Pages

နင်းပြားပုံပြင်


အိပ်မပျော်သူအတွက် ညတာဟာ ရှည်လျားလှတယ်လို့ ဓမ္မပဒက ဆိုပါတယ်။ အိပ်မပျော်နိုင်တာမို့ ကျနော် စာ ထရေးဖြစ်ပါတယ်။

ကျနော်ဒီစာကိုရေးနေချိန်ဟာ ညတနာရီထိုးပြီးပါပြီ။ တနှစ်မှာသုံးလလောက်တခေါက်တကျင်း ကျနော်ရှိရာ ဖူးခက်မြို့ကို ရောက်,ရောက်လာတတ်တဲ့ ဇနီးသည်ဟာ ကျနော့်မနီးမဝေးမှာ အိပ်ပျော်နေရှာပါတယ်။ အောက်ထပ်က ကားဂိုဒေါင်မှာတော့ တပည့်ကျော် ကျော်ဝင်းဌေးလည်း အိပ်ပျော်နေလောက်ပြီ ထင်ပါတယ်။ ကျနော့်အိမ်ရှိနေတဲ့ အမ်မခန်ဝန်းကျင်တခုလုံး ငြိမ်သက်တိတ်ဆိတ်နေပါပြီ။ တခါတခါမှာတော့ ခပ်လှမ်းလှမ်း ကားလမ်းပေါ်က ကားတွေဖြတ်မောင်းနေတဲ့ အသံတွေကို ကြားနေရပါတယ်။

ဒီစာကိုရေးနေတဲ့ ကျနော်နဲ့ လက်တကမ်းမှာ လက်ကိုင်အရိုးနဲ့ပါဆိုရင် အရှည်တပေခွဲလောက်ရှိတဲ့ ဂျပန်ကင် ဒိုဓားတချောင်း ရှိနေလေရဲ့။ တကယ်ဆို ဒီဓားဟာ ကျနော့်အသက် အရွယ်နဲ့ သိပ်တော့ အပ်စပ်လှတဲ့ အရာတော့ မဟုတ်ပေဘူး။

ရှုပ်ထွေးများမြောင်လှတဲ့ ဘဝအတွေ့အကြုံတွေကြောင့် ကျနော့်စိတ်ရဲ့ အတွင်းပိုင်းမှာ အေးချမ်းတဲ့ ဘဝတခုကို မျှော်လင့်တည်ဆောက်နေခဲ့တာ ရှစ်နှစ်ဝန်းကျင်ရှိခဲ့ပါပြီ။ ချမ်းသာခဲ့ဖူးပြီ။ ဆင်းရဲခဲ့ဖူးပြီ။ နေပူဆူးကြမ်း ခယောင်းလမ်းသာမက ဖဲမွေ့ယာရွှေကော်ဇောနဲ့လည်း ကျနော်နေခဲ့ဖူးပြီမို့ လောကဓံအတက်အကျကို ကျနော် အထိုက်အလျောက် သံဝေဂယူနိုင်ခဲ့ပြီ။

သို့တစေ လက်ရှိအချိန်မှာတော့ ရန်သူဟာအသက်ကို အချိန်မရွေး ရန်ရှာလာနိုင်တာကြောင့် ဓားဆောင်ရတဲ့ ဘဝကိုရောက်ရပြန်ပြီ။ ကျနော်အိပ်မပျော်နိုင်ပါဘူး။ ရန်သူဟာ မမျှော်လင့်တဲ့အချိန် မမျှော်လင့်တဲ့နေရာက ပေါ်လာနိုင်တယ် မဟုတ်လား။ ဘယ်က ရန်သူလဲ? ဘာကြောင့်လဲ? ဆိုတော့ ဇာတ်လမ်းက ဒီလိုပါဗျာ။
………………………

ကျနော့်ဘဝ ကျနော့်အကြောင်းနဲ့ ရေကြည်ရာမြက်နုရာလို့ထင်ရတဲ့ ထိုင်းနိုင်ငံဖူးခက်မြို့ကို ကျနော် ရောက်နေတာ ခုနှစ်နှစ်ကျော်ခဲ့ပါပြီ။ ဖူးခက်ကို ရောက်ပုံကလည်း ဒီနေရာဒီအရပ်မှာ ဖူးခက်ဆိုတဲ့မြို့ ရှိလေရဲ့ဆိုတဲ့ အသိတခုတည်းနဲ့ အိတ်တလုံးဆွဲပြီး၊ တကိုယ်ထီးတည်း ခရီးနှင်ခဲ့တာပါပဲ။

ကျနော့်မှာပါလာတဲ့ ထိုင်းဘတ်တသန်းဝန်းကျင်လောက်နဲ့ ဗမာဈေးဆိုင်လေးတဆိုင်ဖြစ်မြောက်ဖို့ ကျားခုတ်ကျားခဲလုံးပန်းခဲ့တာကြောင့် နှစ်နှစ်လောက်အကြာမှာ အခြေကျခဲ့ရော ဆိုပါစို့။

ဆိုပါစို့လို့သာ ပြောရတာ တကယ်တော့ ရေမြေအသစ်မှာ အခြေချရတဲ့ဘဝဟာ လွယ်လှတယ်တော့ မဆိုနိုင်ပါဘူး။

နယ်ချင်းဆက်နေတဲ့ ဒီတိုင်းပြည်မှာ ဗမာဖြစ်ရတဲ့ ဒုက္ခဟာ ဒီလောက်ကြီးလိမ့်မယ်လို့ ကျနော် တွေးတောင် မတွေးမိတာ အမှန်ပါ။ ပတ်ဝန်းကျင်က ထိုင်းလူမျိုးအတော်များများရဲ့  အထင်သေးတဲ့အကြည့်၊ ထိုင်းရဲအတော် များများ ပေးတဲ့ ဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရတာတွေကို ရေးပြနေရင် မိုးစင်စင်လင်းသွားနိုင်တာမို့ ဒီမှာတင်ရပ်ပြီး လိုရင်းကိုပဲ ပြောပါတော့မယ်။
………………………

လွန်ခဲ့တဲ့လေးရက် (၂၂၊၀၃၊၂၀၁၁)က ပေါ့ဗျာ။ မနက်ခုနှစ်နာရီခွဲလောက် ကျနော်ကိုယ်တိုင် ကားမောင်းပြီး ဖူးခက်မြို့ထဲက ကားဂိတ်မှာ ဇနီးသည် ကော့သောင်းသဘောင်္နဲ့ တင်လိုက်တဲ့ စားစရာနဲ့ အိမ်အသုံးအဆောင် ပစ္စည်းတချို့ သွားသယ်ပြီး အိမ်ပြန်လာခဲ့ပါတယ်။ ကားပေါ်မှာ ဇနီးသည်ရော ကျော်ဝင်းဌေးပါ ပါလာပါတယ်။ ကျနော့်အိမ်ကိုရောက်လို့ ကားကို ဂိုဒေါင်ထဲသွင်းနေချိန်မှာ ခြံတံခါးပိတ်နေတဲ့ တပည့်ကျော် ကျော်ဝင်းဌေးကို တွန်းဖယ်ပြီး ထိုင်းမျက်နှာစိမ်းသုံးယောက်ဟာ ကျနော့်ခြံထဲကို ဇွတ်ဝင်လာပါတော့တယ်။ အဲဒီ ထိုင်းသုံးယောက် အနက် နှစ်ယောက်ဟာ အသက်လေးဆယ်ဝန်းကျင်နဲ့ကျန်တယောက်ကတော့ အသက်ငါးဆယ်ကျော် ရှိပါလိမ့်မယ်။ လေးဆယ်ဝန်းကျင်တယောက်သော မောင်က သူ့အိတ်ကပ်ထဲက ကဒ်ပြားတခုကို ထုတ်ပြပြီး ပုလိ ပုလိလို့ တတွတ်တွတ်အော်ရင်း ကျနော်တို့သုံးယောက်ကို ကြမ်းပြင်ပေါ် ခြေဟန်လက်ဟန်နဲ့ ထိုင်ခိုင်း ပါတော့တယ်။ ကျော်ဝင်းဌေးကတော့ သူတို့ခိုင်းသလို ထိုင်ချလိုက်ပေမဲ့ ကျနော်နဲ့ ဇနီးသည်ကတော့ ကုလားထိုင်တလုံးစီပေါ်မှာ ခပ်အေးအေးထိုင်လိုက်ပါတယ်။ ဖူးခက်မှာ အိမ်ထဲရဲဝင်စစ်တာ ဖန်တရာတေအောင် ကျနော်ကြုံဖူးခဲ့ပါပြီ။ ကျနော့် အနေအထားဟာ ရဲလာစစ်တာကို ကြမ်းပြင်မှာ ငုတ်တုပ်ထိုင်ပြီး အစစ်ခံရမဲ့ အဆင့်မှမဟုတ်တာဗျာ။

ကျနော့်စိတ်ထဲမှာ နည်းနည်းထူးဆန်းနေသလို ထင်လိုက်တာကြောင့် ဘာကိစ္စရှိလို့လဲဆိုပြီး တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။ ဒီတော့ ကိုယ်တော်ချောတွေက ပတ်စပို့ ပတ်စပို့ ဆိုပြီး လုပ်ပြန်ပါတယ်။ ကျနော်လည်း ကျော်ဝင်းဌေးရဲ့ အလုပ်သမားကဒ်ရယ်၊ ကျနော်တို့ ဇနီးမောင်နှံရဲ့ ပတ်စပို့တွေရယ် ထုတ်ပြလိုက်တော့ စာအုပ်တွေကို ဖွင့်တောင်မကြည့်ဘဲ သိမ်းလိုက်ပါတော့တယ်။ နောက် တဆက်တည်း ဆိုသလို ကျနော့် ပစ္စည်းဂိုဒေါင်ကို ဖွင့်ပြီး တောင်ရှာမြောက်ရှာ လုပ်ပြန်ပါတယ်။

……………………………

ဒီအတွက် ကျနော်မပူပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖူးခက်မှာ တခုတည်းသော ဗမာဆိုင်ကို မိတ်ဆွေ ထိုင်းတယောက်နာမည်ခံပြီး အထင်ကရ လူသိရှင်ကြားဖွင့်ထားတာပါ။ ဖူးခက်မြို့မရဲစခန်း (စံမကောင်း စခန်း)က သတ်မှတ်တဲ့ လစဉ်ကြေး ဘတ်သုံးထောင်လည်း မှန်မှန်ပေးနေတာကြောင့်လည်း ပါပါတယ်။

ရွှေဧည့်သည်သုံးယောက်ဟာ ဒီအချက်ကို သိနေပြီးသားထင်ပါရဲ့။ ကျနော့်ဂိုဒေါင် အပြည့်နီးပါးရှိနေတဲ့ ဗမာစားသောက်ကုန်တွေ၊ ဆေးဝါးတွေကို သိပ်စိတ်ဝင်စားဟန်မပြဘဲ တစုံတခုကို သည်းသည်းမဲမဲ ရှာနေပြန် ပါတယ်။

ဆယ်မိနစ်လောက် တောင်လှန်မြောက်လှန်လုပ်ပြီးတော့ ချောင်ကြိုချောင်ကြားက လေးကီလိုလောက်လေးမဲ့ အထုပ်တထုပ်ကို ဆွဲထုတ်လာပါတယ်။ အဲဒီအထုပ်ကို ကျနော်မြင်ရုံနဲ့ ဒါဟာ ကွမ်းစားဆေးအထုပ်ဆိုတာ ကျနော်သိလိုက်ပေမဲ့ ဒီအတွက်လည်း ကျနော်မပူပြန်ပါဘူး။ အခွန်မဲ့ ဆေးလိပ်ဆေးရွက်ကြီးတွေကို ရှာဖွေဖမ်းဆီးတဲ့ အဖွဲ့ခေါင်းဆောင်အင်စပက်တာ ဖိချိုင်းဟာ ကျနော့်မိတ်ဆွေအရင်းကြီး ဖြစ်တဲ့အပြင် သူတို့သတ်မှတ်တဲ့ လစဉ်ကြေး ထိုင်းဘတ်ငါးထောင်လည်း မပျက်မကွက်ပေးနေကျမို့ ကျနော်မပူတာပါ။

ဒီမှာတင် အသက်လေးဆယ်ဝန်းကျင် အရပ်မြင့်မြင့်ကိုယ်တော်က ဒီဆေးရွက်ကြီးတွေဟာ ပြစ် ဒဏ်သိပ်ကြီးတယ်ဆိုတာ သိတယ်မဟုတ်လားဆိုပြီး စခန်းကိုလိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီတော့ ကျနော်က လက်ထဲက တယ်လီဖုန်းနဲ့ ဖိချိုင်းဆီဖုန်းဆက်ဖို့ ပြင်လိုက်ချိန်မှာတော့ အဲဒီလူဟာ သူ့ခါးကြားက သေနတ်ကို ထုတ်ချိန်ရင်း ကျနော့်လက်ထဲက ဖုန်းရော၊ ကျော်ဝင်းဌေးဆီက ဖုန်းကိုပါ သိမ်းလိုက်ပါတော့တယ်။

တခုခုမှားနေပြီဆိုတာ ကျနော်သိလိုက်ပါပြီ။ တကယ်တော့ အိမ်ကိုဝင်စစ်ဖူးတဲ့ ရဲမှန်သမျှ လက်ကိုင်ဖုန်းကို သိမ်းလေ့မရှိပါဘူး။ ပြသနာကြုံလို့ ကျနော်ဖုန်းဆက်လိုက်ရင် ကျနော့်မိတ်ဆွေ ထိုင်းရဲတယောက်မဟုတ်၊ တယောက်ရောက်လာပြီး ညှိလိုက်နှိုင်းလိုက်ရင် လက်ဖက်ရည်ဖိုး ဘီယာဖိုးနဲ့တင် ပြီးသွားတာ ထုံးစံလိုဖြစ်နေပါပြီ။ တိုတိုပြောရရင် ဒီမောင်တွေဟာ စခန်းကိုခေါ်ဖို့ စကားမဟတော့ဘဲ ကျနော်ဆီကနေ ထိုင်းဘတ်သုံးသိန်း ထုတ်ပေးဖို့ အကြပ်ကိုင်ပါတော့တယ်။

ကျားသားမိုးကြိုး ဘတ်သုံးသိန်းတဲ့ဗျာ။ ကျနော်လည်း စကားနည်းရန်စဲဆိုပြီး ထိုင်းဘတ်တသောင်းပေးမယ်၊ ပြန်ကြပါတော့ဆိုတော့ ပွဲကပိုကြမ်းသွားပါလေရော။

သုံးသိန်းမရရင် နှစ်သိန်းပေးရမတဲ့။ ဒါတင်မကဘူး။ ကျနော့်လက်ကိုင်အိတ်ထဲက ဘဏ်စာအုပ်ကို ဖွင့်ကြည့်ပြီး ဘဏ်စာရင်းလက်ကျန် ခြောက်သောင်းခုနှစ်ထောင်တွေ့တော့ နောက်ထပ်ဘယ်ဘဏ်မှာ စာရင်း ဖွင့်ထားသေးသလဲ လုပ်ပြန်ပါတယ်။ ကျနော့်တအိမ်လုံး အိပ်ခန်းပါမကျန် မွှေနှောက်ပြီးတဲ့နောက်တော့ ဘာမပြောညာမပြော တပည့်ကျော် ကျော်ဝင်းဌေးကို သုံးလေးချက် ဆောင့်ကန်ပါတော့တယ်။

ကျနော်က မလုပ်နဲ့ဆိုပြီး ဝင်တားတဲ့အခါမှာတော့ သေနတ်ကိုင်ထားတဲ့ တယောက်ဟာ ကျန်တဲ့ လက်တဖက်နဲ့ ကျနော့် နားရင်းကို လှမ်းရိုက်လိုက်ပြန်ပါတယ်။ သူရိုက်တဲ့ အရှိန်က သိပ်မပြင်းပေမဲ့ ကျနော့်စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားခဲ့ပါပြီ။ အင်အားချိန်ခွင်ညှာကို ပြန်ကြည့်လိုက်တော့ သူတို့က သေနတ်တလက်၊ လူသုံးယောက်၊ ကျနော်တို့က မိန်းမသား တယောက်နဲ့ အကြောက်လွန်နေတဲ့ တပည့်ကျော်။ ကျနော် အဆုံးအဖြတ်မှားရင် ဒုက္ခရောက်သွားနိုင်တာမို့ စိတ်ကိုလျော့လိုက်ရပါတယ်။

………………………

နောက်ဆုံးတော့ လေးဆယ်ဝန်းကျင်နှစ်ယောက်အနက် တယောက်က သေနတ်နဲ့ ကျနော့်ကိုချိန်ရင်း ကျန်တယောက်က ကားမောင်းပြီးတော့ ကျနော့်အိမ်မလှမ်းမကမ်းက ငွေထုတ်စက်ရှိရာကို ခေါ်သွားကြ ပါတော့တယ်။ အသက်ငါးဆယ်ကျော် အဖိုးကြီးကတော့ ကျနော့်အိမ်မှာ ကျနော့်အဖွဲ့သားနှစ်ယောက်ကို စောင့်ကြည့်ရင်း ကျန်ခဲ့ကြရောဆိုပါတော့။

ငွေထုတ်စက်ဟာ ကျနော့်အိမ်နဲ့ တကီလိုတောင်မဝေးတဲ့ ဆဲဗင်းအလဲဗင်းဆိုင်မှာ ရှိနေတာမို့ နှစ်မိနစ်ဝန်းကျင် လောက်နဲ့ ရောက်သွားပြီး စိတ်ထဲမှာ စပ်ဖျင်းဖျင်းနဲ့ပဲ ထုတ်ပေးလိုက်ရပါတော့တယ်။

ကျနော်ငွေထုတ်ပြီး ကားပေါ်ပြန်ထိုင်လိုက်တဲ့အချိန်မှာ ဘတ်ခြောက်သောင်းကို ကားမောင်းတဲ့သူလက်ထဲကို ထည့်ပေးလိုက်တဲ့အချိန်မှာ ကျနော်ဟာ သူတို့ကားအတွင်းပိုင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး မှတ်ထားလိုက်ပါတယ်။ ကျနော့်အိမ်ပြန်ရောက်ပြီး ကားပေါ်ကအဆင်းမှာလည်း ဟွန်ဒါစီဗစ်အမျိုးအစား ကားနံပါတ် ကျောကျာန်း၊ချော်ချင် ၆၅၂၂ (ခရုန်ထစ်)ကို အလွတ်ကျက်ထား လိုက်ပါတော့တယ်။

…………………………


ပတ်စပို့တွေကော၊ ဖုန်းတွေပါ ပြန်ပေးပြီး သူတို့ထွက်သွားလို့ နာရီဝက်အကြာမှာတော့ ကျနော်ဖုန်းဆက် ခေါ်တာကြောင့် ဖိချိုင်းရောက်လာပါတော့တယ်။ မင်းကို ငါလစဉ် တာဝန်ကျေပါလျက်နဲ့ ဒီလိုအလုပ်ခံရတာ သိပ်အရုပ်ဆိုးလွန်းတယ်လို့ အပြစ်တင်ရင်း ဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ သူက ခပ်တွေတွေစဉ်းစား လိုက်ရင်း .. ဒါဟာ ရဲအတုတွေပဲ ဖြစ်ရမယ်တဲ့ဗျာ။ ဒီမှာတင် ကျနော်က ဒါဆို သူတို့ ကားနံပါတ်ကို ငါမှတ်မိတယ်။ မင်းလိုက်ရှာရင် လွယ်လွယ်လေးလို့ ပြောလိုက်တော့ သူကချက်ချင်းဆိုသလို တောက်တခေါက်ခေါက်နဲ့ ထွက်သွားပြီး တရားခံတွေကို တောနင်းပါတော့တယ်။

အမှန်ပြောရရင် ဘတ်ခြောက်သောင်းဟာ ကျနော့်အတွက် သိပ်မှုစရာပမာဏတော့ မဟုတ်ပါဘူး။ သိက္ခာကို ထိပါးတယ် ဆိုတဲ့ အသိရယ်၊ ဖူးခက်မြို့ကြီးဟာ လုံခြုံမှုမရှိတော့ဘူးလား ဆိုတဲ့ အတွေးကြောင့် အခံရခက်တာတော့ အမှန်ပါပဲ။ တကယ်တော့ ဖူးခက်ရဲတွေထဲမှာ ကျနော့်ကိုမသိတဲ့သူ တော်တော်ရှား လှပါတယ်။

ကျနော့်အိမ်ကို ဖူးခက်ဒုတိယမြို့တော်ဝန်ကိုယ်တိုင် ဝင်ထွက်သွားလာဖူးပြီး စင်္ကာပူသွားလည်ချင်တယ်ဆိုလို့ သူရော သူ့ရုံးအဖွဲ့ကိုပါ ကျနော့်စားရိတ်နဲ့ ပို့ခဲ့ဖူးတဲ့အထိ ကျနော့်ပေါင်းသင်း ဆက်ဆံရေး အဝန်းအဝိုင်း ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ အခုဖြစ်သွားတဲ့ကိစ္စကိုကြည့်ရင် ကျနော့် ပေါင်းသင်းဆက်ဆံရေးဟာ အရာမထင်သလိုပါပဲကလားဗျာ။
…………………………

နောက်တနေ့ မနက်အထိ ဖိချိုင်းဆီက ဘာမှပြန်ကြားချက် မရခဲ့ပါဘူး။ ဖြစ်ချင်တော့ မနက်ရှစ်နာရီလောက်မှာ ကိုယ်တိုင်ကားမောင်းပြီး ဝထေ့ဖ်အရပ်မှာရှိတဲ့ ကျနော့်ဆိုင်ရှိရာကို အလာ၊ အိမ်နဲ့မလှမ်းမကမ်းအရောက် နောက်ခန်းမှာထိုင်နေတဲ့ ဇနီးသည်က ရုတ်တရက် ဟိုကားက မနေ့ကရှင်ပြောတဲ့ ကားနံပါတ်ပါလား ဆိုပြီး ထအော်တာကြောင့် သေချာကြည့်လိုက်တော့၊ မီးပွိုင့်နဲ့ မလှမ်းမကမ်း ဆိုင်တခုရှေ့မှာ ရပ်ထားတဲ့ အဲဒီကားကို တွေ့လိုက်ရပါတော့တယ်။

ဒါနဲ့ ဖိချိုင်းကို .. မနေ့က ကား၊ အခု ငါတွေ့နေပြီ၊ မင်းလာခဲ့ပါဆိုပြီး ဖုန်းဆက်လိုက်တော့ ဆယ်မိနစ်အတွင်းမှာ ဖိချိုင်းဟာ ယာဉ်ထိန်းအရာရှိနဲ့ပေါက်ချလာပြီး သူ့နောက်မှာ ရဲကားတစီးပါ၊ ပါလာပါတော့တယ်။

သူက ကားကို အနီးကပ်သေချာကြည့်ခိုင်းပြီး ခင်ဗျားမှတ်မိတာ ဒီကားသေချာရဲ့လား ဆိုလို့ ကားရဲ့ခေါင်းခန်းကို ကြည့်လိုက်တော့ ဒက်ရှ်ဘုတ်ပေါ်မှာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေတဲ့ အရုပ်အဝါလေးဟာ မနေ့ကလိုပဲ ကျနော့်ကို နှုတ်ဆက်နေလေရဲ့။

…………………………

တဆက်တည်းဆိုသလို ကျနော်ငွေလိုက်ထုတ်ပေးခဲ့တဲ့ အမ်မခန်ဆဲဗင်းအလဲဗင်းက စီစီတီဗီကို ရဲ ခြောက်ယောက်လောက်နဲ့ သွားစစ်ကြည့်တော့လည်း ကျနော်နဲ့ ဇာတ်လိုက်တယောက်ဟာ အဲဒီနေ့မနက် ကိုးနာရီလေးဆယ့်နှစ်မိနစ်၊ ငွေထုတ်စက်ရှေ့မှာ အလုပ်ရှုပ်နေပုံတွေကို ထင်ထင်ရှားရှား တွေ့ကြရပါတော့တယ်။ ကျနော်ပြောပြတဲ့ နံပတ်နဲ့ကားဟာလည်း စီစီတီဗီမှာ အထင်းသားကြီး ပါလာတော့တာပေါ့ဗျာ။

ဒီတော့ ဖိချိုင်းကော ရဲအဖွဲ့ပါ ကျနော့် ထွက်ချက်ကို ယုံကြည်သွားကြပြီး ချက်ချင်းဆိုသလို ကားကို ရှာဖွေပုံစံနဲ့ သိမ်းပါတော့တယ်။ အတိုချုပ်ရရင် အဲဒီည ဆယ်နာရီမှာ ကျနော်ရဲစခန်းကို လိုက်သွားပြီး အမှုဖွင့်ရပါတော့တယ်။ အဲဒီမှာလည်း အမှုဖွင့်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ထိုင်းရဲအရာရှိလေးဟာ ကျနော်ဗမာလူမျိုးဆိုတာ သိသွားတော့ မျက်နှာထား နည်းနည်းပြောင်းသွားတာကို သတိထားလိုက်မိပါတယ်။

စခန်းက အပြန်ကားပေါ်မှာ ကျနော့်တပည့် ကျော်ဝင်းဌေးပြောတဲ့ စကားတခွန်းကြောင့် ဇာတ်လမ်းဟာ ပိုရှုပ်လာပြန်ပါတယ်။ သူ့စကားအရ အဲဒီကားသိမ်းခဲ့တဲ့ အိမ်ဟာ လွန်ခဲ့တဲ့ တပတ်ကျော်လောက်က အလုပ်ထွက်သွားတဲ့ ကျနော့်ဒရိုင်ဘာ ဘလက်ဆိုတဲ့ငနဲ အမြဲဝင်ထွက်နေတဲ့ အိမ်ဆိုပဲ။

ရော...။ ဒါဆို ဒီကိစ္စဟာ ကျနော့်ဒရိုင်ဘာဟောင်းဘလက်နဲ့ ဆက်စပ်နေနိုင်တာပေါ့။ ဘလက်ဟာ အသက်လေးဆယ့်ငါးနှစ်လောက်ရှိတဲ့ ထိုင်းလူမျိုးပါ။ လွန်ခဲ့တဲ့ငါးလလောက်က အလုပ်အကိုင်မရှိတာကြောင့် ကျနော့်ဆိုင်နားက ဖိဝမ်ဆိုတဲ့ ကွတ်တီယိုဆိုင်က ထိုင်းအမျိုးသမီးကြီးတဦး အဆက်အသွယ်နဲ့ အလုပ်ခန့်ထား ခဲ့တာပါ။

အလုပ်ခန့်စဉ်တုန်းကတော့ ဘလက်ဟာ သူသိပ်ကြိုက်တဲ့ ဆေးလိပ်ကို တခါဝယ်နှစ်လိပ်နှုန်းသာ ဝယ်သောက်နိုင်ခဲ့ပေမဲ့ ကျနော့်ကားကိုမောင်းပြီး နှစ်လလောက်အကြာမှာ ဗူးလိုက်ဝယ်သောက်တဲ့ အဆင့်ရောက်လာပြီး လေသံပါ မာလာပါတော့တယ်။ အကြောင်းရင်းကတော့ ဘလက်ဟာ ကျနော့်ကားကို အသုံးပြုပြီး ဘိန်းစာရွက်(ဘိုင်ကထောင်) ရောင်းနေတာကြောင့်လို့ နောက်ပိုင်းမှာ ကျနော်သိလာရပါတော့ တယ်။

ဘိုင်ကထောင်ခေါ်တဲ့ ဘိန်းစာရွက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလေ့ကျပေါက်ပြီး မဟာမြန်မာတွေရဲ့ တီထွင်ဖန်တီးချက်နဲ့ ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်တွေနဲ့ ရောကျိုလိုက်ရင် အာစီယံခေါ်၊ မူးယစ်ဆေးတမျိုးဖြစ်လာတဲ့ အရွက်ပါပဲ။ ဘလက်ဆီကနေ တခဲနက်ဝယ်ယူအားပေးကြတဲ့ ဖောက်သည်တွေကလည်း မဟာမြန်မာတွေပဲပေါ့ဗျာ ။

…………………………


အဲဒီကိစ္စကို မလုပ်ဖို့ အကြိမ်ကြိမ်တားမြစ်ပေမဲ့ ဝင်ငွေသိပ်ကောင်းနေတာကြောင့် ဘလက်ဟာ အလုပ်ကထွက်တဲ့လမ်းကို ရွေးချယ်သွားခဲ့ပြီး တပတ်အကြာမှာ ကျနော်ဒီပြဿနာနဲ့ ရင်ဆိုင်ရတာပါပဲ။ တကယ်တော့ ဒီအမူအကျင့်ဟာ ထိုင်းလူမျိုး တော်တော်များများ အရိုးစွဲနေတဲ့အကျင့်ပါ။ အထူးသဖြင့် နိုင်ငံခြားသား အလုပ်ရှင်တွေအပေါ်မှာ ထိုင်းတွေလုပ်လေ့လုပ်ထ ရှိတဲ့ စရိုက်ပါ။

ကျနော်ဟာ နေ့စဉ်ဆိုသလို ရဲတွေလာပြတဲ့ မသင်္ကာသူတွေရဲ့ ဓာတ်ပုံတွေ၊ ခေါ်ပြတဲ့လူတွေကို ဟုတ်မဟုတ် လိုက်ကြည့်နေရပါတယ်။ ဒီနေ့အထိဆို ပြဿနာဖြစ်ခဲ့တာ လေးရက်မြောက်ခဲ့ပေမဲ့ တရားခံတွေကို မမိနိုင်သေးပါဘူး။ ဖိချိုင်းမျက်နှာကြောင့်လား၊ ဆောင်ရွက်နေကျ တာဝန်ပေပဲလား မဆိုနိုင်ပေမဲ့ ထိုင်းရဲတွေဟာ ကျနော့်အမှုကို နေ့ရောညပါ အပူတပြင်း လိုက်လံစုံစမ်းနေတာတော့ သေချာလှပါတယ်။ ဒီအတွက်တော့ ကျေးဇူးစကား ဆိုရပါမယ်။

ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ တဖြည်းဖြည်း ပူပင်စိတ် ဝင်လာပါတော့တယ်။ ဖူးခက်မြို့ကြီးဟာ ကမ္ဘာကျော် ခရီးသွားမြို့ကြီးဖြစ်သလို ရာဇဝတ်မှု အလွန်ထူပြောတဲ့ နေရာဒေသပါ။ ထိုင်းလူမျိုး လူမှောင်ခိုသွင်းတဲ့ ဂိုဏ်းအချင်းချင်း မသင့်မြတ်ရာကနေ ချမ်းမွန်ဆိုတဲ့ မွန်လူငယ်တယောက်ရဲ့ အိမ်ထဲဝင်ပြီး သေနတ်နဲ့ လေးငါးချက် ဝင်ပစ်သွားတာ တနှစ်ကျော်လောက်ပဲ ရှိပါအုံးမယ်။ ထိုင်းရဲတချို့ဆိုရင်လည်း ဗမာဆိုရင် လမ်းမှာဖမ်းစစ်ရင်း ရွှေအပေါင်လက်မှတ်တွေ့ရင်တောင် အတင်းသိမ်းပြီး သွားရွေးယူလိုက်ကြတဲ့အထိ လက်ရဲဇက်ရဲနိုင်ပါတယ်။ ထိုင်းတောင်ပိုင်းက ရာဘာခြံတော်တော်များများက မြန်မာပြည်ဖွား အလုပ်သမားတွေ လည်း မကြာခဏဆိုသလို ဓားမြတိုက်ခံရ၊ မုဒိမ်းကျင့်ခံရ၊ အသတ်ခံရဆိုတဲ့ သတင်းတွေဟာ မကြားချင်မှ အဆုံးမဟုတ်လား။

လူဆိုးတွေရဲ့ရုပ်သွင်ကို သေချာပေါက်မှတ်မိနေတဲ့ ကျနော့်တို့ဟာ ဘယ်မှာလာ အိပ်ကောင်းခြင်း အိပ်နိုင်ပါတော့မလဲ။

……………………
နယ်မြေထိုင်းရဲတွေကတော့ ကျနော့်အိမ်ဝန်းကျင်ကို ပတ်တယောင်ချထားပေးပြီး စောင့်ကြည့်ပေးမယ် ဆိုပါတယ်။ အိမ်မှာလည်း စီစီတီဗီကင်မရာတပ်ထားပါလို့ ညွန်ကြားလေရဲ့။ ကျနော့်အိမ်ဟာ ဖူးခက်မြို့ အမ်မခန်အရပ်က ဆိတ်ငြိမ်ရပ်ကွက်မှာ ရှိနေတာကြောင့် မြို့နဲ့နည်းနည်းလှမ်းပါတယ်။ ဘေးပတ်ဝန်းကျင်တွေ က အိမ်တွေကလည်း လူဝင်လူထွက် အင်မတန်နည်းတာကြာင့် အရေးအကြောင်းဆို အကူအညီလွယ်လွယ်ရဖို့ လမ်းမမြင်လှပါဘူး။

နောက်ဆုံးတော့ တရားခံမမိခင်စပ်ကြား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့သာ၊ ဗမာ့သွေးနဲ့ ရဲဆေးတင်၊ ဆုံးဖြတ်၊ နေ့ရောညပါ ခြံတံခါးကိုသော့ခတ်၊ ညဆို တအိမ်လုံး သော့ကုန်လျှောက်ခတ်ပြီး ဓားတလက် ခေါင်းအုံးအိပ်နေရ တော့တာပါပဲ ။

တပည့်ကျော် ကျော်ဝင်းဌေးကတော့ ဦးလေးရယ်၊ သူတို့သာ ကိုယ့်အိမ်ထဲဝင်လာရဲလို့ကတော့ ဘာမလဲစရာ ရှိသလဲ။ သူတသက် ကိုယ်တသက်ပေါ့ဆိုပြီး ဗမာ့သွေးကို ကြွေးကြော်နေလေရဲ့။

………………………

အေးဗျာ...။ ကျနော်လို တရားဝင်ပတ်စပို့၊ ကိုယ်ပိုင်ကုမ္ပဏီအခိုင်အမာနဲ့ နေတဲ့သူတောင် ဒီလို ဒုက္ခကြုံရတယ် ဆိုတော့ ထိုင်းနိုင်ငံတနံတလျား၊ တော်ရာအရပ်တွေမှာ သန်းနဲ့ချီရောက်နေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမား ကျနော်တို့လူမျိုးတွေရဲ့ နေ့စဉ်ဘဝကို စဉ်းစားသာကြည့်ပေတော့ဗျာ။ ကျနော်တို့လူမျိုးတွေအတွက် ဒီလို ကျီးလန့်စာစား၊ ချောက်ချောက်ခြားခြား ဘဝမျိုးကနေ ဘယ်တော့များမှ လွတ်ကြမှာပါလိမ့်။ သားစဉ်မြေးဆက် ဒီဘဝမျိုးနဲ့ ဆက်ရှိနေကြအုံးမယ် ဆိုရင်တော့ လွတ်မြောက်ရာလမ်းကို ရှာကြရပါလိမ့်မယ်။ အဲဒီလွတ်မြောက် ရေးမှာ ဓားတို့ သေနတ်တို့ဆိုတာ ဆက်ပါနေရအုံးမယ် ဆိုရင်လည်း မှတပါးအခြားမရှိလို့သာ ထင်မိတာ ပါပဲ၊ ဟော....၊ ပြောရင်းဆိုရင်း ထိုင်းတီဗီမှာ လစ်ဗျားက သေနတ်သံတွေ ကြားနေရပြီကောဗျာ ။

……………………


မင်းဒင်ရေးသည်။

ကျွန်ုပ်၊ဟန်သစ်ငြိမ်၊မောင်သင်ကာနှင့် ဖိုးသူတော် နှမပျောက်မှု

တနေ့သ၌ ကျွန်ုပ်သည် ဖူးခက်မြို့ အမ်မခန်အရပ်ရှိ အလွန်ကျယ်ဝန်းလှသော ခြံဝင်းကြီး တခုအတွင်းမှ အိမ်အိုကြီး တလုံးပေါ်တွင် အလုပ်အကိုင်ဟူ၍ မည်မည်ရရမရှိဘဲ၊ လွန်စွာ အဖိုးတန်လှသော အချိန်တို့ကို အလဟဿဖြုန်းတီး ပစ်ရင်း ပျင်းရိခြောက်ကပ်ဖွယ် ကောင်းလှစွာ ကျော်ဖြတ်နေရချိန်ဖြစ်လေ၏။ ကျွန်ုပ်အနေဖြင့် ပျင်းရိ ငြီးငွေ့ဖွယ် အချိန်တို့ကို ကျော်ဖြတ်နိုင်ရန် ကျွန်ုပ်နှင့်အတူနေ တပည့်ကျော်လည်းဖြစ်၊ ဇာတိရပ်ရွာအားဖြင့် ရွာနီးချုပ်စပ်သား ချင်းလည်းဖြစ်သူ နိုင်စိုး အမည်ရှိ လူငယ်နှင့် မွေးရပ်ဇာတိ အကြောင်း စကားစမြည်ပြောလိုလှသော်လည်း နိုင်စိုး မှာ လူပျိုဘဝမှ မလွတ်သေးသည်ဖြစ်၍ ထိုင်းနိုင်ငံတနံတလျားရှိ တယ်လီဖုန်းချစ်သူများနှင့် လေလှိုင်းမှတဆင့် ကြင်သူရှာသည့်အလုပ်ဖြင့် အချိန်ပြည့် အလုပ်ရှုပ်နေရကား ၎င်းနှင့် စကားစမြည်ပြောနို်င်ရန်မှာ ဗြဟ္မာပြည်မှအပ် တစင်း နှင့် လူ့ပြည်မှ အပ်တစင်းဆုံမည့် နေ့ရက်ကို စောင့်မျှော်ရသကဲ့သို့ ရှိလေ၏။
ယခင်အချိန်များကသော် ယခုကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်အချိန်များတွင် လွန်စွာဟောင်းနွမ်းလျက်ရှိသော အမေရိကန် ပြည်လုပ် ဒဲလ်တံဆိပ်ကွန်ပြူတာတလုံးကို အသုံးပြုလျက် မင်းဒင် အမည်ရှိ ဘလော့စာမျက်နှာတခု ဖန်တီးလျက် စာတိုပေစများရေးသားနေလေ့ ရှိလင့်ကစား လွန်ခဲ့သော သုံးလခန့်က ကျွန်ုပ်၏ စာများကို ဖတ်ရှုဖူးသော (….) အမည်ရှိ စကာင်္ပူနိုင်ငံနေ မိန်းမပျိုတဦးက ကျွန်ုပ်ရေးသားသော စာများမှာ လူပြိန်းကြိုက်များသာ ဖြစ်ပေသည်ဟူသော မှတ်ချက်ကို ကြားသိရသည့် အခါမှစ၍ ကျွန်ုပ်၏စိတ်တွင် စာပေရေးသားလိုစိတ် အလျဉ်းမရှိတော့ချေ။
ထိုသို့ ဖြစ်ရခြင်းကား အဆိုပါ မိန်းမပျို အပေါ်ခံပြင်းနာကျဉ်းမှုကြောင့် လုံးဝမဟုတ်မူဘဲ ယခင်ကပင် ကျွန်ုပ်၏ စာရေးသားနည်းနှင့် ပတ်သက်၍ ကျွန်ုပ်ကိုယ်တိုင် ဘဝင်မကျရှိနေသည်က တကြောင်း၊ မြန်မာစာကို နိုင်နင်းစွာရေးသားနိုင်ရန်အတွက် မြန်မာစာပေဗဟုသုတမျိုးစုံကို ထပ်မံလေ့လာ လိုက်စားရန် လိုအပ်နေသေးသည်ဟု ကိုယ်တိုင်ခံယူသည်ကတကြောင်း၊ ကြောင့်ဟု ဆိုရပေမည်။
သို့လျှင် ကျွန်ုပ်သည် ကိုယ်တိုင်ကျွမ်းကျင် တတ်မြောက်ခြင်းမရှိဘဲ အစမ်းသဘော၊ လေ့ကျင့်သည့် သဘော စာပေရေးသားနေခြင်းကို ရပ်တန့်ကာ မြန်မာစာပေကို ပြန်လည် လေ့လာနိုင်ရန် ကျွန်ုပ်၏ စာအုပ်စင်ကြီးပေါ်မှ စာအုပ်ထူကြီးများကို မွှေနှောက်လျက် ရှိလေ၏။
ပျင်းရိငြီးငွေ့ဖွယ် ကောင်းသည်ကတကြောင်း၊ ကျွန်ုပ်၏ မူလစိတ်ကပင် တောင်တောင်အီအီ လွင့်ပါးနေသည်ကတကြောင်း တို့ကြောင့် ထူထဲလှစွာသော ကျမ်းကြီးကျမ်းခိုင်တို့ကို ဖတ်ရှုလိုစိတ် အလျဉ်းမရှိသည်နှင့် အပျင်းလည်းပြေစေ၊ ဗဟုသုတလည်းတိုးစေသော ပေါ့ပေါ့ပါးပါး စာမျိုးကိုသာ ရှာဖွေနေမိချိန်တွင် စာအုပ်စင်၏ ဒေါင့်တနေရာရှိ ဖုန်တက်နေသော စာအုပ်ငယ်တအုပ်ကို အမှတ်မထင်တွေ့ရှိရလေသည်။
ထိုစာအုပ်ကား လူထုကြီးပွားရေးစာအုပ်တိုက် လက်ဆည်ကန် မန္တလေးမြို့မှ ထုတ်ဝေသော နိုင်ငံကျော်သတင်းစာဆရာကြီး၊ စာရေးဆရာကြီးဖြစ်သော လူထုဦးလှ၏ ကျောင်းကန်အနီးမှ ပုံပြင်များ အမည်ရှိစာအုပ်ဖြစ်ပေရာ၊ ၎င်းစာအုပ်ကား ၁၉၆၅ ခုနှစ်တွင် စတင်ရိုက်နှိပ်ပြီး ၁၉၉၃ ခုနှစ်အထိ စုစုပေါင်းလေးကြိမ်ရိုက်နှိပ်ခဲ့ရကြောင်း အဆိုပါ စာအုပ်၏ ရှေ့မျက်နှာ မှတ်တမ်းအရ သိရှိရလေသည်။ ငယ်စဉ်အခါက ဘုန်းကြီးကျောင်းသားဘဝဖြင့် နေခဲ့ဘူးသော ကျွန်ုပ်သည် ကျောင်းနား ကန်နားဟူသော စကားလုံးတို့ကို စတင်ဖတ်ရှုမိသည်နှင့် တပြိုင်နက် ကျွန်ုပ်၏ မသိစိတ်သည် မည်သို့လှုံ့ဆော်လှုပ်ရှားလိုက်သည်မသိ၊ အဆိုပါစာအုပ်၏ ပထမဆုံးပုံပြင်တပုဒ်ကို ဖတ်ရှုပြီးလျက်သား ဖြစ်သွားလေ၏။
အဆိုပါပုံပြင်မှာ “ဖိုးသူတော်စာ ၊ ဖိုးသူတော်ဖတ်တတ်” အမည်ရှိပြီး ထိုပုံပြင်ကို ဖတ်ပြီးသည်၏ တခဏမှာပင် ကျွန်ုပ်၏ စိတ်ထဲတွင် နားသယ်ကို တူဖြင့် နှက်လိုက်သကဲ့သို့ ဒိုင်း ကနဲ အသံမြည်ဟီး သယောင်ခံစားရကာ ချင်းမိုင်မြို့နေ ဟန်သစ်ငြိမ်အမည်ရှိ လူငယ်အားရုတ်ခြည်း သတိရမိလေသည်။ ထိုသို့ဖြစ်ရခြင်းကား လွန်ခဲ့သော သုံးလကျော်ခန့်က ချင်းမိုင်မြို့တွင်ကျင်းပသော သတင်းသမဂ္ဂ အစည်းအဝေးသို့ ကျွန်ုပ်ယောင်ယောင်လည်လည် ရောက်ခဲ့စဉ်က အဆိုပါ ဟန်သစ်ငြိမ်အမည်ရှိ ခေတ်ပညာတတ် လူငယ်သည် ကျွန်ုပ်ကို စတင်တွေ့သည်နှင့်ပင် မှတ်သားဖွယ်လည်းဖြစ်၊ ရယ်ဖွယ်လည်းဖြစ်သော ရှေးစာ ရှေးစကားများကို နားထောင်လိုပါသဖြင့် ပြောပြစေလိုပါကြောင်း အပူကပ်ခဲ့ဖူးသောကြောင့် ဖြစ်လေ၏။ ထိုစဉ်က ကျွန်ုပ်မှာရုတ်တရက်အမေးခံလိုက်ရသောကြောင့် ကြောင်အန်းအန်းနှင့်ပင် .. အင်းဝခေတ်တွင် (လ) ဟူသော စကားလုံးကို ထိုခေတ် စာဆိုတော်များက ထပ်ချည်းတလဲလဲ သုံးကြသည်ကို မြင်ပြင်းကပ်ဟန်ရှိသော ရှင်ဥတ္တမကျော်က အရွဲ့တိုက် စပ်ဆို ခဲ့ဟန်ရှိသော.. မုဆိုးချုံမှာ လချောင်းတည်း။ ဘီလူးသွားမှာ လဖြဲတည်း၊ မိုးမှာ ငွေကြယ် လဥတည်း၊ ဟူသော ကဗျာစာသားမျှလောက်ကိုသာ ရွတ်ဆိုပြနိုင်ခဲ့ပြီး နောင်အလျဉ်းသင့်သော် ထို့ထက် ပြည့်ပြည့်စုံစုံ ပြောပြလိုသောစိတ်ဖြစ်ပေါ်ခဲ့ဖူး လေသောကြောင့် ဤပုံပြင် ကို ဖတ်မိသည့်အခါ၌ ပုံပြင်ပါ အကြောင်းအရာကို မောင်ဟန်သစ်ငြိမ်အား ပြောပြလိုစိတ်သည် ပြင်းထန်စွာဖြစ်ပေါ် လာလေရာ အဆိုပါပုံပြင်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်လေ၏။

“ဖိုးသူတော်စာ ဖိုးသူတော်ဖတ်တတ်”
ရှေးအခါက တောရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်ကြီးတစ်ပါး ပျံလွန်တော်မူသဖြင့် ၎င်း၏ အိပ်ရာနေရာများကို ရှင်းလင်းကြသောအခါ ၎င်းဖိုးသူတော်ကြီး၏ ခေါင်းအုံးနှစ်လုံးအကြားတွင် သူကျန်းမာစဉ်က ရေးထားခဲ့သော စာကလေးတစောင်ကို တွေ့ရှိကြလေသည်။ ထိုစာမှာ …“ထရာဇာသော သုဉ်ဒသကို မုနိသုဒ္ဓါ ဒဒေယျာသိ”ဟူ၍ဖြစ်သည်။ ထိုစာကို ဘုန်းတော်ကြီးနှင့်တကွ ရပ်ရွာထဲမှ အတော်အတန် စာပေဗဟုသုတ ရှိသူတို့ အခေါက်ခေါက် အခါခါ ဖတ်ကြပါသော်လည်း အဓိပ္ပါယ်အမှန်ကို မှန်အောင်မပြန်ဆိုနိုင်ကြပေ။ တစ်နေ့သ၌ ၎င်းကျောင်းသို့ ဧည့်သည် ဖိုးသူတော်ကြီးတစ်ပါး ရောက်လာလေသည်။ သို့နှင့် ဘုန်းတော်ကြီးနှင့် ဖိုးသူတော်တို့ စကားစမြည် ပြောဆိုကြရင်း ပျံလွန်သွားသော ဖိုးသူတော်ကြီးအကြောင်း စကားစပ်မိသွားကြသဖြင့် ဘုန်းတော်ကြီး က စာကို ဖတ်ပြမေးမြန်းသောအခါ ဧည့်သည်ဖိုးသူတော်ကြီးသည် စာကို စူးစိုက်စွာဖတ်လျက် အတန်ကြာ စဉ်းစားနေပြီး …
ဖိုးသူတော်။ “ထ ကတော့ ထ ပဲ ဆရာတော်၊ရာဇာက မင်း ၊ သောဆိုတာ ခြောက် ဆိုတော့ ထမင်းခြောက် ဖြစ်ရမယ်။ သုဉ်ဒသ ဆိုတာကတော့ ကိုးကြောင်းအခေါ် ငွေတဆယ်ကို ခေါ်တယ်။ မုနိက မိနု၊ သုဒ္ဓါက သာဒုတ် ဖြစ်ရမယ်။ ဒဒေယျာသိ ဆိုတာက ပေးလိုက်ပါလို့ အဓိပ္ပါယ်ထွက်တယ်။ ဖိုးသူတော်ကြီးမှာ မိနုဆိုတဲ့နှမ မရှိဘူးလား”
ဘုန်းတော်ကြီး။ ။“အဲ ရှိတယ် ဦးသူတော်ရေ့၊ဆွေမျိုးဆိုလို့ သူ့မှာ ဒီနှမ တယောက်ပဲ ရှိရှာတယ်
ဖိုးသူတော်။ ။ဖိုးသူတော်ကြီးဟာ ထမင်းခြောက်ကော မလှန်းဘူးလား ဆရာတော်
ဘုန်းတော်ကြီး။။မလှန်းလားဦးသူတော်ရဲ့၊ ဘုန်းကြီးတို့ကျောင်းက ထမင်းဟင်းများ ပေါလွန်းလို့ ကိုရင်ကျောင်းသားတွေအပြင် ခွေး ငှက်တိရစ္ဆန်တွေတောင် စားမကုန်လို့ ဆေးဖိုးရအောင်ဆိုပြီး ဘုန်းကြီးကပဲ ထမင်းခြောက်လှန်းဖို့ အကြံပေးရတယ်”
ဖိုးသူတော်။ ။“ရွာထဲမှာ သာဒုတ်ဆိုတဲ့ ဒကာကော ရှိသလား ”
ဆရာတော်။“အင်း သာဒုတ်လည်းရှိတယ်။ ဦးသူတော်ကြီး ထမင်းခြောက်တွေ တစ်ဆင့် ရောင်းပေးတဲ့သူပေါ့”
ဖိုးသူတော်။ ။“ဒီလိုဆိုရင် သာဒုတ်ကို ထမင်းခြောက်ရောင်းခိုင်းထားလို့ သူ ငွေတဆယ် ရစရာရှိလိမ့်မယ်။ အဲဒီငွေတဆယ်ကို သာဒုတ်က မိနုကိုပေးလိုက်ပါလို့ ရေးထားခဲ့တာ ဖြစ်ရမယ်။ ” ထိုအခါမှ ဘုန်းတော်ကြီးမှာ ကောင်းစွာသဘောပေါက်ပြီး သာဒုတ်ကိုခေါ်၍မေးရာ ဧည့်သည် ဖိုးသူတော်ကြီး ပြောသည့်အတိုင်း မှန်ကန်နေသဖြင့် သာဒုတ်ထံမှ ငွေတဆယ် တောင်းယူပြီး ဖိုးသူတော်ကြီး၏နှမမိနုကို ပေးလိုက်ရလေသည်။ ထိုအခါမှစ၍ “ဖိုးသူတော်စာ၊ ဖိုးသူတော်ဖတ် တတ်” ဟူသော စကားပုံပေါ်ခဲ့သည်ဟု လူကြီးသူမတို့ ပြောစမှတ်ပြုခဲ့ကြသည်။
ရှေးသူဟောင်းတို့နှင့် ပညာရှင်များ၏ အဆိုအမိန့်အရ စိတ်ဟူသည့်အရာမှာ ဆန်းပြားလှရကား အဆိုပါ လူထုဦးလှ၏ ကျောင်းကန်အတွင်းမှ ပုံပြင်များစာအုပ်ကို နောက်ထပ် စာမျက်နှာသုံးဆယ်ခန့် ထပ်မံလှန်လှောမိချိန်တွင် စိတ်ဝင်စားဖွယ်ပုံပြင်တပုဒ်ကို ထပ်မံ တွေ့ရှိရပြန်လေရာ ထိုပုံပြင်မှာ ကဗျာစပ် စာချိုး ဝါသနာအိုး ဒကာတယောက်အကြောင်း ဖြစ်၍ ထိုင်းနိုင်ငံရှပ်နီအရေးတော်ပုံအတွင်း၊ ကာဖျူးကာ အရက်သမား ဘဝကို စာစပ်ခဲ့ဘူး သော ချင်းမိုင်မြို့နေ မောင်သင်ကာအား သတိရမိလျက် ပြောပြလိုစိတ်ဖြစ်ပေါ်လာပြန်လေ ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်လေ၏။

“ဝါ တဲ့ဗျာ၊ ဝါ တဲ့”
တခါက တောရွာတရွာ၏ အလှူတလှူတွင် ဖြစ်သည်။ တောရွာများ၏ထုံးစံမှာ ရွာတရွာတွင် သာမှုနာမှုရှိပါက မိမိရွာနှင့် ဂေါစရဂါမ်ဖြစ်သော အနီးအနားမှ ရွာဘုန်းကြီး ကျောင်းများကိုလည်း ပင့်ရရိုးထုံးစံရှိရာ ထိုရွာကလေး၏ အလှူတွင်လည်း ထုံးထမ်းအစဉ် အလာအတိုင်းရွာနီးနား ဘုန်းတော်ကြီးများအား ပင့်ထားပြီး ဖြစ်လေသည်။
အလှူရေစက်ချမည့် နေ့ခင်းအချိန်တွင် ရွာတွင်းရှိ ယောက်ျားကြီး မိန်းမကြီးများသည် ပရိတ်တရားနာရန် မဏ္ဍပ်အတွင်းသို့ ရောက်ရှိနေကြလေသည်။ သံဃာစင်ပေါ်တွင် လည်း ဘုန်းကြီးများ သီတင်းသုံးရန် အဆင်သင့်ခင်းထားကြသည်။ ထိုအထဲတွင် သက်ရွယ် ကြီးမားသော ဆရာတော်ကြီးများပါဝင်ပါက ချမ်းသာစွာ သီတင်းသုံးနိုင်ရန် ပက်လက်ကုလားထိုင်ကြီး တလုံးကိုလည်း အဆင့်သင့်ထားရှိလေသည်။
မကြာမီပင် ဝါတော်လေးဆယ်ခန့် ရှိမည်ထင်ရသော ဘုန်းတော်ကြီး တပါးသည် မဏ္ဍပ်တွင်းသို့ ကြွရောက်လာပေသည်။ ပရိသတ်အတွင်းမှ ဒကာတယောက်သည် ထိုဘုန်းကြီးအား ခရီးဦးကြိုဆို၍ သံဃာစင်ရှိရာသို့ ပင့်သွားပြီး စောစောကတည်းက မထေရ်ကြီးသီတင်းသုံးရန် စီစဉ်ထားသော ကုလားထိုင်ကြီးပေါ်တွင် သီတင်းသုံးရန် လျှောက်သည်။ ဘုန်းကြီးလည်း ဒကာလျှောက်ထားသော နေရာတွင် ဣနြေ္ဒကိုတည်ငြိမ်စွာ ကြည်ညိုဖွယ်ဆောင်လျက် နေထိုင်လေသည်။ ဒကာဒကာမ များလည်း ဆရာတော်ကြီးဟု အောက်မေ့လျက် ကန်တော့ကြလေသည်။ ထိုဘုန်းကြီး ရောက်ပြီး၍ မကြာမီမှာပင် ဘုန်းကြီးတပါးကြွရောက်လာပြန်ပါသည်။ ဘုန်းကြီးလည်း သံဃာစင်ရှိရာသို့ တန်းကြွသွားလေသည်။ ကုလားထိုင်ကြီးအနီးသို့ ရောက်သည့်အခါ အရင်ထိုင်နှင့်နေသော ဘုန်းကြီး သည် ကုလားထိုင်ပေါ်မှဆင်းကာ အောက်တွင်ခင်းထားသော နေရာ၌ ထိုင်လေသည်။ သို့နှင့်ပင့်ထားသော သံဃာတော်များ စုံစုံလင်လင်ဖြစ်သွားချိန်တွင် ဒကာဒကာမများက စောစောက မထေရ်ကြီးဟု အောက်မေ့သော ဘုန်းကြီးသည် သံဃာစင်ပေါ်တွင် နောက်ဆုံးမှ ဖြစ်နေလေသည်။ ဒကာဒကာမများလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အတွေးမျိုးစုံနှင့်သာ ပရိတ်တရားကို နာကြသည်။ ပရိရွတ်ရေစက်ချပြီး၍ သံဃာတော်များပြန်ကြွသည့်အခါ စောစောက ခရီးဦးကြိုပြီး ပင့်ထားသော ဒကာသည် သူ့ဘုန်းကြီးအဖြစ်ကို သိလိုလှသဖြင့် ဘုန်းကြီး ထိုင်နေရာဆီသို့ ထသွားပြီး မေးမြန်း လျှောက်ထားလေသည်။
“အရှင်ဘုရား စောစောက ကုလားထိုင်ကြီးပေါ်မှာ ထိုင်နေတာကို မြင်ရပါတယ် ဘုရား၊ အဲဒီနေရာနဲ့ အရှင်ဘုရားနဲ့လဲ လိုက်ပါတယ်ဘုရား ၊အခုဘယ်လိုကြောင့် ဒီနေရာကို ရောက်ရပါသလဲဘုရား”
ထိုသို့လျှောက်ထားမေးမြန်းသောအခါ ဘုန်းကြီးမှာ ရှက်လည်းရှက်၊ စိတ်လည်းတို လာသဖြင့်
“ဝါတဲ့ဗျာ၊ ဝါတဲ့၊ အသက်ကတော့ သူတို့သားအဖပေါင်းဦးတော့ ငါ့မမီပါဘူး။
ထိုအခါ ဒကာက
“ဝါတော်က ဘယ်လောက်ရှိပြီလဲဘုရား”
ဘုန်းကြီး။။“တလခွဲ”
ဒကာ။ ။“သက်တော်ကကော ဘုရား”
ဘုန်းကြီး။ ။“ခြောက်ဆယ် ”
ဒကာ။ ။“ဒါဖြင့် စာဝါကကော ဘုရား”
ဘုန်းကြီး။ ။“ကကြီးလုံးတင် တသတ်ကိတ်”
အကြောင်းစုံကို သိရသောအခါ စာပေကဗျာ ဝါသနာရင်းစွဲရှိသော ဒကာသည် ထိုအနားမှာပင် ကဗျာ လက်တန်းစပ်ဆိုလိုက်သည်မှာ …
“သက်တော်ကခြောက်ဆယ်၊ ဝါတော်ကလခွဲ၊ တို့ဘုန်းမော် စာတော်ကိတ် ရယ်၊ မှန်းစိတ်နှင့်လွဲ ”
ဟူ၍ ဖြစ်သတည်း။
ဤသို့လျှင် ကျွန်ုပ်သည် လူပြိန်းစာများရေးသားသည်ဟု မှတ်ချက်ပြုခဲ့ဘူးသော စကာင်္ပူ နိုင်ငံနေ တူမတော်အား အယူခံရာလည်းရောက်စေ၊ အခြားလူငယ်များ အပျင်းလည်းပြေစေ၊ ဗဟုသုတလည်း ဖြစ်စေ ဟူသော ရည်ရွယ်ချက်ဖြင့် လတ်တလော ကျွန်ုပ်တွေးတော ခံစားမိသည်များကို စာတိုတပိုဒ် တပါဒအဖြစ် ရေးသားဖော်ပြလိုက်ရပေသတည်း။

မင်းဒင်ရေးသည်။

တိုက်တတ်ရင်အောင်ပွဲဖြစ်တယ် (၂)


ကီရီနီးယား ဆိုက်ပရပ် (အေပီ သတင်းဖော်ပြချက်)

အရှေ့အလယ်ပိုင်း သဲကန္တာရ သူရဲကောင်းဖြစ်သော ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်ကျွန်းသို့ တိုးတိုးတိတ်တိတ် ရောက်လာ၏။ ဗိုလ်ချုပ်ကြီး ထရေဗာ ရောက်လာခြင်းသည် ဆိုက်ပရပ်ကျွန်း၏ အုပ်ချုပ်မှုအာဏာကို လက်ပြောင်းယူခြင်းဟု အားလုံးက ခန့်မှန်းနေကြ၏။ သူရောက်လာခြင်းသည် အိပ်ဇိုးဒပ် အရေးအခင်းအတွက် မူပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်၊ သို့တည်းမဟုတ် ဆိုက်ပရပ် အုပ်ချုပ်ရေး အတွက် လူ ပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်ဟု အကဲခတ်သမားများက ယူဆနေကြပါသည်။
မတ်သည် သဘောင်္ပေါ်ရောက်သည်နှင့် ကာရင်ကလီမင့်ကို တွေ့လို၍ ခဏခေါ်ပေးရန် အယ်ရီကို ပြောလိုက်၏။
သဘောင်္ပေါ်ရှိကလေးများ အခြေအနေမှာ သိပ်မကောင်းပါ။သူတို့တစ်တွေသည် ကျဉ်းကျပ်စွာ နေရခြင်း၊ ရေမချိုးရခြင်းနှင့်တခြားသော အကြောင်းအကြောင်းများကြောင့် ညှိုးချုံးလျက် ရှိလေ သည်။ အယ်ရီကမူ ဘာမှ မထူးခြားသောအသွင်ကို ဆောင်လျက်။

“အပြင်ဘက်က အခြေအနေကို ပြောပါဦး မတ်”
"သိပ် အပြောင်းအလဲ မရှိဘူး၊ ထရေဗာ ဘရောင်းနင်း ဝင်လာပေမဲ့ ဘာမှမထူးခြားဘူး၊ သတင်းကတော့ တစ်နေ့တခြား ပိုကြီးလာပါတယ်၊ ခင်ဗျား အတွက်ရော ကျုပ်အတွက်ပါ အကျိုးရှိပါတယ်၊ ကျုပ်ကလည်း သတင်းကောင်းတစ်ပုဒ် ရတယ်၊ ခင်ဗျားတို့လည်းဗြိတိသျှတွေရဲ့ အရှိုက်ကို ဆော် နိုင်ခဲ့တယ်ပေါ့၊ ဒါပေမဲ့ ကြားရသလောက်ကတော့ဗြိတိသျှတွေက လျှော့ပေးမယ် မထင်ဘူး”
"ဒီတော့ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ မတ်”
"သြော် .... ကျုပ်ပြောချင်တာက အခုအခြေအနေမှာ အင်္ဂလိပ်တွေထက် လူစိတ်ရှိတယ် ဆိုပြီး ကမ်းးကိုကပ်ပေးလိုက်ရင် ကျုပ်တို့သတင်းတွေ ကလည်း အကြီးဆုံး ဖော်ပြနိုင်မယ်၊ ကမ္ဘာတစ်ဝှန်းးလုံးရဲ သနားခြင်းလည်း ခံရမယ်”
"နေပါဦး၊ ခင်ဗျားကို ကစ်တီက လွှတ်လိုက်တာလား မတ်"
"အို .. မဆိုင်တာတွေ ပြောမနေစမ်းပါနဲ့၊ ကြည့်စမ်းပါဦး၊ ကလေးတွေရဲ့ အခြေအနေတွေကို၊ လူရုပ်တောင် မပီတော့ဘူး”
"သူတို့ဘာလုပ်နေတယ်ဆိုတာ သူတို့ ဘာသာသိပါတယ်”
"နောက်တစ်ခု ရှိသေးတယ်နော် အယ်ရီ၊ အခုနေတော့ ကျုပ်တို့သတင်းက သတင်းကြီး မျက်နှာဖုံး သတင်းပါပဲ၊ ဒါပေမဲ့ ဘယ်သူက ဘယ်လိုပြောနိုင်မှာလဲ၊ နက်ဖြန်ပဲ ဖရင့်ဆင့် နာစထရာက ဘယ်သတင်းစာသမားကို လက်သီးနဲ့ ထိုးလိုက်တာနဲ့ မျက်နှာဖုံးသတင်းက ပြုတ်သွားမှာ”

ထိုအချိန်၌ ကာရင်သည် အခန်းထဲဝင်လာ၏။

"ဟယ်လို ... မစ္စတာ ပါကား”

ကာရင်သည် မတ်ပေးလိုက်သော ကစ်တီ၏ စာကိုယူ၍ လက်ဆောင်ထုပ်ကိုတော့ ငြင်းလိုက်သည်။ တခြားအလျင်က လက်ဆောင်များကိုလည်း ကာရင်ငြင်းခဲ့သည်ပဲ ဖြစ်ပါသည်။ မတ်က ..

"'ဒုက္ခပါပဲ၊ မင်းက မယူတာက အရေးမကြီးဘူး၊ ကျုပ်က ကမ်းပေါ်ရောက်ရင် ကစ်တီကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး၊ ဒီမှာ အယ်ရီ၊ ဒီကလေးမကို ကြည့်စမ်း၊ သူ့ မျက်လုံး မျက်ခွံတွေ ညိုပြီး အကွင်းလိုက်ကြီး ဖြစ်နေတာ တွေ့ရဲ့လား၊ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ခင်ဗျား သဘောင်္ပေါ်မှာ ပြဿနာ ဖြစ်လာတော့မှာပဲ"

အယ်ရီကမူ တိကျပြတ်သားစွာဖြင့် ..

"ကျုပ်တို့ဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ယူနေတာ အဓိက မဟုတ်လား၊ ဒီမှာ တစ်ခုတော့ ရှင်းရှင်းသိဖို့လိုတယ် မစ္စတာ ပါကား၊ ကျုပ်တို့ဟာ ဘယ်နည်းနဲ့မှ ကာရောင်လို စခန်းကို မပြန်ဘူး၊ ကျုပ်တို့တိုက်ပွဲကို ဥရောပမှာ ရှိနေတဲ့ ဂျူးဒုက္ခသည် တစ်သန်းလောက် စောင့်ကြည့် နေကြတာ၊ ဒီတိုက်ပွဲဟာ သူတို့အတွက် အဖြေပဲ၊ ဒီမယ် မတ်၊ သေသေချာချာမှတ်ပြီး သတင်းသာ ရေးပေတော့၊ နက်ဖြန်ခါ ကစပြီး ကျုပ်တို့ကို မလွှတ်ရင် သဘောင်္တစ်စင်းလုံး အစာငတ်ခံမယ်၊ ကျုပ်တို့အထဲက ကလေးတစ်ယောက်ယောက်ဖြစ်ဖြစ်၊ လူကြီးတစ်ယောက်ယောက်ပဲဖြစ်ဖြစ် မေ့မြော သွားရင် သူတို့ကြောင့်ဆိုတာဗြိတိသျှတွေ သိရအောင် သဘောင်္ကုန်းပတ်ပေါ်မှာ တင်ပြမယ်ဗျာ၊ ဒါပဲ”
"ခင်ဗျား ရက်စက်လှချည့်လားဗျား၊ ရက်စက်လှချည်လား၊ လူမှဟုတ်သေးရဲ့လား"
"ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့၊ ကျုပ်က ဒုက္ခသည် မိဘမဲ့ကလေးတွေနဲ့ ပြန်တိုက်နေရတာကို သဘောကျတယ်လို့များ အောက်မေ့နေသေးလား ဟင်၊ တခြားလက်နက်တို့ တပ်တို့ မရှိတော့လို့ တင့်ကားတွေကို ဘာနဲ့မှ ပစ်စရာ မရှိလို့ပဲ၊ စစ်သဘောင်္ကြီးတွေကို ဘာနဲ့ ခုခံရမှာ လဲ၊ ကျုပ်တို့မှာ လက်နက်ဆိုလို့ကျုပ်တို့ ယုံကြည်ချက်ပဲ ရှိတော့တယ်၊ နှစ်ပေါင်းနှစ်ထောင်ကျော်က အတိုက်ထုတ်ခံခဲ့ရတဲ့ ကျုပ်တို့တစ်တွေဟာ အခုပြန်တိုက်ရမယ်၊ ဒီတိုက်ပွဲမှာ ကျုပ်တို့နိုင်မှကို ဖြစ်မယ်"
...........................
အခန်း(၁၉)

အိပ်ဇိုးဒပ်၏ တိုက်ပွဲခေါ်သံကလေးများ အစာငတ်ခံကြပြီ။ ကလေးများသည် ကာရောင်လို စခန်းသို့ပြန်မည့်အစား အစာငတ်ခံရန် ဆုံးဖြတ်လိုက်ကြခြင်း။

ထိုသတင်းသည် ကမ္ဘာ့သတင်းစာအားလုံး၏ မျက်နှာဖုံးသတင်းဖြစ်သွားလေသည်။ အိပ်ဇိုးဒပ် ခေါင်းဆောင် အယ်ရီဘင်ကင်နင်သည် ခုခံရေးစစ်ပွဲမှ မမျှော်လင့်ဘဲ တန်ပြန် ထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ ယခုအခါ အပြန်အလှန် စောင့်ကြည့်နေသည့် အခြေအနေမှ တိုက်ပွဲခေါ်သံကို ကလေးများ အစာငတ်ခံခြင်းဖြင့် စလိုက်ပေပြီ။

အိပ်ဇိုးဒပ် သဘောင်္နံဘေးတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဟီဘရူးဘာသာဖြင့် ဆိုင်းဘုတ်ကြီးများ တင်လိုက်ကြ၏။ ဆိုင်းဘုတ်မှာ ..

အစာငတ်ခံတိုက်ပွဲ တစ်နာရီရှိပြီ ...။

အစာငတ်ခံတိုက်ပွဲ ဆယ့်နှစ်နာရီရှိပြီ ..။

ဆယ်နှစ်အရွယ်၊ ဆယ့်နှစ်နှစ်အရွယ်၊ တစ်ဆယ့်ငါးနှစ်အရွယ်ရှိ ယောက်ျားကလေး နှစ်ယောက်၊ မိန်းကလေး တစ်ယောက်တို့သည် အားပြတ်လဲကျသွားသဖြင့် အများပြည်သူ မြင်နိုင်စေရန် သဘောင်္ကုန်းပတ်ပေါ်သို့ တင်လိုက်၏။

အစာငတ်ခံတိုက်ပွဲ နာရီ နှစ်ဆယ်ရှိပြီ ...။

နောက်ထပ်ကလေးဆယ်ယောက် ကုန်းပတ်ပေါ်ရောက်လာပြန်လေ၏။
.....................
"ဒုက္ခပါပဲ ကစ်တီရယ်၊ ထိုင်နေစမ်းပါဦး၊ လမ်းလျှောက်လိုက် .. ထလိုက် ... ထိုင်လိုက်နဲ့၊ ကစ်တီ ကြည့်ရတာ မောလိုက်တာ"
"ဘယ့်နှယ်လုပ်ပြီး ထိုင်နိုင်မှာလဲ မတ်ရယ်၊ ဒီ အယ်ရီဆိုတဲ့လူက ကလေးတွေကို ဘယ်လောက်ကြာကြာ အစာငတ်ခံခိုင်းမှာလဲ၊ အားလုံးသေကုန်ကြလိမ့်မယ်၊ ကစ်တီ သဘောင်္ကို လှမ်းမကြည့်ရဲတော့ဘူး၊ ကာရင်များ ကုန်းပတ်ပေါ်ရောက်နေပြီလား မသိဘူး"
"ကာရင် မပါပါဘူးလို့ ကိုယ်ပြောနေတာ ဆယ်ကြိမ်မကတော့ဘူး"
"ကလေးတွေက နဂိုကမှ သန်သန်မာမာတွေ မဟုတ်ရတဲ့အထဲမှာ သဘောင်္ပေါ်မှာ ကျပ်တည်းကျပ်တပ်နဲ့ ရက်နှစ်ပါတ်နေခဲ့ရပြီးပြီ၊ အခုတစ်ခါ အစာ ငတ်ခံရပြန်တယ် ဆိုတော့ ကစ်တီဖြင့် တွေးတောင် မတွေးရဲဘူး၊ ဒီ အယ်ရီဆိုတဲ့လူဟာ လူမှ ဟုတ်ရဲ့လား မသိဘူး၊ လူစိတ်မှ ရှိရဲ့လား မသိဘူး”
"ကိုယ်လည်း ဒါကို တွေးနေတာပဲ၊ ကိုယ်တို့ ဂျူးတွေကို နားမှလည်ရဲ့ လားလို့၊ သူတို့ ဒီလောက်မက်မက်မောမော သွားချင်နေတယ် ဆိုတဲ့ ပါလက်စတိုင်းဟာ ဘာမှ ရှိတာမဟုတ်ဘူး၊ နေပူကျဲကျဲနဲ့ သဲတွေပဲ ရှိတဲ့ကန္တာရကြီး ကစ်တီ၊ ဘာကြောင့်များ အသက်စွန့်ပြီး ကန္တရကြီးထဲ ရောက်ဖို့ တိုက်ပွဲဝင်နေကြပါလိမ့်”
"အို ... သူတို့ဘက်က ကာကွယ်မနေစမ်းပါနဲ့မတ်ရယ်”
"ကာကွယ်နေတာ မဟုတ်ဘူး ကစ်တီ၊ အခြေအနေအားလုံးကို ပြန်ဆန်းစစ်ကြည့်နေတာ၊ အခုအစာငတ်ခံတယ် ဆိုတာ အယ်ရီ ဘင်ကင်နင် တစ်ယောက်တည်း သဘောနဲ့လုပ်လို့ ရတာ မဟုတ်ဘူး၊ ကာယကံရှင် ကလေးတွေကိုယ်တိုင်ပါမှ ဖြစ်တာ၊ အခုဟာ ကလေးတွေက ရာခိုင်နှုံးပြည့် သူ့နောက်က ထောက်ခံနေကြတယ် ကစ်တီ"
“အဲဒါ ကစ်တီ ရင်နာတာပေါ့၊ သူတို့တစ်တွေဟာ ဘာကြောင့်များ ဒီလောက် သစ္စာကြီးနေကြပါလိမ့်”

ထိုအချိန်တွင် တယ်လီဖုန်းက မြည်လာသည်။ မတ်သည် ကောက်ယူနားထောင်ပြီး ပြန်ချလိုက်၏။
ကစ်တီက ..

"ဘာတဲ့လဲဟင် ... ဘာတဲ့လဲ"
"ကုန်းပတ်ပေါ်ကို နောက်ထပ်ကလေးတွေ တင်လိုက်ရသတဲ့"
"ဟုတ်လား .. ဘုရားဘုရား၊ ကာရင်များ ပါနေမလား မသိဘူး"
"မသိဘူးလေ၊ အခုစုံစမ်းပေးပါ့မယ်"
“မတ်”
"ဟင် ..."
"ကစ်တီ အိပ်ဇိုးဒပ်ပေါ် သွားချင်တယ် မတ် ရယ်"
"အို ...မဖြစ်နိုင်တာပဲ”
"ကစ်တီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး”
"မဟုတ်သေးဘူး ကစ်တီ၊ ကစ်တီ သဘောင်္ပေါ်တက်ကြည့်ရင် ဇာတ်လမ်းက တစ်ခါတည်း ဆက်သွားတော့မှာ၊ ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူး"
“မဟုတ်ပါဘူး မတ် ရယ်၊ ကာရင် အသက်ရှင်နေတယ်ဆိုတာ ကိုယ်တိုင်သိရရင် ကစ်တီ ကျေနပ်ပါပြီ၊ ကာရင်က သဘောင်္ပေါ်မှာ ဒုက္ခခံစားနေရတဲ့ အချိန်မှာ ကစ်တီက ဒီဟိုတယ်မှာ ငုတ်တုတ်ကြီး ထိုင်မနေနိုင်ဘူး၊ စီစဉ်ပေးပါဦး နော် ... နော်"

မတ် သည် သက်ပြင်းချလိုက်၏။

“ကိုယ် ကြိုးစားပါ့မယ် ကစ်တီ ရယ်”
.......................
အစာငတ်ခံတိုက်ပွဲ ၃၅ နာရီရှိပြီ .....။

ရောမနှင့် ပဲရစ်မြို့တွင် ဒေါသဖြစ်နေသော လူအုပ်ကြီးက ဗြိတိသျှသံရုံးကို သွားဝိုင်းပြီး ဆန္ဒပြနေကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်မည့်အတွက် ရဲနှင့် ထိန်းသိမ်းရသည့် အခြေအနေသို့ ရောက်လာ၏။ ကိုပင်ဟေဂင်မြို့၊ စတော့ဟုမ်းမြို့များတွင် ဆန္ဒပြပွဲများ ဖြစ်နေကြပြီ။

အစာငတ်ခံတိုက်ပွဲ ၃၈ နာရီရှိပြီ ...။

ဆိုက်ပရပ်ကျွန်းမှာပင် ဗြိတိသျှများကို မကျေမနပ်နှင့် ဆန္ဒပြပွဲများလုပ်နေကြရာ ပွဲလမ်းသဘင်များ၊ ဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ ပိတ်လိုက်ရလေ၏။ ဆိုက်ပရပ်ကျွန်း တစ်ခုလုံးမှာလည်း တစပြင်လို ဖြစ်လာ၏။

အစာငတ်ခံတိုက်ပွဲ ၄၀ နာရီရှိပြီ ...။

အယ်ရီ ဘင်ကင်နင်သည် သူ့အားဝိုင်းကြည့်နေကြသော သူ့ရဲဘော်များကို ကြည့်လိုက်၏။ ဇက် က စတင်၍ ....
"ကျုပ် စစ်သားပါဗျာ၊ တိုက်ရဲပါတယ်၊ သေရဲပါတယ်၊ ဒါပေမဲ့ ဒီကလေးတွေ အစာငတ်ခံပြီး တစိမ့်စိမ့်သေကုန်မှာတော့မကြည့်ရက်ဘူး"

အယ်ရီက ...

"ပါလက်စတိုင်းမှာ ဆိုရင် ဒီအရွယ်ကလေးတွေဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင် နေကြတာပဲဟာ"
"လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်တာက တစ်မျိုးပဲ၊ အခုဟာက အစာငတ်ခံပြီး အသေခံနေတာက တစ်မျိုးပဲဟာ"
"ဟုတ်တယ်လေ၊ ဒါလည်း တိုက်ပွဲပုံစံ တစ်မျိုးပေါ့"

ဂျော့ယာကိုနီသည် ဒုတိယကမ္ဘာစစ်ကြီး တစ်လျှောက်လုံးတွင် အယ်ရီနှင့် ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင် လာခဲ့သူ ဖြစ်သည်။ သူသည် သက်ပြင်းချလိုက်ပြီး ...

"ကျွန်တော့်အနေနဲ့ ခင်ဗျားကို တစ်ခါမှ မဆန့်ကျင်ဖူးပါဘူး အယ်ရီ၊ ဒါပေမဲ့ ဒီကလေးတွေထဲက တစ်ယောက်ယောက် သေဆုံးသွားတာနဲ့ လူတွေက ကျုပ်တို့ကို အပြစ်တင်ကြတော့မှာပဲ ထင်တယ်”

အယ်ရီက သဘောင်္ကပ္ပတိန် ဘင့်ရှောဘတ်ကို ကြည့်လိုက်၏။
ဘင့် ရှောဘတ်က ..

"ခင်ဗျားက ခေါင်းဆောင်ပဲ အယ်ရီ၊ ခင်ဗျားကြိုက်သလို ဆုံးဖြတ် တိုက်ပွဲဝင်နိုင်ပါတယ်၊ ဒါပေမဲ့ သဘောင်္သားတွေကတော့ စိတ်လှုပ်ရှားနေကြပြီလေ၊ သူတို့က ဒီပုံစံနဲ့တိုက်ပွဲဝင် ရမယ်လို့မှ ကြိုမသိခဲ့ရတာ"
"ဒါဖြင့် ခင်ဗျားက အရှုံးပေးချင်ပြီလား"

ဘင့်ရှောဘတ်သည် သူကိုယ်တိုင် ပါးစပ်မှ အရှုံးပေးရန်လည်း ပြောမထွက်၊ သူတို့၏ တိတ်ဆိတ်မှုမှာ အရှုံးပေးချင်သည့်အတွက် မဲပေးနေသည့် အလား။ အယ်ရီသည် ဒေးဗစ်အား ...

"ကဲ ... ဒေးဗစ် ဆိုပါဦး၊ မင်းရဲ့ထင်မြင်ချက်လည်း မကြားရသေးပါလား"

ဒေးဗစ်သည် ပညာတတ်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်သည်။ အားလုံးရဲဘော်များသည် သူ့လောက် ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ယောက်မှ မရှိ။

သူသည် ကျိုးကြောင်းမြော်မြင်တတ်သူလည်း ဖြစ်သည်။ ဒေးဗစ်က ...

"နာဇီ ဟစ်တလာရဲ့ လက်ချက်နဲ့ ကျုပ်တို့ဂျူးလူမျိုး ၆သန်းကျော်လောက်ဟာ ဘာ့ကြောင့်မှန်း မသိကြဘဲ အဆိပ်ငွေ့ခန်းထဲမှာ သေခဲ့ကြတယ်၊ ကျုပ်တို့ အိပ်ဇိုးဒပ်ပေါ်က လူသုံးရာသေသွားရင် ဘာ့ကြောင့် သေရတယ်ဆိုတာ ကျုပ်တို့ ကိုယ်တိုင်က သိတယ်၊ တစ်ကမ္ဘာလုံးက သိတယ်၊ ဟို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင် ကျော်ကျော်က ကျုပ်တို့ဂျူးလူမျိုးတွေဟာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့ ရှိနေတုန်းက ရောမအင်ပါယာ၊ ဂရိအင်ပါယာရှင်တွေကို တစ်ယောက်မကျန် ခုခံခဲ့တဲ့ အစဉ်အလာ ရှိပါတယ်၊ ဘာဆဲလားမြို့၊ ဂျေရုဆလင်မြို့တွေမှာ အသေခံတိုက်ခဲ့ကြ တာပဲ၊ မာဆာဒါမြို့မှာ ဆိုရင် ကျုပ်တို့ဂျူးတွေဟာ ရောမတပ်သားတွေကို လေးနှစ်လုံးလုံး ခုခံနိုင်ခဲ့တယ်၊ နောက်ဆုံး ရောမတွေ နိုင်လို့မြို့ထဲ ရောက်တဲ့အခါ ကျတော့လည်း ကျုပ်တို့ ဂျူးလူမျိုးတွေကို တစ်ယောက်မှ အသက်နဲ့မတွေ့ရတော့ဘူး၊ အလောင်းတွေပဲ တွေ့ရတော့ တယ်။ ဝါဆောဂက်တို စခန်း မှာလည်း ကျုပ်တို့ဂျူးလူမျိုးတွေရဲ့ မျိုးရိုး အစဉ်အလာအတိုင်း တစ်ယောက်မကျန် တိုက်ပွဲဝင် အသေခံသွားခဲ့ကြတာပဲ မဟုတ်လား၊ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့ ဂျူးလူမျိုးတွေလောက် လွတ်မြောက်ရေးတိုက်ပွဲအတွက် အသေခံ တိုက်ရတဲ့လူမျိုး တစ်ခုမှ မရှိဘူး၊ တကယ်လို့ ကျုပ်တို့အနေနဲ့အခု အနေ အထားမှာ အရှုံးပေးပြီး သံဆူကြိုးဝင်းထဲ ပြန်ဝင်သွားကြမယ် ဆိုရင် ဂျူးလူမျိုးတွေရဲ့ အစဉ်အလာ ပျက်သွားမှာပေါ့"

အားလုံးသည် ဘာမှ စကားမပြောနိုင်ကြတော့ဘဲ ငြိမ်သွားကြလေ၏။
အယ်ရီက ...

"ကဲ ... ဘာပြေစရာ ရှိကြသေးလဲ"

အားလုံးဘာမှ မပြောတော့။

အစာငတ်ခံခြင်း ၄၂နာရီ ရှိပြီ ...။

အစာငတ်ခံခြင်း ၄၅ နာရီရှိပြီ ...။

တစ်ကမ္ဘာလုံးမှ နိုင်ငံအသီးသီးသည် ကလေးများအတွက် ဆန္ဒပြခြင်း၊ ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်နေ၏။

အစာငတ်ခံခြင်း ၄၇နာရီရှိပြီ ...။

သတင်းသည် နာရီနှင့်အမျှ ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်လာ၏။
...................
ကစ်တီသည် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့တက်ခွင့် ရသည်နှင့် ချက်ချင်း သဘောင်္ပေါ် ရောက်လာ၏။ သေဘာၤတစ္ခုလံုးမွာ လႈပ္ရွားမႈ သိပ္မရွိၾက။ ကလေးအားလုံးသည် အားမရှိတော့ သဖြင့် နေရာတွင်ပင် ခွေလျက်သား လဲနေကြ၏။ ကစ်တီက အနားရှိ ဒေးဗစ်အား ....

"ကျွန်မ မေ့မြောသွားတဲ့ ကလေးတွေကို အရင် ကြည့်ချင်တယ်"

ဒေးဗစ်သည် ကစ်တီအား မေ့မြောနေသော ကလေးများထံ ခေါ်သွားလေသည်။ မေ့မြောနေသော ကလေးပေါင်းမှာ ခြောက်ဆယ်တိတိ ရှိသည်။ ကစ်တီသည် ကလေးများကို တစ်ယောက်ပြီး တစ်ယောက် သွေးတိုးစမ်းလိုက်၊ မျက်ခွံကိုလှန်ပြီး မျက်သားမျက်ဆန်များကို ကြည့်လိုက်နှင့် အခြေ အနေကို အကဲခတ်နေ၏။ တစ်ချိန်လုံး သူမကိုယ်တိုင်ပင် မေ့မြောသွားသည်ဟု မှတ်ထင်သွားလေသည်။
ထောင့်တစ်နေရာတွင် ကာရင်ကို တွေ့ရသည်။ သူမနံဘေးတွင် ဒပ်သည် အိပ်ပျော်နေ၏။ ကစ်တီသည် ရင်ခုန်ရပ်သွားသလို ခံစားရ၏။ ကာရင့်အနား တိုးကပ်သွားကာ တိုးတိုးကလေး ....

"ကာရင်၊ ကာရင် .. သတိရသလားဟင်၊ ကစ်တီပါ"

ကာရင်၏ မျက်လုံးများမှာ ပွင့်လာ၏။

"ကစ်တီ"
"ဟုတ်ပါတယ် ကာရင်၊ ကစ်တီပါ"

ကာရင်သည် သူ၏ အားမရှိတော့သော လက်များဖြင့် ကစ်တီကို မီသမျှ လှမ်းဖက်လိုက်၏။

"ကာရင့်ကို မထားခဲ့ပါနဲ့နော် ကစ်တီ၊ ကာရင် ကြောက်လွန်းလို့ပါ"
"အေးပါ ကလေးရယ်၊ ကစ်တီ အနားမှာ အမြဲရှိနေပါ့မယ်"

ကာရင် ပြန်မှိန်းသွားသည်နှင့် ကစ်တီသည် အပြေးအလွှား ဆေးပစ္စည်းများ ထားရာ စတိုခန်းသို့ဒေးဗစ်နှင့်အတူ သွားလေသည်။ ဆေးပစ္စည်းများမှာလည်း အနည်းအကျဉ်းသာ ရှိ၏။
ကစ်တီက ...

“ဆေးဝါးကလည်း နည်းနည်းပဲ ရှိပါလား၊ ကဲပါလေ၊ ကလေးတွေ အတတ်နိုင်ဆုံး နေသာထိုင်သာ ရှိအောင်တော့ လုပ်ပေးရမှာပေါ့၊ အဲဒါ ဒေးဗစ်နဲ့ ဂျော့တို့က ကူလုပ်ပေးမှ ရမယ်”
“ရပါတယ်၊ ကစ်တီက ခိုင်းစရာရှိတာသာ ခိုင်းပါ”
“တချို့ကလေးတွေက စိုးရိမ်ရတယ်၊ အဖျားဝင်လာမှာ စိုးရတယ်၊ ရေဖတ်တိုက်ပြီး အဖျားချပေးရမယ်၊ ကုန်းပတ်ပေါ် ကျတော့လည်း လေသိပ်တိုက် တယ်၊ ဒါကြောင့် ကုန်းပတ်ပေါ်က ကလေးတွေကို ခြုံစရာခြုံပေးထားရမယ်၊ နောက်ပြီး လှုပ်ရှားနိုင်တဲ့ကလေးကြီးတွေနဲ့ လူကြီးတွေက သဘောင်္ တစ် ခုလုံးကို သန့်ရှင်းရေး လုပ်မှ ဖြစ်မယ်”

ကစ်တီ သည် ပါးစပ်ကလည်းပြော၊ လက်ကလည်း ဇယ်ဆက်သလို အလုပ်များကို တွန်းလုပ်လေရာ ဒေးဗစ်၊ ဂျော့ နှင့် လှုပ်ရှားနိုင်သူတို့သည် ကစ်တီ ခိုင်းသမျှ လုပ်ပေး နေရတော့၏။

သို့သော် အခြေအနေက မကောင်းပေ။ ပင်လယ်ရေကို ခွက်နှင့်ခပ်ပစ်ရသလို တစ်ယောက်ကို ပြုစု၍ မဆုံးမီ သုံးလေးယောက်က လဲပြန်သည်။ ဆေးဝါးက မပြည့်စုံ၊ ရေကလည်း နည်း၊ တခြားပစ္စည်း ပစ္စယ ကလည်း မရှိ။ နောက်ပြီး အရေးကြီးဆုံး လက်နက်ဖြစ်သည့် အစာကိုလည်း သုံးခွင့်မရှိ။

အစာငတ်ခံခြင်း ၈၁ နာရီ ရှိပြီ ...။

မေ့မြောသွားသော ကလေးမှာ ဆယ်ယောက်တိုးလာပြီး၊ ခုနှစ်ဆယ်ဖြစ်သွား၏။ သဘောင်္ကို စောင့်ကြည့်နေကြသော ပရိသတ်မှာဗြိတိသျှများကို အော်ဟစ်ကျိန်ဆဲ နေကြ၏။
ဗြိတိသျှစစ်သား အချို့မှာ သူတို့ကိုယ်တိုင်ပင် ကလေးများ၏ ဒုက္ခကို မကြည့်ရက်တော့ဘဲ ဤတာဝန်မှ တခြားသို့ ပြောင်းပေးပါဟု တောင်းဆိုခြင်းများ ဖြစ်လာကြ၏။

အစာငတ်ခံခြင်း ၈၂နာရီ ရှိပြီ ....။

ကာရင်သည် မေ့မြောသွားရာ ကုန်းပတ်ပေါ်ပို့လိုက်ရ၏။

အစာငတ်ခံခြင်း ၈၃နာရီ ရှိပြီ ...။

ကစ်တီ သည် ကုလားထိုင် တစ်လုံးပေါ်သို့ပစ်လှဲချလိုက်၏။ ကစ်တီသည် ၃၅နာရီလုံးလုံး မနားဘဲ အလုပ်လုပ်နေခဲ့သဖြင့် တစ်ကိုယ်လုံးမှာ နွမ်းပြီး ပျော့နေသည်။ အယ်ရီသည် ဘရမ်ဒီတစ်ခွက်ငဲ့လိုက်ပြီး ကစ်တီအားလှမ်းပေးလိုက်၏။

“ကဲ... ခင်ဗျားက ဆန္ဒပြတဲ့အထဲမှာ မပါဘဲဗျာ၊ ဒါလေးတော့ သောက်လိုက်ပါဦး”

ကစ်တီသည် ပေးလာသော ခွက်ကို တခါတည်း မော့ပစ်လိုက်၏။ လည်ချောင်းထဲ ပူဆင်းသွား၏။ နောက်တခွက် ထပ်ထည့်ပေးသည်ကို ယူသောက် လိုက်မှ လူသည် လန်းလာ၏။ ကစ်တီသည် အယ်ရီ ဘင်ကင်နင်ကို စိုက်ကြည့်လိုက်၏။

အယ်ရီသည် သန်မာထွားကျိုင်းလှသူ ဖြစ်သည်။ အစာငတ်ခံတိုက်ပွဲ၏ ဒဏ်မှာ သူ့ကို မည်သို့မှ မထိခိုက်သလိုပင်။ ကစ်တီသည် အယ်ရီ၏ အေးစက် သော မျက်လုံးများကို ကြည့်ပြီး အယ်ရီ၏ ဦးနှောက်ထဲတွင် နောက်ထပ် ဘာတွေကြံစည်နေမည်ကို ကစ်တီ မသိနိုင်။ သည် အယ်ရီ ဆိုသောလူတွင် ကြောက်လန့်သောစိတ်၊ ဝမ်းနည်းသောစိတ် ခံစားမှုများ ရှိမှ ရှိပါ့မလားဟု သံသယ ဝင်လာ၏။
အယ်ရီက ...

“ခင်ဗျား ကျုပ်ဆီကို လာတွေ့မယ်ဆိုတာ ကျုပ်က မျှော်လင့်ပြီးသားပါ”
“ကျွန်မ ရှင့်ကို ဘယ်တော့မှ မတောင်းပန်ဘူး အယ်ရီ ဘင်ကင်နင်၊ တောင်းပန်လို့မရဘူး ဆိုတာ သိပြီးသား၊ မေ့မြောနေတဲ့ ကလေးတွေ ထဲမှာ ဆယ့်လေးငါးယောက်ဟာ အခုပုံ အတိုင်းဆိုရင် မကြာခင် သေကုန်ကြတော့မယ် ဆိုတဲ့အကြောင်း အဖြစ်မှန်ကို ရှင့်ထံမှာ လာတင်ပြတာ၊ ရှင့် ရင်ထဲမှာ ဘယ်လိုများ သဘောရသလဲ ဟင်"
“ကျုပ်ကို စော်ကားစွပ်စွဲတာတွေ ခံရဖန်များလွန်းလို့ ကျုပ်အရေထူနေပါပြီ၊ ခင်ဗျားကရော ကလေးအားလုံးအတွက် လူစိတ်ရှိနေတာလား၊ တစ်ယောက်တည်း အတွက်လား”
“ကျွန်မ ရှင့်ကို ဘာမှ ရှင်းပြစရာ မလိုဘူး”
“ခင်ဗျားက မိန်းကလေးတစ်ယောက်အတွက် တောင်းပန်နေတဲ့လူ၊ ကျုပ်က တိုင်းပြည်မဲ့ ဖြစ်နေတဲ့ ဂျူးလူမျိုးတွေ အားလုံးအတွက် တောင်းပန်နေတဲ့ လူဗျာ့"
“တော်ပြီ .. တော်ပြီ။ ကျွန်မ ဘာသာ လုပ်စရာရှိတာကို သွားလုပ်တော့မယ်၊ ဒါထက် ရှင်က ကျွန်မကို ဘာဖြစ်လို့ အိပ်ဇိုးဒပ် သဘောင်္ပေါ်တက်ခွင့် ပေးရတာလဲ ဟင်”

အယ်ရီသည် ပြတင်းပေါက်မှ စစ်သဘောင်္များကို လှမ်းကြည့်လိုက်၏။ ပြီးမှ နောက်လှည့်မကြည့်ဘဲ ...

“ကစ်တီကို ကျုပ်ကိုယ်တိုင်က တွေ့ချင်နေလို့လားမှ မသိဘဲ"

အစာငတ်ခံခြင်း ၈၅နာရီ ရှိပြီ ...။
.......................
ဗြိတိသျှအာဏာာပိုင်များမှာလည်း ခေါင်းချင်းရိုက်နေကြပါ၏။ သည်ပြဿနာ သူတို့ထင်တာ ထက် ပိုပြီး ကြီးထွားလာသည်ကို ဘယ်ပုံတားဆီး ရမည် မသိ။ ယခုအချိန်မှ အလျော့ပေးရန် ကလည်း သိက္ခာကျပေတော့မည်။ ထိုစဉ် ထောက်လှမ်းရေးတပ်မှူး မေဂျာ အဲလစ်စတာ အခန်းထဲ ဝင်လာပြီး ဘရောင်းနင်းအား သတင်းတစ်ခုပေးလိုက်၏။ ထရေဗာ သည် စာကို ဖတ်ပြီး ...

“ဘုရားရေ၊ ခုမှ ဒုက္ခပဲဟေ့"

စာကို ဗိုလ်ချုပ် ဆပ်သာလင်ကို ပေးလိုက်၏။ စာမှာ ...

အရေးတကြီး
အိပ်ဇိုးဒပ်သဘောင်္မှ တာဝန်ခံဖြစ်သည့် အယ်ရီ ဘင်ကင်နင်က နက်ဖြန်နေ့လည် ဆယ့်နှစ် နာရီ အချိန်မှ အစပြုပြီး တစ်နေ့တစ်နေ့တွင် ကလေး ဆယ် ယောက်သည် သူတို့ကိုယ် သူတို့ သတ်သေကြမည် ဖြစ်ကြောင်း၊ဗြိတိသျှ အစိုးရက အိပ်ဇိုးဒပ်သဘောင်္ကို ပါလက်စတိုင်းသို့ ထွက်ခွာခွင့်မပြုမချင်း တစ်နေ့ဆယ်ယောက်တိတိဖြင့် သဘောင်္ပေါ်မှ လူကုန်သည်အထိ သတ်သေကြရန် ဆုံးဖြတ်ထားကြကြောင်း။လန်ဒန်ဌာနချုပ်တွင်လည်း ထိုသတင်းကြောင့်ပင် ဘရက်ရှော၊ ကရော့ဖို့အစရှိသော အာဏာပိုင်များသည် ခေါင်းချင်းရိုက်နေကြ၏။ အချိန်မှာ ဆယ့်လေးနာရီပဲ လိုတော့သည်။ အမြန်ဆုံးနည်းနှင့် ကမ္ဘာအရပ်ရပ်ရှိ ဂျူးခေါင်းဆောင်များထံ ဤကိစ္စ ကြားဝင်၍ ဖျန်ဖြေပေးရန် ကြေးနန်း ရိုက်လိုက်၏။ ကမ္ဘာ့ဂျူးခေါင်းဆောင်များ၏ ဖျန်ဖြေခြင်းကို အယ်ရီ ဘင်ကင်နင် ကျေနပ်တန် ကောင်းပါရဲ့ဟူသော မျှော်လင့်ချက်နှင့်။ခြောက်နာရီအတွင်း ကြေးနန်းများက ပြန်လာ သည်။ ကမ္ဘာအရပ်ရပ်မှ ဂျူးခေါင်းဆောင်များက တညီတညွတ်တည်း အဖြေပေးကြ၏။
“သူတို့ဖျန်ဖြေမပေးနိုင်”ဟူ၏။

ဘရက်ရှောသည် ဆိုက်ပရပ်ရောက်နေသော ထရေဗာနှင့် ချက်ချင်းဆက်သွယ်ပြီး အိပ်ဇိုးဒပ် ထံသွားပါ၊ဗြိတိသျှအာဏာပိုင်တို့နှင့်ဆွေးနွေးရန် စီစဉ်နေပါသည်၊ ရာဇသံကို နောက်ထပ် နှစ်ဆယ့်လေးနာရီ ရွှေ့ပါဟူ၍။

ထရေဗာ ဘရောင်းနင်းသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရာ အယ်ရီ ဘင်ကင်နင်၏ အဖြေရသည်နှင့် လန်ဒန်ကို အကြောင်းကြားရပြန်၏။


အရေးတကြီး
ဘင်ကင်နင်က ဘာမှ ဆွေးနွေးစရာ မရှိဟု အကြောင်းပြန်ပါသည်။ သူ့အနေနှင့် အိပ်ဇိုးဒပ်ကို ထွက်ခွင့်ပြုခြင်းနှင့် မပြုခြင်း နှစ်လမ်းသာ ရှိသည် ဆိုပါသည်။ လိုလားချက်မှာ သူတို့တစ်ဖွဲ့လုံး ပါလက်စတိုင်းသို့လွတ်လပ်စွာ သွားခွင့်ပြုခြင်းပင် ဖြစ်သည်။ ဘင်ကင်နင်က သမ္မာကျမ်းစာမှ စာကို ထပ်မံကိုးကားပါသည်။
“ကျုပ်ရဲ့လူမျိုးတွေကို လွှတ်လိုက်ပါ”

ထရေဗာ ဘရောင်းနင်း

....................
စီစီ ဘရက်ရှောမှာ အိပ်မပျော်တော့။ အိပ်ဇိုးဒပ်မှ ပေးထားသော ရာဇသံ ခြောက်နာရီသာ လိုတော့သည်။ သူ့အနေနှင့် ဝန်ကြီးအဖွဲ့အစည်းအဝေးကို တင်ပြရန် သုံးနာရီပဲ အချိန်ရသည်။ ဖျန်ဖြေဆွေးနွေးဖို့ အချိန်မရှိတော့။

သူသည် အရူးတစ်ယောက်နှင့် တိုက်ခိုက်နေရပြီလား။ ဒီအယ်ရီ ဘင်ကင်နင်ဆိုသူမှာ အသည်းနှလုံးမရှိသောလူ၊ သူ့ကို ဒုက္ခရောက်သည်ထက် ရောက်အောင် နှိပ်စက်နေသည့် လူလား။

“ကျုပ်ရဲ့လူမျိုးတွေကို လွှတ်လိုက်ပါ"

ဘရက်ရှောသည် အိပ်ခန်းထဲမှ မီးကို ပိတ်လိုက်လေ၏။

အရေးတကြီး
နက်ဖြန် နေ့မွန်းတည့်ချိန်မှ အစပြုပြီး တစ်နေ့ဆယ်ယောက်တိတိ သတ်သေကြမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ကြေညာချက်ကို အယ်ရီ ဘင်ကင်နင်က ထုတ်ပြန်လိုက်ကြောင်း။

....................
သတ်သေကြမည် ...။ သတ်သေကြမည်။

ဤအတွေးသည် သူ့အား တစ္ဆေလို ခြောက်လှန့်လျက်ရှိလေသည်။

ဘရက်ရှောသည် တွေဝေ ရှုပ်ထွေးစပြုလာ၏။ ပြီးခဲ့သော သုံးလေးရက်မှာ သူ့အတွက် လောကငရဲလို ဖြစ်နေ၏။ အနှစ်သုံးဆယ်လုံးလုံး အရှေ့အလယ်ပိုင်း ပြဿနာများနှင့် ပေါ်လစီများကို နိုင်နင်းစွာ ကိုင်တွယ်လာခဲ့သူ တစ်ဦးက ဒီပွဲတွင်မှ နှပ်ပစ်ခံရမည့်ကိန်း ပေါ်နေသည်။

သူ့တွင် စစ်တပ်တစ်ခုလုံးနှင့် ရေတပ်တစ်ခုလုံး ရှိသည်။ အိပ်ဇိုးဒပ်လို သဘောင်္မဆိုထားနှင့်၊ ဂျူးလူမျိုးများ ခိုးဝင်သူအားလုံးကို တားနိုင်သည့်အားရှိ၏။ ယခုပြဿနာက တစ်မျိုး။

နောက်ဆုံး ကရော့ဖို့ကို အော်ခေါ်လိုက်၏။ ပြီးနောက် ...

“ဆိုက်ပရပ်က ထရေဗာကို အကြောင်းကြားလိုက်၊ အိပ်ဇိုးဒပ်ကို ပါလက်စတိုင်း သွားခွင့်ပြုလိုက်တော့လို့"
......................
ပုံတူကူးချဖို့တော့ ဘယ်ဟုတ်မလဲဗျ။ ကျုပ်ဟာသွေးဆာနေသူ တစ်ယောက်တော့ မဟုတ်ရပါဘူးဗျာ။ မဂ်တရား ဖိုလ်တရားဆိုတာလည်း အထိုက်အလျောက် နားလည်ထားတဲ့သူပါ။
.......................
ဒါပေမဲ့ဗျာ ....ဒီအခြေအနေဟာ ကျုပ်သာ အမိန့်ပေးနိုင်သူဖြစ်ခဲ့ရင် တိုက်ပွဲအဆုံးအဖြတ် အတွက် ဘယ်အရာကိုမဆို ချပြီးရင်းပစ်လိုက်မဲ့ အချိန်မျိုးပဲ ဗျာ။ ရူးတယ်လို့ ဆိုချင်ဆို အလွယ် ဆုံးကတော့ ....

နီးရာစစ်ဝါဒီ၊ပြည်သူ့ရန်သူကို ရရာလက်နက်နဲ့ သုတ်သင်တဲ့နည်းပဲဗျ။ အထူးသဖြင့် အရိုးအရင်း ကိုက်ပြီး မတရားတာကို သိသိကြီးနဲ့ ခြေကန် ဘက်လိုက် နေတဲ့ အသားထဲက မောင်တွေကို စပြီး ပညာပေးရမယ်။ အိမ်တိုင်းမှာ ဓားမတိုတော့ ရှိကြပါတယ်။ မြန်မာပြည်လူဦးရေ သန်း၆၀ နီးပါးမှာ ဓားကိုင်နိုင်သူ ၁၀ သန်းတော့ ကျော်လောက်ပါရဲ့။ တကယ့်စစ်သားစိတ်ရှိပြီး။ လူထုဖက်ကရပ်တည်မဲ့ စစ်သားတွေကို ဖယ်လိုက်ရင်၊ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းရှင်းရမဲ့ ဆန်ကုန်မြေလေး၊ အနားပေးရမဲ့အရေအတွက် က သောင်းဂဏန်းထက်မပိုပါဘူးဗျာ။
....................
ယရက် .....။ နနာရီ..... လား။

မကြာပါဘူးဗျာ။ အသေအချာကို ရောက်လာတော့မှာပါ။ ၂၀၁၀ ခုနှစ်ဆိုတာ တင်ပါးနား ကပ်နေပြီလေ။ အရူးတစ်ယောက်တောင် သိနေတဲ့လိမ်ပွဲ ကြီးကို ဆက်ကိုဆက်အုံးမဲ့အချိန် ...။

စိတ်ပေါ့သွပ်နေသူ တစ်ယောက် သတင်းစာမှာရေးသလို ပစ်တိုင်းထောင်ဆိုတဲ့ဗမာပြည်မှာ ဘက်ပေါင်းစုံက အကျပ်ရိုက်နေတဲ့ဇာတ်လမ်းက စနေပါပြီ။ လက်လုပ်လက်စားတွေလည်း ခွက်ပျောက်၊ သူဌေးဆိုတဲ့မောင်တွေလည်း လှေမှောက်ကုန်ပြီ။ လယ်သမားတွေလည်း ပြေးလို့ရှောင်လို့မလွတ်ဘူး။ ခရီးသွားလာရေးလုပ်ငန်းဆိုတာလည်း တစပြင်လို ဖြစ်ကုန်ပြီ။ ပေါက်ဖော်ကြီးအားကိုးနဲ့ ကိုယ်ပိုင်လက်နက်စက်ရုံထောင်ပြီး တထီးတနန်း စံမြန်းဖို့ပြင် နေကြတဲ့ ဝလူမျိုးတွေရဲ့ပြဿနာဟာ လိမ်ပွဲကြီး ကန့်လန့်ကာတောင် မဖွင့်ရသေးဘူး၊ သခွတ်ပင်က မီးတကျည်ကျည်တင်မက မီးပွားကြီးတွေပါ စလွင့်နေပါပြီဗျာ။
......................
အာဏာမြဲရင်ပြီးရော ဆိုတဲ့ စစ်မင်းများရဲ့အားကိုးရာ၊လဲလျောင်းရာ ပါပါကြီးရဲ့ စိန့်တိုင်းကြီးလည်း လှုပ်စပြုနေပါပြီ။ နိုင်ငံတကာစီးပွားပျက်ကပ်ရဲ့ ဂယက်ဟာ ပေါက်ဖော်ကြီးကို ကောင်းကောင်း ဒုက္ခစပေးနေပါပြီ။ တရုတ်အစိုးရမင်းများကို တရုတ် ဥပဒေ ပညာရှင်က ငွေစာရင်းပြန်စစ်နေပါပြီ တဲ့ဗျာ။ အလုပ်လက်မဲ့ ပြဿနာ၊ စီးပွားပျက်ကပ် နောက်ဆက်တွဲ အရှုပ်မျိုးစုံ၊ ဒီမိုကရေစီ တောင်းဆိုမှုတွေ စကြုံနေပြီလေ။
.......................
ပြည်ပကို ရောက်နေတဲ့မဟာမြန်မာ ၃သန်းနီးပါး ထဲက နှစ်သိန်းလောက် တပြိုင်နက်တည်း ရေလမ်းကုန်းလမ်း၊ဝေဟင်ယံက လေယာဉ်ပျံနဲ့ပါမကျန် တံခါးပေါက် ပေါင်းစုံကဝင် လိုက်ကြရမဲ့အချိန်ကို ရောက်လာပါ တော့မယ်။မြန်မာဆို ဓားကိုဆွဲလို့ထွက်တဲ့ အချိန် ဓားမတိုမှာ သွေးအလိမ်းလိမ်း ကပ် နေလို့ ရေစိမ်ခွာရမဲ့ အချိန်လည်း နီးးပါပြီ။လောက်စာလုံးကနေ အနုမြူဗုံးအထိ ရရာ လက်နက်သာ စုကြပေတော့ ဗျို့။ အလှည့်ကျလာရင်တော့ အိပ်ဇိုးဒပ်ထဲက တော်လှန်ရေး ခေါင်းဆောင် အယ်ရီဘင်ကင်နင်လိုသာ ပြတ်သားကြပါစေဗျာ။ လူငယ်တွေကိုတော့ ကျုပ်ယုံပြီးသားဗျ။
.....................
တကယ်တော့ သန်းကောင်ထက်နက်တဲ့ ညဥ့်ဆိုတာ အာရုဏ်ဦးမဟုတ်ဘူးလားဗျာ။ ဝက်အသားနီလန်၊ ကြက်ဆီပြန်၊ မအီအောင် ချည်ပေါင်ခံလို့ ထွဋ်မြတ်တဲ့ စံဌာနီ။ လွတ်လပ်တဲ့မြန်မာပြည်၊ မချွတ်အစဉ် လွတ်သဘင်ဆင်နွဲ၊ သဘင်သဲ ပွဲညံစီရအောင်၊ နိုင်ငံတခုပြန်လည်မွေးဖွားနိုင်ဖို့အတွက် ဓားမတိုပဲ ကိုင်ရ ကိုင်ရ၊ ဖိနပ်ပဲထမ်းရ၊ ထမ်းရ၊ တရေးနိုး လာခေါ်လည်း ကျုပ်ဖက်ကတော့ အဆင်သင့်ပဲဗျို့။
.....................
မှတ်ချက်။။ ရုပ်ပုံများကို ဂူဂဲလ်မှ ရယူထားပါသည်။
မင်းဒင် ရေးသည်။

တိုက်တတ်ရင်အောင်ပွဲဖြစ်တယ် (၁)


ရေမြေ့သခင် ဘဝရှင်မင်းတရားကြီးရဲ့  မဟာဂရုဏာတော်ကို ယုန်ချို ၊ လိပ်မွှေး ၊ ပုဇွန်သွေး ရှာသလို ဆက်မျှော်နေ ဦးမယ် ဆိုရင်တော့ ကျုပ်တို့ ကိုယ့် လည်ပင်းနဲ့ တော်မဲ့  ကြိုးကွင်းကို ကိုယ်တိုင်ရှာပြီး စွပ်လိုက်ကြပါစို့ ဗျာ ။
ဟား ..။ ဟား ။ စကားကြမ်းသွားတယ် ထင်သလားဗျာ။ စိတ်မရှိပါနဲ့ နော်။
ကျုပ်ကတော့ ညီလိုခင်နေတဲ့ ဗိုလ်မှူးတယောက် အငြိမ်းစားယူပြီးနောက်မှာ ယူနီဖောင်းမဝတ်ရလို့ တစ်နှစ်လောက် အိပ်မပျော်တဲ့ အကြောင်း နားထောင်ပြီးကတည်းက နှစ်သုညတစ်သုည မှာ ရုံတင်မဲ့ ဟာသဇာတ်လမ်းကြီးကို စိတ်ကို မဝင်စားတော့ဘူးဗျာ။
ဒါတင်ဘယ်ကမလဲဗျ။ ကျုပ်မိတ်ဆွေတစ်ယောက်ရဲ့ ယောက်ဖ ဗိုလ်ကြီးအဆင့် ရှိသူဟာ သူ့  စစ်ယူနီဖောင်းကို့ မိန်းမ အင်္ကျီင်္ီင်္ီသေတ္တာထဲ ရောထည့်ရပါ့ မလားဆိုပြီး သူ့ မိန်းမကို မိုးမီးလောင်သလို ထကြိမ်းနေလို့ တဲ့။
..............................
အရပ်ဖက်ပြောင်းရတဲ့  စစ်ဗိုလ်များလည်း ယူနီဖောင်း ဝတ်ခွင့်ရှိတဲ့  နောက်ဆုံးစက္ကန့် အထိ မချွတ်တမ်း ဆင်မြန်းကြတာတော့ ကျုပ်ကိုယ်တွေ့မို့ ရိုးနေပါပြီဗျာ။ နောက်ဆုံး မဝတ်ရတော့ဘူးဆိုတော့ ဗိုလ်ဟောင်းတွေ က အရာရှိစစ်ဦးထုပ်ကို ကားခေါင်းခန်းပေါ်တင်၊ စစ်ဗိုလ်အင်္ကီင်္ီင်္ျီကို ကားနောက်ခန်းမှာ ဂျိတ်နဲ့ချိတ်။ တယ်လည်း သံယောဇဉ်ကြီး ကြပေသကိုး။ ဒီလောက် အာဏာကို စိတ္တဇရောဂါသည်လို စွဲလန်းနေတဲ့  မောင်တွေက နေရာ ဖယ်ပေးမယ် ဆိုတာ တောင်ထိပ် ကြာပေါက် အနောက်နေထွက်မှဖြစ်မှာလေ။
...........................
အော် ... ။ ကျုပ်ပြောတော့ ဒေါသသင့်တယ် ဆိုကြရော့မယ်။ ကျုပ်ဆိုတဲ့ မောင်ကလည်း တကမ္ဘာလုံးမှာ များ သတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ နေ့တိုင်း မေတ္တာပို့ နေတဲ့သူပါဗျာ။ မြန်မာလူမျိုးတိုင်း အဟံဘန္ဒေ သံသာရ ဝဋ် ဋ ဒုက္ခတော နေကြတာလည်း သိပါသဗျာ။ ဒါပေမဲ့ ဗျာ .....။ ကျုပ်တို့  အားလုံး မွှေးတေးတေးလေးဟဆိုပြီး တတုံး ပြီး တတုံး အလုအယက် လွှေးနေ လိုက်ကြတာ တပန်းကန်လုံးပြောင်နေပါပြီကောဗျာ။
............................
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များ အိပ်မက်တော့မဟုတ်ခဲ့ဘူး။ မေ့ပစ်လိုက်လို့ ပြောပေမဲ့ သေတာတောင် မေ့နိုင်စရာ မရှိပါဘူးဗျာ။ အရေးသုံးပါး၊ ပြည်သူ့  သဘောထား၊ ဦးတည်ချက်ဆိုတာတွေနဲ့  လူမိုက်ဂိုဏ်းကြီး ပေါ်တင်ထောင်ပြီး အနှစ်နှစ်ဆယ်နီးပါး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်လိုက်ကြတာ ဗိုလ်ချုပ်အားလုံး မီလျံနာတွေ ဖြစ်ကုန်ကြပါလေရော့လား ဗျာ။
...............................
တရားဝင်စည်းရုံးရေး ခရီးထွက်လာတဲ့ ကားတန်းကြီးကို စနစ်တကျ စစ်ဆင်ရေးဇယားဆွဲပြီး လူမဆန်အောင် ဝိုင်းရိုက်သတ် လိုက်ကြတာ။ သေတဲ့ လူသေ၊ ဒဏ်ရာရသူရတဲ့ သူတွေ ခေါင်းကွဲ ခြေကျိုး နဲ့ ဆေးတောင်ကုခွင့် မရဘဲ ထောင်နှစ်ရှည်ကျ။ ဝိုင်းရိုက်တဲ့ စစ်ဆင်ရေး ခေါင်းဆောင် ဆိုသူက ဝန်ကြီးချုပ်တက်ဖြစ်သွားသဗျာ။
...............................
နာဂစ်ကြောင့် သေတဲ့ အလောင်းတွေတောင် မြေမမြှုပ်နိုင်သေးဘူး၊ နိုင်ငံတကာက အလှူသမျှ စစ်တပ်ဂိုဒေါင် ထဲ ရောက်အောင်ပို့ပြီး ဆန္ဒခံယူပွဲကြီးဝှဲချီး ကျင်းပလိုက်တာ ရာခိုင်နှုန်းကိုးဆယ်ကျော်တောင် ထောက်ခံမဲ ရသွားသတဲ့ဗျာ ။
................................
ကုလားထိုင်လှုပ်အောင်လုပ်လို့ ကတော့ ရှစ်ရှစ်ရှစ်ရှစ်တွေလည်း ကိုင်းကြီးကြီးမှာ နားခိုင်းတာပဲဗျာ။ သံဃာ၊ သီလရှင်၊ လူအခွင့်အရေးသမား၊ ဟစ်ဟော့အဆိုတော်၊ ဘလော့ဂါ၊ ရှေ့ နေတွေသာမက လူရွှင်တော်၊ ပါမထား ဘူးဗျာ။ ဘယ်ရာဇသတ်ကြီး၊ ဘယ်တရားမဥပဒေမှာမှ မရှိတဲ့ စွဲချက်တွေ နဲ့  လူသတ်မှုထက်ဆယ်ဆများတဲ့ ထောင်ဒဏ်တွေချပြီး ကျန်ခဲ့တမိသားစုပါ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရအောင် ဒုက္ခပေးနည်း နိဿရည်းကိုဇယားကုန်၊ လက်ကုန်အောင်ကို ဆွဲသဗျာ။
..............................
နိုင်ငံရေးအကျဉ်းသားမှန်သမျှ နယ်စွန်နယ်ဖျားပို့ပြီး ထောင်ဝင်စာပါ ထပ်ပိတ်ထားလိုက်တာ ပြည်တွင်းက မြန်မာတမျိုး သားလုံးဘဝဟာ နိုင်ငံတကာ ထောင်တွေက ထောင်ကျတွေ လောက်တောင် လူ့ အခွင့် အရေးမရှိတာ ကြာခဲ့ပါပြီကော။ ပြည်သူလူထု ဘယ်နှစ်ယောက်ကို ပစ်သတ်ရမလဲ။ ဘယ်နှစ်ယောက်ကို ထောင်ထဲပို့ ရမလဲ၊၊ စတေးပစ်ရမလဲ။ အကုန်လုပ်မယ်။ အဲ .. အာဏာသာ မြဲပေ့စေ။ အားလုံးလုပ်တယ် ဆိုတာ လယ်ပြင်က ဆင်ခြေရာပဲဗျ။
................................
ပူပူနွေးနွေး သတင်းလေးလည်း ရှိသေးဗျာ။ မြေးတော် အလောင်းစည်သူလေး မိန်းကလေး တယောက်ကို မေမြို့  မ သွားတဲ့ မတော်တရော် ဇာတ်လမ်း ကိုအင်တာနက်ပေါ်မှာ ဖွရပါ့မလား ဆိုပြီး စကာင်္ပူက ကျောင်းသား တယောက်ရဲ့ ရန်ကုန်ကအိမ်ကို ခဲမိုးသွားရွာလို့ မြေးတော်လေးကို အဖေအမေ အရွယ်တွေက ထိုင်ကန်တော့ ခဲ့ရပြန်ပြီတဲ့။ မြေးတော်လေးနောက်က လုံခြုံရေးကား ခုနှစ်စီးတောင် ပါသေးဆိုပဲ ။
.................................
လွန်ခဲ့တဲ့  သုံးနှစ်လောက်က ကျုပ်ရောင်းရင်းတယောက်ကို စကားမစပ် .. ကျုပ်က ဘဝရှင်မင်းတရားကြီး အနာဂတ်အရေးအတွက် ဘာအကွက်တွေ များချနေသလဲကွာ လို့  မေးလိုက်မိတော့ သန်းနန်းဆက် မပြတ်အောင် မြေးတော်လေးကို နန်းတင်မလို့ ဆိုပြီး ဖြေသဗျ။ ကျုပ်က မင်းအဖြေဟာ သောက်ရူးဖြေသလိုပဲ လို့  ပြောမိတာ အခုတော့ မှားပါတယ် ကိုသောင်းရယ်ဆိုပြီး ပြန်တောင်းပန်ရအုံးမယ်ဗျို့ ။
...............................
ကျုပ်ကတော့ ..
အို .. နပိုလီယံ
"တရုတ်တို့ အိပ်ပျော်နေပါစေ၊ တရုတ်တို့ နိုးထလာလျှင် ကမ္ဘာကြီးအတွက် စိုးရိမ်စရာ ဖြစ်လာလိမ့်မည် " ဟူသော သွေးထွက်အောင် မှန်လှသည့် နိမိတ်စကားအတွက်သင့်အား ကျေးဇူးစကားဆိုပါ၏။
လို့ သာ အော်လိုက်ချင်သဗျို့ ။ တရုတ်နဂါး ဘိန်းမှိန်းရာက အညောင်းဆန့်ပြီး လူးလွန့်လာတာကို ဥဖြူဖြူလေးဟ ဆိုပြီး ဘေးငုံပြောတာ ကျုပ်ဖြင့် အံ့သြလို့ ကိုမဆုံးပါဘူးဗျာ။ ပုဂံပြည်ကြီး ဘာကြောင့်ပျက်ရသလဲ ဆိုတာ သမိုင်းကိုသေချာပြန်မဖတ်ပဲ၊ အားကိုးစရာရှား လို့  သိုက်ဆရာလှေပေါ် တင် လာတဲ့  တရုတ်အားကိုး ရွှေပြည်စိုး အစိုးရမင်းများရဲ့ ပုဇွန်ဦးနှောက်တွေကို ဆီပြန်ချက်ပြီး စားကြမယ်ဟေ့ ကောင်းကောင်းလို့  သာအော်လိုက်ချင် တော့သဗျာ။
.........................
ရခဲလှတဲ့ လူ့ ဘဝလေးကိုရတုန်း ရခိုက် ၊ မသေခင်လူလိုနေသွားရအောင် အပ္ပနာဒေန၊ သမ္မဒေထဘို့  ဆရာကြီး ဦးဝင်းတင်လို အိုကြီးအိုမကတောင် တပ်လှန့် နေပါပြီဗျာ။
"ဒီနေ့ အခြေအနေအရ ကျနော်တို့ ဘာပဲ ပြောနေနေ ပြတ်သားဖို့ အလွန်လိုတဲ့ အချိန်ပဲဗျ၊ မပြတ်သားလို့ မရတော့ဘူး၊ ကျနော်တို့ မပြတ်သားလို့ တွေတွေဝေဝေ ယိမ်းယိမ်းယိုင်ယိုင် ၊ ကွဲကွဲပြားပြား ဖြစ်နေကြမယ် ။ ဒါဆို အလွန်ကို ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မယ်။ သို့မဟုတ်လို့ရှိရင် ကျနော်တို့ပိုပြီးတော့ ခက်ခဲကြီးမားတဲ့  အကျပ်အတည်းတွေ ၊ ပိုမိုပြီး ကြမ်းတမ်းတဲ့ အန္တရာယ်တွေနဲ့  ရင်ဆိုင်ကြရလိမ့်မယ်။"
" ကျနော်တို့ ဒီလိုပဲ ပြောရမှာပဲ ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ အခြေအနေက အားလုံးသိကြတဲ့ အတိုင်းပါပဲ ။ ဒီစစ်အစိုးရဟာ၊ ဒီအာဏာ ယန္တရားကြီး ဟာ ဒီနေ့ ကျနော်တို့ရဲ့ မြန်မာ့လူ့ ဘောင်၊ မြန်မာ့လူမှုအဖွဲ့ အစည်းကို ဘာမှ ချမ်းသာခွင့်မပေးတော့ဘဲ၊ သက်ညှာခွင့်မပေးတော့ဘ ၊ လျော့ပေါ့ခွင့် မပေးတော့ဘဲနဲ့ နင်းကြိတ်တော့မယ့်ဟာ ပြင်နေပြီခင်ဗျ။ ဒါ လူတိုင်းသဘောပေါက်ရမဲ့ အချက်ပဲ ခင်ဗျ။ "
" ဒါပြည်သူလူထုကို တိုက်တွန်းတာပေါ့၊ ပြတ်ပြတ်သားသားပေါ့။ အမှန်ကတော့ ပိုမိုပြီးတော့ အခုလို အေးမနေပဲ ငြိမ်မနေဘဲ ပြတ်ပြတ်သားသား တက်တက်ကြွကြွဆောင်ရွက်ကြပါ၊ ပြောကြဆိုကြ လှုပ်ရှားကြပါ ဆိုတဲ့ သဘောပါပဲ"

............................
စစ်တပ်ကြီးကလည်း နှစ်ခြမ်းကွဲခါနီး ပါပြီဆိုပြီး စိတ်ကူးယဉ်တာလည်း တော်လောက်ပါပြီဗျာ။
လွှတ်တော်အစည်းအဝေးအတက်မှာ ရောမစစ်ဘုရင်ဂျူးလီယက်ဆီဇာရဲ့  နံကြားကို ဓားချက်ထိုးသွင်းခဲ့တဲ့ ဘရုတပ်စ်လို ရောမနိုင်ငံတော်ကြီးကို ပိုချစ် ပါတယ်ဆိုတဲ့ မြန်မာ့သူရဲကောင်း ပေါ်လာလေ မလားဆိုတာလည်း မျှော်ငေးမိ မှုန်ဝေဝေပါပဲ။ မြန်မာပြည်ကြီးကိုချစ်ပေမဲ့ ပျဉ်းမနားမင်းတရားကြီး ခိုးထားဝှက်ထား၊ အေးဓားမြတိုက် ထားတဲ့အထဲက အရိုးအရင်းကို လွှေးနေရတာ ပိုချိုမြိန်တယ် ထင်နေကြတုန်းပါပဲ ။
..............................
ဒီလောက် ပိန်းပိန်းပိတ် အမှောင်ထုကြီး မြန်မာပြည်ပေါ်ထိုးကျနေချိန်မှာ တတိယနိုင်ငံ စာအုပ်လေးကိုင်ပြီး အီဂျစ်နဲ့ အင်္ဂလန်နိုင်ငံခြားမှာ ဖူလုံရေး အာမခံချက်လေးနဲ့ သေပျော်ပြီ မတွက်ကြပါနဲ့ဦးဗျာ။ ပရိုပိုဆယ်သာအမိ၊ ပရိုပိုဆယ်သာအဖ၊ ဒိုနာဂုဏောအနန္တော နေတဲ့  ဖားဂုံညင်းများလည်း ဘဝအဓိပ္ပါယ်နဲ့ ဘဝသစ္စာကို ပြန်ဆန်းစစ်ကြပါအုံးဗျာ။
သွေးနဲ့ ရေးရမဲ့သမိုင်းကို ကြေညာချက်ထုတ်ရုံနဲ့တော့၊ အစိုးရမင်းများက သီးလေးသီးပြက်လုံးလောက်တောင် ဂရုစိုက်မယ်မထင်ဘူးဗျာ။
.............................
အနယ်နယ်အနှံ့ နှံ့ မှာ နည်းမျိုးစုံ အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေက ဘီဘီစီ၊ အာအက်ဖ်အေ၊ ဗွီအိုအေ၊ ဒီဗီဘီ လေဒီယိုတွေဆီ စာတွေလှမ်းပို့ ပြီး နိုင်ငံတော်အထက်လူကြီးမင်းတွေ သိအောင် ရင်ဖွင့်လိုက်ပါတယ် ဆိုတာတွေ နောက် သောက်မြင်ကပ်ပုဒ်မနဲ့ ထောင်ဒဏ်ရာချီချတာကို အယူခံလွှာ ထပ်တင်တာတွေကို၊ ဟာဒယ ရွှင်ဆေးလောက်သာ အောက်မေ့နေတာ မသိကြလေရော့သလားဗျာ။ ကျုပ်ကတော့ အမေဆူခဲ့တာလေးကို သွားသွားသတိရသဗျာ။
“ဟဲ့ .. ငါကအာပေါက်မတတ်ပြောနေတာကို နင်တို့ က ဖင်ကြားလေသွားသလောက်တောင် ဂရုမစိုက်ကြဘူး” တဲ့ ။
............................
သူ့ အကုသိုလ်နဲ့သူ ၊ သူ့လမ်းသူ သွားကြပါလိမ့်မယ်၊ ကျုပ်တို့မှာကိုက ဒီလိုဖြစ်ရဖို့  ကံအကြောင်းပါလာတာပဲ ဆိုပြီး ကံတရားကို အလွဲအဓိပ္ပါယ် မဖွင့်လိုက်ပါနဲ့ဗျာ။ ကံကြမ္မာအကျိုးပေးမှုနဲ့  ပတ်သက်လို့ အကြောင်းလေးချက် ရှိပါသတဲ့။ အတိတ်အကြောင်းက တစ်ပါးတည်းတဲ့။ ပစ္စုပ္ပန်အကြောင်းက သုံးပါးတဲ့ဗျ။ အတိတ်ကံဆိုတာ စားပွဲလုပ်တဲ့အခါ သစ်သားလိုသလို ကိုယ်ထည်အကြောင်းသာ ဖြစ်ပါသတဲ့။ ပစ္စုပ္ပုန်အကြောင်းသုံးပါးမှာ ဥာဏ်နဲ့ ဝီရိယက ဗိသုကာ(လက်သမား) အကြောင်း၊ နောက်တခုက တောင့်တတဲ့ ပြင်းပြသောဆန္ဒလို့  ကျမ်းတတ်ပုဂ္ဂိုလ်ကျော် ဆရာဦးရွှေအောင် သေချာ ထောက်ပြထားသဗျ ။
.........................
ပိုရှင်းသွားအောင်ပြောရရင်ဗျာ .. ။ မင်းတရားကြီးက သူ့ အတိတ်ကံတခုနဲ့  ပြည့်ရှင်မင်း ဖြစ်လာတာကို အာဏာတည်မြဲရေးအတွက် ရက်စက်ယုတ်မာတဲ့ ဥာဏ်၊ဝီရိယ၊ ဆန္ဒ ဆိုတဲ့  ပစ္စုပ္ပုန်အကြောင်းသုံးပါး ပြည့်နေအောင် ဖြည့်ဆည်းနေလို့  ကျုပ်တို့ ဒီဘဝ ရောက်နေကြတာပါဗျာ။ ဒီတော့ကျုပ်တို့ လည်း အတိတ်ကံနဲ့ လူဖြစ်ခွင့်ကြုံတဲ့  အခိုက်လေးမှာ မင်းတရားကြီးရဲ့  ခြေဖဝါးတော်အောက်ကနေ လွတ်ဖို့  ဥာဏ်၊ ဝီရိယ၊ ဆန္ဒ ၊ပစ္စုပ္ပုန်အကြောင်း သုံးပါးကို သူ့ ထက်ပိုပြီး ဖြည့်ဆည်းနိုင်ရင် လူလိုနေရတဲ့ ဘဝကို ပြန်ရကြဖို့ပါပဲဗျာ။
............................
မနိုင်လို့ သည်းခံနေရတာကို နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ များ သွားမမှားလိုက်ကြပါနဲ့ဗျာ။
တကယ်တော့ ပြည်နိဗ္ဗာန်ခေမာသောင်ကမ်း ဆိုတာရောက်ဖို့ တောင် ခွေးသေကောင်ပုပ်ကို ဖက်တွယ်ကူးခတ်ရတာတွေ ရှိပါသေးတယ်။ ဒီမိုကရေစီရေး ဆိုတာမဂ်ဖိုလ် အလုပ်မ ဟုတ် လေတော့  ဖိုက်တင်ပလေးတဲ့ အခန်းတွေလည်းပါနိုင်တယ်လေ။ လူနဲ့ မတူဘဲ အနှစ်တရာ အသက်ရှည်နေရတာထက် လူလိုတရက်အသက်ရှင်နေရတာကမှ မြတ်သေးတယ်လို့ ကျုပ်တို့  သဘောမပိုက်သင့် ကြဘူးလားဗျာ။
...........................
အတွက်ခက်တဲ့ပုစ္ဆာကို ကျုပ်တို့ ရှင်းရပါလိမ့်မယ်။
ဘင်လာဒင်က လေယာဉ်ပျံတွေနဲ့ မိုးမျှော်တိုက်တွေကို ဝင်တိုက်လိုက်တာကြောင့် အမေရိကန်က ကျယ်လောင်ကျယ်လောင်နဲ့  ဦးဆောင်ဆန့်ကျင်နေလို့ အကြမ်းဖက် ဆိုတာကို ဝေရာမဏိကြမယ်ဟေ့ဆိုပြီး ၊ အလှူ့ ရှင်အလိုကျ ရောယောင်လျှောက်အော် နေတာကိုလည်း ဆန်းစစ်ကြဖို့တော့ လိုတယ်လို့ ထင်သဗျာ။ တိုက်ပွဲအဆုံးအဖြတ်ဆိုတာ ပေါ်လာအောင် ကွင်းလယ်မှာ တောင်ကန်မြောက်ကန် ၊ ကန်နေကြတာကို ရပ်လိုက်ကြတာ အကောင်းဆုံးလို့သာ တွေးတော့တယ်ဗျာ။ An eye for an eye will lead the whole world blind ဆိုတာ ကျုပ်တော့ ကြိုက်လွန်းလို့  နေ့တိုင်းရွတ်တယ်ဗျာ။ အစိုးရမင်းများဆီကို လွှတ်လွှတ်နေတာ ဘန်ကီမွန်းတို့  ဂန်ဘာရီတို့ ထက်စာရင် ဂျိန်းစဘွန်း၊ ဂျက်ကီချန်း နဲ့ ရမ်ဘိုတို့ ကို လွှတ်တာမှ ရေးတေးတေးဖြစ်ပါလိမ့်အုံးမယ်ဗျာ။
..........................
မဟော်သဓာလို ပါရမီရှင် ၊ ဥာဏ်ကြီးရှင်တောင် ကေးဝဋ်နဲ့ ပွဲမျိုးမှာ ပတ္တမြားကိုပစ်ချပြီး ကုန်းအကောက်မှာ ဗမာ့လက်ဝှေ့ စတိုင်ဒူး ၊ တတောင်တွေ သုံးပြီး ပွဲသိမ်းရသေးဗျာ။ ပတ္တမြားကို တကယ်လည်း မပေးပဲ လိမ်ပြီးပစ်ချတာဆိုပြီး မဟော်သဓာကို ဖိုးတွမ်တီးလို့  ပြောသံ ကျုပ်တော့ မကြားမိပေါင်ဗျာ။ မင်းဘူး ဦးသြဘာသ ရဲ့  မဟော်သဓာဇာတ်တော်ကြီး ကိုလည်း ဆုံးအောင်ဖတ်ကြပါအုံးခင်ဗျ။ အဆမတန်အင်အားကြီးမားတဲ့ ခုနှစ်ပြည်ထောင် မဟာမိတ်
အဖွဲ့ ကို အနိုင်ရအောင်စီမံတဲ့အခါ၊ ဥမင်လိုက်ခေါင်းတွင်းမှာ မိဖုရားနဲ့ သမီးကို ဓားစာခံလုပ်တဲ့ အခန်းတွေလည်းပါသေးသဗျ။ အခုကိုရင်တို့  သဘောဆို မဟော်သဓာတောင် အကြမ်းဖက်သမား စာရင်းမှာ ဘင်လာဒင်နဲ့  တွဲပါနေလေဦးမလားဗျာ။
.........................
ကုန်ကုန်ပြောမယ်ဗျာ။ အောင်ခြင်း ရှစ်ပါးဆိုတာမှာတောင် အကြမ်းနည်း မကင်းပါဘူးဗျ။ နဂါးကိုနိုင်တာ မေတ္တာပို့ တဲ့ နည်းမှ မဟုတ်တာဗျာ။ ကိုရင်တို့  မေ့နေတာဖြစ်ပါလိမ့်မယ် ။ ကန္တာရအလယ် ရေပြတ်လို့ သေကိန်းကြုံခဲ့ကြရတဲ့ လှည်းသားငါးရာဇာတ်မှာ အတောင်ရှစ်ဆယ်အထိ တူးတာတောင် ကျောက်ဖျာခံနေ တာကြာင့် ရေမထွက်ခဲ့ပါဘူး။ လက်ရွေးစင် အားကောင်းမောင်းသန် လှည်းသားတယောက်ကို ရွေးထုတ်ပြီး ကျောက်ဖျာအောက်က ရေစီးသံကိုနားထောင်လို့  အပါးဆုံးထင်ရတဲ့နေရာကို အသားကုန် ရိုက်ခွဲခဲ့ရတာပါပဲ။ ဒီတော့မှ ထန်းလုံးပမာဏလောက်ရှိတဲ့  ရေက အထက်ကို ပန်းထွက်လာသတဲ့ ဗျာ။
.......................
ကျုပ်ကိုယ်တွေ့ လည်း ရှိသေးဗျာ။
ကျုပ်လူပျိုပေါက် အရွယ်က ကျုပ်တို့ အိမ်ရှေ့ မှာ ပုဆိုးခါးမကပ်ပဲ လာရမ်းတဲ့ အောင်မြင့်ဆိုတဲ့ ငမူးကို ကျုပ်မှာ အမတွေ နှမတွေ
ရှိနေလို့  မတော်ပါဘူးဆိုပြီး၊ထွက်တောင်းပန်လိုက်ရတာ အာကိုပေါက်လို့၊ မရပ်ဘူးဗျာ။ ဒီမှာတင် ကျုပ်ညီထွက် လာပြီး အောင်မြင့်ကို တတောင့်ထွာလောက်ရှိတဲ့ ဝါးရင်းတုတ်နဲ့ နှစ်ချက်ဆင့်ကျွေးလိုက်တာ ပွဲသိမ်းမြန်ယုံ တင်မကဘူး၊ နောင်လာနောက်သား မောင်မူးတွေပါ ကျုပ်တို့  အိမ်ရှေ့ ဟာ မူးရင်မရမ်းရတဲ့  တားမြစ်နယ်မြေ ဖြစ်သွားပါရောလား။ ကျုပ်စိတ်ထဲ ဒီနည်းဟာ သုံးတတ်ရင်ဆေးပါလားလို့  စွဲနေသဗျာ ။
..........................
သမိုင်းစာမျက်နှာလေးတချို့ လှန်မိပြန်သဗျာ။
ကမ္ဘာကျော် ကာသေ့ခ်ျ စစ်သူကြီး ဟန်နီဘောဟာ ရောမကို တိုက်ခိုက်ဖို့  အဲလ်ပ် တောင်တန်းကြီးကို စစ်သည် ၊ ဆင်တပ်၊ မြင်းတပ် ၊လူမျိုးစုံတပ်၊ အင်အားသိန်းချီတဲ့တပ်ဖွဲ့ ကြီးနဲ့ စစ်ချီခဲ့ပါသတဲ့။ တောင်တန်းရဲ့ တနေရာ တောင်ကမ်းပါးယံကွေ့ တခုမှာ ဧရာမ ကျောက်တုံးကြီး တတုံးဟာ တောင် ပတ်လမ်းကိုပိတ်ဆို့ နေတာနဲ့ ကြုံရပါ သတဲ့ ။ တောင်ပတ်လမ်းကျဉ်းလည်းဖြစ် ပိတ်နေတဲ့ ကျောက်တုံးကလည်း လမ်းနဲ့ အံကိုက်ကျနေတာမို့  ဆင်မြင်း လူအင်အား သိန်းချီတဲ့ တပ်ကြီးဟာ ရှေ့ ဆက်ချီတက်ဖို့  ဘယ်နည်းနဲ့ မှ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကြုံလာပါ ရောတဲ့။
ရှေ့ ဆုံးက နေရာယူပြီး ချီတက်လာတဲ့ ဗိုလ်တွေက ဟန်နီဘောကို ရှေ့ ဆက်ချီတက်လို့  မဖြစ်နိုင်တော့ပါဘူး လို့ အကြောင်းကြားတဲ့အခါ ဟန်နီဘော ကိုယ်တိုင်ကျောက်တုံးရှိရာကို ရောက်လာပြီး သေချာလေ့လာဆန်းစစ် တယ်တဲ့။
ဒီမှာတင် ဟန်နီဘောဟာ အဲဒီ ကျောက်တုံးကြီးရဲ့  အောက်ခြေကို ဘေးပတ်လည်က ဝိုက်ပြီး အိုင်ဖြစ်အောင် တူးခိုင်းလိုက်တယ်။
သူ့ တပ်သားတွေရဲ့  ရိက္ခာထဲကအရက်စည်ကြီးတွေ ကို ရှိသမျှ ယူလာခိုင်းလိုက်ပြီး စောစောက ကျောက်တုံး ကြီးအောက်ခြေအိုင်ထဲကို လောင်းထည့်ခိုင်း၊ မီးပြင်းတိုက်ခိုင်းတော့တာပဲတဲ့ဗျာ။ သုံးလေးရက် ဆက်တိုက် မီးပြင်းတိုက်တယ်။ လေးရက်မြောက်တဲ့နေ့ မှာ သူ့တပ်သားထဲက အသေခံလက်ရွေးစင်တပ်သား သုံးဆယ် လောက်ကို ရွေးပြီး ဆယ်ပေါင်တူလို လက်နက်တွေနဲ့  မီးပုံထဲကို အသေခံပြေးဝင်ခိုင်း၊ ရိုက်ခွဲခိုင်းလိုက်တာ နောက်ဆုံးတော့ ကျောက်တုံးကြီးဟာ တစစီကွဲသွားတာကြောင့်  ရှေ့ ဆက် စစ်ချီနိုင်ခဲ့  ပါရောတဲ့ဗျာ။
........................
အောင်ပွဲအတွက်တိုက်ခဲ့တဲ့ နည်းတွေကတော့ မျိုးစုံလှပါသဗျာ။
ဘယ်နည်းနဲ့ တိုက်လို့ မရဘူးလို့  ကမ္ဘာ့စစ်သမိုင်း ပညာရှင်တွေ ဟောကိန်းထုတ်ထားတဲ့ ပြင်သစ်စခန်းဒိန်ဘင်ဖူး ခံတပ်ကို ဗီယက်နမ် လွတ်မြောက်ရေးအတွက် ဗီယက်ကောင်းတွေ တိုက်ခဲ့ကြတုန်းကလည်း မိုးထဲရေထဲမှာ တောင်ပေါ်အရောက် အမြောက်တွေ တင်ကြရတော့ ခဏခဏ လျောလျောကျနေလို့  အမြောက်တင် တင့်ကားတွေအောက်ကို ဗီယက်ကောင်းတွေ ပစ်ဝင်ပြီး ပျော်ပျော်ကြီး စတေးခံလိုက်ကြတဲ့  မှတ်တမ်းတွေလည်း အထင်အရှားပါ။ ငြိမ်ငြိမ်လေး လူဖြစ်ရှုံးနေရတဲ့  ဘဝကနေလွတ်ဖို့ အရင်းအနှီးကတော့ ကြီးချင်ကြီးလိမ့်မယ်ဗျ။ “ကျနော်မြန်မာပါ” လို့ လူတောထဲမပြောရဲတဲ့ ဘဝနဲ့စာရင် သံချပ်ကားအောက် ပြေးဝင်လိုက်တာက ဟန်ကျ သေးတယ်လို့ တွေးမိတဲ့ အကြိမ်ပေါင်းလည်း မနည်းလှပါဘူးဗျာ။
........................
ဂျပန်တော်လှန်ရေးတုန်းက ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ သရက်ချောင်းရွာ မိန့် ခွန်း ဟာ ရိုင်းတာတော့ အမှန်ပဲဗျာ။ ဒါပေမဲ့ တကယ့်ကို မှတ်သားလောက်သဗျ။ "ခင်ဗျားတို့ ဒီ အချိုးအတိုင်းသာ ပေါ့ပေါ့နေပေါ့ပေါ့စား ဆက်စခန်းသွားနေကြရင် အင်္ဂလိပ်တက်တုန်းက ဆီဆွတ်သေးတယ်။ ဂျပန်တက်လာရင် ဆီမဆွတ်ဘဲချသွား လိမ့်မယ်တဲ့" ဗျား။ ၂၀၁၀ နောက်ဆို ဆီတင်မက သဲလေးတရှပ်ရှပ်နဲ့ အံကြိတ်ခံရမဲ့ကိန်းပါဗျာ။
...........................
စစ်တို့ ရဲ့ သဘောတရားကို ကျုပ်လည်း သိပ်နားလည်လှတာတော့ မဟုတ်ပါဘူးဗျာ။ အခုမြန်မာမင်း များခင်းကျင်းနေတဲ့  သေနင်္ဂဗျူဟာက အင်္ဂလိပ် ရှေးဟောင်းရာဇဝင်စစ်ကား တွေထဲကလို စစ်တိုက်မဲ့  တပ်ကြီး နှစ်တပ်က စစ်သည်တော်တွေကို မျက်နှာချင်းဆိုင်နေရာမှာ လေးထောင့်ပုံမျိုးစုံနေရာယူခိုင်း၊ ဆင်တပ် မြင်းတပ်ကို ပုံစံမျိုးစုံနဲ့ စစ်တုရင် အရုပ်တွေနေရာချသလို သေချာစံနစ်တကျပြင်ဆင်၊ အားလုံးအဆင် သင့်ဖြစ်တာနဲ့  .. ကဲ ယောက်ျားဘသား၊ တိုက်လိုက်ကြစို့  သူငယ်ချင်းဆိုတာမျိုး၊ သူရဲကောင်း တွေလို စစ်မျက်နှာ ဟူးဟူးလျင်လျင်ဖွင့်ပြီး တိုက်ကြတာမှ မဟုတ်ဘဲ။ မြို့လည်ခေါင်မှာ လူမိုက်ငှားပြီး ရိုက်တဲ့ဗျူဟာကို တုံ့ပြန်ရမဲ့ အကောင်းဆုံးစိတ်ထားကတော့ ဘယ်နည်းမဆိုတရားတယ်။ နည်းလမ်းအားလုံးတရားတယ်လို့ နှလုံးသွင်းကြရုံပါပဲဗျာ။ နွားသိုးရိုင်းဆိုတာမျိုးက မေတ္တာသုတ်ထက် ကျောက်ခဲကြီးကြီးကိုသာ ကြောက်တာလေ။ လူယုတ်မာတွေနဲ့ခင်းရတဲ့ စစ်ပွဲမှာ တရားတယ်မတရားဘူးဆိုတာ ယာယီမေ့ထားလိုက်တာ အကောင်းဆုံး ပါဗျာ။
...........................
မကြာမတင်ကာလ ၁၉၄၆ ခုနှစ် ဝန်းကျင်မှာ အောင်နိုင်ခဲ့သူလူမျိုးတမျိုးရဲ့ နည်းမှီစရာ နမူနာတွေလည်း ရှိသေးသဗျ။
အောက်မှာဖော်ပြထားတာဟာ မောင်မိုးသူ ဘာသာပြန်တဲ့ အိပ်ဇိုးဒပ်(နိုင်ငံတခု မွေးဖွားခြင်း) ဆိုတဲ့  စာအုပ် ထဲက ကောက်နှုတ်ဖော်ပြထားချက်ပါပဲဗျာ။ ပါလက်စတိုင်းမှာ အခုလတ်တလော ဆင်နွှဲနေတဲ့  အစ္စရေး တွေ ဘာကြောင့်  ကုလသမဂ္ဂရုံးကိုပါ မချန် ဒုံးကျည်နဲ့ပစ်ပြီး လူပါးဝနိုင်သလဲ၊ အစ္စရေးဟေ့ဆိုရင် ကြားတာနဲ့ တကမ္ဘာ လုံး ဘာကြောင့် အမြီးကုပ်ကုန်သလဲ။ ဘာကြောင့် အစ္စရေးတွေထင်တိုင်းကြဲ နေုနိုင်သလဲ။ သူတို့ ခံယူတဲ့  လူမျိုးရေးခံယူချက်ကိုက ဘာလဲ။ နိုင်ငံတခု မွေးဖွားခဲ့သူတွေ ဘယ်လို တိုက်ခဲ့ အောင်ခဲ့တယ်ဆိုတာ သိကို သိသင့်တယ်၊ တဆိတ်လောက် ဖတ်ကြည့်စေချင့်သဗျာ။
.........................
"၁၉၄၆ ခုနှစ်၏ ဒေးဗစ်နှင့် ဘီလူးကြီး ဂိုလိုင်ယက် ၏ တိုက်ပွဲ " ဟူသော ခေါင်းစဉ်ဖြင့် မတ်ပါကား၏ သတင်းသည် ကမ္ဘာ့သတင်းစာများတွင် ပါလာ လေ ၏။
.........................
ကျနော်ဟာ ဆိုက်ပရပ်ကျွန်း ကီရီနီးယားမြို့ က ဒီသတင်းကို ရေးနေတာပါ။ ကီရီနီးယား ဆိပ်ကမ်းဟာ ဗြိတိသျှပိုင် ဆိုက်ပရပ်ကျွန်းရဲ့  ဒေါင့်စွန်းတစ်နေရာ ကဆိပ်ကမ်းကလေး တစ်ခုဖြစ်ပါတယ်။ ဆိုက်ပရပ်ကျွန်းဟာ ထင်ရှားတဲ့  ရာဇဝင်များစွာနဲ့  ကျွန်းတစ်ခု ဖြစ်ပါတယ်။ ဒီဆိုက်ပရပ်ကျွန်းမှာ စစ်ပြေးဂျုးလူမျိုးများကို ထိန်းသိမ်းထားတဲ့  ဗြိတိသျှစခန်းရှိပါတယ်။
ဒီနေ့  ဒီအချိန်မှာ ဆယ်နှစ်မှ ဆယ့်ခုနစ်နှစ် အရွယ်ရှိကြတဲ့  ဂျုးလူမျိုးကလေးတွေဟာ စစ်ပြေးစခန်းမှ ထွက်ပြေးလာပြီး၊ အိပ်ဇိုးဒပ် ဆိုတဲ့သဘောင်္ပေါ် ရောက်နေပြီး ပါလက်စတိုင်းကို ထွက်ပြေးဖို့  စီစဉ်နေကြပါတယ်။ အဲဒီ ဂျူးကလေးအားလုံးဟာ ဂျာမန် အကျဉ်းစခန်း မှ လွတ်မြောက်ကျန်ရစ်သူများ ဖြစ်ပါတယ်။ ဗြိတိသျှများက အချိန်မီသိသွားသဖြင့် ဆိပ်ကမ်းမှ ခွာရေးမှာ ပြဿနာဖြစ်နေပါတယ်။ ဂျူးကလေးသုံးရာ တင်ထားသော အိပ်ဇိုးဒပ် သဘောင်္ပေါ်မှ ပြောရေးဆိုခွင့်ရှိသူက သဘောင်္တခုလုံး ဒိုင်းနမိုက်ဖြင့် ဆင်ထားပြီး ဗြိတိသျှစစ်သားများကတစ်စုံတစ်ရာ နှောင့်ယှက်ပါက သဘောင်္တစ်ခုလုံးကို ဖောက်ခွဲပြီး အားလုံးသေပစ်ကြရန် အဆင်သင့်ဟု ကြေညာနေပါတယ်။ အခြေအနေမှာ သည်အတိုင်းဖြစ်နေပါတယ်။
လန်ဒန်
..................
ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် သတင်းစာကို ပစ်ချလိုက်လေ၏။ သူသည် အစီရင်ခံစာ အားလုံးကို ပြန်၍ စစ်ဆေးနေမိ၏။ မတ်ပါကား၏သတင်းသည် ဥရောပ တစ်ခွင်လုံးသာမက အမေရိကန်အထိ ရိုက်ခတ်နေပြီ ဖြစ်သည်။ ဗိုလ်ချုပ် ဆပ်သာလင်ထံမှ ညွှန်ကြားချက် တောင်းလွှာသည် သူ့ ရှေ့ မှာရောက်နေ၏။
ဗိုလ်ချုပ်ကြီးထရေဗာသည် ထိုအဖြစ်မှာ သူ့ကြောင့် အဓိကဖြစ်ကြောင်း သူ့ ဘာသာသူသိ၏။ သူကပင် ဆပ်သာလင်ကို ဆိုက်ပရပ်သို့  လွှတ်ခဲ့သည် မဟုတ်ပါလား။ မေဂျာ အဲလစ်စတာက တိုင်စာပို့ ခဲ့သော်လည်း ဘာမှ ဖြစ်စရာမရှိဟု အောက်မေ့ကာ သည်အတိုင်း ထားခဲ့မိသည်။ ပြဿနာမှာမိုးမီး လောင်နေပြီဖြစ်၍ အရှေ့ အလယ်ပိုင်းဆိုင်ရာ ကိုင်တွယ်နေရသူ ဗြိတိသျှတာဝန်ခံအားလုံး
ဆွေးနွေးဖို့ ဖြစ်လာ၏။
ထိုအစည်းအဝေးဤ ဗိုလ်ချုပ်ကြီး ထရေဗာက ..
"ကျုပ်တို့ မှာ ပြဿနာဖြစ်နေပြီ ၊ ဂျူးကလေးသုံးရာကို ပါလက်စတိုင်း လွှတ်လိုက်ပြန်ရင်လည်း ကျုပ်တို့ရဲ့ မဟာမိတ် အာရပ်နိုင်ငံတွေက မကျေမနပ် ဖြစ်လိမ့်မယ်၊ မလွှတ်လို့ ဝင်တိုက်ပြန်ရင် ဂျူးတွေက တကယ်ဗုံးခွဲပြီး သတ်သေကြပြန်ရင်လည်း ကမ္ဘာ့အလယ်မှာ ကျုပ်တို့ အရှက်ကွဲမယ်၊ ဒီကိစ္စမယ် ဂျူးတွေက သူတို့ ရဲ့ ဝါဒဖြန့်ချိဖို့  ကြိုတင်စီစဉ်ထားတာ၊ ဒီတော့ အကောင်းဆုံးနည်းလမ်းကတော့ ဂျူးတွေ ဝါဒဖြန့်နိုင်အောင် အိပ်ဇိုးဒပ်ကို လွှတ်လိုက် ရင် အကောင်းဆုံးပဲ ထင်တယ်"
အရှေ့ အလယ်ပိုင်း တာဝန်ခံ ဗိုလ်ချုပ်ကြီး ဘရက်ရှော သဘောမတူနိုင်ပေ။
ထို့ ကြောင့် "ကျုပ်အကြီးအကဲ ဖြစ်နေသမျှ အိပ်ဇိုးဒပ်သဘောင်္ကို ထွက်ခွင့်မပေးနိုင်ဘူးဗျာ၊ ဒါပဲ "
.................
သို့ 
မတ်ပါကား
လိပ်ခုံးဟိုတယ်
ကီရီနီးယားမြို့ ၊ ဆိုက်ပရပ်ကျွန်း။
သတင်းက တဖြည်းဖြည်း တန်ဖိုးတက်နေပြီ၊ ဆက်ပို့ပါ။
ကင်ဘရက်ဘူရီ
လန်ဒန်။
...................
ကီရီနီးယားမြို့ ၊ ဆိုက်ပရပ်ကျွန်း
မတ်ပါကား၏ သတင်း
ရှုခင်းတစ်ခုလုံးမှာ အတော်ခွကျနေပါ၏။ စစ်သားတစ်ထောင်လောက်ရှိသော ဗြိတိသျှစစ်သားများသည် တင့်ကားများ၊ အမြောက်များ ကိုင်ဆောင်၍ ဘာလက်နက်မှ မပါသော အိပ်ဇိုးဒပ်သဘောင်္ကို ငေးကြည့်နေရပါသည်။ အိပ်ဇိုးဒပ်သဘောင်္၏ တိုက်ပွဲမှာ ပထမပတ်တွင် ဘယ်သူ့ဘယ်သူမှ အနိုင်မရဘဲ သရေဖြစ်နေသည်။ နှစ်ဖက်စလုံးမှာ ကိုယ့်နေရာမှာကိုယ် ရပ်၍နေကြသည်။ ယနေ့ အထိ ဗြိတိသျှများမှာလည်း သဘောင်္ပေါ်တက်ရန် မကြိုးစားကြ။ အိပ်ဇိုးဒပ် သဘောင်္ပေါ်မှ ဂျူးကလေးများမှာလည်း ဂျူးသီချင်းများကို ဆို၍နေကြ၏။
.....................
အခြေအနေမှာ သရေအနေအထားမှာ ရှိနေဆဲဖြစ်ပါ၏။
မတ်၏ သတင်းများမှာ နေ့ စဉ်ထုတ်ပြန်နေ၏။ သတင်းတစ်ခုပြီးတစ်ခုသည် ပို၍ စိတ်ဝင်စားစရာ ကောင်းလာ၏။
စီစီ ဘရက်ရှောသည် ဝါရင့်နိုင်ငံရေးသမား ဖြစ်သည့်အတိုင်း မတ်ပါကား၏ သတင်းကို ချေပရန် တခြားသတင်းဌာနများ အကူအညီဖြင့် သတင်းထုတ်ပြန်လိုက်၏။
ဂျူးများသည် တကယ်ရိုးသားရိုးမှန်ပါက ကလေးသုံးရာကို ဓားစာခံလုပ်ကာ ဤမျှ ရက်စက်သော အပြုအမူကို လုပ်၍ သတင်းဖန်တီးမည် မဟုတ်ပါ။
ဤအရေးအခင်းကို ခေါင်းဆောင်နေသော အယ်ရီ ဘင်ကင်နင်မှာ တရားမဝင်သော အရေးအခင်းများကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။
ကမ္ဘာအရပ်ရပ်၌ ဤသတင်းသည် အငြင်းအခုံဖြစ်ဖွယ်ရာ ပြဿနာဖြစ်လာ၏။
နယူးယောက်တွင် အိပ်ဇိုးဒပ်သည် ဆိပ်ကမ်းမှမခွာနိုင်ရ ဟူသောဘက်မှ လေးလေး တလေး ဖြင့် အလောင်းအစားဖြစ်နေ၏။
ထိုအချိန်တွင် အိပ်ဇိုးဒပ်သဘောင်္ တာဝန်ခံ အယ်ရီ ဘင်ကင်နင်က မတ်ပါကားအား သဘောင်္ပေါ်တက်၍ သတင်းယူခွင့်ပြုလိုက်လေ၏။
....................
အိပ်ဇိုးဒပ်တာဝန်ခံ အယ်ရီဘင်ကင်နင်နှင့်မတ်ပါကားတို့ ၏ တရားဝင်ဆွေးနွေးချက်များ
ကျနော် မတ်ပါကားသည် ပထမဆုံးသတင်းထောက်အဖြစ် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့  တက်၍ သတင်းယူခွင့် ရပါသည်။
သဘောင်္ပေါ်သို့ ရောက်သည်နှင့် ကျွန်ုပ်သည် အင်္ဂလိပ် သတင်းထုတ်ပြန်ချက်အရ ဘင်ကင်နင်သည် ဂျူးအဖျက်သမားဖြစ်ပြီး ဝှိုက်ဟော ဆွေးနွေးချက်များကို ပိုမိုဆိုးရွားအောင် ဖန်တီးနေခြင်းဟုတ်မဟုတ်ကို စတင်မေးမြန်းပါသည်။
အယ်ရီဘင်ကင်နင် ဆိုသူမှာ အရပ်ခြောက်ပေ၊ ဆံပင်မည်းမည်း၊ မျက်လုံးပြာပြာနှင့် ထွားကျိုင်းလှသူ တစ်ဦးဖြစ်ပါသည်။
သူက ..
"ကျုပ်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေတာကို ကျုပ်ဂရုမစိုက်ပါဘူး၊ တစ်ခုတော့ ရှိတယ်ပေါ့လေ၊ ကျုပ်ကို လူဆိုးလို့ ပြောနေကြတဲ့  ဗြိတိသျှတွေဟာ တစ်ခါကသူရဲကောင်း ဆုတံဆိပ်ရခဲ့တဲ့ ဗြိတိသျှစစ်တပ်ရဲ့  ကက်ပတိန်တစ်ယောက် ဖြစ်ခဲ့ကြောင်းကိုတော့ လုံးဝ မဖော်ပြကြပါလား။ ဟုတ်ပါတယ်၊ ကျုပ်ဟာ ပြဿနာလုပ်နေတဲ့ ဂျူးတစ်ယောက် ဖြစ်တယ်ဆိုတာ အမှန်ပါပဲ၊ ဆက်ပြီးတော့လည်း ကျုပ်တို့ဂျူးတွေကို နေရာမှန်ဖြစ်တဲ့  ပါလက်စတိုင်းကို ပြန်မပေးမချင်းတိုက်ပွဲဝင်နေအုံးမှာပဲ၊ ကျုပ်ရဲ့ ခံယူချက် မှန်နေသမျှ ကာလပတ်လုံး ဘယ်သူက ဘာပြောပြော ကျုပ်ဂရုမစိုက်ပါဘူး"
ကျနော်သည် ဗြိတိသျှတို့က အိပ်ဇိုးဒပ်နှင့် ပတ်သက်၍ စွပ်စွဲချက်အကြောင်းမေးရာ၊ အယ်ရီဘင်ကင်နင်က ..
" ကျုပ်တို့  ဂျူးတွေဟာ အားလုံးယိုတဲ့  ချေး ပုဇွန်ဆိတ်ခေါင်း ပုံချတာမျိုးက ရိုးနေပါပြီ၊ ဝှိုက်ဟော ဆွေးနွေးပွဲဟာ နှစ်တွေသာ ကြာလာတယ်၊ ဘာမှမထူးခြားခဲ့ပါဘူး၊ ဗြိတိသျှတွေဟာ ၁၉၁၇ ခုနှစ်က ပါလက်စတိုင်းဟာ ဂျူးတွေရဲ့  မွေးရပ်မြေဖြစ်ကြောင်း ဝန်ခံခဲ့တဲ့  ကတိစကားတွေကို အခုမေ့ပစ်ဖို့ ကြိုးစားနေကြပါတယ်၊ အခုမှ ဗြိတိသျှတွေဟာ ဂျူးကလေးတွေရဲ့ အသက်ကို ညှာတာဖို့  ကောင်းပါတယ်ဆိုပြီး ဟန်ဆောင်မျက်ရည်ကျတာကိုပဲ ကျုပ်ကတော့အံ့သြပါတယ်၊ ကျုပ်တို့  အိပ်ဇိုးဒပ်သဘောင်္ပေါ်မှာ ရှိတဲ့  ကလေးအားလုံးဟာ သူတို့သဘောနဲ့ သူတို့  အသက်စွန့်ဖို့  ဆုံးဖြတ်ထားကြတာပါ၊ ဒီကလေးတွေဟာ ဟစ်တလာရဲ့  ရက်စက်မှုအောက်က တလောကမှ လွတ်လာကြတာမို့  သူတို့အတွက် လွတ်လပ်ရေးမရရင် သေတာဟာ မဆန်းဘူးလို့  ခံယူကြပြီးသားဖြစ်ပါတယ်၊ တကယ်လို့  ဝှိုက်ဟောအဖွဲ့ ဟာ ဒီကလေးတွေကို တကယ်သနားရိုးမှန်ရင် ကျုပ်တို့ တစ်ဖွဲ့ လုံးကို ပါလက်စတိုင်း သွားခွင့်ပေးလိုက်ရုံပဲ ရှိပါတယ်။
ကျုပ်နောက်ဆုံးပြောချင်တဲ့ စကားကတော့ သမ္မာကျမ်းစာထဲက အပိုဒ်ကလေးတစ်ခုကို ဖတ်ပြချင်တာပါပ "
ပြောပြောဆိုဆို ဘင်ကင်နင်က သမ္မာကျမ်းစာထဲမှ စာပိုဒ်တစ်ခုကို ပြပါသည်။
"ဘုရားသခင်က အစ္စရေးတိုင်းပြည်ကို တကွဲတပြားစီဖြစ်နေသော ဂျူးများနှင့် တည်ဆောက်ရမည့်အရေးမှာ သူ၏ တပည့်ဖြစ်သူ ဂျက်ကော့နှင့် သူ၏သားမြေးများ အစဉ်အဆက် လုပ်ဆောင်ရမည့်  ကိစ္စဖြစ်ပေသည်။"
အယ်ရီ ဘင်ကင်နင်သည် သမ္မာကျမ်းစာအုပ်ကို ချလိုက်၏။ ထို့ နောက်သူက ..
"ဝှိုက်ဟောမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ကို ကျုပ် စကားတခွန်း ပြောလိုက်ချင်ပါတယ်၊ သည်စကားမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကပြောပြီးသား စကားဖြစ်ပါတယ်၊ ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ "
ဟူ၏။
.....................
"ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ " ဟူုသော သတင်းပါပြီးနောက် မတ်ပါကားသည် ဂိုင်ဒီယွန်း စစ်ဆင်ရေး စခဲ့ပုံ အကြောင်းများကို ခရေစေ့တွင်းကျ အစမှပြန်၍ ဖော်ပြလိုက်လေသည်။ အယ်ရီ ဘင်ကင်နင်တို့ က မည်သို့ မည်ပုံ ဗြိတိသျှ ထရပ်ကားများ အသုံးချပုံများ ပါလာ၍ ဗြိတိသျှတို့ သည် နောက်တစ်ခါ ထပ်၍သိက္ခာကျပြန်၏။
မတ်၏ အကြံပေးချက်အရ အယ်ရီသည် ကမ္ဘာသတင်းထောက်များ အိပ်ဇိုးဒပ်ပေါ်သို့  တက်၍ သတင်းယူခွင့်ပြုလိုက်လေသည်။
ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်သို့ တိုးတိုးတိတ်တိတ် လေယာဉ်ဖြင့် ရောက်လာခဲ့လေသည်။ အစည်းအဝေးတစ်ခုပြီး တစ်ခုထိုင်ကြ၏။ အခုအချိန်မှ ထွက်ခွင့်ပေးလိုက်ပါက မဟာအရှက်တော်ကြီး ဖြန်းဖြန်းကွဲတော့မည်ဖြစ်၏။
.....................
(ဆက်တိုက် ဆက်လက် ဖော်ပြပါမည်)
မှတ်ချက်။ ။ ရုပ်ပုံများကို ဂူဂဲလ်မှ ရယူထားပါသည်။
မင်းဒင်ရေးသည်။

ကြောင်ချော့တေး


အနေမပျော် အခင်းဆွေး စာရင်း ထုတ်၊ ရွှေနားတော်သွင်း ဧချင်း တပုဒ် လို့ သာ မှတ် ပေ တော့ ကြောင်ကလေးတွေရေ့။ ဘာလိုလိုနဲ့  မင်းတို့  ငါ့အိမ်ကနေ အစအန ပျောက်သွားတာ ဆယ်ရက်တောင် ကျော်ပြီဟေ့  ..။
မင်းတို့  မောင်နှမ သုံးယောက် ပျောက်သွားတဲ့  နေ့ကစပြီး တကယ့်ကို တနေ့ မှ မေ့မရဘူးကွာ။ ငါ့ကိုယ်ငါ တောင် အံ့သြမိပါရဲ့ ။ အေးလေ။ မင်းတို့ လို တလသား ကြောင်ပေါက်စလေးတွေကို ငါက မမေ့စရာ ဘာအကြောင်းမှ မရှိတာ။ နောက် ငါကလည်း ခွေးတို့ ကြောင်တို့  ချစ်တတ်တဲ့ကောင် မဟုတ်ဘူးလေ။
ဒါပေမဲ့  ငါ့ကို ဒုက္ခပေးနေတာ ငါ့စိတ်ကွ။ မင်းတို့ များ ငါ့ ကို အထင်လွဲ သွားလေသလား၊ ဝဋ်ကြွေးတုန့် ငင်၊ တင်ကျန်လေမလား..။ တွေးတွေး နေမိလို့။
အထင်လွဲမယ်ဆိုလည်း လွဲစရာပဲကွာ။ မင်းတို့ မောင်နှမတွေ နဲ့  ငါ့လူတွေ ရုန်းရင်းဆန်ခတ်ဖြစ် သွားတာကလည်း နည်းနည်းတော့ ပွဲကြမ်းသွားတယ်ထင်ပါရဲ့။ အဲဒါ မင်းတို့ နဲ့  ငါ နောက်ဆုံးတွေ့ လိုက်တဲ့  ညပဲကွ။
..........................
မင်းတို့ ထင်သလောက် ငါမရိုင်းပါဘူးကွာ။ မယုံရင် မင်းတို့ အမေကိုသာ မေးကြည့်ပေတော့ကွာ။ တကယ်ဆို မင်းတို့ အမေကလည်း ငါ့အိမ်မှာ နေတာ မဟုတ်ပါဘူး။ ဘေး ချင်းကပ် ဆွီဒင်ကြီး အိမ် ကကွ။ မင်းအဖေက ငါ့မျက်စောင်းထိုး အိမ်၊ ထိုင်း အဘိုးကြီး အဘွားကြီး လင် မယားအိမ်က။ဘယ်လို လုပ် ငါ့အိမ်မှာ လာပြီး နဖူးစာ အိမ်လည် ကြသလဲ မပြော တတ် တော့ ပါဘူး။
ပြီးခဲ့တဲ့  နှစ်ဆန်းပိုင်းက မင်းအမေနဲ့ မင်းအမေ ညည ချိန်းတွေပြီး ငါ့အိမ်မှာ ဗြောင်းဆန် အောင် ပလူးခဲ့ ကြတာ ငါတောင် အိပ်ကောင်းခြင်း မအိပ်ရတဲ့  ညတွေ အများကြီးပါ။ ဒီလိုကွ။ မင်းအမေကို မင်းအဖေက စ ရစ်တော့ အစပိုင်းမှာ မင်းအမေက ငြင်းပုံရတယ်။ ဝုန်းဒိုင်းကို ကြဲနေတာပဲ။ နောက်ပိုင်း မင်းအဖေကပဲ အတင်းအဓမ္မ နသားပါရ လုပ်လေသလား။ မင်းအမေ က ပဲ အလိုတူကြည်ဖြူ လေသလား။ ဒါတော့  ငါလည်း ရှင်းမပြ တတ် တာ အမှန်။ မင်းတို့  မွေးလာမှ အော်...။ သူတို့  အဆင်ပြေသွားကြသကိုး လို့ သိတာ။
အေးပါ။ ဒါ မင်းတို့် ကလေးတွေကိစ္စ မဟုတ်ပါဘူး။ အခုပြောပြနေတာက မင်းတို့ သိသင့်တယ်ထင်လို့  နည်းနည်း နောက်ကြောင်းပြန်ပြတာ။ ဒါမှ ငါ့ စိတ်ကို မင်းတို့ ခန့် မှန်းနိုင်မယ်လေ။
.........................

အမှန်အတိုင်းပြောရရင် မင်းတို့ အမေ ကိုယ်လေးလက်ဝန် ဖြစ်နေလည်း ငါမသိလိုက်ဘူး။ ငါလည်း ငါ့အလုပ်နဲ့  ငါ ရှုပ်နေတာ။ ရှုပ်နေတဲ့ ငါ့ အလုပ် ဆိုတာက .. သက်ခိုင်ဆိုတဲ့  ငါ့သူငယ်ချင်း တယောက်အကြောင်းကို အင်တာနက်မှာ ရေးရေးနေလို့ ။ ထားလိုက်ပါကွာ။ ဒါလည်း မင်းတို့နဲ့  မဆိုင်ပါဘူး။
လွန်ခဲ့တဲ့  တလကျော်လောက်ပေါ့ကွာ။ မင်းတို့  မီးတွင်း ထဲမှာ ရှိတုန်းပေါ့ ။ မီးတွင်းဆိုတာ မီးဖွားတာ တပါတ်မပြည့်သေးတာကို ပြောတာကွ။
ဆရာ ..။ အိမ်မှာ ကြောင်လေးတွေ ပေါက်နေပြီ ...။
ဆိုပြီး ငါ့အိမ်မှာနေတဲ့  မောင်ဖြိုးဆိုတဲ့ ချာတိတ်လေး .. ငါ့ကို လာပြောမှ မင်းတို့ မိသားစု ကို ငါသတိပြုမိတာ။ မင်းအမေက တော်တော်လည်တာပဲကွ။ မင်းတို့  မွေးဖို့မီးနေခန်းကို ငါ့ဘုရားစင် နောက်မှာ လာရွေးသတဲ့ကွာ။ တမျိုးလည်း အန္တရာယ် ကင်းတာပဲကွ။ ဘုရားစင်နောက်ဆိုတော့ တွေ့ တဲ့ လူက ရုတ်တရက် ဒေါသ မထွက်နိုင်ဘူး၊ ရန်မပြုနိုင်ဘူးပေါ့။ မင်းတို့ ကြောင်ဘဝ ရောက်တာ ငါသိတော့ မင်းတို့ ဘာသာ မင်းတို့ နေ၊ ငါ့အလုပ်ငါလုပ် ပဲလို့ အစက သဘောထားခဲ့တာလည်း အမှန်ကွ။ အပ်ကြောင်းထပ်တယ်တော့ မထင်ပါနဲ့။ ငါက ခွေးတွေ ကြောင်တွေ ချစ်တတ်တဲ့  အထဲ တော့ မပါဘူးကွာ၊ ဒါပေမဲ့  မင်းတို့ မိသားစု ကို ငါ ကိုယ်ချင်း စာပါတယ်။ မင်းတို့  ငါ့အိမ်ရောက်နေသလို ငါ လည်း သူများနိုင်ငံ ရောက်နေတာပါပဲ။ ပိုဆိုးတာက အခု ငါ ရောက်တဲ့  ထိုင်းဆိုတာက ငါမွေးခဲ့တဲ့  မြန်မာပြည်နဲ့  ဟိုးရှေးရှေးတုန်း ကတည်းက ရန်ဘက်ကွ၊
.........................
ဒို့ မြန်မာဘုရင် အလောင်းဘုရား၊ ဘုရင့်နောင် တို့ လက်ထက်တွေတုန်းက ထိုင်းတွေကို ဟိုဒင်းကို ဟိုဒင်း နိုင်သလိုကို နိုင်ခဲ့တယ် ဆိုပဲကွာ။ ထိုင်းဆို တာ မြန်မာတွေ နိုင်ဖတ်။ ထိုင်းတွေက အမြဲတမ်း ခံဖက်က။ အခု ဒို့  နေတဲ့  ဖူးခက်မြို့ ကို ဝင်တဲ့  လမ်းမကြီးပေါ်မှာ ကျောက်တိုင်ကြီးတခု ရှိလေရဲ့ ။
အဲဒီ ကျောက်တိုင်ထိပ်က ဓားကိုင်ထားတဲ့ မိန်းမရုပ်တု နှစ်ခုဟာ မြန်မာဘုရင် ကျူးကျော်တာကို ရွံ့ရွံ့ချွံချွံတွန်းလှန်ခဲ့တဲ့  ဖူးခက်သူ ထိုင်း အမျိုးသမီး သူရဲကောင်းတွေတဲ့ကွ။ ထိုင်းလိုတော့ အနုစာဝါရီတဲ့ ။ ဒို့  မြန်မာတွေကတော့ အမြင်ကတ်လေသလား မပြောတတ်ဘူး။ အရုပ်နှစ်ကောင်လို့  ခေါ်ကြလေရဲ့။ ဖူးခက်က မြန်မာအလုပ်သမားတွေ ကတော့  အဲဒီမိန်းမတွေဟာ မြန်မာဘုရင် အလောင်းဘုရားကို တွန်းလှန်ခဲ့ ကြတာ ဆိုပြီး ရမ်းတုတ်နေတာကွ။ စာတတ်တဲ့  ထိုင်းတယောက်ကို ငါ သေချာမေးတော့ ဆင်ဖြူရှင်လို့ ပြောပါသကွာ။
အမှန်က ထိုင်းကို ရောက်တဲ့  မြန်မာတွေက မရှိတော့ တဲ့  ဇာတိမာန်ကို ကျားပိန်တွယ်တွယ်ပြီး ရမ်းတုတ် မှန်းတုတ် ရာဇဝင်တွေနဲ့ အားတင်းနေကြ တာပါ ကွာ။
တကယ်တော့ အလောင်းဘုရား က ထိုင်းကို မြန်မာ သက္ကရာဇ် ၁၁၂၁ ခုနှစ် မှာ တိုက်ရုံသာ တိုက်ခဲ့ တာ အောင်မသွားရှာဘူး။ ဆင်ဖြူရှင်ဆိုတာ အလောင်းဘုရားရဲ့ ဒုတိယ အကြီးဆုံးသား။ နောင်တော်ကြီးရဲ့ ညီ။ အလောင်းဘုရား ကွယ်လွန်တော့ နောင်တော်ကြီး နန်းတက်တယ်။ နောင်တော်ကြီးက လေးနှစ်လောက်ပဲ နန်းသက် ရှိတယ်။ နောင်တော်ကြီး မရှိတော့  မြေဒူးမင်းသားက ဆင်ဖြူရှင်ဘွဲ့ နဲ့  ၁၁၂၅ ခုနှစ်မှာ နန်းတက် တာ ပါကွာ။ နန်းသက် နှစ်နှစ်ရှိတော့ နေပြည်တော်ကို ရွှေဘိုကနေ အင်းဝကိုပြောင်းခဲ့တာ သူပေါ့။
အမယ်..။ ဆင်ဖြူရှင်က အာယုဒ္ဓယလို့ ခေါ်တဲ့  ထိုင်းနေပြည်တော်ကို တနှစ်နဲ့ လေးလတောင် ဝိုင်းပြီးပိတ်ဆို့  ထားတာ နောက်ဆုံး ဥမင်လိုဏ်ခေါင်းတွေ တူးပြီး သိမ်းရတာတဲ့ ကွ။
ဆင်ဖြူရှင်က ဘယ်လိုလုပ် အခုငါတို့ နေတဲ့  ဖူးခက်ကို ရောက်လာခဲ့သလဲ ငါလည်းသေချာ မသိပါဘူးကွ။ စစ်နိုင်တော့  ခြေရှည်တယ် ထင်ပါ့ ..။
...................

အော်..။ လူမှာလည်း လူ့ သမိုင်းရှိသလို မင်းတို့ ကြောင်တွေမှာလည်း ကြောင်ရာဇဝင် ရှိပါသကွာ။ မင်းတို့ ကြောင်တွေက ဟိုတုန်းက ကျားတွေရဲ့ ဆရာတဲ့ကွ။ အေးလေ။ ကျားဆရာ ကြောင်ဆိုတဲ့ စကားပုံတောင် ရှိသေး။ တကယ့် အကောင်ကြီးကြီး အဝါအနက် အစင်းကြားကြီးနဲ့  မင်းတို့ ခန္ဓာ ကိုယ် အကြီးစား ကျားဆိုတဲ့  ကောင်တွေလေ။ ကျားဆိုတဲ့  မောင်တွေ က အကောင်သာ ကြီးတယ် ပညာ ကျ တော့ မင်းတို့  အနွယ်တွေ လောက် မစွံဘူး ဆိုပဲ။ အသားစားတဲ့  အကောင်ကြီးတွေ အမဲ မလိုက်တတ်တော့  ငတ်ပေါက်ကြုံပြီး မင်းတို့ အဖိုးအဖွား တွေဆီမှာ အဲဒီကျားတွေက ပညာသင်ခဲ့  ရတာတဲ့ ။ ခုန်ပျံကျော်လွှား တာ ခြေသံလုံအောင် လျှောက်တာတွေကအစ သင်ခန်း စာတော်တော်များများကို ပို့ ချ ခဲ့တာတဲ့။ နောက်ဆုံးတော့  အမြီးကို ဘယ်လို ထိန်းရတယ် ဆိုတဲ့  သင်ခန်းစာကို မင်းတို့  ဘိုးဘွားတွေက ဆရာစား ချန်ခဲ့ လို့  ကျား တွေက ရာဇဝင် စဉ်ဆက် အခဲမကြေဘဲ၊ မင်း တို့  ကိုတွေ့ ရာ သင်္ချိုင်း ဓားမဆိုင်းလက်တုန့် ပြန်မယ် ကြိမ်းထားခဲ့ ကြသတဲ့။ မင်းတို့ ဆွေစဉ် မျိုးဆက်ကလည်း .. ငါတို့ ကို ရှာတွေ့ ဖို့ မပြော နဲ့  ငါတို့ စွန့် တဲ့ မစင်တောင် မတွေ့ စေ ရ ဘူး ဆိုပြီး ချဲလင့် ပြန်လုပ်ခဲ့ တယ် ဆိုပဲကွာ။
အမှန်တော့ကွာ။ ဆရာတပည့်  ပြေပြေလည်လည် မညှိနှိုင်းပဲ ရန်ကြွေးကို သားစဉ်မျိုးဆက် သယ်လာတာလည်း ကောင်းတဲ့  အလုပ်တော့ မဟုတ်ပါဘူး။
............
ငါနဲ့  မင်းတို့ မောင်နှမတွေ အထင်အမြင်လွဲ စရာဖြစ်ရတာ မင်းတို့ ကြောင်ရာဇဝင်နဲ့  တောင် လာဆက်စပ် နေသလို ပါပဲကွာ။
ဟုတ်တယ်ကွ။ အခုလို မင်းတို့ နဲ့ ငါ တို့ အကြားမှာ ပြဿနာဖြစ်ရတာက ရာဇဝင်ထဲက မစင်စွန့် နည်းနဲ့ ဆိုင်တယ်၊ မင်းတို့  အမေ က မင်းတို့ ငယ် သေး တော့ မစင်ဘယ်လို စွန့်  ရမယ်ဆိုတာ သင်မပေးသေးလို့ ။ ငါတို့  ကလည်း သဲနည်းနည်းကို ဇကောလေးထဲ ထည့်ပြီး မင်း တို့ ဇက်ကိုကိုင်။ မင်းတို့ ဖင် နဲ့  သဲဗန်းနဲ့ ဆောင့် ။ ဒီမှာ ပါ...။ ဒီမှာ ယို ...။ ဆိုပြီး ကျင့်မပေး ရသေးလို့  ဇာတ်တွေ မရှုပ်သင့်ပဲ ရှုပ်သွားတာကွ။ ဒါကို အစက ငါလည်း မသိပါဘူး။မင်းတို့ ဥစ္စာ က မခံစားနိုင်အောင် အနံ့  ဆိုးလွန်းလို့  တောင်မေးမြောက်မေးနဲ့  မေးမှသိတာ။
မင်းတို့  ကလည်း အကောင်သာငယ်တာ ပါတဲ့ မစင် က လေသင့်ရာမွှေး တော်တော်လေး ကို နံတာ ပဲကွာ၊ ဒါကြောင့် လူတွေက မင်းတို့  ပါတဲ့  ဟာ ကို သီချင်းတောင်လုပ်ဆို ကြတဲ့  အထိကွ။ ဘာတဲ့ ..။ ကြောင်ကို ဝမ်းနှုတ်ဆေးကျွေးမိသလို ကျွေးမိသလို ပျော့ပျော့လေးနဲ့  နံမဲ့  ပုံပေါ်တယ် တဲ့ ။
စာဖွဲ့  မယ်ဆိုလည်း ဖွဲ့ လောက်ပါရဲ့ ကွာ။ လေတင်လေညာ ဘယ်လိုမှ မခံသာအောင် မင်းတို့က ဖင်သရမ်းထားတော့ ငါလည်း နှစ်ဦးနှစ်ဖက် ကောင်းအောင် စီစဉ်ရတော့တာပေါ့၊ ဒါကို မင်းတို့က အကြောက်လွန်ပြီး အထင်လွဲသွားတာကွ။
.................

တကယ်ပါကွာ။ မင်းတို့  ကို ငါလိမ်စရာ မရှိပါဘူး။ ခက်တာက အဲဒီရုန်းရင်း ဆန်ခတ် ဖြစ်တဲ့  ညက မင်းအမေ ကလည်း မင်းတို့ နဲ့  အတူ ရှိမနေဘူး။မင်းအမေရှိနေရင် လည်း ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါကွာ။
အမှန်က မင်းတို့ ကို မစင်စွန့် နည်း သင်မလို့ ကွ။ ဒဲ့ဒိုးပြောရရင် ကြောင်ချေးပါနည်း ပေါ့ကွာ။ မင်း တို့ ကို သင်တန်းပေးဖို့  သဲကော ဗန်းပါ ရှာလာပြီးသား။ တလက်စတည်း မင်းတို့  တွေ့ ရာ လျောက်ပါထားတဲ့  အီအီးတွေ ပါကျုံးမလို့ ။
ပြဿနာဖြစ်မှ သူများလွှဲချတာတော့ မဟုတ်ဘူး။ပြည်ပန်းညို ချိုပါရက် ဆားဖျက်သလို လုပ် လိုက်တဲ့ အဓိက တရားခံက စံလွင်ဆိုတဲ့  မောင်ကွ။ သူက ငါနဲ့ ကျောင်းနေဘက် သူငယ်ချင်းပါကွာ။ သူ လည်း သူ့ ဘဝသူ့ အကြောင်းနဲ့ ငါ့ဆီ ဘယ်လိုလုပ် မျက်စေ့လည် လမ်းမှားလာသလဲ မပြော တတ်တော့ပါဘူး။ အခု သူက ငါဖွင့်ထားတဲ့  ဆိုင်က မန်နေဂျာ ဆိုပါတော့။ သူက ငါပြော သမျှ ဟုတ်ကဲ့။ မသိဘူး ဆိုတာချည်း ပြောနေတတ် တဲ့ မောင်။
.................
အဲဒီညက ကြောင်လေး တွေကို ချေးပါနည်း သင်ရအောင်၊ ၊ကြောင်ချေး စစ်ဆင်ရေး လုပ် ရအောင် လာခဲ့ပါ ဆိုတော့ ချီတက်လာ လိုက် ကြတာ... သူကော သူ့  မိန်းမ ကော၊ အောင်ချိုဆိုတဲ့ ချာတိတ်ကော၊ အိမ်က မောင်ဖြိုးနဲ့  ပါဆို လေးယောက်တောင်။
နောက်တော့  ကြည့်အုံး။ စံလွင့်မိန်းမ ကလည်း ကြောင်ချေးဆိုတာ အသံကြားတာနဲ့  ဘီလူး သံပုရာသီး ကိုက်ထားတဲ့ ရုပ်နဲ့ ။ အောင်ချို ကလည်း အာဏာပါးကွက်သား ပုံစံ။ စံလွင်က မင်းတို့ ကို ဒိုင်ဗင်ထိုး ဖမ်းတယ်။ အောင်ချိုက တံမြက်စည်းတချောင်းနဲ့  ရိုက် မယ်နှက်မယ် ဆိုတဲ့  ဒီဇိုင်း။ မောင်ဖြိုး ကလည်း အားပေးကူညီ အမှုတွဲ အိုက်တင်နဲ့ ။
ကြောင်ချေးကျုံးပြီး ကြောင်ကို အပေါ်ထပ်ကနေ အောက်ထပ် ကို ရွှေ့တာများကွာ တိုင်း ပြည်ပျက်သလို ဟိုအတန်း ပုလိပ်ဝင်သလိုပါပဲ။ အမှန်က မင်းတို့ ဂုတ်ကို အသာလေး ဆွဲ ပြီး ကိုင်လိုက်ရင် ပြီးပါတယ်။ အခုဟာက အမဲဖျက်သလို ကြောင်သတ်ပွဲလို ဖြစ်ကုန်တော့  မင်းတို့ လည်း ဟိုချောင်၊ ဒီချောင် ဂျက်ဆီဂျိန်း လိုက်တာ ပွဲက ဆူသထက် ဆူကုန်တော့တာပေါ့။
...............
မင်းတို့ မောင်နှမတတွေ ဘီဒိုအောက် ပြေးပုန်းတဲ့ ကောင်က ပုန်း၊ အဲယားကွန်းနောက် ဝင်တဲ့ ကောင်ဝင်၊ ခံကိုက်တဲ့ ကောင်ကကိုက်။ စံလွင်လည်း ဒဏ်ရာရ။ မင်းတို့ လည်း လန့် မသေတာ ကံကောင်း။ ဇာတ်ကတော့  တကယ့်ကို ရှုပ်ကုန်တာပဲ ကွာ။ နာရီဝက်လောက်နေမှ သမ္မတလူကြမ်းတွေက မင်းတို့ မောင်နှမ သုံးကောင်ကို အောက်ထပ်ရွှေ့နိုင်တော့ သဟေ့။
မင်းတို့ ကလည်း မင်းတို့ အမေ ပြန်လာတော့  တန်းစီဝိုင်းတိုင်ကြမှာပေါ့။
အမေရယ် ..။ ဒီလူတွေ လူယုတ်မာတွေ အမေရဲ့ ။ ကျနော်တို့ မောင်နှမ ကြောင်ပေါက်လေး သုံးကောင်ကို သတ်မဲ့ ဖြတ်မဲ့ ပုံတွေနဲ့ ဗျ။ ဘီလူးသဘက် စီးနေသလား မှတ်ရတယ်။အဖွဲ့  လိုက်ကို အကြမ်းဖက်ကြတာဗျ..ပေါ့ ။
မင်းတို့ ညီမ လေးကလည်း ....
အမယ်လေး မာမီရယ် ..။ သမီးတော့ အခုထိ ရင်တွေပန်းတွေ တုန်တုန်း။ သမီး သိပ် ကြောက်တယ် မာမီရယ်။ သမီးကို ချစ်ရင် ဒီလူရမ်းကားတွေ အိမ်မှာ ဆက်မနေ ပါနဲ့ ။ လူတွေ ဖြစ်ပြီး လူစိတ်မရှိတဲ့ သူတွေ....မာမီ ရယ်။
..... လုပ်မှာပဲ ပေါ့ကွာ..။
အေးကွာ။တကယ်ဆို ငါ့အပြစ်လည်း ကင်းလှတယ်တော့  မဟုတ်ဘူး။ ဒီလောက် အကွပ် အကဲ ညံ့တဲ့  မောင်တွေကို ဒီလို စစ်ဆင်ရေးကို တာဝန်ပေးမိလို့ ပေါ့ကွာ။
မင်းတို့ အမေကလည်း မင်းတို့ တိုင်တာတောတာ ယုံပြီး မင်းတို့ ကို ဂုတ်ကနေ ကိုက်ချီပြီး ညတွင်း ချင်း ကို ပြောင်းသွားကြ ထင်ပါရဲ့ ကွာ။ မနက်မိုးလင်းတော့ ငါလိုက်ရှာ ပါသေးတယ်။ ငါတို့  လွန်သွားတာကို ပြန်ချော့ မလို့  ကွ၊ မင်းတို့ က နို့ ဆီ ကြိုက်တတ်တယ် မဟုတ် လား။ မင်းတို့ က တော့ ငါ့ ကို ခြေရာလည်း ပျောက် ရေလည်း နောက်အောင် ကို လုပ်သွားခဲ့တာကလား။ ဆွီဒင်ကြီး အိမ်ကို ပြန်လေသလား၊ ထိုင်းအဘိုးကြီး အဘွားကြီး အိမ်ကိုပဲ မြန်းလေသလား။ အစအနကို ရှာမရတော့ပါဘူးကွာ။
.......................
ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း တယောက်တည်း နေလာတာ ကြာလို့ လား မသိဘူး။ မင်းတို့ ကို သံယောဇဉ် ဖြစ်သွားသလိုပဲ ကွ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့  နှစ်ပါတ် ဝန်းကျင် ည တ နာရီ လောက် ငါတရားထိုင်ပြီး ထွက် လာတော့ မင်းအမေက ငါ့ကို ပွတ်သီးပွတ်သပ် လာ လုပ်နေတယ်။
တရားထိုင်တယ် ဆိုတာကလည်း ကိုသက်ခိုင် ပြောလို့ ပါကွာ။ ဘာရယ်တော့ ဟုတ်တိပါတ်တိ မရှိလှပါဘူး။ ကိုသက်ခိုင် ကတော့ သူ့ နည်းနဲ့ သူ ဖြစ်ပျက်ကို မြင်တယ် ဆိုလားပဲ။ ငါကတော့  နှာသီးဝက လေတောင် အနိုင်နိုင် ဖမ်နေရတုန်းပါ။
ထူးထူးဆန်းဆန်း မကပ်စဖူး လာကပ်တဲ့ မင်းအမေရဲ့  အမူအယာကို ငါသဘောပေါက်တယ်ကွ။ သူ က ကျမကလေး တွေ နို့ ဆွဲလွန်းလို့  စားစရာလေး ဘာလေး ရှိရင် ကြည့်လုပ်အုံးလို့ ပြောတာကွ။ အစတော့  ငါလည်း မျက်နှာလွှဲလိုက်မလို့ ။ နောက်ပြန်စဉ်းစား ကြည့်တော့  ငါတို့ လူ တွေကသာ ဆဲဗင်းအလဲဗင်း မှာ နှစ်ဆယ့်လေးနာရီ ထွက်ဝယ်လို့  ရတာ မင်းအမေက မင်းတို့ ကို ထားပြီး ဘယ်မှာ ဘာထွက်ရှာမလဲ။ ကြည့် ..။ အချိန် က လည်း ညတစ်နာရီလေ။
ဒါနဲ့  မင်းတို့ နဲ့ ဘာများသင့်တော်မလဲ စဉ်းစားတယ်။နောက် ငါနဲ့ မောင်ဖြိုး မနက်ဖက် လက်ဖက်ဖျော်သောက်တဲ့  နို့ ဆီဗူးထဲ က တဝက်လောက် ကို အချိုပန်း ကန်အောက်ခံပြားထဲ ထည့်ပြီး တိုက်လိုက်တော့တာပဲကွာ။
အေးလေ။ မင်းတို့ မောင်နှမ သုံးကောင်က အစတော့ ခပ်လှမ်းလှမ်းက အခြေအနေ အကဲ ခတ်နေပြီး မင်းတို့ အမေလည်း လေးငါးခါ လျက်ပြီးရော မင်းတို့ လည်း ဝိုင်းတွယ်ကြရော။
နောက်ရက် တွေလည်း မင်းတို့ ကလည်း ငါ့တွေ့ တာနဲ့  တညောင်ညောင်နဲ့  နို့ ဆီခွဲ တမ်း တောင်းတော့ တာပဲလေ။ ငါ ချတိုက်တာ များပြီး အန်ထွက် ကုန်တာတောင် ရှိသေး။
အော် ..။ ကြံဖန်ပြီး ဂုဏ်ဖော်တာ မဟုတ်ရပါဘူး။ ငါမှာလည်း သံယောဇဉ် ဆိုတာ ရှိတယ်လို့ ပြောချင်တာက အဓိကပါ။
.......................

ဝဋ်မှာ အမြဲငရဲမှာ အပ တဲ့ ။ ဝဋ်ဆိုတာတော့  ကြောက်သဟေ့။
မြန်မာရှေးဘုရင်တွေ လုပ်ချင်ရာလုပ်ခဲ့ တာ ငါတို့ လက်ထက်မှာ ကောင်း ကောင်းကြီး ဝဋ်လည်နေ တော့ တာပဲ။ မြန်မာပြည် မှာ ဘယ်လိုမှ ရှာဖွေ စားသောက်လို့ မရတဲ့  အဆုံး နယ်စုံက မြန်မာပြည်ဖွား တိုင်းရင်းသား မျိုးစုံ ဟာ ထိုင်းကို ရောက်လာပြီး ထိုင်းတွေ မလုပ်ချင်တဲ့  အလုပ်ကြမ်း မှန်သမျှ လုပ်နေကြရပြီကွ။ တိုတိုပြောရရင် မြန်မာတွေက ထိုင်းတွေရဲ့  ကျွန် ပြန်ဖြစ်နေတယ် ဆိုပါတော့ကွာ။ မင်းတို့ အိမ်ပြောင်းတာ တို့ မြန်မာတွေနေရာရွှေ့ နိုင်ငံကူးပြီး အလုပ်လုပ်ရသလောက်တော့  မဆိုးသေးဘူး ကွ။
မြန်မာ အလုပ်သမားတွေက ကျွန်လာခံတယ် ဆိုတာတောင် လာရေးသွားရေးက မလွယ်လှဘူး မောင်။ နှစ်နိုင်ငံ နယ်စပ်ကိုကျော်ဖို့  နှစ်နိုင်ငံလုံးက ပိုင်ရာ ဆိုင်ရာတွေကို တံစိုး လက်ဆောင် လိုင်းကြေး လမ်းခင်းပြီး လာကြရတာ။ မင်းတို့ မမွေးခင် တနှစ်ကျော်လောက် က ရနောင်းကနေ ဖူးခက်ကို အလုံပိတ် အအေးခန်း ကားထဲမှာ မြန်မာအလုပ်သမား တရာကျော် တင်လာလိုက်တာ လေအေးစက် ခလုပ်မဖွင့်မိလို့  ငါးဆယ့်လေး ယောက် တောင် မချိ မဆန့် အသက်ထွက် ကုန်ကြပါပကော။ မင်းတို့ ကြီးရင် မြို့ ထဲရောက်ရင် မြင်ပါ လိမ့်မယ် ဗျာ။ တကယ့်မိုးထိ တိုက်တွေ ပြည့်နေတဲ့  မြို့ကြီးမှာ မဒမတိုင်မျောတိုင်တွေ နဲ့  သွပ်ပြားဟောင်း မိုးထားတဲ့  ယာယီတဲတွေဟာ မြန်မာအလုပ်သမား စံနန်းတော်တွေ ပေါ့။
.......................
တို့ မြန်မာနိုင်ငံက အစိုးရမင်းများကိုလည်း တို့ က ဘယ်ဘဝက များ ဘာတွေ ငြိုငြင်အောင် ဘယ်လောက် လုပ်ခဲ့ မိသလဲ ဇာတိဿရ ဥာဏ်မရတော့ မပြောတတ်ဘူး။ အခုကာလတော့ကွာ။ တတိုင်းပြည်လုံးကို အိုးကင်းထဲ ထည့်လှော်တာထက်တောင် ဆိုးသေး။ လူထုလက်ခံတဲ့  အတိုက်အခံ ခေါင်းဆောင်ကို လူအုပ်ကြီးနဲ့ ချောင်း ရိုက်လိုရိုက်။ အမြင်မတော်လွန်းလို့  မေတ္တာပို့ မိပါတယ်၊ သက်ကြီးဝါကြီး ဘုန်းတော်ကြီးရော သီလ ရှင် ပါ မချန် လူမိုက်ဂိုဏ်း ကိုရိုက်ခိုင်း။ မသေပဲ ကျန်တဲ့ သူတွေကို ထောင်ထဲထည့်၊ လူ့ ဘဝ နှစ်ဘဝ စာလောက် ထောင်ဒါဏ် တွေချ။ ခေါင်းငံုံ့ပြီး ငြိမ်မခံတတ်
လို့ ကတော့  ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဒုက္ခရောက်ပြီ သာမှတ်ဆိုတဲ့ အချိန်ပါပဲကွာ။
ငါတောင် မြန်မာပြည်မှာ မတောင့်မတ နေနိုင်ပါ ရက်ကနဲ့  ဖူးခက်မှာ လာသောင်တင်ပြီး သောင်ပြင်ကမောင်လို ဝဋ်ပြန်လည်နေ လေရဲ့ ။ ကိုသက်ခိုင် ပြောတာတော့  သံသရာ ဆိုတာတကယ် ရှိ...တာသူယုံတယ် ဆိုပဲ။
အဲဒီ သံသရာတို့  ဝဋ်တို့ ဆိုတာတွေကြောင့်  ငါဒီလောက် လေကြောရှည်နေတာပေါ့ ကွ။
.....................
မင်းတို့ သာ အမြီးနဲ့ ဖုန်လုံးတောင် မမြင်ရတော့တာ မင်းတို့ အမေတော့ ငါ့ အိမ်ဘက် လာ လာနေတုန်းကွ။ ငါလည်း မျက်နှာပူနေတော့  မင်းတို့ သတင်း မေးရမှာ နည်းနည်းတော့  ရှိန် နေသလိုပဲ။အေးလေ။ဒါကြောင့် မင်းတို့ မောင်နှမ ကို ပြောပါရစေ။
....................
အဲဒီနေ့ က အဖြစ်အပျက် နဲ့ ပါတ်သက်လို့ မင်းတို့  မောင်နှမတွေ မလိမ္မာ တခါ မိုက် တဲ့  ငါတို့ လူမိုက်တွေကို ဗွေမယူပါနဲ့ ။ ရန်ငြိုးရန်ကြွေး ဝဋ်ကြွေး ဆိုတာမျိုး ဖြစ်အောင် ဘယ်ဘဝမှသယ် မသွားကြပါနဲ့ ။ ဒီဘဝမှာ တင်ကျေအေးကြပါကွာ။ မင်းတို့ သတင်း ကိုလည်း ငါ အမြဲနား စွင့် လျက် ပါ။ မင်း
တို့ များ ပြန်လာခဲ့ ရင် ဖူးခက် ပါတောင်ကမ်းခြေက အရှေ့ တောင်အာရှမှာ အကြီးဆုံး ကုန်တိုက် ဆိုတဲ့  ဂျန်စီလွန် က နေ မင်းတို့  ကြိုက်တတ်တဲ့  နောက်ဆုံးပေါ် အစာမှန်သမျှ ဘယ်လောက် ဈေးကြီးကြီး ၊ တလ စာ လောက်ကြိုဝယ်ထားပြီး မင်းတို့ ကို အမုန်းကျွေးဖို့ လည်း စိတ်ပိုင်း ဖြတ်ထားကြောင်း ပါကွာ။ နောက်နောင် ကြောင်ရော ခွေး ပါ... ငါ ချစ်ပါတော့မယ် ဆိုတဲ့  ကတိကိုလည်း ပေးပါသကွာ။ နောက်ဆုံးစကားကုန်ကုန် ပြောရရင် ငါ့အိမ်မှာ ပြန်မနေကြရင်တောင်အဝင်အထွက် လောက်တော့  လုပ်ကြကွာ။
အေးကွာ ......။ ပြောနေရင်းတောင် မင်းတို့ မောင်နှမတွေ ငါ့ကို ကြည့်ခဲ့ဖူးတဲ့ မျက်လုံး လေးတွေ မင်းတို့ အော်အော် နေတဲ့  တညောင်ညောင် အသံလေးတွေ ကို မြင်နေကြားနေ ပါရဲ့ ။
....................
အော် ..။ နေဦး။ ဖွဟဲ့  လွဲပါစေ။ ဖယ်ပါစေ။ မင်းတို့ အမေအဖေ အဘိုးအဘွားတွေဟာ ငါ တို့လိုပဲ မြန်မာပြည်ပေါက်တွေတော့  မဖြစ်ပါစေနဲ့ ဆု တောင်းတယ် ကွာ။ မတော်တဆများ ဖြစ်နေခဲ့  ရင် ငါတော့  မြန်မာပြည် ဒီမိုကရေစီ ရလို့  ပြန်တော်ပြန်ဝင် တဲ့ အခါ ဘယ်မြန်မာ ကြောင် မျက်နှာမှ ရဲရဲ ကြည့်ဝံ့တော့ မှာမဟုတ်လို့ ဟေ့..။
.......................
မင်းဒင်ရေးသည်။

ကျနော်နှင့်နက်ကျား၊ ဓားတောင်နှင့်မီးပင်လယ်


နက်ကျားသည် ကျနော့်အိမ်က ကြောင်မလေးဖြစ်ပါသည် ။ အဖြူနှင့်အနက်ကြားနေသော ကြောင်ကလေးဖြစ်၍ ကျနော်က နက်ကျားဟု အမည်သညာပြုထားသည်။ နက်ကျားကား ကျနော့်အိမ်ပေါက်ကြောင်ဖြစ်သည်။
နက်ကျား၏ အမေသည် တကိုယ်လုံးအနက်ရောင် ကြောင်နက်ဖြစ်၍ ထိုင်းရိုးရာ အစွဲအလန်းကြောင့် ဘေးအိမ်တို့ လက်မခံလေသလော မဆိုနိုင်ချေ။ ကျနော့်အိမ်မှာ လာ၍ သားပေါက်သည်။ သူတို့မွေးစဉ်ကသော် စုစုပေါင်း လေးကောင်ဖြစ်သည်။ အကြင်ကြောင် ပေါက်လေးကောင် ဖင်သရမ်းလွန်း၍ အနံ့ဆိုးကို မခံနိုင်သည့် အဆုံး ကြောင်ချေးပါနည်း သင်တန်းပေးရန်စီစဉ်သော တည၌ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ အကြောက်လွန်ကြကာ ကျနော့်အိမ်မှ ပြောင်းရွှေ့ပျောက်ကွယ်သွားကြသည်။ တလခန့်အကြာတွင် သူ့မိခင် ကြောင်နက်မကြီး နှင့်အတူ ပြန်ပေါက်ချလာပြီးမှ တကောင်ချင်းပြန်ပြန် ပျောက် သွားကြပြန် ရာ နက်ကျားမှာ နောက်ဆုံး ကျနော့်အိမ်တွင် နောက်ဆုံးသောင်တင်နေရစ်ကာ အိမ်ထောင်စု စာရင်းဝင် ဖြစ်လာခဲ့သည်။ နက်ကျားအမေကား နောက်ထပ် အိုးသစ်အိမ်သစ် ထူထောင် သွားခဲ့ပြီ။ နက်ကျားကို ပြန်လှည့်မကြည့်တော့။
………………………………….
တိရိစ္ဆာန်သဘာဝပေလော မဆိုနိုင် ။ နက်ကျားအမေသည် နက်ကျားကို ဂရုတစိုက်မရှိခဲ့ချေ။
နက်ကျာုး ငယ်စဉ်ကသော်၊ သူ့မိခင်က ကြောင်တို့တတ်အပ်သော အတတ်ပညာတို့ကို ရက်တိုသင်တန်းမျှ သင်ကြားပေးသည်ကို ကျနော်မြင်ခဲ့ဖူးသည်။ ခြံစည်းရိုးပေါ်သို့ ခုန်တက်နည်း၊ ထိုမှသည် ခုန်ချနည်း နှင့် ကျွန်တော့်ခြေထောက်ကို သူ့ခေါင်းနှင့် ပွတ်နည်း၊ ဤသုံးနည်းမျှသာ ကျနော့် စိတ်မှာ မှတ်မှတ်ထင်ထင်ရှိသည်။ ရက်တိုသင်တန်းကို နက်ကျား မကျေညက်သည်မှာ သေချာသည်။ အကြောင်းကား ကျနော့်ခြေထောက်ကို ပွတ်နည်း မှလွဲ၍ ကျန်နည်းတို့ကို ယခုထက်တိုင် နက်ကျား မကျွမ်းကျင်သောကြောင့်တည်း။
………………………………
အထီးကျန် သင်းကွဲကြောင် နက်ကျားဘဝကား မလုံခြုံလှချေ။ ဘေး ရှေ့ ဝဲယာအိမ်များမှ ဧရာမကြောင်ထီးကြီး များက တွေ့ရာနေရာမှာ ကိုက်သည်။ ကျနော်ရှေ့တွင်ပင် ဘေးအိမ် မှ ကြောင်ဝါကြီးလိုက်ကိုက် သည်ကို မြင်ဖူးသည်။ နက်ကျားမြောင်းကျဉ်းလေး ထဲသို့ခုန်ချ ထွက်ပြေးမြန်၍ သာလွတ်ခဲ့သည်။ တကြိမ်သော် ကြောင်ဝါကြီးလက်ချက်ကြောင့် ပင်ထင် သည်။ ဘယ်ချိန်က အကိုက်ခံထားရသည်မသိ ။အကိုက်ခံထားရသောပေါင်မှ ဒါဏ်ရာမှာ မြင်မကောင်းအောင် စုတ်ပြဲနေသည်။ ကြောင်မွေးကျင့်မရှိ၍ ကြောင်ပြုစုနည်း နိဿရည်း လုံးလုံးမသိရကား ကျနော်တတ်သမျှနည်းမှာ ဆနွင်းမှုန့် သိပ်ခြင်းသာ ဖြစ်လေရာ သည်လို နှင့်ပင် နက်ကျားဒဏ်ရာ ပျောက်ရသည်။
ထို့ကြောင့် နက်ကျားတကောင် ညည ခြံဝင်းမှာ ဆင်းမအိပ်ရဲ။ အိမ်ပေါ်မှာ ကျနော့်အနား ကပ်၍ တညောင်ညောင်လုပ်နေရရှာ
သည်။ ကျနော့်အိပ်ခန်းထဲမဝင်ရန် ရိုက်မောင်းပုတ်မောင်း လုပ်ထားမိ၍ အခန်းထဲမဝင်ရဲရှာပဲ အခန်းပြင်က တညောင်ညောင်လုပ်နေကျ။ ကျနော် အခန်း အပြင်ထွက်လိုက်သည်နှင့် တံခါးဝမှာ ငုတ်တုတ်တွေ့ရမြဲ။ ဤကား နက်ကျား၏ အိပ်ကောင်းခြင်း မအိပ်ရသော ဒုက္ခတည်း။
………………………………………..
ကျနော်ကား တောသားမြန်မာဖြစ်၍ ကြောင်စာကို ခေတ်မီကုန်တိုက်များမှ မရွေးတတ် ၊ မဝယ်တတ်ရကား ထမင်းနှင့်ဟင်းကိုနယ်၍သာ ကျွေးတတ်သည်။ နက်ကျားသည် သူ့စားခွက်ထဲက အစာကို ခွက်ထဲမှာ ထား၍ မစားရဲရှာ။ ခွက်နှင့်ဝေးရာကို တတုံးတလေ ဆွဲချီပြီး စားလေ့ရှိသည်။ အစတော့ ကျနော်“ ဒီကြောင် စားခွက်ထဲမှာမစားပဲ ဘာကြောင့် ညစ်ပတ်အောင်လုပ်ရသလဲ” ငြိုငြင်မိသည်။ သေချာလေ့လာမိမှ သိရသည်ကား ဘေးခြံက ကြောင်ကြီးများရုတ်တရက် အလစ်အငိုက် ဝင်ရောက်လာခါ အစာရော ကြောင်ပါ ဝင်ရောက် ကိုက်ဆွဲတတ်ခြင်းကြောင့်ရုတ်ခြည်းပေါ်လာတတ်သော အဆိုပါရန်မှ ရှောင်ရန်ပင်။ နက်ကျားကား စားကောင်း ခြင်း လည်း မစားနိုင်လေ။
…………………………………….
ကျနော်ခြံထဲသို့ဆင်း၍လမ်းလျောက်ချိန်သည် နက်ကျားလွတ်လပ်ရေးရချိန်ဖြစ်သည် ။ သစ်ပင်ကြားမှာ မြူးတူး ခုန်ပေါက်မည်။ မမှီမကမ်းသစ်ရွက်တို့ကို လှမ်းပုတ်သည်။ ဟိုမှ သည်မှ လှစ်ကနဲ လှစ်ကနဲ မျက်စေ့နောက်လောက်အောင် ပြေးလွှားသည်။ သူဘာကြောင့် မြူးနေမှန်း အစက ကျနော်မသိ။ ကျနော်ရှိနေ၍ အခြားကြောင်ကြီးများ မလာရဲသည့်အချိန် နက်ကျားတကောင် သတ္တိပြောင်ပြောင်လက်ခမောင်း ခတ်နေခြင်းဖြစ်သတည်း။
…………………………
ယခုကား နက်ကျား ကိုယ်ဝန်ဆောင်သည် ဘဝရောက်နေလေပြီ။ အလိုတူကြည်ဖြူ လေသည်လား အဓမ္မအနိုင်ကျင့်ခံရလေသည်လား၊ ကျနော်အတိအကျ မသိနိုင်ပါ။ အခြေအနေအရပ်ရပ်ကို ထောက်ချင့်ရသော် နက်ကျားခြံထဲဆင်းအိပ်သော အချိန်များမှာ ဝုန်းဝုန်းဒိုင်းဒိုင်း လိုက်တမ်း ပြေးတမ်းအသံများကြောင့် အသာတကြည်ကိစ္စတော့ မဖြစ် တန်ရာ။ ဤအမှုအရေးနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းရေးကော်မရှင် မဖွဲ့နိုင်သည် ဖြစ်ရာ သည်အတိုင်းသာ လက်ပိုက်ကြည့်နေလိုက်ရသည်။ ဤရက်ပိုင်း ကျနော့်ကို လာပြီး ပွတ်သီး ပွတ်သံလုပ်နေသည်မှာ သူ့မီးနေ သည်ဘဝအတွက် ကြိုတင် အသနားခံနေ ဟန်တကား။ ဤလည်း တဒုက္ခပေတကား။
………………………….
အချုပ်ဆိုရလျှင် နက်ကျားသည် ကြောင်ဖြစ်ပါလျက် ကြောင်တန်းစေ့ ဘဝမရရှာခဲ့ချေ။
ကြောင်ချင်းတူ သူချင်းမျှမျှ မနေရရှာချေ။ ထိုင်းဖွားကြောင်အများစုမှာ ကြောင်စဉ်မှီမှီ နေကြရသည်။ ဖျားနာသော် ကြောင်ဆေးခန်းတို့ လက်ညှိုးထိုးမလွှဲရှိသည်။ ထိုင်းကြောင် အများစုမှာ ကြောင်စာသီးသန့် သုံးဆောင်တော်မူကြသည်။ ထိုမျှမကသေး။ ကြောင်ရေချိုး ရာ တွင် သုံးသော ရှန်ပူ ။ ကြောင်ရေမွှေး။ ကြောင်ပိုးသတ်ဆေး။ ကြောင်အိပ်ရာ။ ကြောင် အသုံးအဆောင် အပြည်အစုံနှင့်အပြုအစုခံကြရသည် ဖြစ်ရာ ကြောင်ဘဝကိုအားကျ စရာ၊ ကြောင်ဖြစ်ရပါလို၏ ဟုပင် ဆုတောင်းချင်စိတ် ပေါ်လောက်သည်။
……………………………………..
ပြောမည့်သာ ပြောရသည် ။ ကျနော်လည်း ယခုပစ္စက အချိန်တွင် လူဖြစ်လျက် လူလိုနေရ သည်မဟုတ်ချေ။ သမိုင်း ထဲက ရန်ဖက်တိုင်းပြည်မှာ နက်ကျားနည်းတူ ကံကွက်ကြား၍ လာပြီးသောင်တင်နေရသည်။ ပြည်တော်ပြန်ရန်လည်း မဖြစ်နိုင်။ ဇာတိမြေနှင့်ဝေး နေရ ခြင်းကား ကြီးစွာသော ဆင်းရဲခြင်း ပေတည်း။ နတ်ဘုံနတ်နန်း တွင် နေရလင့် ကစား ကိုယ့်ရေကိုယ့်မြေနှင့် ကွေကွင်းရလျှင် ငရဲတမျိုးပေတည်း။ ကျနော်သည် နက်ကျားနှင့် ဘာထူး ပါ သနည်း။
……………………………………….

ကျနော်သည်ငွေကြေးအထိုက်အလျောက် ပြည့်စုံသူကား မှန်ပါ၏။ သို့သော် ထိုင်းရဲကား မြန်မာမှန်လျှင် တရားခံချည်း ဟူ၍ သဘောပိုက်လေရကား ကျနော့်ကို ပြဿနာ ရှာမရလျှင် ကျနော့် အလုပ်သမားတွေနှင့် ကျနော့် စားဝတ်နေရေးကို ဖြေရှင်းပေးနေသည့် ဈေးဆိုင်ကို ပြဿနာ ရှာမည်ကို စိုးရိမ်ရပေသေးရာ ဆိုင်အတွက်ရဲကြေးပေးနေရရုံမျှမက တွေ့သမျှ အိမ်လာသမျှ ရဲကို အရက်ဘီယာမျိုးစုံ ပေးရ ကမ်းရသည်။ မျက်နှာ ချိုသွေးရသည်။ အချိန်မရွေး ဝါးရမ်းနှင့်တမျိုး ဝါးရမ်းမပါဘဲ တသွယ် ဒုက္ခလာပေး မည့်နေ့ကို တကြောင့်ကျကျ ဖြစ်နေ ရသော ဘဝပင်တည်း ။
ထိုင်းအစာ ခပ်စပ်စပ်ကို ကျနော်မနှစ်မြို့သော်ငြား ကျိတ်မျိုချခဲ့သည့် အကြိမ်ပေါင်းမနည်း သည့် နည်းတူ အိမ်အနီးဘေးဘီဝန်းကျင်မှ ထိုင်းအသိမိတ်ဆွေတို့ပြောသမျှ သဘောကျကျ မကျကျ “ခပ်” “ခပ်” “ခပ်” တခပ်တည်းခပ်နေရသည်မှာလည်း ဝဋ်ဒုက္ခတမျိုးပေတည်း။ မည်သို့ပင်ဆိုစေ ကျနော့်ဘဝသည် တမြို့တည်းနေ မြန်မာအလုပ်သမားတို့၏ ဘဝနှင့် နှိုင်းစာပါလျှင်ကား လောကနိဗ္ဗာန်ဆိုနိုင်ပါသေး၏။
……………………………
မျိုးစုံသော အနိဌာရုံတို့တွင် ကျနော်တယောက်တည်း လောကနိဗ္ဗာန်တည်ဆောက်နေ၍ မဖြစ်ချေသေး။ ကျနော်နေထိုင်ရာ ဖူးခက်မှ ကျနော်နှင့်အနွယ်တူ ရွေ့ပြောင်း အလုပ် သမား များ၏ဘဝကား ကျနော့်ထက် အပုံကြီးဆိုး နေလေသေးသည် ။နိုင်ငံတကာ ဧည့်သည်တို့ ဥဒဟိုဝင်ထွက်နေ၍ ယဉ်ကျေးဖွံ့ဖြိုးလှသည်ဆိုလေသော ဖူးခက်လို မြို့ကြီး မှာပင် လျှင် မကြာသေးမီ ရက်ပိုင်းကပင် သူခိုးဟု မတရားစွပ်စွဲခံရသော မြန်မာလူငယ်တဦး ဥပဒေမဲ့ သေလုမတတ် အရိုက်ခံရ၍ ဆေးရုံတင်သည့် တိုင် ကျနော်အပါအဝင် မည်သည့် မြန်မာက မျှဝင်၍ စကားဟဟ အရေးမဆိုဝံ့ခဲ့ချေ။ တရားဝင်အလုပ်သမားဘတ်ရှိသော်ငြား အလုပ်ရှင် နာမည် မတူသည်ကို အကြောင်းပြ၍ ထိုင်းဘတ်ငွေတောင်းခံရသည့် ဒုက္ခသတင်း။ မြန်မာ အလုပ် သမား တို့၏ လုပ်အားခမရှင်းပဲ အလုပ်ရှင်က ထိုင်းရဲကို လက်တို့ကာ အချုပ်ထဲ ထည့်သည့် မကြားချင် စရာသတင်းတို့လည်း အပုံအပင်။ ဖူးခက်မြို့ အပါအဝင် ထိုင်းနိုင်ငံ တနံတလျား မြန်မာ အလုပ်သမားတို့လူဖြစ်ရှုံးရသည့် အဖြစ်တို့ကို စာဖြင့်စီကုံးလျှင် ကျမ်း ထူထူ အုပ်ရေသောင်းချီ ပေလိမ့်မည်။
………………………………………………….
အမှန်စင်စစ် မွေးရပ်မြေနှင့် အိုးမကွာအိမ်မကွာ နေထိုင်ကြရလေသော ကျနော်တို့ တိုင်းပြည်က လူထုသည်လည်း လူလိုနေကြရသည်မဟုတ်ချေ။မီးမှန်မှန်မလာသေး၍ ကျောက်ခေတ် လူသား တပိုင်းဘဝမှာသာ ရှိသေးသည် ။ ထင်ရှားသော ဥပမာကား နာဂစ်မုန်တိုင်း ကာလ မှာလူအများမှာ လူလိုပင်မသေနိုင်ခဲ့ကြချေ။လူသားတဦးကဲ့သို့ မိမိထင်မြင်ချက် ကို ထုတ်ဖော်ပြောခွင့်မရှိကြချေ။ ရေးသားခွင့်မရှိချေ။ လူအခွင့်အရေးဟူသည် အိပ်ရာဝင်ပုံပြင် အဖြစ်ပင် ထုတ်ဖော်ပြောခွင့်မရနိုင်ကြချေ။ တိုင်းပြည်ကောင်းစားစေလိုသူတို့ ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံတည်း။တကယ်တော့ ကျနော်တို့ ပြည်တွင်း က မြန်မာလူထုသည်လည်း ကိုယ့်အိမ်မှာကိုယ်နေရင်း ထောင်ကျနေသော အကျဉ်းသားများ နှင့် ကွာခြားလှသည်တော့မဟုတ်ချေ။
…………………………..
ပြည်တွင်းပြည်ပ မြန်မာတို့ကား လူဖြစ်ရှုံးသည့် ဒုက္ခကို မခံစားနိုင်သည့် အဆုံး အစိုးရ ကို မုန်းလွန်းသည်နှင့် မြန်မြန်ပြုတ်ပြီးရော သဘောနှင့် မီးလောင်ရေကြီး ပျက်စီးခြင်း ငါးပါးဆိုက် သည့် ပြည်တွင်းက အကုသိုလ်သတင်းကိုပင်ကြံဖန် ဝမ်းမြောက် နေတတ်ကြ လေပြီ။ လူဖြစ်ရှုံးခြင်း တမျိးပေတည်း ။ လူဟူသည်ကား အမင်္ဂလာသတင်းကို ကိုယ်ချင်းစာစုတ် သတ်ဝမ်းနည်း ရရိုး ဓမ္မတာ မဟုတ်လော။
………………..
ထိုမှတဖန် မြန်မာပြည်အုပ်စိုးသူတို့ ဘဝကိုစေ့ငုပါလျှင်လည်း အထက်တန်းကျကျ လူဖြစ်ရှုံး နေရခြင်းဟုပင် ကျနော်မြင်သည်။ သိက္ခာမဲ့သော လူ့ဘဝကား အထက်တွင်နေနေ အောက် တွင်လျောင်းလျောင်း နေပျော်သောဘဝမဟုတ်သည်ကား သေချာသည်။ တိုင်းပြည် ဘာဖြစ်ဖြစ် အာဏာလက်မလွှတ်ရလျှင်ပြီးရော စိတ်သဘောမွေးလေသည့် ဗိုလ်ချုပ်အုပ်စုကား သား တရားစီရင်ခန်း အရ ကြည့်လျှင် မိခင်အရင်းသည် သားငယ်ကို အသေခံ၍ အဓမ္မ တွန်းထိုး ဆွဲယူ နေသကဲ့သို့တည်း။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ မှတ်ယူခြင်း မရှိသည်မှာ ထင်ရှားသည်။ လူမိုက်အားကိုး မိတ်ဆွေမဖွဲ့အပ်သူ ကိုအဆွေခင်ပွန်းဖွဲ့ကာ တရုတ်နှင့်ပေါင်း မြောက်ကိုးရီးယားနှင့် ပလဲနံပသင့်နေခြင်းသည်ပင် မြန်မာ့အုပ်ချုပ်သူတို့လူ့အဝန်းအဝိုင်းနှင့် ဝေးနေခြင်းပင်တည်း။တနည်းလူဖြစ်လျက် လူတောမတိုး၊နိုင်ငံတခု အမည်ခံပါလျက် နိုင်ငံတကာတောမတိုး နိုင်သော အဖြစ်ပင်။
………………………………………
ဆယ်တန်း အောင် သည်နှင့် လူဖြစ်နိုင်ရန် လူတောတိုးနိုင်ရန် အလို့ငှာ၊ မြန်မာပညာတတ် လူငယ်တို့ လည်း မြန်မြန်ကြီးပွားလျှင်ပြီးရော စစ်ဆေးစစ်အင်ဂျင်နီယာကျောင်းတွေတက်ကာ စစ်ဝါဒ အမွေ ဆိုးကို ပျော်ပျော်ကြီး ဆက်ခံနေမြဲပင်။ ကွန်မြူနစ် စံနစ်စတင်သန္ဓေတည်ရာ နိုင်ငံကြီးသို့ ရောက်နေရခြင်း ပင်လျှင် ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာထင်မှတ်နေကြသော စစ်ဗိုလ်ငယ်တို့သာ ရှိကြလေသလော။ တိုင်းပြည်နှင့် လူမျိုးလူစဉ်မမှီ လူတောမတိုးသော ဘဝဖြင့်နေထိုင်နေကြရသည်ကို ကြည့်နေရင်း အနှစ်တရာ အသက်ရှည်ရသော်ငြား လူထု လူလိုနေရရေးအတွက်ရုန်းကန်တိုက်ပွဲဝင်ရဲသော စစ်သားဘဝဖြင့် တရက်အသက်ရှင် ရခြင်း က ပို၍ မြင့်မြတ်သေးသည်ဟူသော အယူအဆရှိသော မျိုးချစ်စစ်သည် တို့ မရှိကြ တော့ လေပြီလော။
…………………………………………
ပညာရေးဝန်ထမ်း၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းပါမကျန် ပြည်တွင်းက ဝန်ထမ်းအများ စုသည် လည်း စားပွဲအောက်က ငွေကိုမျှော်ကိုးကာ လူဘဝ၏ အနှစ်သာရသည် အသက်ရှင် ယုံသက် သက်တည်း ဟူသော ခံယူချက်ရှိကုန်ကြလေပြီ။ ထို့ထက်ဆိုးသော လူ့ဖြစ်ရှုံးခြင်း ဘယ်မှာ လျှင် ရှိပါတော့အံ့နည်း ။ဘယ်သူ့ကိုမှ၊ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်သော ငတေ လူမျိုး အဖြစ် ရောက်နေကြလေပြီ။ နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံသားတိုင်း ၊လူတန်းစေ့ အောင် လူစဉ်မှီ နေထိုင်နိုင်အောင် နည်းပညာ စီမံခန့်ခွဲမှုအတတ်ပညာ ပုံစံမျိုးစုံဖြင့် မီးကုန် ယမ်းကုန် အားထုတ်နေကြချိန်တွင် ကျနော့်တို့အဖြစ်ကား ကိုယ်တွင်းကိုယ်ယက်၊ ကိုယ့်သေတွင်းကိုယ် တူးနေကြသည်နှင့်သာ တူတော့သည်။ စစ်ဝါဒ စနစ်ဆိုးကြီးကို မဖြိုဖျက် နိုင်သေး သမျှ ကာလ ပတ်လုံး မြန်မာပြည်သည်လည်းကောင်း မြန်မာလူထုသည်လည်းကောင်း မြန်မာ အုပ်စိုး သူတို့ သည်လည်းကောင်း လူအဖြစ်နှင့်ဝေးသထက်ဝေး နေဦးမည်သာ ဖြစ်ပေသည်။
………………………………….

လူလိုနေနိုင်သော သဘာဝသယံဇာတ နှင့် လူ့အရင်း အမြစ် တို့ ရှိနေပါလျက် လူစဉ်မမှီ ရသော ကျနော့်ဇာတိ နိုင်ငံ၏ အဖြစ်ကား တွေးမိလေ ရင်နင့်ဖွယ်ကောင်းလေပင်။ မှန်ကင်း အစစ်က ထင်းဖြစ်နေသောဘဝများ အတွက် ကြေကွဲဖွယ် ကောင်းလေစွ။
လူလိုနေနိုင်ခြင်းပင်လျှင် ဒီမိုကရေစီပေလော။ ထိုသို့ဆိုပါမူ ကျနော်သည် ဒီမိုကရေစီကို သည်းစွာ တောင့်တ ပါ၏။ မြန်မာတဦး၏ လူ့သက်တမ်း ကြေးမုံသတင်းစာပါ နာရေးကို အခြေခံလျက် တွက်စစ်ပြရလျှင် ၇၀ နှစ်ဝန်းကျင်သာ ရှိသည်။ ထိုအသက်အပိုင်းငယ် လေးအတွင်း မဂ်တရားဖိုလ်တရား အားထုတ်ဖို့ မဆိုထားဘိ၊ နေစာညစာပင် နပ်မမှန်သော ပြည်သူတို့ကား အရှင်လတ်လတ် ငရဲအထပ်ထပ်က ဘဝမျိုးစုံတွင် နေသားကျလျက်ရှိပေပြီ။
အုပ်စိုးသူတို့ကားအိုရနာရသေရဦးမည်ကို ပင်မေ့လျော့ကာ ငွေနှင့်အာဏာသာ ရှိ၍ လူ့သိက္ခာ တပြားသားမှ မရှိသော ဘဝမရှိသောအဖြစ်ကြီးကို လောက နိဗ္ဗာန်နှင့်ယိုးမှား နေကြလေ ယောင်တကား။
………………………………….
ကြာညောင်းလှပြီ မဆိုနိုင်သေးသော သမိုင်းတလျှောက်လုံး မြန်မာကို မော်မကြည့်ရဲခဲ့သော ကျနော်နားခိုရာနိုင်ငံတွင်ပင် နိုင်ငံသား အများစုမှာလူအဖြစ်ကို ရနေကြလေပြီ။ ကျနော်တို့ တမျိုးသားလုံးတင်းပြည့်လူလိုနေနိုင်သော ဘဝရောက်အောင် ဓားတောင်ကို ကျော်၍ မီးပင် လယ်ကို ဖြတ်ရသော်လည်း ဖြတ်သင့်ဖြတ်ကောင်းသည်ဟုသာ ကျနော်ယူဆချင်တော့သည်။
။မေတ္တာပို့ခြင်းနည်းနာကား စစ်ဝါဒကို တိုက်ဖျက်ရာ၌ ဆေးကောင်းတလက်မဖြစ်နိုင်ခဲ့ကြောင်း မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီးလေပြီ။
ကျနော်တို့လူမျိုးကား သီးခံခွင့်လွှတ်ခြင်း တရားဘာဝနာပွားများခြင်းဖြင့် ငြိမ်း အေး မှုကို အတန်အသင့် ရှာနိုင်လေသော်ငြား ဆွေးနွေး စေ့စပ်ခြင်းမှသည် ဓားကိုဓားချင်း လှံကိုလှံချင်း အံတုန့်နှင်းဘို့ သာ ထိုက်သည်ဟု ကျနော်မြင်တော့သည်။
……………………………………………
ကြောင်ဖြစ်ရကျိုးမနပ်သော၊ကြောင်လိုမနေရသော ကြောင်ကလေး နက်ကျား ၏ဘဝကို ကြည့်၍ ကျနော့်အဖြစ် ကျနော့်လူမျိုး ကျနော့်တိုင်းပြည်အဖြစ်တို့နှင့် ချိန်ထိုးစဉ်းစားကာ ကျနော် လူလိုနေချင် စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာပါသည်။ ဒင်ပြည့်ကြပ်ပြည့်လူလိုမနေ ရသော ဘဝ၌ လောက စည်းစိမ်ဟူသမျှကား ရယ်ဖွယ်မျှသာ ဖြစ်ပေလိမ့်မည်။ ကျနော် မသေမီ စပ်ကြား ကာလ၌ လူလိုနေသွားချင်သေးသည်ကား သေချာလှပါသည်။ စစ်ဝါဒဆိုးကြီး လောင်းရိပ်မှ လွတ်မြောက်သည်၏ တနေ့၌ လူသားတဦး၏ ဂုဏ်သိက္ခာ အပြည့်ဖြင့် ကျနော့်မွေးရပ်ဇာတိရွာအနီးမှ ဖျောက်ဆိပ် ပင်ကြီးအောက်မှာ ဟိုင်ဖိုင်စံနစ်သုံး ကွန်ပြူတာ တလုံးဖြင့် ရေးလက်စ“သက်ခိုင် “ဇာတ်လမ်းရှည်ကြီးကို ဆက်ရေး ချင်ပါသေးသည်။
…………………………
ထိုအတွေးဤအတွေးတို့၏ အဆုံးတွင် လူ့ဘဝရောက်ခိုက်လူလိုနေရရေးနှင့်ကျနော်တို့ လူမျိုး၏ သစ္စာ အရောင် ၊ ဥာဏ်တန်ဆောင် သည် အနာဂတ် ကာလ၌် ပြောင်လျက်ဝင်းလျက် ကျန်စေရေးအတွက်၊ကျနော်သည် မူလဗီဇအခြေခံအားဖြင့် သတ္တိ၊ဗျတ္တိနည်းသည်ဆို နိုင်လေ ငြား၊ ဓားတောင်နှင့်မီးပင်လယ်ကို ထီမထင်သော စိတ်သဏ္ဍာန် သည် ကျနော့်ရင်တွင်းမှရုတ်ခြည်းလူးလွန့်နိုးထလာယောင်တကား။ ။
………………………
မင်းဒင်ရေးသည်။