆောင်ဆီမှ ဘုရားရှစ်ခိုးသံများကြောင့် ကျနော် နိုးလာသည်။
ဘေးမှာရှိနေသော ကိုသက်ခိုင်ကို
ကြည့်လိုက်ရာ တရားထိုင် နေသည်ကို တွေ့ရ၏။ ကျနော်လည်း အိပ်ယာမှ ထချင်
စိတ်မရှိသေးသည်နှင့် တနာရီခန့်ဆက်အိပ်နေလိုက်ပြီး ကိုသက်ခိုင်တရားဖြုတ်ရာမှ ထသံ
ချိုးချိုး ချွတ်ချွတ်ကြားကာမှ “ အင်း”ကနဲအသံရှည်ကြီးဖြင့် အညောင်းဆန့်ရင်း အသံပြုလိုက်ရသည်။
“ ခင်ဗျားက မနက်တိုင်း အစောကြီးထတတ်တဲ့
အကျင့်ရှိသလားဗျ “
“ ဆိုပါတော့ဗျာ၊ ဘဝက
ပေးလိုက်တဲ့အကျင့်ဆိုပါတော့”
“ လာပြန်ပြီ ဒီဘဝ၊ နည်းနည်းလောက် ရှင်းပါအုံး”
“ ဒီလိုဗျ၊ ကျနော်ငယ်ငယ်တုန်းက
ကျနော်တို့မိသားစုဟာ နတ်မောက်ကနေ ရန်ကုန် ကျူးကျော်ရပ်ကွက်ဆီကို
ပြောင်းလာရတယ်လို့ ပြောဖူးတယ် မဟုတ်လား၊ ကျနော်တို့နေတဲ့နေတဲ့ ရပ်ကွက်မှာ
ရေရှားတယ်ဗျာ၊ မိုးရွာ တဲ့ညတွေဆို ညဥ့်နက်သန်းခေါင်လည်း အမေက လူလေး ထ ထ ၊
မိုးရေခံရအောင်ဆိုပြီး နှိုးတော့တာပဲဗျာ၊ ဒီတော့ ထချင်ချင် မထချင်ချင် ထ
ရတော့တာပဲ၊ မ ထ ရင်လည်း အိမ်မှာရေလိုရင်
တမိုင်လောက်ဝေးတဲ့ ဘုံဘိုင်ကနေ ရေထမ်းပုံးနဲ့ ကိုယ်တိုင်သွားထမ်း ရမှာကိုး၊ နောက်တချက်က
ကျနော့်အဖေဟာ နယ်အတော်များများကို အရောင်း အဝယ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ
တချို့ဒေသတွေဟာ အိပ်သာအိပ်လေ ၊ မမှိတ်လေနဲ့ ။ မှိတ်သာမှိတ်လေ ၊မပျော်လေ နဲ့လို့
စာချိုးရတဲ့ ဒေသတွေ ရှိတွေတဲ့အကြောင်း ပြောပြသံကြားဖူးတယ်ဗျ၊ အထူးသဖြင့်
ပျဉ်းမနားလို ကားလမ်း ရထားလမ်း ဆုံတဲ့နေရာတွေပေါ့၊ အဲဒီဒေသတွေမှာ
သူခိုးသူဝှက်ပေါတယ် ထင်ပါ့ဗျာ၊ နောက်ရှိသေးတယ်ဗျ၊ အဖေက မနက်သုံးနာရီလောက် ထပြီး
ကီလီဒိုင်ကို ဈေးကြို ဆင်းတဲ့အခါ တခါခါ အဖော်ခေါ်တတ်တော့ ကျနော် လည်း
အအိပ်မက်တဲ့အကျင့် ငယ်ငယ် ကတည်းက ပါမလာတော့ဘူး ဆိုပါတော့ ”
“ အင်း ဟုတ်ပါပြီဗျာ၊ ကျနော်မနက်စာအတွက်
ကော်ဖီဖျော်လိုက်ပါ့မယ်၊ ညက ခင်ဗျား ဖတ်ခိုင်းတဲ့ စာတွေထဲက မရှင်းလင်းတာလေးတွေ
မေးပါရစေဦးဗျာ”
ကျနော်က မနက်စာကို
ကော်ဖီတခွက်နှင့်ပေါင်မုန့်ဖြင့် တင်းတိမ်သော်ငြား ကိုသက်ခိုင်ကား ညက ကျန်သည့်
ထမင်းခြမ်းကို ငါးပိကြော်ပုလင်းဖွင့်ကာ လွေးနေလေသည်။ အိပ်ဆောင်ရှေ့က မြေကွက်
လပ်တွင်ကား ရဲဘက်များ ဘုတ်ဆင်းရန် လူစုနေကြပြီ။ အခွင့်ထူးခံ ကျနော်တို့နှစ်ဦးကား
ဖြစ်ပျက် ရှာပုံတော်ခရီးကို တသီးတခြားနှင်လျက်။ ကိုသက်ခိုင်ကား
မနက်စာစားပြီးချိန်တွင် ကွမ်းယာတယာကို ပါးစောင်မှာခဲရင်း အိပ်ယာပေါ်တွင် မှိန်းနေပြန်လေရာ
ကျနော်က …
“ နေပါဦးဗျ၊ ခင်ဗျားက ထမင်းစားပြီး
ပြန်အိပ်မလို့လား”
“ မဟုတ်ရပေါင်ဗျာ၊ ကွမ်းယာနဲ့
ဖြစ်ပျက်မှတ်နေတာလေ”
“ ကြံကြံဖန်ဖန်ဗျာ၊ ကွမ်းယာထဲမှာ
ဖြစ်ပျက်ပါလို့လား”
“ အော် ဒါလား၊ ရှင်းရှင်းလေးပါ၊
ကွမ်းရွက်၊ထုံး၊ဆေးရောပြီး ပါးစပ်ထဲထည့် ဝါးလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ဟာ
ပြောင်းသွားတယ်ဗျ”
“ သေချာရှင်းပါအုံးဗျ၊ ကျနော်တော့ဖြင့်
နားမရှင်းတာ အမှန်ပဲဗျာ”
“ ကွမ်းမစားခင်နဲ့ စားလိုက်ပြီးတဲ့
အခြေအနေနှစ်ခုက မတူဘူးလေ၊ မစားခင်က ခန္ဓာကိုယ်ရဲ့လှိုင်းနဲ့ စားပြီး
ခန္ဓာကိုယ်ရဲ့လှိုင်းက တော်တော်ကွာတယ်။ စားလိုက်တာနဲ့ နှာသီးဖျားက အမှုန်တွေဆို
အရင်ထက် ခပ်ကြမ်းကြမ်း ပိုခုန်တယ်။ အဲဒီလှိုင်းရဲ့အတွင်းပိုင်းက
စက်ဝန်းအစိပ်အကျဲဟာလည်း လားရာနဲ့အရှိန် ပြောင်းသွားတယ်။ သိပ်သိ သာတယ်ဗျ။ အဲဒါ
ကွမ်းယာထဲမှာတဲ့ ပစ္စည်းတွေရဲ့ သတ္တိဆိုပါတော့။ သိပ်များရင် စားလေ့စားထမရှိရင်
တချို့အား နည်းတဲ့သူတွေဆို ကွမ်းမူးတယ်ဆိုတာ အမှန်တော့ ဖြစ်ပျက် သိပ်ပြင်းထန်သွားတာဗျ”
“ ဘယ်ကလှိုင်းတွေ အမှုန်တွေလည်းဗျာ”
“ ဖြစ်ပျက်လှိုင်းတွေ အမှုန်တွေပေါ့။
ကွမ်းတင်မကပါဘူး။ ငြုပ်သီးတို့ ကန်စွန်းရွက်တို့ ဒူရင်းသီးတို့ လို လှိုင်းတွေကို
သိသိသာသာ မြင့်တက်စေတဲ့ အစာမှန်သမျှ စားပြီးလို့ သတိကပ်ရင် သိနိုင်ပါ တယ်”
“ ဒီလောက်တောင်ပဲလားဗျာ။ ဒါနဲ့
စပ်စုတယ်တော့ မထင်လိုက်ပါနဲ့၊ ညကခင်ဗျား ဖတ်ခိုင်းတဲ့ စာတွေထဲမှာ တရား မထိုင်ခင်
ရေချိုးကိုယ်လက်သန့်စင်တာတို့ ၊ လုပ်လက်စအလုပ် လက်စသတ်ရမှာတို့ အေးပြီး
မှောင်တဲ့ နေရာမှာ ထိုင်ရမယ်ဆိုတာတွေက အပိုအလုပ်တွေ ဖြစ်မနေဘူးလားဗျာ”
“ အလုပ်ကဖြင့် ဘာမှလုပ်မယ်မကြံသေးဘူး၊
ဈေးဆစ်တာအရင်ပါကလား၊ အဲဒါတွေ လိုကိုလိုတာပေါ့ ဗျာ၊ ချွေးစေးတွေ ချွေးနံ့တွေဟာ
ခင်ဗျားငြိမ်ငြိမ်ထိုင်လိုက်တာနဲ့ ခင်ဗျားစိတ်ကို အနှောင့် အယှက်ပေးမယ်။ ဟိုနေရာက
ယားသလိုလို ဒီနေရာက ယားသလိုလိုနဲ့ အလုပ်မတွင်တော့ဘူး”
“ ဒါဆို ယောဂီတဘက်ကျတော့ကော”
“
ဘောလုံးကန်ရင်တောင် ဝတ်စုံပြည့်ဝတ်ရသေးတာဗျာ၊ စိတ်ကိုတက်ကြွလာစေတာပေါ့”
“ အေးပြီးမှောင်တဲ့ နေရာကို
ရွေးပါဆိုတာကကောဗျာ”
“ အေးရင် လေကလေးတယ်၊ မှတ်ရတာလွယ်တယ်။
မှောင်တော့ လင်းနေတာနဲ့စာရင် အာရုံကို ချုံ့ ထားရာ ရောက်တယ်၊ ရှုမှတ်ရာကပေါ်လာတဲ့အလင်းကို
ကွဲကွဲပြားပြား သိလွယ်တယ်”
“
လုပ်လက်စ အလုပ်တွေ ဖြတ်ရမယ်ဆိုတာလည်း တဆက်တည်း ရှင်းပါဆရာ”
“ ပေးစရာရှိတဲ့အကြွေးမဆပ်မိရင်
တရားထိုင်တာနဲ့ ခင်ဗျား အာရုံထဲကို အကြွေးကိစ္စဝင်လာဖို့ သေချာပေါက်ပဲ၊
မီးပိတ်ပြီး တရားထိုင်မဲ့ဟာကို မီးမပိတ်မိရင် ခင်ဗျား စ ထိုင်တာနဲ့ ငါ
မီးချောင်းမပိတ်မိ ပါလားဆိုပြီး မီးချောင်းထဲပဲ စိတ်က ရောက်နေမယ်။တံခါးမပိတ်မိတာ၊
ရေသောက်ဖို့မေ့တာ၊ ဒါတွေ အားလုံး သတိထားရမဲ့အရာတွေချည်းပဲဗျ။ ကုန်ကုန်ပြောမယ်ဗျာ၊
ခင်ဗျားတရားမထိုင်ခင် မိန်းမက ကစ်ဆင်ရိုက်နေကျ နမ်းနေကျဆိုရင် ကစ်ဆင်ရိုက်ပြီးမှ
နမ်းပြီးမှ တရားထိုင် ၊ အဲဒါ ကျနော့်စကား ကုန်ရော “
“ ဟ တရားထိုင်တဲ့သူက ဒါတွေလုပ်လို့
ရသလားဗျာ”
“ တော်တော်ခက်တယ်ဗျာ။ခင်ဗျားက ရဟန္တာမှမဟုတ်တာ။ပုထုဇဉ်ဗျ”
ပုထုဇဉ်စိတ်ရှိတာ ဘာမှဆန်းတဲ့ အရာမဟုတ်ဘူး။ကိုယ် လက်ရှိအခြေ
အနေကနေ အဝေးကြီးကို မမျှော်နဲ့။မနိုင်ဝန် မထမ်းနဲ့။လူအဖြစ်နဲ့ တရားတွေ့နိုင်တာသေချာတဲ့ အထောက်အထားအများကြီးပါ။ တရားသမားတချို့ မုဒိမ်းမှုဖြစ် တယ် ဆိုတာ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ထင်ရာက စတာ”
“ ဆရာကြီး လေ့ကျင့်ခန်းတွေ လုပ်ခဲ့တုန်းကကော “
“လူပါဆိုမှဗျာ။ ပိုင်းဖြတ်မှုသာ အရေးကြီးတယ်။ ကိုယ်ဆုံးဖြတ်ပြီးထားတဲ့အချိန်တွေ ရက်တွေမှာ တိတိကျကျ
စောင့်ထိန်းဘို့သာလိုပါတယ်။ လူလို ကျင့်ကြံနေထိုင်နိုင်ပါတယ်။ မိန်းမနဲ့ကွာပြီးမှ
တရားအားထုတ်ရမယ်လို့ ဘယ် ကျမ်းဂန်ကမှ
မဟောဘူး။ခင်ဗျားပြောသလိုဆို တရားသမား မိန်းမတွေ
လင်ကွာမုဆိုးမတွေ ဖြစ်ကုန်တော့ မပေါ့။ တဏှာရာဂ ကုန်ဆုံးတယ်ဆိုတာ ခင်ဗျားထင်နေတဲ့
ပုံစံမဟုတ်ဘူး။
တဖြည်းဖြည်းချင်း ပါးသွားတဲ့သဘော။ နောက်ဆုံးမှ ကုန်ဆုံးသွားတဲ့
သဘော။ ဒါလည်း ဒီအပြစ်ကို အဖန်ဖန်တလဲလဲ ဆင်ခြင်သုံးသပ်ပြီး ထပ်တလဲလဲ ကျင့်မှ ဖြစ်တာ။
အဓိဌာန်သုံးရက်ဝင်ပြီး ဒီစိတ်ကုန်တယ်ပြောရင် ရူးလို့ ပဲမှတ်”
“ ဒီလို နေပြီးကျင့်ရင်လည်း ဖြစ်ပျက်တွေ့ တာပဲလားဗျာ”
“ တွေ့ - တွေ့ - တွေ့ နဲ့တောင်နေသေးဗျာ။ဘယ်လိုတွေ့သလဲ ကျုပ်ဆက်ပြောမယ်။ နားထောင် ဘို့သာပြင်ပေတော့ ။ ဖြစ်ပျက်ဆိုတာ
ဒီလိုပါလားဆိုပြီး ခင်ဗျားနားထင်ကို တူနဲ့နှက် သလို သိသွား ပါစေရမယ်ဗျာ”
“ နေဦးဗျာ၊ ခင်ဗျား ဖြစ်ပျက်အကြောင်းစရင်
ခင်ဗျားဖတ်ခိုင်းတဲ့ စာတွေကများလွန်းလို့ ကျနော် လည်းငြီးငွေ့နေပြီ၊ ခင်ဗျားက
အလောင်းကောင်ကြီးတခုလုံး အနီးကပ်ကိုင်တွယ်နေတာတောင် ကြောက်ပုံလန့်မရတော့
တစ္ဆေသူရဲ ဆိုတာ အယုံအကြည်မရှိဘူးလား”
“ ရှိပါ့ဗျာ၊ ခဏခဏကြုံရလွန်းတော့
ရိုးတောင်နေပါပြီ”
“ တကယ်တွေ့ဘူးတာလား ဗျ”
“ဒါကတော့ ခင်ဗျားနားထောင်ကြည့်ပေါ့။ဖြစ်ပျက်ဆိုတာကို မတွေ့ခင်ကျုပ်လေ့ကျင့်ခန်းတွေ လုပ်နေတာဟာ သမထနဲ့ ဝိပဿနာ
ကွဲဟန်မတူဘူး။ နည်းစံနစ်လိုတာ၊ ကျွမ်းကျင်တဲ့ အနီးကပ် ဆရာ မရှိတာလည်းပါမယ်။
သမထလိုင်းဘက်ကို သိပ်လွန်သွားတဲ့အခါမျိုးမှာ ဒါမျိုးတွေ
အကြိမ်ပေါင်းများစွာ ကြုံရတယ်။ မောင်မင်းကြီးသား တစ်ယောက်ဆို
လာနိုင်လွန်းလို့ အတော်ကို စိတ်အနှောင့်အယှက် ကြုံရတယ်”
“ ဘယ်က မောင်မင်းကြီးသား လည်းဗျာ”
“ သူ့ကို ကျနော့်အာရုံမှာပဲ မြင်ရတာဗျ။ လေ့ကျင့်ခန်း
စလိုက်တာနဲ့ မောင်မင်းးကြီးသား ရောက် လာပြီး ငြီးတော့တာပဲ။ ကျနော့်ကုတင်ဘေးက သေတ္တာပုံးပေါ်
ရောက် ရောက်နေတာဗျ။ သူ့ ပုံစံက အီးတီအဖေထက် အရုပ်ဆိုးတယ်။ဘာပုံစံမှန်းကို မတိကျဘူး၊ အရည်တရွဲရွဲနဲ့ အသား တစ်ကြီး
တစ်ခုလိုလို။အီးတီနဲ့ တူသလိုလို၊ သို့သော် ခေါင်းနဲ့ကိုယ်တော့ ပါတယ်။ဘာတွေ ငြီးတယ် ဆိုတာ ကျနော် နားမလည်ဘူး။ သူ ငြီးနေမှန်းတော့ သိတယ်။သူ့ကို တခုခု ကူညီဘို့လည်း ပြောနေ တယ်။ ကျနော်ကတော့
နားမရှင်းဘူး။ ညတိုင်းနီးပါး တလလောက် လာတယ်။ အစတော့ ကြောက်တာပေါ့။ နောက် တည်ငြိမ်မှုရှိနေတဲ့ အခြေအနေမို့ ကြောက်စိတ်ကို ထိန်းနိုင် တယ်။ ကျနော်ကလည်း အကြိမ်ကြိမ် ဖြစ်လာတော့ မကြောက်တော့ဘူး။ကျနော့်စိတ်ထဲက
သူ့ကို ပြောမိ တယ်။ မင်းကို ငါသနားတယ်။ မင်းပြောတာလည်း ငါ နားမလည်ဘူး၊ နားလည်ရင်လည်း ငါ တစ်ခုခု
လုပ်ပေးဘို့ဝန် မလေးဘူး၊ဘာဘဲဖြစ်ဖြစ် ငါ လုပ်နေတဲ့ အလုပ်တွေက
ရလာတဲ့ အကျိုးရှိရင် မင်း ရစေ့ချင်တယ်လို့ ညတိုင်းလို ပြောမိတယ်။နောက်လေးငါးရက်လောက် ကြာတော့ သူပျောက်သွားတယ်”
“ တခြား ဟာတွေကော ဗျာ”
“ ကျနော် လေ့ကျင့်ချိန်တွေမှာ ဒီ တဲရှေ့ ၊ အိပ်ဆောင်ရှေ့၊
ထောင်မှူးအိမ် လှေခါးထစ်၊ စားဖိုချောင်၊
လယ်ကွင်းစပ် နေရာအနှံ့မှာ လူသေမျက်နှာတွေနဲ့ ရပ်ပြတာတွေ အသနားခံတာ တွေကတော့ အကြိမ်ပေါင်း မရေနိုင် တော့ပါ ဘူး။ကြာတော့ ကျနော်လည်း ရိုးသွားတယ်။
ပျောက်သွားအောင်တော့ ထုံးစံ အတိုင်း ရှိတာလေး မျှရတာပေါ့ဗျာ”
“ ဖြစ်ပျက်ကို ရောက် ဘို့ တော်တော်လိုသေးလား ဗျ”
“ အသူရကယ်ဘုံဆိုတာ နားထောင် ပါအုံးဗျာ။ ကျုပ်လို အပ်လို
့ပြောတယ်လို့ ခင်ဗျားယုံပါ။ အမှန် တရားဖြစ်တယ်။နာယူသူ အကျိုး ရှိတယ်။နာယူ သူက
နားမထောင်ချင်ဘူး ဆိုရင်တောင် ပြောသင့် သေးတာ ပဲ။ကျနော်လည်း ဒီစခန်းမှာ နောက်ထပ်ရှိရင်
တပါတ်ပေါ့။ဇာတ်လမ်းကို သိမ်းမှ ဖြစ်မယ်။
“ အယူခံ နိုင်ပြီလားဗျ။ ဒါမှမဟုတ် ထောင်ပြန်မှာလားဗျာ”
“မမေးပါနဲ့ဗျာ။ သေချာတဲ့အဖြေကို
ကျနော်မပေးနိုင်ဘူး။ကျနော်ကိုယ်တိုင်လည်း မသိရိုးအမှန်။ သို့သော် သေချာ တာက ကျုပ်ဒီမှာ ဆက်မရှိနိုင်တော့ဘူး။အခုတောင် အော်ဟစ်နေတဲ့ အသံတွေ ကျုပ် စိတ်အာရုံမှာ ပေါ်လာနေ တယ်။ တနေ့လုံး တညလုံး
အရပ်ရှစ်မျက်နှာက အော်နေတဲ့ အသံတွေဗျာ။ ဘာတဲ့ ကြိုးတွေကိုဖြေလိုက်ကြ။ ချက်ချင်းလွှတ်လိုက်ကြ။ ခြေကျင်းတွေကို ဖြုတ်။ လက်ထိပ်
တွေကို ဖြုတ်တဲ့”
“ကျနော်တောင် ကြောက်လာပြီ ဗျာ။ ကဲပါ အသူရကါယ်ဘုံ
ဆိုတာ ပြောတော့ဗျာ”
“ အသူရကာယ်ဘုံကနေ လာဆက်သွယ်တာက ကျနော်နဲ့
ဆွေမျိုးမကင်းဘူးဗျ။သူ့နာမည်က ဦးချစ်သိုင်းတဲ့။ ကျနော့်အမေနဲ့ သူ့မိန်းမက ညီအမ
ဝမ်းကွဲ၊ ကျနော်က သူ့ ကို ဦးချစ်သိုင်းလို့ပဲ ခေါ်တယ်။ သူ့က ကျနော့်ကို တော်တော်
ချစ်ရှာတယ်။ ဒါကလည်း အကြောင်းရှိတယ်ဗျ။ ဦးချစ်သိုင်းတို့က မောင်နှမ နှစ်ယောက်တည်း
ရှိတာတဲ့၊ သူ့ အမကြီး နာမည်က မသက်ခိုင် တဲ့။ ဘာသာတရား
အလွန်ကိုင်းရှိင်းတဲ့မသက်ခိုင်ဟာ အပျိုကြီး ဘဝနဲ့ပဲ အသက်သုံးဆယ်ကျော် လောက်မှာ
ဆုံးပါးသွားသတဲ့။ ကျနော်မွေးတဲ့ရွာ၊ ညောင်ပင်ကျောင်းဆိုတဲ့ ဘုန်းကြီး ကျောင်းက
အပြန် ကြပ်ကုန်းမှာ ကြပ် ခေါ်လို့ သေတာတဲ့”
“ ဘာလဲဗျ။ ကြပ်ဆိုတာ”
“မြန်မာလူမျိုးတော်တော်များ ပြောကြတဲ့ နာနာဘာဝ တမျိုးပါဗျာ။
တောထဲ တောင်ထဲ မှာအချင်း ချင်း လူကွဲနေရင် နာမည်အော် မခေါ်ရဘူး ။
ကြပ်ခေါ်လို့ထူးမိရင် သေတတ်တယ် ဘာညာဆိုတာ ခင်ဗျား ကြားဘူးမှာပါ။ ကြပ်ကုန်း ဆိုတာဗျာ၊
နာနာဘာဝတမျိုးဟာ လူသူကင်းတဲ့နေရာတချို့မှာ စတည်းချလေ့ရှိသတဲ့။ အချိန်မတော်
အဲဒီကြပ်ကုန်း ကို ခရီးသွားတယောက် ရောက်သွားတဲ့အခါ ပွဲတွေလမ်းတွေ
အငြိမ့်ဇာတ်ပွဲတွေလို ဖန်ဆင်းပြီး သွေးဆောင် တတ်သတဲ့၊ နောက်တနေ့မိုးလင်းလို့
ပတ်ဝန်းကျင်ကို ကြည့်မိတော့ ဘာမှ မတွေ့ရပဲ လွင်တီးခေါင်လို နေရာမျိုး
ဖြစ်နေတတ်သတဲ့။
နောက်တမျိုးက သင်းခွေချပ်ဆိုတဲ့ သတ္တဝါဟာ တောထဲတောင်ထဲမှာ
လူသံသူသံကြားရင် အဲဒီအသံကို လိုက်ပြီး အော်တတ် ထူးတတ်တယ်ဆိုပဲ။ ဒါကြောင့်
တောထဲတောင်ထဲမှာ အချင်းချင်းလူစုကွဲသွားရင် နာမည်တပ်ပြီး တကြော်ကြော် အော်ဟစ်မခေါ်
ရဘူးတဲ့၊ အဲဒီသင်းခွေ ချပ်က တောနက်ရာကို
ထူးသံပေးရင်း မျှားခေါ်သွား တတ်သတဲ့။ အဲဒီကြပ်တို့
သင်းခွေချပ်တို့ ဇာတ်လမ်းတွေထဲမှာ မသက်ခိုင် ဘယ်လိုဘယ်ပုံ သေတယ်ဆိုတာ
ကျနော်လည်း အသေးစိတ် ပြောမပြတတ်ပါဘူးဗျာ။ ခင်ဗျားလည်းအင်္ဂလန်မှာ မွေးတာမှ
မဟုတ်တာ၊ ဒါတွေ ကြားဖူးမှာပါလေ
“ဟုတ်ပါပြီ ဗျာ။ ဆက်ပါ။ အဲဒီ ဦးချစ်သိုင်း
အမသေတာ ခင်ဗျားနဲ့ ဘာဆိုင်လို့ လည်း”
“ဆိုင်လို့ ပြောတာ ဗျ။ အဲဒီ ဦးချစ်သိုင်း အမ မသက်ခိုင် ဆိုတာ
ကျနော်ပဲတဲ့”
“ ဗျာ”
“ မဗျာနဲ့။ ကျနော်ဟာ မသက်ခိုင် သေလို့ဝင်စားတာတဲ့။
ကျနော်ငယ်ငယ်တုန်းက မသက်ခိုင် သေခါနီး
အဖြစ်အပျက်အားလုံးလိုလိုကို တလုံးမကျန်ပြန်ပြော နိုင်တယ်ဆိုပဲ။ ဒါနဲ့ ကျနော့်ကို
အရပ်ထဲမှာ လူကြီးသူမတွေက သက်ခိုင် သက်ခိုင်ဆိုပြီး ခေါ်ကြရာက အမေပေးတဲ့ နာမည်
ပျောက်ပြီး သက်ခိုင်အမည်ပေါက် နေတာပါပဲ ဗျာ။ အခုတော့ ဘာတလုံးမှ
သိလည်း မသိတော့ဘူး။ မှတ်လည်းမမှတ်မိတော့ဘူး။ ယုံလည်း မယုံဘူး။
“ ဒီဇာတ်လမ်းတွေ အတိုင်းဆို ခင်ဗျားအဖြစ်က ဘဝများစွာ သံသရာဆိုတာ
မျိုး ဖြစ်နေပါပေါ့လား”
“သိပ်သေချာတာပေါ့ဗျာ။ စဉ်းစားစရာတွေ ချည်းပဲ။ကျုပ်ကလည်း
လက်ဝဲစာတွေဖတ်။ ချေဂွေဗားရား ကိုအားကျ တဲ့ကောင်ဆိုတော့ပြဒါးတလမ်း သံတလမ်း
ဖြစ်နေတော့တာပဲ။ ထားပါဗျာ။ ယုံဘို့လည်း
ခင်ဗျားကို မတိုက်တွန်း ဘူး။ မယုံပါနဲ့လို့လည်း မတားဘူး။ကိုယ့်ဥာဏ်နဲ့ကိုယ်သာ စဉ်းစား
ပေတော့။ဦးချစ်သိုင်းဟာ အသက်ငါးဆယ်ကျော် လောက်မှာ သွေးတိုးရောဂါကြောင့်အသက်
ရှူကြပ်ပြီး ဆုံးတယ်။ ဒါလည်း ဆယ့်ငါးနှစ်ကျော်ပြီ။သူ မသေခင် ကျနော့်ကိုခေါ်ပေးပါလို့ချည်း တောင်းဆို သွားသတဲ့။ကျနော်က ခရီးထွက်နေတော့ မသွားနိုင်ဘူး။
ကျနော်လည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တာပဲ။ ကျနော် လေ့ကျင့်ခန်းတွေ လုပ်လို့ အတော်ခရီး ရောက်လာတဲ့တနေ့ တခု
သော ညမှာပေါ့။ ဦးချစ်သိုင်း ကျနော့်ဆီကို ရောက်လာတယ်။ ထုံးစံအတိုင်း အိပ်လို့ပျော် သလိုလို မပျော်သလိုလို အချိန်ပဲ။ ငါ့တူကြီး ။ ဦးလေးကို ကူညီပါအုံးတဲ့။ သူ့အသံကော၊ သူ့ရုပ်ကော၊ သူ ကျနော့်ကို ခေါ်နေကျ ငါ့တူကြီး ဆိုတာကော အားလုံးဟာ ဘယ်လိုမှ လူမမှား နိုင်ဘူးဗျ။ ဦးချစ်သိုင်းဆုံးတာ ဆယ့်ငါးနှစ်ကျော်ပြီမို့ စိတ်စွဲလန်းမှု ဖြစ်စရာလည်း အကြောင်းမရှိ ဘူးဗျာ။သူက ကျနော့်ကို ကူညီပါအုံး ချည်းထပ်တလဲလဲ ပြောပြီး သုံးညလောက် ဆက်တိုက်လာနေတယ်။ ကျုပ်လည်း မနက်မိုးလင်းတိုင်း ငါစိတ်က ဦးချစ်သိုင်းကို ဘာစိတ်စွဲနေသလဲ စဉ်းစား တယ်။ သေချာတယ် ။ ကျုပ်ဟာ ကျုပ်ဘဝကိုတောင် မေ့နေတဲ့ အချိန်။
သော ညမှာပေါ့။ ဦးချစ်သိုင်း ကျနော့်ဆီကို ရောက်လာတယ်။ ထုံးစံအတိုင်း အိပ်လို့ပျော် သလိုလို မပျော်သလိုလို အချိန်ပဲ။ ငါ့တူကြီး ။ ဦးလေးကို ကူညီပါအုံးတဲ့။ သူ့အသံကော၊ သူ့ရုပ်ကော၊ သူ ကျနော့်ကို ခေါ်နေကျ ငါ့တူကြီး ဆိုတာကော အားလုံးဟာ ဘယ်လိုမှ လူမမှား နိုင်ဘူးဗျ။ ဦးချစ်သိုင်းဆုံးတာ ဆယ့်ငါးနှစ်ကျော်ပြီမို့ စိတ်စွဲလန်းမှု ဖြစ်စရာလည်း အကြောင်းမရှိ ဘူးဗျာ။သူက ကျနော့်ကို ကူညီပါအုံး ချည်းထပ်တလဲလဲ ပြောပြီး သုံးညလောက် ဆက်တိုက်လာနေတယ်။ ကျုပ်လည်း မနက်မိုးလင်းတိုင်း ငါစိတ်က ဦးချစ်သိုင်းကို ဘာစိတ်စွဲနေသလဲ စဉ်းစား တယ်။ သေချာတယ် ။ ကျုပ်ဟာ ကျုပ်ဘဝကိုတောင် မေ့နေတဲ့ အချိန်။
နောက်တခေါက်မှာတော့ကျုပ်က ဦးလေးရယ် ကျုပ်ဘာကို
ကူညီနိုင်သလဲမေးတော့ ငါ အသူရကာယ်ဘုံ ရောက် နေတယ်တဲ့။ အဲဒီလိုပြောပြီး သူပျောက်သွားတယ်။ အဲဒီညက အိပ်မက်ထဲမှာ ကျုပ်ဟာ အသူရကယ် ဘုံကို ရောက်ခဲ့တာပဲ။
သွားတာက ကျနော်တယောက်တည်းဗျ။ ရပ်ကွက်တခုလိုလို ရွာတရွာလိုလိုနဲ့။ အဲဒီကို မရောက်ခင် ဘုန်းကြီး ကျောင်းနဲ့ဆင်ဆင် အဆောက်အဦး တခုလည်း တွေ့ရတယ်။ ကျောင်းဘေး မှာ ချောင်းသေးသေးတခု ရှိတယ်။ အဲဒီချောင်းကို
ကျနော်ဘယ်လို ကူးသွားမိသလဲ မမှတ်မိ တော့ဘူး။ လူတွေ စုစု စုစု
နဲ့ဘာလုပ်နေမှန်း မသိတဲ့ အုပ်စုဘေးမှာ
ကျနော်ရောက်နေတယ်။ အဲဒီ သူတွေက ကျနော့်ကို မြင်ပုံမရဘူး။
သူတို့ဘာလုပ်နေမှန်းမသိဘူး။ပျော်စရာတခုကို
တရုံးရုံး လုပ်နေကြတာ။ ဘာလုပ်နေမှန်း ကျနော် မသိတာက လူတွေကို လျှောက်ကြည့်နေမိလို့ဗျ။ လား၊လား ၊ အဲဒီ လူအုပ်ထဲမှာ ကျနော် သိတဲ့သူတွေ
ပါနေတယ်ဗျာ။ ကျနော်ငယ်ငယ်က နေခဲ့တဲ့ရပ်ကွက်ထဲမှာ သိကျွမ်းနေတဲ့ လူတွေဗျ။ ကိုမြဟန်။
ကိုထွန်းအောင်။ ကိုတိုး ၊ကိုစံမြင့်၊ သူတို့အားလုံး ကျနော့်ထက် အသက် နှစ်ဆယ်လောက် ကြီးကြတယ်။ သူတို့လည်း ဆုံးကုန်ကြတာ
ကြာပြီ။ ကျနော် သိတာ သေချာတာပေါ့။ ကိုမြဟန်က သူ့အရင်ဆုံးသွားတဲ့ ကိုစံမြင့်မိန်းမကိုထပ်ယူထားတာတောင် ကျနော်မှတ်မိ နေတယ်။ အဲဒီသူ အားလုံးဟာ ကျနော်သိသလောက်
ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပဲ ကြက်ဝိုင်းဖဲဝိုင်းမှာ အချိန်ကုန်ခဲ့ကြတဲ့ သူတွေချည်းပဲဗျ။ အဲဒီနေရာမှာ ကျနော်စဉ်းမိတာက ဒီလူတွေဟာ သေပြီးသား လူတွေဖြစ် လျက်နဲ့
ဒီမှာလာပြီး ဘာအကြောင်းနဲ့ တရုံးရုံး လုပ်နေကြသလဲပေါ့။ ကျနော့်စဉ်းစားခန်း
မဆုံးခင် ဘယ်ကဘယ်လို အိပ်ရာထဲ ပြန်ရောက်ခဲ့သလဲ မသိတော့ပါဘူး။ နောက်တနေ့ည
လေ့ကျင့်ခန်း မဆင်းခင်မှာတော့ ကျနော်ဟာ ဦးလေးချစ်သိုင်း ခင်ဗျာ။ ကျနော် အခု
လေ့ကျင့်ခန်း လုပ်နေပါတယ်။အဲဒီအတွက် အကျိုးဖြစ်ထွန်းတယ်။ ဦးလေးအတွက်
အကျိုးရှိမယ်ဆိုရင် အားလုံး ကို ကျွန်တော် ဝေမျှပေးပါတယ်။ ဦးလေး လိုသလိုသာသုံးပါ။ လိုတာ ရှိလည်း ထပ်ပြောပါ ပေါ့ဗျာ”
“ခင်ဗျားက ဘုန်းကြီးတွေကို သင်္ကန်းကပ်တာတို့ဘာတို့၊ခင်ဗျား
ဇနီးကို မလုပ်ခိုင်းလားဗျ။ ဒါမျိုးလုပ်ရတယ်လို့ ကြား ဖူးတယ်"
“ ကျနော့်ကို ရူးနေတယ်၊ကြောင်နေတယ် ထင်မှာစိုးလို့ဗျ။ ဦးချစ်သိုင်းက အသူရကာယ်ဘုံမှာနေတာပဲဗျာ။ ကျနော့်ဆီလာကတည်းက ကျနော်လုပ်ပေးနိုင်တာရှိလို့ နေမှာပေါ့။ ကျနော်သုံး လေး
ညလောက် အမျှဝေခြမ်း ရေးလုပ်ပြီးတဲ့အခါ ဦးချစ်သိုင်းတယောက် ဝတ်ကောင်းစားလှတွေ
ဝတ်ပြီး ကျနော့်အာရုံထဲမှာ ရှိုးစမိုးနဲ့ပေါ် လာပါလေရောဗျာ။ အဝတ်အစားဒီဇိုင်းကိုတော့ ကျနော် သေချာ မှတ်မထားလိုက်မိဘူး။
သူတော်တော် အူမြူးနေ တာတော့ သေချာတယ်။ ငါ့တူကြီး
ကျေးဇူးတင်တယ်ကွာ။ ငါ အဆင်ပြေသွားပြီကွတဲ့ ။သုံးလေးခွန်း တော့ကီပေးပြီး
ပျောက်သွားတော့တာပဲ။နောက်တခါ လည်း ပေါ်မလာတော့ဘူး။
ကဲ၊ ဘုတ်ဆင်းတန်းစီတဲ့ဆီ သွားလိုက်ကြရအောင်ဗျာ။ ဒါနဲ့စကားမစပ် ကျုပ်ရသမျှကို ခင်ဗျားကို ရော။ကျန်တဲ့
အကျဉ်းသားတွေ အားလုံးကိုရော ကျုပ်ဝေသဗျာ။ ဦးလေး ဦးချစ်သိုင်းကို ဝေသလိုပေါ့။
ရမှာပါ။ ကျုပ်သိနေ သလိုပဲဗျာ။ ဒါပေမဲ့ နည်းနည်းတော့ စောင့်လိုက်ပါအုံး။
တန်းစီ သလို သဘောထားပေါ့။
ပြောပြောဆိုဆို ကိုသက်ခိုင်တယောက်
ရဲဘက်များဘုတ်ဆင်းရန် ငုတ်တုတ်ထိုင် တန်းစီနေသည့် အိပ်ဆောင် ရှေ့ဆီသို့
လျှောက်သွားလေရာ ကျနော်လည်း သူ့နောက်မှ စိုက်စိုက် စိုက်စိုက်နှင့် လိုက်
ပါသွားရပြန်ပါသည်။ အိပ်ဆောင်ရှေ့တွင် ရဲဘက်တို့ ဘုတ်ဆင်းရန် အသင့်ဖြစ်နေသော်ငြား
ထောင်မှူးကား ရောက်မလာသေး။ ငုတ်တုတ်တန်းစီနေကြသော ရဲဘက်များ၏နောက်တွင် ကိုသက်ခိုင်
တစ်ယောက် လဲမှို့ပင်မှီကာ မတ်တတ်ရပ် လျက်။ ဆယ်မိနစ်ခန့်ကြာမှ ထောင်မှူးဦးအေးနိုင် ရောက်လာသည်။
ထုံးစံအတိုင်း ဘုတ်အသီးသီးကို တာဝန်ခွဲသည်။
ဆေးနားတောင်းသူကို ဘုတ်ကိုင်ထောက်ခံချက် ဖြင့် ပေးသူကိုပေး၊ ပယ်သူကိုပယ်နေသည်။
ဤကိစ္စသည်လည်း ရှင်းရှင်းလင်းလင်းမရှိလှ။ အချို့ အမှန်တကယ် မမာမကျန်းဖြစ်နေသူတို့
အနားမရလင့်ကစား လိုင်းကြေးမှန်သူတချို့ ဒေါင်ဒေါင်မြည် နေပါလျက် နားခွင့်ရတတ်၏။
“ ကိုသက်ခိုင် ဘာပြောချင်တာရှိလဲ”
ထောင်မှူးက ကိုသက်ခိုင်ရပ်နေရာ
လဲမှို့ပင်ဆီသို့ မျက်စိကစားရင်း နံနက်တိုင်းမေးနေကျအတိုင်း လှမ်းမေးလိုက်သည်။
ကိုသက် ခိုင်က ပုံမှန်လေသံဖြင့် “ မရှိပါဘူးဆရာ”
ပြန်လည်ဖြေကြားသည်၌ ဘုတ်ဆင်းအခန်းအနား ပြီးဆုံးလေသည်။
နှစ်ဦးသားတဲဆီသို့ ပြန်လျှောက်လာကြရင်း
ကျနော်က ကိုသက်ခိုင်ကို စကားစလိုက်မိပြန်သည်။
“ ကိုသက်ခိုင် ခင်ဗျားသတိထားမိလား၊
နိုင်ဝင်းတို့တင်သမျှ ဆေးနားတွေ တယောက်မှ အပယ်မခံ ရတာ”
“ သတိထားမိပါတယ်၊ နေရာတကာမှာ
ဝင်ပါလို့မသင့်ဘူး ထင်တယ်ဗျာ၊ သတ္တဝါတစ်ခု ကံတစ်ခု လို့သာ သဘော ပိုက်ရတော့တာပဲ”
“ဒါနဲ့ တရားရှာတဲ့နေရာမှာလည်း စောစောက
ဘုတ်ဆင်းလူရွေးသလို ရွေးတတ်သေးလားဗျာ”
“ ကြံကြံဖန်ဖန် ဆွဲတွေးတတ်ပါပေရဲ့ဗျာ၊
ရှိတာပေါ့ဗျ၊ တရားရနိုင်မရနိုင်ဆိုတာကိုတာကို တိတိကျကျ ကြိုတင်သတ်မှတ်ချက်ရှိတယ်၊
ဒါကို ကျမ်းဂန်တွေမှာ အတိအကျဖော်ပြထားတယ်”
“ အော် ၊ ဒါဆို ကျနော်က တရားတွေ့မဲ့သူ
ဟုတ်မဟုတ် ဘယ်လိုသိမှာတုန်းဗျ၊ ကျမ်းတွေတော့ မဖတ်ခိုင်း ပါနဲ့အုံးဗျာ၊ တမနက်တလေ
ပေါ့ပေါ့ပါးပါးနေရအောင်၊ အဲ ခင်ဗျားနားလည်သလို ရှင်းပြရင်တော့ နားထောင်ချင်ပါ ရဲ့”
“ အရေးထဲ ကျမ်းကြောက်တဲ့သူနဲ့
လာဆုံနေပြန်ပါပြီ၊ ကဲပါလေ၊ ကျမ်းရောကိုယ်တိုင်ဆင်ခြင်ချက်ပါ နှစ်ခုစလုံး
ခြုံငုံမိအောင် ကြိုးစားရှင်းပါ့မယ်၊ ပြည့်စုံအောင်တော့ နောင်စာတွေမှာ ရှာဖတ်ပေါ့”
“ ခင်ဗျား နားလည်သလိုသာ ပြောစမ်းပါဗျာ၊
အဲဒါက ပိုရှင်းမယ်ထင်ပါတယ်”
“ တရားရနိုင်တဲ့သူဟာ အချက်ငါးချက်နဲ့
ပြည့်ရမယ်တဲ့ဗျ၊ အဲဒါတွေက ထက်သန်တဲ့သဒ္ဓါတရား၊ ကျန်းမာခြင်း၊ နှလုံးဖြောင့်စင်း
မာယာကင်းခြင်း၊ ထက်သော ဝီရိယရှိခြင်း၊ ဥဒ္ဒယဗ္ဗယဥာဏ်ကို အတတ်သိခြင်း တဲ့ဗျာ၊ တရားမရနိုင်တဲ့ အဂါင်္ငါးရပ်ကတော့ ပဉ္စာနန္တရိယ ကံကြီးထိုက်ခြင်း၊ မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း၊ ဒွိဟိတ် အဟိတ်ဖြစ်ခြင်း ၊
အရိယာပုဂ္ဂိုလ်ကို ပြစ်မှားခြင်း ၊ အာဏာတော်ကို လွန်ကျူးခြင်းတဲ့ဗျာ”
“ ခင်ဗျား ရိုးရိုးရှင်းပြတာတောင်
တော်တော်ရှုပ်နေပါပေါ့လား၊ ကဲပါလေ၊ ကျနော် မသိလို့မေးပါရ စေ၊ ကျနော်လည်း
တခြားထွေထွေထူးထူး လိုအပ်ချက်တော့ မရှိလှပါဘူး၊ အမိအဘကို သတ်တဲ့ ပဉ္စာနန္တနိရိက ကံလည်း ကင်းပါ တယ်၊ ဗုဒ္ဓဘာသာမို့
အခြားအယူလည်း မရှိပါဘူး၊ ဘယ်အရိယာ ပုဂ္ဂိုလ်ကိုမှလည်း မပြစ်မှားဖူးပါဘူး၊
ဘုရားဟော ကို လွန်ကျူးချေဖျက်မိတာလည်း မရှိလေတော့ တော်တော်စုံပြီ ပြောရမယ်၊ ခက်တာက
ဒွိဟိတ်အဟိတ် ဖြစ်မဖြစ်၊ ကျနော်က ဒွိဟိတ်လား၊ တိဟိတ်လား ၊ဘယ်လိုသိမတုန်းဗျာ”
“
ဒီတခါ ခင်ဗျား မေးတဲ့ကိစ္စက တော်တော်ရှုပ်တယ်ဆိုရမယ်၊ ဘာဘဲဖြစ်ဖြစ် တိဟိတ်၊
ဒွိဟိတ်ဆိုတဲ့ သဘောကို ကျနော်နားလည်သလို ကြိုးစားရှင်းပါ့မယ်၊ ဗုဒ္ဓဝါဒအလိုအရ
ကျနော်တို့ဟာ ဘဝများစွာသံသရာမှာ ကျင်လည် ခဲ့ကြသတဲ့ဗျ၊ ဘဝတခုနဲ့တခု
ကူးပြောင်းတဲ့အခါ ဇာတိစိတ်၊ ပဋိသန္ဓေစိတ်တို့ဆိုတာလည်း ပါလာတတ်ကြသတဲ့၊ အဲဒီထဲက
စိတ်အရင်းအမြစ်သုံးခုဟာ အ လောဘ၊အ ဒေါသ၊အ မောဟတွေပဲတဲ့၊ အဲဒီသုံးခုမှာ ပြင်းထန်လွန်းတဲ့
အကုသိုလ်အရှိန်တခုခုကြောင့် အ မောဟ ဆိုတဲ့အရင်းအမြစ်တခုဟာ ချို့ယွင်းချက်နဲ့ လူဖြစ်လာတတ်သတဲ့၊ အဲဒီသူ ဟာ ဒွိဟိတ်ပဲ တဲ့ဗျာ၊ စိတ်ရင်းမြစ်သုံးခုလုံး
ချို့ယွင်းချက်မရှိပဲ မွေးလာသူ တိဟိတ်ပုဂ္ဂိုလ်ဟာ ပုံမှန်အတိုင်း အလောဘ၊ ၊အဒေါသ၊ အမောဟ
ဆိုတဲ့ စိတ်ခံစားအားလုံး ပုံမှန်အတိုင်း ခံစားတုန့်ပြန်နိုင်ပေမဲ့ အ မောဟရင်းမြစ်မှာ
ချို့ယွင်းချက်ပါ လာသူဟာ ပုံမှန်ခံစားတုန့်ပြန်နိုင်မှု မရှိတဲ့အတွက် ဒွိဟိတ်လို့ ဆိုသတဲ့၊
အနီးကပ် ဆုံးပြောရရင် သူတပါး အသတ်ခံရလို့ ဘဝကူး ပြောင်းရမဲ့ဆဲဆဲ သူဟာ အကြောက်လွန်ပြီး
ခံစား ချက်မဲ့သွားတယ်၊ အဲဒီစိတ်အစဉ် ရဲ့သတ္တိဟာ ဒီဖက်ဘဝမှာ ပါလာတယ်၊ ကျနော် နားလည်သလို
နမူနာပေးရရင် ခင်ဗျားတို့ ကျနော်တို့ လူဖြစ် လာတဲ့အခါ အ လောဘ ၊အေ ဒါသ၊အမောဟဆိုတဲ့
စိတ်ရင်း မြစ်သုံးခုဟာ ဘာစာ၊ ဘာအရုပ်မှ မရေးရသေးတဲ့ စာရွက်အဖြူ အလွတ်သုံးခုအဖြစ်
ပါလာမှ တိဟိတ်ဖြစ်တယ်၊ အ မောဟဆိုတဲ့ စာရွက်မှာ အမဲစွန်းလျက် ပါလာခဲ့ရင် ဒီဘဝမှာ
အဲဒီစာရွက်ပေါ်ကို ထူးခြားပြောင်မြောက်တဲ့ အရုပ်တွေစာတွေ ရေးလို့ မရဘူး
ဆိုပါတော့ဗျာ”
“ အင်း အဲသလိုဆိုရင်ဖြင့်
ကျနော်ကိုယ်တိုင် ကျနော်ဟာ တိဟိတ်ဒွိဟိတ်ဆိုတာ မခွဲခြားနိုင်တာမို့
အားမထုတ် ပဲနေလိုက်တာ ကောင်းမယ်ထင်ပါရဲ့ ”
“ ဒါဆို ခင်ဗျား လူဖြစ်ရကျိုးမနပ်ဘူး
ဖြစ်တော့မှာပေါ့၊ နက်နဲလှတဲ့ ဘဝပုစ္ဆာကို မရှာမဖွေပဲ ဘဝတစ်ခု ကုန်ဆုံးသွားတာသာ
အဖတ်တင်တော့မပေါ့၊ ဒါကြောင့် သေက္ချတောင်ဆရာတော် ဦးတိလောကရဲ့ ပဏ္ဍိတ ဝေဒနိယကျမ်းမှာ
တိဟိတ်ဒွိဟိတ် ဝိစ္စိကိတ်၊ ဘေးချိတ်ထားပါဘိ။ ကိုယ်တိုင်သိရန် ကိုယ်တိုင်ကြံ၊
သည်းခံကြိုး စားကြည့်။ ပဋိဘာဂါ သမထာ၊ ထင်လာ တိဟိတ်သိ။ ဥဒယဗ္ဗယာ ဝိပဿနာ ၊ ထင်လာ
တိဟိတ်သိ လို့ သတိပေး ထားဘူးတယ်ဗျာ၊ ဒီတော့ ခင်ဗျားဟာ တိဟိတ်လား၊ဒွိဟိတ်လား
သိချင်ရင် သမထဝိပဿနာ တစ်ခုခုကို လက်တွေ့လုပ်ကြည့်ရမယ်။ သမထပွားများကြည့်လို့
ပဋိဘာဂနိမိတ်ထင်လာရင် ခင်ဗျားဟာ တိဟိတ်ပဲ၊ ဝိပဿနာ ပွားကြည့်လို့
ဥဒယဗ္ဗယဥာဏ်(ဖြစ်ပျက်မြင်ရင်) ရရင်လည်း ခင်ဗျားဟာ တိဟိတ်ပဲပေါ့ဗျာ”
“ ဒါဆို ပဋိဘာဂနိမိတ်တို့ ဥဒယဗ္ဗယတို့
ဆိုတာကကောဗျာ ”
“ ခင်ဗျားနဲ့တော့ ခက်နေပါပြီ၊ ရှေ့စကားဆက်နေတုန်း
နောက်စကားမေ့နေပါပေါ့လား၊ သမထထိုင် တဲ့အခါ သမာဓိရင့်လာတာနဲ့အမျှ ၃၁ ဘုံမှာရှိတဲ့
အပွင့်အမျိုးမျိုး၊ အပင်အမျိုးမျိုး၊အရောင်အမျိုးမျိုး အဆောက်အဦအမျိုးမျိုး၊
တောင်တောင်ရေမြေ သမုဒ္ဒရာ၊ ဂူကျောင်းဘုရား၊နေလနက္ခတ် စတဲ့ ဘာညာဘာညာတွေ
မြင်ရတတ်တယ်ဆိုတာ ခင်ဗျားဖတ်ခဲ့ပြီးပြီလေဗျာ။ အဲဒါ ပဋိဘာဂနိမိတ်ပေါ့။ ပဋိဘာဂ ဆိုတာ
မြန်မာလို အတူ(သို့မဟုတ်) အတုဆိုတဲ့ အဓိပ္ပါယ်ထွက်သတဲ့ဗျာ။ ဥဒယဗ္ဗယ ဆိုတာ
အခုကျနော်ခင်ဗျားကို အချိန်အကြာကြီးယူပြီး ရှင်းပြနေတဲ့ ဖြစ်ပျက်ဆို တာပါပဲ၊ ဒါလည်း
ဇာတ်လမ်းဆုံးတဲ့အခါ နားရည်လည်လာပါလိမ့်ဗျာ”
“အေးဗျာ အခွင့်သင့်ရင်တော့
ခင်ဗျားကိုအားကျပြီး တရားလေးဘာလေး ထိုင်စမ်းချင်ပါဘိ”
“ ကလေးတွေပြောသလို သေပြီဆရာလို့တောင် ငြီးရတော့မလို
ပါလား၊ ခင်ဗျားက တရားရှာတဲ့ အလုပ်ကို အယားပြေ သန်းရှာသလို လုပ်မယ်ဆိုရင်တော့
မလုပ်တာက ပိုကောင်းပါလိမ့်မယ် ”
“ ကဲပါဗျာ၊ ကျနော်လည်း ဘာသာရေးနဲ့
မကင်းကွာလှပါဘူး၊ ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရား ကြီးရဲ့
ဇိနတ္ထပကာသနီလောက်တော့ ဖတ်ဖူးပါတယ် ”
“ အော် တယ်ဟုတ်ပါလား၊ ဒါဖြင့်ရင်
မေးပါစေအုံး ၊ ဇိနတ္ထပကာသနီဆိုတာ ဘာတဲ့တုန်းဗျ”
“ စာအုပ်နံမည်လေ”
“ ကောင်းကြရောပေါ့ဗျာ၊ ကျနော်မေးနေတာက
ဇိနတ္ထပကာသနီ ဆိုတဲ့ စာလုံးတလုံးချင်းရဲ့ အဓိပ္ပါယ်ကို မေးနေတာဗျ ”
“ အမှန်အတိုင်း ပြောရရင် အဲသလောက် စေ့စေ့စပ်စပ်တော့
မမှတ်မိတော့ဘူးဗျာ၊ လုပ်ပါအုံး၊ ဘာ အဓိပ္ပါယ်လဲဗျ ”
“ ဇိနတ္တပကာသနီဆိုတာ ပုဒ်အနေနဲ့
ခွဲမယ်ဆိုရင် ဇိန+အတ္ထ+ပကာသနီ ဆိုပြီး သုံးပုဒ်ရှိတယ်ဗျ၊ ဇိန ဆိုတာ အောင်နိုင်သူ၊
အတ္ထ ဆိုတာက အကြောင်းအရာ၊ ပကာသနီဆိုတာက ထင်ရှားအောင်ပြဆို ခြင်း၊
အားလုံးပေါင်း လိုက်ရင် အောင်နိုင်သူ၏ အကြောင်းအရာကို ထင်ရှားအောင်ပြဆိုသောကျမ်း
ပေါ့ဗျာ”
“ တယ်လည်းတိကျပါလားဗျာ၊ ဒါဆို
စာရေးဆရာကြီး မောင်သာရရဲ့ မျိုးမမပကာသနီဆိုတာ မျိုးမမ ဆိုတဲ့
မိန်းမ တယောက်အကြောင်းထင်ရှားအောင်ဖော်ပြတဲ့ စာအုပ်ပေါ့ ”
“ ဒါဆို ခင်ဗျားရဲ့ အသိဥာဏ်ဟာ
လက်တွေ့ဘဝထဲကို ရောက်စပြုလာပြီ ဆိုရမယ်၊ အမှန်တော့ လူအတော် များများရဲ့ အသိဥာဏ်ဟာ
လက်တွေ့ဘဝထဲကို ရောက်မလာများတယ်ဗျ၊ ဆိုပါတော့ ၊ ကျနော်က ခင်ဗျားကို
ကကြီး ခခွေးရသလားလို့ မေးရင် ခင်ဗျား ဘယ်လိုဖြေမတုန်း”
“ ဒါတော့ ခင်ဗျား ကျနော့်ကို နှိမ်တာပဲ၊
ကကြီးခခွေးတော့ သုံးနှစ်ကလေးကအစ ရတာပဲဗျာ”
“ ရော ၊ ကျနော်ကလည်း သုံးနှစ်ကလေးသိတဲ့
ကကြီးခခွေးအကြောင်း ခင်ဗျားလို သေခါနီးကို ဘယ်မေးပါ့မလဲဗျာ၊ ကဲပါ ၊ ကကြီးပြီးရင်
ဘာလာတုန်းဗျ ”
“ ခခွေးပေါ့ဗျာ ”
“ ဟုတ်ပါပြီ၊ ခင်ဗျားအဖြေဟာ
သုံးနှစ်သားဖြေတဲ့အဖြေပဲ၊ အဘိဓာန်တွေမှာ ကကြီင်္းပြီးရင် ကကြီး တွေပဲ ထပ်ခါထပ်ခါ
လာတယ်ဆိုရင် ခင်ဗျား ငြင်းနိုင်မလား၊ အဲဒီအဘိဓာန်မှာ ကကြီးပြီးပြီ ဆိုအုံး တော့ “ကာ”
နဲ့စတဲ့ စာလုံးတွေလာတာသိလား၊ အဘိဓာန်တခုခုမှာ ကကြီးအက္ခရာနဲ့ စာလုံးတွေ
ကုန်သော်ငြား နေ့စဉ် အသစ်ဖန်တီးသုံးစွဲနေတဲ့ ၊ပေါ်ပေါက်နေတဲ့ ဒေသန္တရ၊ ဘာသန္တရ၊
ဗန်းစကား တွေဟာ ပါမလာတတ်သေးဘူး၊ ဒီတော့ ကကြီးဇာတ်လမ်းဟာ မပြီးဆုံးသေးဘူး ဆိုရမယ်၊
ဒီတော့ ကကြီးပြီးဆုံးတယ်ဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ဘူးဗျ၊ တကယ်တော့ဗျာ
ကျနော်တို့ခင်ဗျားတို့ အားလုံးလိုလို မူလတန်းမှာ သင်ခဲ့ရတဲ့ ဖတ်စာ တွေတောင်
ကျနော်တို့ ကျမ်းမကြေခဲ့ကြပါဘူး၊ သူငယ်တန်းဖတ်စာအုပ် တအုပ် စီစဉ်ထားပုံကို
သေချာ လေ့လာ ကြည့်ဗျာ၊ ပထမဆုံး က ကညစ်
ပေမှာခြစ် ဆိုတာမျိုးနဲ့ အသံသာပြီး မှတ်ရလွယ်တဲ့နည်းနဲ့ ကလေးတွေရဲ့
စိတ်ဝင်စားအောင် အစပျိုးတယ်၊ နောက်မှ ကကြီးခခွေး ဆိုတတ်အောင် တဆင့်တက်တယ်၊
နောက်တော့ သရတွေနဲ့ပေါင်းစပ်ပြီး အသံဖြစ်တာ၊ စာလုံးတခုနဲ့ ပေါင်းစပ်တဲ့အခါ
အသံဖြစ်တာ အဲဒီအသံ ဖြစ်လာတာကို အဓိပ္ပါယ်နဲ့ တွဲမိအောင် ကဗျာ ၊လင်္ကာအတိုလေးတွေနဲ့
ချိတ်ဆက်မျှားခေါ်ထား တာကို သေချာသတိပြုရင် တွေ့နိုင် ပါတယ် ”
“ ခင်ဗျားတော်တော် အတွေးနက်တဲ့သူပဲဗျာ”
“ ပြောလက်စနဲ့ ဆက်လိုက်ပါရစေအုံး၊
ကျနော်တို့ဟာ ဘယ်တုန်းကမှ ဘယ်သင်ခန်းစာကိုမှ ကြေညက်အောင် မလေ့လာခဲ့ကြပါဘူး၊
မူလတန်းဖတ်စာတွေမှာ သင်ခဲ့ရတဲ့ဖတ်စာ တော်တော် များများဟာ နိုင်ငံကျော် ၊ကမ္ဘာကျော်
ပညာရှိကြီးတွေရဲ့ အတွေးအခေါ်တွေထဲက ထုတ်နှုတ်ပြီး ကလေးတွေလက်လှမ်းမီအောင်
စီစဉ်ပေးထားတာဗျ၊ ကျနော်တို့ဟာ မူလတန်းကျော်တာနဲ့ အဲဒီ ဖတ်စာအုပ်ထဲက အကြောင်းအရာတွေကို
မေ့မေ့ပျောက်ပျောက် ချန် ထားရစ်ခဲ့ကြတာပါပဲ၊ ဥပမာ ဆိုပါတော့ စနေနေ့မှာ ဘုရားကျောင်း
အရောက်သွားရမဲ့ အဗန်တီဆိုတဲ့ ပညာရှိ ဟာ သူ့မြည်းက သိပ်နှေးတာကြောင့်
သောကြာနေ့ကတည်းက အိမ်ကနေ စ ထွက်တာတို့၊ သရက်ပင်တွေကို အသက်ရှစ်ဆယ်ကျော် အဘိုးအိုက
စိုက်နေတာကို မင်းသားက မြင်တော့ ကိုယ်တိုင်ခံစားရမှာ မဟုတ်ပဲ ဘာကြောင့်
အကျိုးမဲ့အလုပ်ကို လုပ်နေသလဲ ဆိုပြီး
အမေးအဖြေလုပ်ကြတဲ့ သရက်ပင် နဲ့ အဘိုးအို၊ မပုကြွယ်နဲ့ ခရုငယ်၊ ဘုရားလောင်းအာဇာနည်
မျောက်မင်း စတာတွေကို ခင်ဗျားကော ကျနော်ပါ ဖတ်ဖူးခဲ့ကြတာပဲ၊ အဲဒီ သင်္ခန်းစာတွေကို
ခင်ဗျား ဘယ်နှစ်ကြိမ် ရှေ့ဆက်တွေးဖူး သလဲဗျာ၊ ဘဝအတွက်အကျိုးရှိအောင် ဆက်စပ်ပြီး
ဘယ်နှစ်ကြိမ် အသုံးပြုဖူး သလဲဗျာ၊
ဥပမာဆိုပါတော့
ဘုရားလောင်းအာဇာနည်မျောက်မင်း ဇာတ်လမ်းမှာ ခေါင်းဆောင်ဖြစ်သူဟာ
သရက်ပင် တည်ရှိရာအရပ်နဲ့ နောက်ဆက်တွဲဖြစ်ရပ်ကို အစောကြီးကတည်းက တွက်ဆမိတယ်၊ ဒါ
ကြောင့် မြစ်ဖက်ကို ကျနေတဲ့ အကိုင်းက အသီးတွေအပွင့်တွေကို အလှည့်ကျအစောင့်တပ်ဖွဲ့
ချပြီး ခြွေခိုင်းတယ်၊ ခက်တာက အချိန်ရှိသရွေ့ ဆော့နေတဲ့ မျောက်ဆိုတဲ့ သတ္တဝါတွေကို
ဘာကြောင့် ခြွေခိုင်းရတယ်ဆိုတာ အသေးစိတ်ရှင်းပြဖို့ ရှင်းပြဖို့ မဖြစ်နိုင်ဘူး၊
ဒီမှာတင် ခေါင်းဆောင်ကို အမြဲ ရန်ရှာနေတဲ့ ဒေဝဒတ်အလောင်းက တစခန်းထလာမယ်၊
ဒီကောင်ကြီးလုပ်နေတာ အပိုအလုပ်တွေကွ၊ မင်းတို့ အပင်ပန်းခံပြီး ခြွေနေစရာမလိုဘူး၊
လွတ်လွတ်လပ်လပ် ပျော် ပျော်သာ ဆော့ကြပေတော့လို့ သွေးထိုးလိုက်တော့ နောက်ဆုံး သရက်ပင်ကို
ဘုရင့်တပ်က မြှားပစ်တပ်ဖွဲ့နဲ့ လာ ဝိုင်းပြီး မျောက်တွေကို အသေပစ်တဲ့ ဘဝရောက်ရတာပဲ၊
ဒီအခြေအနေရောက်ပြန်တော့ ခေါင်းဆောင်ဟာ ခေါင်းဆောင်ကောင်းစိတ်ဓာတ် ရှိသူမို့
ငါပြောထားတာကို နားမထောင်တဲ့ကောင်တွေ ကာလနာ တိုက်ကြပေ တော့လို့
ပစ်မထားနိုင်ပြန်ဘူး။ ကျန်တာတော့ ခင်ဗျားဖာသာ ဆက်တွေးပေတော့ဗျာ၊ အဲသလို
မူလတန်း ဖတ်စာတခုကို သဘာဝကျကျ ခင်ဗျားဆက်တွေးမိဖူးသလား၊မတွေးမိဘူး။
ဒီတော့ ခင်ဗျား ဇိနတ္ထပကာသနီ ဖတ်ဖူးရုံနဲ့ ဘာသာတရားဟာ ခင်ဗျားဘဝထဲကို
ရောက်နေပြီလို့ မဆိုနိုင် သေးဘူး ဆိုရမယ်”
“ ဒီလိုဆိုရင်ဖြင့် ခင်ဗျားကကော
ဘာသာတရားကို ခင်ဗျားဘဝထဲရောက်အောင် ဘယ်လိုလေ့လာ ဆင်ခြင်ထားသလဲဗျာ”
“ ကောင်းပြီ ခင်ဗျား မေးခွန်းကို
ကျနော်ဖြေပါ့မယ်၊ လူတွေရဲ့ နေ့စဉ်ဘဝထဲမှာ အကျိုးမပြုနိုင်သမျှ ဘာသာတရား မမည်ဘူး
လို့ ကျနော်လေးစားတဲ့ ဘုန်းတော်ကြီးတပါး မိန့်ဖူးတယ်၊ ဗုဒ္ဓဘာသာမှာ ကျနော် အနှစ်ခြိုက်ဆုံး အချက်က
ဝေဖန်စောကြောခွင့် ရှိခြင်းပဲဗျ၊ ငါပြောတဲ့အတိုင်းလုပ် ငါပြောတာအမှန် မင်းလျှာရှည်စရာ
မလိုဘူးဆိုတဲ့ ဘာသာတရားမျိုးကို ကျနော်လက်မခံချင်ဘူး၊ ဗုဒ္ဓဝင် ဆိုပါတော့
၊ကျနော်နားလည်လက်ခံထားတဲ့ ဗုဒ္ဓရဲ့ဇာတ် ကြောင်း ခင်ဗျားကို ပြောပြရအုံးမယ်၊
ကပ္ပိလဆိုတဲ့တိုင်းပြည်မှာ ဦးသုဒ္ဓေါဒနနဲ့ ဒေါ်မာယာကနေ သိဒ္ဓတ္ထဆိုတဲ့ မင်းသားကို
မွေးတယ်၊ ကပ္ပိလဆိုတာ အိန္ဒိယမြောက်ဖက် နီပေါနဲ့ကပ်လျက် တိုင်းပြည်ငယ်တခုပဲ၊ အဖေက
ဘုရင်ဆိုတော့ သူတို့လူမျိုးထုံးစံအတိုင်း ကြီးပြင်းလာတဲ့အခါ ဘယ်လိုပုဂ္ဂိုလ်မျိုး
ဖြစ်လာမလဲဆိုတာကို ဗေဒင် ဟူးရားအတတ်ကျွမ်းကျင်တဲ့ ပညာရှိတွေကို မေးတယ်၊ ဒီတော့
နက္ခတ် ဗေဒင်ပညာရှိတွေက စင်္ကြာဝဠေး မင်းဖြစ်ရင်ဖြစ် ၊ ဒါမှမဟုတ် ထူးကဲတဲ့အတွေးအခေါ်ပညာ
ရှင်ကြီးဖြစ်မယ် လို့ဟောကြတာပေါ့ဗျာ၊ စင်္ကြာဝဠေး မင်းဆိုတာလည်း အခုခေတ် အမေရိကန် သမတ
အိုဘားမားလို ဆိုပါတော့၊ အဲဒီခေတ်က အတွေးအခေါ် ပညာရှင်ဆိုတာကလည်း ပြင်းထန်
တဲ့အကျင့်တွေနဲ့ ကိုယ်တုံးလုံးနေသူကနေ ရေငုပ်မီးလှုံတာတွေ လုပ်ကြတာ ဆိုတော့ အဖေလုပ်သူက ငါ့သားကို ငါ့ထီးနန်းဆက်ခံနိုင်အောင် စင်္ကြာဝဠေးမင်းဖြစ်မဲ့လမ်းကို
ရွေးရောပေါ့ဗျာ၊ ဒီမှာတင် သိဒ္ဓတ္ထမင်းသားကို ငယ်စဉ်ကတည်းက ဘဝအကြောင်း၊လောကအကြောင်း
တွေးချိန်မရအောင် ၊ ဒုက္ခတို့အခက်အခဲတို့ဆိုတာ လေသံတောင် မကြားရအောင်
စီမံထားခဲ့တယ်ဆိုပါတော့၊ ဘယ်လောက်တောင် စီမံထားသလဲဆိုရင် စည်းစိမ်မျိုးစုံခံနိုင်တဲ့ နန်းတော်သုံးဆောင်ဆောက်ပြီး လောကီ စည်းစိမ် အားလုံး ခံစားစေ တယ်ဆိုပဲ၊
မြင်သာအောင် ပြောရရင် တီးဝိုင်းတွေ ကာရာအိုကေစက်တွေ အဆိုတော်တွေ ကခြေသည်တွေ တင်မက
ယမကာမျိုးစုံပါ ပါဟန်တူပါရဲ့ဗျာ၊အဲသလို စည်းစိမ်ခံစားလာရာက အိမ်ထောင်ပြုမဲ့ အရွယ်ရောက်တော့
ယသော်ဓယာနဲ့ စုံဖက်ဖြစ်ပြီး သားတယောက်ရ၊ အသက်ကလည်း
နှစ်ဆယ့်ရှစ်နှစ် ဖြစ်လာရောဆိုပါတော့၊
ပြဿနာရဲ့အကြောင်းတရားက
အဲဒီဇိမ်ခံနန်းတော်တွေက အစပြုတယ်ဆိုရမယ်၊ နေ့ရောညပါ နှစ်ပေါင်းများစွာ ကြီးစွာသော
စည်းစိမ်နဲ့ နေလာတာ ကြာလေလေ ဘဝဆိုတာ
ဒါပဲလားဆိုတဲ့ အတွေး သိဒ္ဓတ္ထမှာ ပေါ်လာဟန် တူတယ်၊ ဒါကြောင့် နန်းတော်ရဲ့ပြင်ပလောကကို
စူးစမ်းချင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာတယ်၊ ခက်တာက တင်းကြပ်တဲ့စည်းကမ်းနဲ့
အစောင့်အရှောက်တွေ တပြုံ ကြီးနဲ့ဆိုတော့ ထင်သလောက်မလွယ်ဘူး၊ နောက်ဆုံး
မြင်းရထားမောင်းတဲ့ ရထားမှူးနဲ့တိုင်ပင်ပြီး နန်းတော်အပြင်ကို အစောင့်တွေ အလစ်မှာ
ခိုးထွက်ကြရောပေါ့၊ ဘုရင့်သားမှန်း မသိအောင် တိတ်တဆိတ်ထွက်လာရတာမို့ လမ်းကြိုလမ်းကြား
အိမ်ကြိုအိမ်ကြားတွေကနေ လျှောက် သွားရာက တနေရာရောက်တော့ သိဒ္ဓတ္ထက တစုံတယောက်ကို
တွေ့ပြီး အလန့်တကြား မေးပါလေရော၊ ဟေ့ကောင်၊ ဒါက ဘာကြီးတုန်းဟ တဲ့၊ အမှန်တော့
သူတွေ့တဲ့အရာဟာ အသက် အရွယ်အလွန်အိုမင်း ရင့်ရော်နေ တဲ့ ဆင်းရဲသားအဘိုးကြီးတယောက်ပဲဗျ၊
အသက်အရွယ်ကြီးရင့်လွန်းတာကြောင့်
ပါးရည်နားရည်တွေတွန့်နေတဲ့အပြင် ဆံပင်ကဖြူ၊ သွားတွေလည်း တချောင်းမှမရှိ၊ အရိုးပေါ်အရည်တင်း
၊ခါးကကုန်းတော့ ရရာတုတ်ကောက် တချောင်း၊ ဒိုတီခပ်ဟောင်းဟောင်းနဲ့ ဘယ်လိုမှ
အမြင်မသင့်ဘူးပေါ့ဗျာ၊ ပြင်ပလောကမှာရှိတဲ့ လူသာမန်အဖို့ ဒီအဘိုးအိုဟာ ဘာမှ
မထူးခြားလှပေမဲ့ သိဒ္ဓတ္ထအတွက်ကတော့ အရမ်းအရမ်းကို ထူးဆန်းနေတာ ပေါ့ဗျာ၊အဲသလို
စိတ်ပျက်စရာ မြင်ကွင်းမျိုးကို မမြင်ရအောင် သူ့အဖေက အသေအချာစီမံထားခဲ့တာကိုး၊
ဒီမှာတင် ရထားမှူးက ခပ်အေးအေးပဲ .. အော် အဲဒါ အဘိုးကြီးလေ လို့ ဖြေတော့၊ သိဒ္ဓတ္ထက ဟ
အဲသလိုပုံကြီး ဘယ်ကဘယ်လို ဖြစ်သွားတာ တုန်းဆိုတော့ ၊ ရထားမှူးက ဟာ၊ လူတွေအသက်ကြီးရင်
ဒီလိုဖြစ်တာချည်းပါပဲဆရာလို့လည်း ဖြေလိုက်ရော သိဒ္ဓတ္ထ အကြီး အကျယ် လန့်သွားပါလေရော၊
ဒီမှာတင် သိဒ္ဓတ္ထက ဆက်မေးတယ်၊ ဒါဆို ငါရော အသက်ကြီးရင် ဒီလိုဖြစ်မှာ ပဲလား ဆိုတော့ ၊
သေချာတာပေါ့ ဆရာလို့လည်း ဖြေရော၊ သိဒ္ဓတ္ထစိတ်ထဲမှာ အပျော်ကြီးပျော်နေတဲ့
နေ့ရက်တွေရဲ့ နောက်ဆုံးတနေ့ ရောက်ရမဲ့ အခြေအနေက တယ်ဆိုးပါလား ဆိုပြီး ပထမဆုံး
သံဝေဂရရော ဆိုပါတော့ဗျာ။ ကဲ ဒါလောက်ဆို ကျန်တဲ့ နိမိတ်ကြီးသုံးပါး မြင်တာကို
ခင်ဗျား ဖာသာ ဆက်တွေး လို့ ရလောက်ပြီထင်ပါရဲ့
”
“ တွေးလို့တော့ ရပါတယ်ဗျ၊ခင်ဗျားပြောတာ
သဘာဝကျလွန်းလို့ ရှေ့ဆက်စမ်းပါအုံး၊ တခုတော့ ရှိတယ်ဗျာ၊ ဘုရားရှင်လို
ပုဂ္ဂိုလ်မျိုးရဲ့ ကိုယ်ရေးရာဇဝင်ကို ခင်ဗျားက ဒီလိုကြီး ပြောပြနေတာဟာ အရိုအသေတန်ရာ
မရောက် ဘူးလား”
“ ခက်တယ်ဗျာ၊ အတိုဆုံးပြောရရင် နိုင်ရာက
စတာ အကောင်းဆုံးပဲ၊မနိုင်ဝန်မထမ်းပါနဲ့၊ ဘုရားရှင်မှာ ဂုဏ်ထူး ဝိသေသတွေအများကြီး
ရှိတာ ကျနော်လက်ခံပါတယ်၊ အဌကထာ ဆရာတွေ ၊ ဆရာတော်ကြီးတွေ ရေးတာတွေ ဟာ
သူတို့နည်းသူတို့ဟန်နဲ့ ဘုရားရှင်ရဲ့ ဇာတ်လမ်းကိုသာမက သူ့ရဲ့ ဥာဏ်ပညာကြီးမားမှုကိုပါ
လက်တွေ့ ကျင့်ကြံခံစားဖူးတာကြောင့် သူတို့သိတဲ့ ဂုဏ်ဒြပ်ကို ထူးထူးခြားခြား
ရေးဖွဲ့ကြတာ ဖြစ်တယ်၊ ခင်ဗျားက ဘုရားရဲ့ အဖေနဲ့အမေကိုတောင် စာလုံးပေါင်းမှန်အောင်
ပေါင်းတတ်တဲ့သူမဟုတ်ဘူး၊ ခင်ဗျားလက်လှမ်းမမီပဲ သူတပါး ဂုဏ်တင်သမျှ
လိုက်ပြီးနားယောင် နေရင် ဗုဒ္ဓဝါဒဟာ ခင်ဗျားဘဝထဲကို ရောက်လာဖို့
အလှမ်းဝေးနေအုံးမယ်၊ ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒဟာ သဘာဝယုတ္တိနဲ့လည်း ဒေါင်ဒေါင်မြည်
မှတ်ကျောက်တင်ခံပါတယ်၊ ဒီနေရာမှာ ခင်ဗျား လေးလေး နက်နက် စဉ်းစားရမှာက ဗုဒ္ဓစာပေတွေ
အရင်းခံရာ အိန္ဒိယစာပေပဲ၊ အိန္ဒိယစာပေဟာ စကားလုံး အလွန်ကြွယ်ဝတဲ့ ဘာသာစကားဖြစ်တယ်၊ ဒါကြောင့်
အကောင်းအဆိုး နှစ်မျိုးဖြစ်လာတယ်၊ အကောင်းက အကြောင်းခြင်းရာတခုခုကို
မှတ်တမ်းတင်ရာမှာ အသေးစိတ်မှတ်တမ်းတင်နိုင်တယ်၊ အဆိုးက
အလွန်အကျူးဖွဲ့ဆိုနိုင်ဖို့
အားပေးရာရောက် တယ်၊ အရေးအကြီးဆုံး လိုအပ်ချက်ကတော့ အထောက်အထား
မခိုင်လုံခြင်းပဲ၊ တိတိကျကျပြောရရင် ဗုဒ္ဓရဲ့မွေး သက္ကရာဇ်အတိအကျကို အခုထက်ထိ
အတည်မပြုနိုင်သေးဘူး၊ မြန်မာပြည် သာသနာဝင်မှတ်တမ်းတွေအရ ဗုဒ္ဓဖွားတော်မူတဲ့ နှစ်ဟာ
ဘီစီ ၆၂၃၊ ပရိနိဗ္ဗာန်ပြုတဲ့နှစ်ဟာ ဘီစီ ၅၄၃ တဲ့၊ ဒါပေမဲ့ သမိုင်းသုတေသီတွေကတော့
ဘီစီ ၅၆၃ မှာမွေးပြီး ဘီစီ ၄၈၃ မှာ
ပရိနိဗ္ဗာန်ပြုတယ်လို့ ပြင်ဆင်လိုကြသတဲ့၊ ငြင်းမယ်မကြံနဲ့အုံး၊ အဲဒါ
ကျနော်ပြောတာမဟုတ်ဘူး၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ထောက်ပြထားတာ၊ ပိုပြီး
သေချာချင်သပဆိုရင် ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းရာဇဝင် စာမျက်နှာ ၁၄၃- မှာ
ဖတ်ပေတော့ဗျာ၊ဒါကြောင့် ခင်ဗျားဟာ ဗုဒ္ဓရဲ့အရည်အချင်းကို စာပေမှတ်တမ်းတွေမှာ
ဖတ်ပြီး တော်လှချည့်၊ ကောင်းလှချည့်လို့ ချီးမွှမ်းနေမဲ့အစား သူ့လမ်းညွှန်ချက်တွေကနေ
ခင်ဗျားဘဝအတွက် အကျိုးရှိအောင် ကျင့်ကြံအားထုတ်တာက ပိုပြီး အဓိပ္ပါယ်
မရှိပေ ဘူးလား၊ ခင်ဗျား ကြားဖူးမှာပါ ဗုဒ္ဓက သူ့ သင်္ကန်းကို
ဆွဲပြီးတကောက်ကောက်လိုက်နေတဲ့ ရဟန်းကို အပြစ်တင် တာလေ၊”
“ ကဲပါဗျာ၊ ခင်ဗျားကျမ်းကိုးတွေကို
ရပ်ပါတော့ ပြောလက်စ စကားကိုသာ ဆက်ပါလေ”
“ သိဒ္ဓတ္ထဟာ လူအိုကို မြင်ပြီး လေးလကြာတော့
နန်းတော်အပြင်ကို အရင်နည်းအတိုင်း စနည်းနာ ထွက်ပြန် ရောပေါ့ဗျာ၊ ဒီမှာတင်
သေခါနီးလူမမာကို မြင်တော့တာပဲ၊ စဉ်းစားကြည့်လေ၊ လူဆိုတာ နုပျိုစဉ်အရွယ်မှာ
အားကောင်းမောင်းသန်၊ ပြင်ပြင်ဆင်ဆင်နဲ့ အမြင်တင့်နေမဲ့ အသက်ကကြီး ဝေဒနာဖိစီးပြီး
သေခါနီးမှာ ဘယ် လောက်အမြင်ဆိုးလိုက်မလဲ ဆိုတာ၊ သေခါနီးလူနာကို မမြင်ဖူး မကြားဖူးတဲ့ သိဒ္ဓတ္ထကတော့ သည်းဆုတ်အေးမျှ ကြောက်တယ်ဆိုပဲ၊ ဒီမှာတင် ရထားမှူးကို ရှင်းပြ
ခိုင်းပြန်တော့ နာမကျန်းဖြစ်တာဟာ အရွယ်နဲ့ မဆိုင်ဘူး၊ အချိန်မရွေး နာနိုင်တယ်၊
ဆရာလည်း ဒီနေ့နက်ဖြန် ဒီဘဝမျိုးရောက်နိုင်တယ် လို့လည်း ပြန်ဖြေရော သိဒ္ဓတ္ထဟာ
တော်တော်ကို စိတ်ပျက်စရာ လောကကြီးပါလားဆိုတဲ့ သံဝေဂနဲ့ နန်းတော်ကို ပြန်ရောပေါ့၊
လူနာဆိုတော့ လူအိုထက် သံဝေယူစရာ ကောင်းပေမပေါ့၊ အဖေလုပ်တဲ့သူကတော့ သူ့သား
ဒီလိုမြင်ကွင်းတွေ မြင်ပြီး သံဝေဂ ရတဲ့သတင်းတွေလည်းကြားရော လုံခြုံရေးကို
တိုးမြှင့်ချထား သတဲ့ဗျ၊
နောက်ထပ် လေးလကြာပြန်တော့ နောက်တခေါက်ထွက်ခွင့်ကြုံပြန်ရော
၊ ဒီတကြိမ်မှာတော့ ဆန့် ဆန့်ကြီး သေနေ တဲ့ အလောင်းကို မြင်သတဲ့ဗျ၊ဒီမှာတင် သိဒ္ဓတ္ထဟာ
ငါတို့အားလုံးရဲ့ နောက်ဆုံး သွားရာလမ်းဟာ ဒါပါကလားဆိုပြီး အကြောက်ကြီးကြောက်
ပြန်တာပေါ့၊ ရထားမှူးကိုတော့ မေးတော့မယ်မထင်ဘူးဗျာ၊သူက တကယ်ဥာဏ်ကြီးတဲ့
ပါရမီရှင်ပဲ၊ သိဒ္ဓတ္ထရဲ့ထူးခြားတဲ့အခြေအနေကို ခင်ဗျားမမေ့နဲ့အုံး ၊သူက မွေးလာကတည်းက
လောကစည်းစိမ်ကို အကုန်အစင်နီးပါး ခံစားလာခဲ့ရသူမို့ ကျနော်တို့
ခင်ဗျားတို့တောင့်တနေတဲ့ လောကီချမ်းသာကို ငြီးငွေ့နေချိန်၊ ကျနော်တို့ခင်ဗျားတို့
ထွေထူးပြီး သတိမမူမိတဲ့ အိုခြင်းနာခြင်းသေခြင်းတွေအပေါ် ဆင်ခြင်သုံးသပ်မိပုံခြင်း
မိုးနဲ့မြေလို ကွာမယ်။
သုံးကြိမ်မြောက် သံဝေဂရစရာတွေ ကို
မြင်တွေ့ပြီးတဲ့ သိဒ္ဓတ္ထဟာ နန်းတော်ပြန်ရောက်ချိန်က စပြီး အဲဒီလမ်းတွေက
လွတ်မြောက်ရာကိုသာ နေ့ရောညပါ တွေးနေရာက နောက်ထပ်လေးလ အကြာ မှာ နောက်တကြိမ်
အပြင်ထွက်ပြန် တော့ လွတ်မြောက်ရာအကျင့်ကို သူ့နည်းသူ့ဟန်နဲ့ ကျင့်နေတဲ့
ပုဂ္ဂိုလ်ကို တွေ့တယ်ဗျာ၊ ဒီနေရာမှာ သေချာ ဆင်ခြင်ဖို့ရှိတာက အဲဒီကာလက ဗုဒ္ဓဝါဒနဲ့
အညီ ကျင့်ကြံတဲ့ ရဟန်းဆိုတာ မပေါ်နိုင်သေးဘူး၊ ခင်ဗျား စဉ်းစား ကြည့်လေ၊
ဗုဒ္ဓကိုယ်တိုင်တောင်မှ သံဝေဂယူတုန်းရှိတာ၊ သူ့နည်းအတိုင်း ရဟန်းပြုတဲ့ ပုဂ္ဂိုလ်
ဘယ်မှာလာ ရှိအုံး မှာလဲ၊ စာဖတ်သူ နားလည်လွယ်အောင် စာပေတွေမှာ ရဟန်းလို့
ရေးဟန်ရှိတယ်၊ သိဒ္ဓတ္ထတွေ့တဲ့ ပုဂ္ဂိုလ်ဟာ သူ့နည်း သူ့ဟန်နဲ့ လောကကနေ
လွတ်မြောက်ရာကို ရှာဖွေနေသူမို့ အထိုက်အလျောက် လောဘဒေါသ မောဟ ကင်းဝေးပြီး
တင့်တယ်တဲ့ ရုပ်အသွင် ရှိမယ်၊ ဒီမှာတင် ဒီလို အေးချမ်းတဲ့ ဘဝမျိုးကို
ရချင်စမ်းပါဘိလို့ တွေးမိမယ်၊ နောက်ဆုံးတော့ အဲဒီပုဂ္ဂိုလ်ကျင့်ကြံသလိုမျိုး ကျင့်ကြံနိုင်အောင်
တောထွက်တော့တာပေါ့၊ အစပိုင်းတော့ သိဒ္ဓတ္ထလည်း ဆရာမျိုးစုံဆီမှာ စမ်းတဝါးဝါး
နည်းလမ်း ရှာခဲ့ရတာပါပဲ၊ သူရှာခဲ့တဲ့ နည်းတွေဟာ လောကကနေ အဆုံးတိုင်
လွတ်မြောက်လမ်းမဟုတ်တာမို့ သူ့ကိုယ်ပိုင်နည်းနာနဲ့ ထွက်မြောက်ရာလမ်းကို တွေ့ပြီး
အယူဝါဒတရပ် ထူထောင်နိုင်ခဲ့ရော ဆိုပါ တော့ ၊ ဒီနေရာမှာ သဘာဝကျကျ ဆင်ခြင်ပြရရင်
ဗုဒ္ဓမှာ ဆရာမရှိဘူးဆိုတာ စဉ်းစားစရာ ရှိမယ်၊ သူ့ခေတ်သူ့ကာလမှာ
လွတ်မြောက်ခြင်း၊ငြိမ်းချမ်းခြင်းအလို့ငှာ ကျင့်ကြံနေကြတဲ့ လက်ဦးဆရာ တွေဆီက အစပိုင်း
ကျင့်ကြံမှုတွေနဲ့ ပတ်သက်လို့ နည်းခံတာတွေ ရှိနိုင်တယ်၊ ဒါပေမဲ့ အယူဝါဒအသစ်ကို
ထိုးထွင်းသိ မြင်တဲ့ကိစ္စမှာတော့ သူ့ကိုယ်ပိုင်ဥာဏ် ကိုယ်ပိုင်နည်းလမ်းသာဖြစ်တယ်၊
ဒါလည်း ကျနော့်အယူအဆသက်သက်ပါ၊ ခင်ဗျားကိုယ်တိုင် ဆင်ခြင်သုံးသပ်ပြီး လက်ခံထိုက်မှ
လက်ခံပါ၊ ကာလာမသုတ် အတိုင်းပေါ့ ”
“ နေပါဦးဗျ၊ ခင်ဗျားက ဒီအကြောင်းကို
ဘာကြောင့် အကျယ်တဝင့် ရှင်းနေရတာတုန်း”
“ အော် ခင်ဗျားပဲ တရားရှာမယ်ဆို
၊တရားရှာမဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုဘယ်ပုံ တရားရှာချင်သွားတာ လဲဆိုတာ ခင်ဗျား မသိသင့်ဘူးလား၊ တိုတိုပြောရရင်
သံဝေဂမပါပဲ တရားရှာလို့ မဖြစ်နိုင်ဘူး၊ လောကကြီးဟာ နေချင်စရာ ပျော်စရာ
လွှတ်ကောင်းတဲ့ လောကကြီးပါလားလို့ ခင်ဗျား ခံယူနေ သမျှ တရားတွေ့ဖို့
ဝေးနေအုံးမှာပဲ”
“ ဒါဆို ခင်ဗျားလည်း အကြောက်ကြီး
ကြောက်ခဲ့မှာပေါ့”
“ သေချာတာပေါ့ဗျာ၊ ကြောက်လွန်းလို့
လွတ်မြောက်ခြင်းလမ်းကိုသာ တွေ့ပါစေ၊ သေချင်သေပါစေ တော့၊ မလျော့တဲ့ ဇွဲလုံ့လနဲ့
မြင်းမိုရ်တောင်ကို တူးဖြိုအံ့၊ မြေဆီလွှာကို တူးယူအံ့၊ မဟာသမုဒ္ဒရာ၏
ဟိုမှာဖက်ကမ်းသို့ ကူးအံ့၊ စကြာမင်းစည်းစိမ်ကို ရယူအံ့ ဆိုတဲ့ ခံယူချက်တွေနဲ့ ကြိုးကြိုးစားစား ကျင့်ခဲ့တာပေါ့ဗျာ”
“ အဲဒီတော့ ဘာတွေအကျိုးရှိလာသတုန်း၊
ဘာတွေထူးခြားလာသတုန်းဗျ”
“ အရှင်လတ်လတ် နတ်ပြည်ရောက်ဖူးသွားတဲ့
အပြင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ အေးချမ်းမှုတွေ ခံစားရတာပေါ့”
“ ဟာ၊ နတ်ပြည်ရောက်ဖူးတယ်ဆိုတာ
တကယ်လားဗျာ၊ ခင်ဗျားကြည့်ရတာ လိမ်မဲ့ပုံတော့ မပေါက်ပါဘူး”
“ လိမ်မလိမ်ဆိုတာ
ခင်ဗျားကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ဖို့သာ ဖြစ်တယ်၊ ကျနော့်အတွေ့ အကြုံအပေါ်မှာတော့
ကျနော်လိပ်ပြာသန့်ပါတယ် ”
“ ဒါဆိုလည်း ခင်ဗျား နတ်ပြည်သွားတောလားလေး
လုပ်စမ်းပါအုံးဗျာ၊ စိတ်ဝင်စားလွန်းလို့ပါ”
“ ဒီနေ့တော့ ဒီမျှနဲ့ ကျေနပ်ပေအုံးတော့ဗျာ၊
ရဲဘက်တွေတောင် ဘုတ်ပြန်တက်တော့မယ်၊ စားဖို့ သောက်ဖို့ စီစဉ်ကြအုံးစို့၊
ကျနော်ပြောထားပါပြီကော ၊လက်တွေ့ဘဝနဲ့ မကင်းကွာပါနဲ့လို့၊တော်ကြာ ထမင်းငတ်နေကြအုံးမယ်”
ကိုသက်ခိုင်က သူ့စကားကို ရီရီမောမော
အဆုံးသတ်ပြီးသည်၌ ကျနော်လည်း ထမင်းအိုးအတွက် ထင်းရှာရန် ဖိုကြီး ဖက်သို့ ထွက်လာခဲ့ပါသည်။ထိုနေ့က
ကျနော်စိတ်လက်ပေါ့ပါးနေသလိုခံစားရသည်။ အကြောင်းမှာ ကျမ်းစာအုပ် ထူထူကြီးတွေ
ဖတ်ရသည့် ဒုက္ခမှ ကင်းဝေးခဲ့သောကြောင့် ဖြစ်ဟန် ရှိလေ၏။
(ဆက်လက်ဖော်ပြပါမည်။)
ရုပ်ပုံ။ ။ ဂူဂဲလ်






1 comments:
ဗုဒ္ဓစာပေကျမ်းဂန်များ၏ဖွင့်ဆိုချက်အကျဉ်းမှာ ဖော်ပြပါအတိုင်းဖြစ်၏။
(က) (သုဂတိ)အဟိတ်= (သုဂတိဘဝမှာဖြစ်သောကြောင့် သုဂတိ) ကောင်းသောဟိတ်များ (အလောဘ၊အဒေါ
သ၊အမောဟ)များကင်းမဲ့နေသောကြောင့် အဟိတ်။
(ခ) ဒွိဟိတ်= ကောင်းဟိတ် ၂ ပါး (အလောဘ၊ အဒေါသ)သာရှိသောကြောင့် ဒွိဟိတ်။
(ဂ) တိဟိတ်= ကောင်းဟိတ် ၃ ပါး (အလောဘ၊အဒေါသ၊ အမောဟ) တို့ စုံညီပါရှိသောကြောင့် တိဟိတ်။
http://amaradipa.blogspot.co.uk/2012/01/blog-post_31.html
Post a Comment