Pages

ချစ်ခြင်းငယ်ပြိုင်


မြေကမ္ဘာတွင် သူသူငါငါမကင်းနိုင်လေသော ၊ လူ့ကမ္ဘာလူ့ရွာကို တည်ဆောက်ထားလေ သော “ အချစ်” ဟူသောဝေါဟာရနှင့် စကားချီး လိုက်သဖြင့် ထိတ်ကနဲရင်ဖို ကြပေလိမ့်မည်။ ဆန္ဒမစောကြပါလေနှင့်။ ခေတ္တငံ့စေလိုပါသည်။ ကျွန်ုပ်ဆို လတ္တံသော အချစ်အကြောင်းကား အပြာစာမျက်နှာကဲ့သို့ ညစ်ညမ်းသော တဏှာပေမအချစ်နှင့် လားလားမျှ မဆိုင်ချေ။ ထို့အတူအအဖိုးနှင့်အဖွား အဖေနှင့် အမေ၊ကျွန်ုပ်တို့ နှင့်မော်ဒယ်များ အကြား တောင်တောင်အီအီ အချစ်တို့ကိုလည်း ဆိုလိုမည် မဟုတ်ချေ။ ကျွန်ုပ် ယခုညွှန်းဆိုမည့် အချစ်သည်ကား သကျ သာကီနွယ်ဟု ဆိုအပ်သော မြန်မာ ပြည်သားတို့၏ တိုင်းချစ်ပြည်ချစ်၊ နိုင်ငံကိုချစ် သော အချစ်ကိုဆိုသတည်း။
ဤတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၊ ဦးဥတ္တမ၊ ဦးဝိစာရ၊ ရှင်ဂမ္ဘီရ ၊ဦးဝင်း တင် တို့ ကဲ့သို့သော သမိုင်းအမူ မော်ကွန်း ထူအပ်သော တိုင်းပြည်ချစ်သူများ၏ အချစ်ကိုကား အဦးအစ မူလကပင် ဝိဝါဒကွဲပြားရန် မရှိ၍ အထူးတလည် စောကြောရန်လို မည်မထင် ချေ။ မှန်ပေ၏။ သူတို့ကား “ ဂန္တဝင်ချစ်သူ“ များပေတည်း။
ထို့ပြင်တဝ ၊ မင်းကိုနိုင်၊ကိုကိုကြီး၊ နီလာသိန်း၊ စုစုနွေးတို့၊ကိုထင်ကျော်(ကုန်ဈေးနှုန်း)၊ ….. ၊ …..၊ …….၊ တို့ကဲ့သို့သော ဘဝကိုရင်းလျက်၊ ထောင်နံရံကို ရင်မြေကတုတ်လုပ်၊နောက်မ ဆုတ် တမ်းတိုက်ပွဲဝင် နေသူများ၏ အချစ်ကိုလည်း အများလက်ခံသိရှိပြီး ဖြစ်သည့် အလျောက် ထပ်မံ ခွဲခြမ်း စိတ်ဖြာရန် လိုမည် မဟုတ်ချေ။ ထိုသူတို့၏ ရေမရောသည့် နိုင်ငံ ချစ်သူတို့၏ အချစ်များကိုမူ “အချစ်စစ်စစ်များ”ဟု အထင်ကရ သညာပြုလိုသည်။
…………………….

ထို့တမူလည်း ဆိုဖာဆုံလည်၊ ပလ္လင်ငယ်ထက်၌ စံတော်မူလျက် ၊လူတကာသေပေ့စေ၊ ငတေမာလျှင်ပြီးစတမ်း ၊ သဗ္ဗညုတဥာဏ်ရှင် ဘုရားပင် သော်မှ မဆန်နိုင်လေသော သံဃာ အားကို လက်ရုံးလူမိုက် ကြံ့ဖွံ့တသိုက်၏ မဟာစွမ်းပကားဖြင့် အောင်တော်မူပေထသော မြန်မာစစ်မင်းများ ၏ တိုင်းပြည်ချစ်နည်းနိဿရည်း သည်လည်း နောက်လာနောက်သားတို့ အတုခိုး မမှားစေခြင်းငှာ ဖော်ပြရေးသားရန် မသင့်ပြန်ချေ။ သံခိပ်အား ဖြင့် မှတ်ရန်မှာ“ ဗာလနံ အချစ်” ဟူလို။
………………………..

ယခု ကျွန်ုပ် အထူးဝိဂြိုဟ်ပြုညွှန်းဆိုချင်သည်ကား အထက်ဖော်ပြပါ အာဇာနည်တို့၏ အချစ်မျိုးကို အားကျအတုယူနည်း မှီလေသ လော၊ ကိုယ်တိုင်ပင် ဖန်တီးလေသလော၊ ၊ဝေခွဲခြင်းငှာ မစွမ်းသာသည့် အမေနှင့်ရွာကိုခွဲကာ တရပ်တကျေး နယ်အဝေးသို့ ရောက်နေ သည့် ကျွန်ုပ် အနေဖြင့် ၊ မျက်မြင်ဒိဌ ကြုံနေရသည့် အဝေးရောက် ပုန်စားသူတို့၏ အချစ်များ အကြောင်း ပင်တည်း ။ ချစ်ခြင်းပြိုင်ကြ လေဟန်တကား။
……………….

ချစ်သူများသည့်နည်းတူ၊ ချစ်ပုံချစ်နည်း ချစ်နိဿရည်းတို့သည်လည်း များလှပါဘိတောင်း။ ၊အချို့ကား ပရိုပိုဆယ် အလို့ငှာ ချစ်ရ၏ ။ အချို့ကား ကိုယ့်ကိုယ်ကို မျိုးစိတ်ပုဂ္ဂိုလ်စာရင်း သွင်း လျက် ၊ စိတ်အဆာပြေအောင် ချစ်ရ၏။ အချို့ကား ဒိုနာ စိတ်မညိုငြင် စေရန် ချစ်ရ၏။ ချစ်မျိုးစုံလင်လှပေစွ ။
…………………

အဦးအစ ဖော်ပြလိုသည်ကား မဲဆောက်စစ်ဌာနချုပ်မှ အတိုက်အခံတဦး၏ ချစ်ခြင်းတည်း။ အနှီပုဂ္ဂိုလ်သည် ပြည်တွင်းမှာ ဖြစ်ပွားသည့် ဗျောက်အိုး၊ ရေထမ်းပုံး ၊ကားတာယာ ၊စက်ဘီး တာယာ ၊ ဆပ်ပြာပူဖောင်း ၊ အားလုံး သော ပေါက်ကွဲမှုမှန်သမျှ တယောက်တည်း ဒိုင်ခံကန်ထရိုက်ဆွဲကာ “ငါလုပ်တာ” ချည်း ဆိုတတ်လေသော ကြောင့် ကျွန်ုပ်က ဗိုလ်ချုပ် ဟုချစ်စနိုး အမည်ပေးထား၏။
ကျွန်ုပ်နှင့် ဗိုလ်ချုပ် အွန်လိုင်းတွင် ဆုံလေတိုင်း၊ “ကျုပ်ကအာဇာနည်ဗျ၊ ဒါဟာအမှန်တရားပဲ”ဟု အတည်ပေါက် ကြီး ဆိုတတ်လေရာ ကျွန်ုပ်မှာ ငိုရခက်၊ ရီရခက် ဖြစ်လျက် နောင်သော် ဒီမိုကရေစီ ခေတ်လွန် ကာလ၌၊ အများပြည်သူ အလေးပြုနိုင်ရေးအတွက်၊၊ ရုပ်တု ထုရန် အလို့ငှာ လေးဘက်လေးတန်မှ ရိုက်ကူးအပ်သော ဓာတ်ပုံများကို ပို့ပေးထားပါရန် မေတ္တာ ရပ်ခံ လိုက်ရလေသည်။ယင်းအတိုက်အခံဗိုလ်ချုပ်၏ အချစ်ကို “ရမ်ဘို အချစ်” ဟု အမည် ပေးရသော် သင့်နိုးထင်မိ၏။
…………………………

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊အကျဉ်းသမားများအား “ညာလက်ရောဘယ်လက်ဖြင့်ပါ စောင်မကြည့်ရှုပါအံ့” ဟူ၍ အဖွဲ့အမည်တပ်ကြွေးကြော် လေသော အဖွဲ့ကား မည်သည့် လုပ်ငန်းဆောင်တာများ ကို လုပ်လေ သည် မသိ။ မည်သို့ကူညီစောင့်ရှောက်သည် မသိရချေ။ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် အထင်ကရ ဖြစ်ခဲ့လေသော ကိုထင်ကျော် ဘယ်ထောင် ရောက်နေသည်ဟူသည့် အမေးပုစ္ဆာကိုပင် အတိအကျ အကြောင်း မပြန်နိုင်ချေ။ “အဲဒီအသင်းက ဘယ်အကျဉ်းသားတွေကို၊ ဘယ်လိုကူညီနေတာလဲဗျ” ဟူသော ပြည်တွင်းမှ လူငယ် တဦး ၏ ခပ်ငေါ့ငေါ့ အမေး ကို မည်သို့မျှ ပြန်လည်မဖြေဆိုနိုင် သည်နှင့် ကျွန်ုပ်မှာ ပဲလှော်ကြား ဆားညပ်တော့မည်ဖြစ် ရကား ဟိုလိုဒီလိုလို အရူးကွက် နင်းလိုက်ရဖူးလေသည်။ ထိုအဖွဲ့ကို ဦးစီးကြိုးကိုင်သူတို့ နိုင်ငံအပေါ်ထားရှိသော အချစ်ကား “နံရံအချစ်” ဟု ဆိုထိုက်ပေမည်။
………………………..

အပတ်စဉ် အလှည့်ကျ အမေရိကတိုက်ကြီးမှ လွှင့်ထုတ်အပ်သော အသံလွှင့်ဌာန ရေဒီယိုမှ နေ၍ ၊ မောင်နှင့်အောင်များ တင်ဆက်သော“ အများ” အမည်ရှိ အစီအစဉ်တခုတွင် .. “လွယ်တာကို လွယ်လွယ်နဲ့ ခက် သွားအောင် ခပ်ခက်ခက်လုပ်သင့်သည်” ၊ “ယုံကြည်တာကို မယုံကြည် ခြင်းဟာ ၊ မယုံတဝက်ယုံတဝက် ဖြစ်၍ ချင့်ယုံရန်လိုသည်” စသောလွန်စွာဆန်းပြား လှသည့် ဘာသာဗေဒ တမျိုးကို ကြားရလေ ရာ၊ ကျွန်ုပ်မှာ “ငါသည် မြန်မာစာ၊ မြန်မာစကားကို ပင် နားလည်တတ်ကျွမ်းခြင်း မရှိတော့ ယောင်တကား” ဟုအားငယ်ခြင်းကြီးစွာ ဖြစ်မိပြန် လေ သည်။ အကြောင်းကား နားထောင်လေ ပိုရှုပ်လေ ဖြစ်၍ ငါသည် အများမဟုတ်လေတကား ဟုတွေး တောမိခြင်း ကြောင့်တည်း ။ ထိုသူတို့၏ချစ်ခြင်းကို အမည်နာမ ညွှန်းဆိုရလျှင် “ ဗဟုအချစ် ” မည်ထိုက်ပေသည်။
……………………..

ဆက်၍ဆိုဦးအံ့။ လေလှိုင်းကြားတွင် အရေးမှန်သမျှ ကျွမ်းကျင်လှပေသော ကျမ်းတတ်တချို့ ကလည်း “ ဒါကတော့နှစ်ပိုင်းရှိတာပေါ့နော်၊ တပိုင်းက ပထမပေါ့နော်၊ နောက်တပိုင်းက ဒုတိယပေါ့နော် ”၊ အစရှိသဖြင့် ပေါ့နော်ခြင်းထပ်နေသည့် “ ပေါ့နော် အချစ်”ကိုလည်း နားကြား ပြင်းကပ်စွာ ကြား ရပြန်ချေသည်တမုံ့။
……………………..

အခြားတနည်းကား စစ်မင်းဗိုလ်ချုပ် ဖုတ်ထဲတွင်လဲ၍ ဒူးပြဲခြင်း၊ ကောက်ညှင်းစား၍ ဝမ်းချုပ် ခြင်း၊ ဦးချိန်တီကြောင့် တပ်ချုပ်လေလည်ခြင်းမှ အစ ၊ ကြပ်ပြေးအိမ်တော်တွင် မသာရထား ဆိုက်နေပြီ၊ တပ်ချုပ်ကြီး၏ ရက်လည် အသုဘ အလွန်တရာစည်ကား အစရှိသဖြင့် မဟုတ် တမ်းတရား ၊ လေဖမ်းဝါးတမ်းချည်၊ သတင်းမျိုးစုံကို တင်လေသည့် ဝီရိုက်၊ ဝီမိုက် ရဲဘော်ဟောင်း ကြီးသည်လည်း ရှိလေသေးချေ၏။သူ့အချစ် ကား “ ရမ်းတုတ် အချစ်” ဆိုနိုင်လေမည်။
…………………………

နောက်တမူလည်း သတိ၊ ညာညှိ၊ သက်သာ၊အေးစေ၊ နေမြဲဟူသော အခြေခံစစ်ပညာမျှကိုပင် သင်ယူခဲ့ခြင်း ရှိဟန်မတူသော စစ်ရေး ဧတဒဂ် တဦးကလည်း .. “ဒါကဒီလို ရှိပါတယ် ။ တပ်ချုပ် ကြီးဆိုတော့ သူက အကြီးဆုံးပေါ့။ တိုက်ပွဲဖြစ်တဲ့အခါ တဒိုင်းဒိုင်းပစ်ကြတာပေါ့” ဟူ၍ တည်တည်ကြီးလှိမ့်တတ်သော“ ဒိုင်းညှောင့်အချစ်”သည်လည်း ရှိလေသေး၏။
……………………….

ထို့အတူ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သော ကိုးမီးဖဲဝိုင်းတွင် ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်အိမ်ကိုးကျ၊ ကိုယ့်မဲ ကိုယ် ထွင် ၊ ကလိန်စေ့ငြမ်းဆင်လေသော ကမ္ဘာတည်သရွေ့ ဝန်ကြီးချုပ်အဖြစ်မှ တပြားသားမှ မလျော့သည့် “ ကော်ဇောအချစ်” ဖြင့်ချစ်သူတို့သည်လည်း တမှောင့် ။
……………………..

သို့တပြီးကား တိုက်ပွဲဝင်ရဲဘော်ဟောင်း မောင်ငြိမ်း၏ အဆိုအရ အေဘီစီဒီ အက္ခရာမျိုးစုံ အမည်တပ်လျက် ကွန်မြူနစ်အလံကိုအမြင့်ဆုံးလွှင့်ထူ ကာဘိလပ်သူဂါဝန် အောက်ခေါင်းလျှို ၀င် လျက် .. Arr.. yea... ohh.. I love my country ဆိုတတ်သော “ဘိလပ်အချစ်” ဟူသည် ရှိသေးပေရာ ချန်လှပ်ထား၍ မရစကောင်းဟု မှတ်သားရ ပြန်၏။
………………………

ဤအချစ်အနှီအချစ်တို့အကြောင်းကား ထူးထွေသည့်အံ့ရာသော်၊ သမုဒ္ဒမှင်ဖျော် ၊ရေးသော်မှ တည့် ဆုံးအံ့မထင်ချေ။
ဘလော့တကာ စီဘောက်တကာတွင် မောင်နှင့်နှမ သားနှင့်အမိ ဖတ်ရှု၍ပင် မသင့်လျော် သော ကြမ်းတမ်းရိုင်းစိုင်းလှစွာ ရေးတတ်ကြသော “ဖရုဿဝါစာအချစ်”၊ ၂၀၁၀တွင် ရရာ နေရာဝင်ထိုင်မည့် “ဖျာအခဘလော့တကာ စီဘောက်တကာတွင် မောင်နှင့်နှမ သားနှင့်အမိ ဖတ်ရှု၍ပင် မသင့်လျော် သော ကြမ်းတမ်းရိုင်းစိုင်းလှစွာ ရေးတတ်ကြသော “ဖရုဿဝါစာအချစ်” ၊၂၀၁၀တွင် ရရာ နေရာဝင်ထိုင်မည့် “ဖျာအချစ်”၊ ရေဒီယိုအစီအစဉ်တွင် ပဓာန၊နာယက၊ ကမကထပြုရင်း၊ အငိုက် အလစ်ဂိုး ဝင်ဝင်သွင်း တတ်သည့် “ချွန်တွန်းအချစ်”၊ ကွန်မြူနစ်ကြီးကို စတင်မွေးဖွား ရာနိုင်ငံကြီးတွင် ၊ ဘုမသိဘမသိ ရောက်နေကြလျက် ၊ အမိန့်ဟူသမျှ နာခံနေကြရသည့်၊ ကိုယ်စီးသည့်မြင်း အထီးမှန်းအမမှန်း မသိရှာကြလေသော ၊ အာဂရဲမက်တော်တို့၏ ကျား ကျားမီးယပ် “ကိုဗော့စကီး အချစ်” ၊တကြိမ်တလေမျှ နားထောင်ခဲ့ခြင်းမရှိသော်လည်း ထပ်ခါ ထပ်ခါ တောင်းဆိုမေတ္တရပ်ခံနေသည့် ယူအန်၏ “နွဲ့ဆိုးအ ချစ်” ၊အိုဗားမားနှင့် ရိုဟင်ဂျာစာလုံး ပါလျှင် ပြီးစတမ်း ပွဲမဆူဆူအောင် ဇွတ်သတင်းဖန်တီး နေကြသည့် သတင်းဌာနများ၏ “အော်လန်အချစ်”… အစရှိသည်ဖြင့် များမြောင်လှပေရာ စာလေး မည်ဖြစ်လေ၍ ဆက်လက် မဖော်ပြ လိုတော့ပြီ။
…………………………..

မည်သို့ဆိုစေ ချစ်ခြင်းအတွက်ကား မည်သူကိုမျှ အပြစ်ဆိုရန် အကြောင်းမရှိချေ။ မည်သို့ပင် ချစ်ကြသည်ဖြစ်စေ ချစ်နည်းမှန်ဘို့တော့ လိုပေ မည်။အဝေးရောက်တို့အချစ်သည် အချစ်စစ် အချစ်မှန်ပေလော။ ပုံတိုပတ်စတို့ဖြင့် ငယ်ဘဝကို ဖြတ်သန်းခဲ့လေသောကျွန်ုပ်မှာ ဖတ်ခဲ့ဘူး သော ပူရမ်ကျမ်း တခုကို သတိရမိလေပြန်၏။ အဆိုပါ ပူရမ်၏သုတ္တံတခုတွင် ဆာဒူးတပါး၏ ကျောင်း သင်္ခန်းသည် ပြည့်တန် ဆာအိမ်အနီး ရှိခဲ့သည် ဆိုလေ၏။ ဆာဒူးကား သူ၏ မူလ ကမ္မဌာန်း ကိုမပြုမူပဲ ပြည့်တန်ဆာအိမ် လူဝင်လူထွက်စာရင်းကို ကျောက်ခဲတို့ဖြင့် တာလီမှတ် သည် ဟူ၏။သေလွန်သော် ပြည့်တန်ဆာမှာ နတ်ပြည်ရောက်၍ ဆာဒူးမှာ ငရဲသို့ ဒိုင်ဗင် ထိုးသလို ကျသွားကြောင်း ဖတ်ဘူးလေရာ ၊မြန်မာ ပြည်ချစ်သူများ ချစ်ခြင်း ပြိုင်နေသူများအား လုံး၏ အချစ်သည် အဆိုပါ သုတ္တံမှ ဆာဒူး၏ “တာလီအချစ်” ကဲ့သို့ ဖြစ်နေသည်ကို အလန့် တကြား တွေ့ရှိရလေသည်။
…………………….

ဆိုရေးရှိ၍ ဆိုရပါလျှင် မြေကြီးလက်အပ်၊မုချဆတ်ဆတ်မှတ်ထိုက်သောအချက်မှာ “ဂန္တဝင်အချစ်”၊ “အချစ်စစ်စစ်” တို့မှ လွဲ၍ အခြားအခြား သော ချစ်ခြင်းတို့ကား သံသယ ပွားဖွယ်ရာ အတိပေ တည်း။ဤပုံဤနည်း ချစ်ခရီးဆက်ကြလျှင်ကား၊ အချစ်ခံ မြန်မာပြည် ကြီးသည် အထက် ဘဝဂ် နှင့် ဝေးသည်ထက်ဝေးလျက် ၊ဒုံရင်း ဒုံရင်း၊ အောက်ဖက် အဝီစိ တွင်သာ သံသရာရှည်သမျှ ကာလပတ် လုံး အဖန်ဖန်တလဲလဲ ကျင်လည်ပေရော့ မည်ကို အပူပင်ကြီးပူမိလေသော ကြောင့် လက်ဆော့ ခြေဆော့ ၊ကီးဘုတ်နှင့်ဆော့ကာ၊ ဤကလော်စာ စာစုကိုရေးမိပြန် လေတော့သည်။
……………………..

နိဂုံးအားဖြင့်မူ အထက်စာပိုဒ်တို့ကို ဖတ်ရှုမိသည့် စာရှုသူများအနက် ၊အနာရှိသူ အချို့ အချို့အနေဖြင့် အနူဆားပက်၊ အနာပေါ်ဒုတ်ကျဖြစ်ကြ မည်ကိုလည်း ကြိုတင်သိပြီး ဖြစ်သည့်အလျောက် “မင်းဒင် သည် သစ္စာဖောက်ဒလျှိုဒလန်စစ်စစ်ဖြစ်ပေသည်“ဟူ၍ မီဒီယာကို မီဒီယာနှင့်ပြန် ရှင်း ၊ စာရင်း အသွင်း ခံရမည်ကို သိသိကြီးနှင့် ဇွတ်တိုးမိုက်မဲစွာ ဤစာကို ရေးလေသော ကျွန်ုပ်သည်၊ တန်ပြန်လှည့်လာမည့် မြားဦးတို့ကို တန့်စေခြင်းငှာ၊ ကာကွယ်ခြင်းသည် ကုသ ခြင်းထက်ကောင်းမွန်သည် ဟူသော ဆိုရိုးနှင့်အညီ “အာဖျံကွီး ချစ်သူ ” စာရင်းတွင် မိမိကိုယ်မိမိ ကြိုတင်ထည့်သွင်းထားပါကြောင်းလည်း ၊တပြည်တည်း သား၊ ၊ဝေးရပ်နီး နေ များဆွေ သဟာ ၊သိသာရန်အလို့ငှာ မောင်းခတ်၊ အသိပေး လက်တို့ အပ်ပေသတည်း ။
...........................

မင်းဒင်ရေးသည်။

ခင်နက်ကျားရဲ့ ချစ်ပုံပြင်


နက်ကျားကား အပျိုဖြန်းလေး ဖြစ်လာပြီ။ နက်ကျားမှာ ကျနော့် အိမ်က ကြောင်မကလေး ဖြစ် သည်ကို မှတ်မိကြ မည်ထင်ပါသည်။ သူ အပျိုဖြစ်လာကြောင်း သူ၏ မွေးစာရင်း၊ ဇာတာ ရက်ခုပ်အရ သော်လည်း ကောင်း ၊ ကြောင်မပျိုတို့၏ ဓမ္မတာ သဘော ကို စစ်ကြောမိ၍သော်လည်း ကောင်း ၊သိရသည်တော့ မဟုတ် ပါ ။ အကြောင်း ကား သူ့မွေးနေ့ မွေးလနှင့် နေ့နံကို ကျနော်အမှတ်အသား မပြုခဲ့မိသည့်အပြင် နက်ကျား ၏ မီးယပ် ဓမ္မတာကိစ္စမှာ ကျနော့်အရေးအရာ မဟုတ်သောကြောင့်ဖြစ်ပါသည် ။ ထို့အတူ ကြောင် အပျိုဘော်ဝင်သည့် နှစ်အပိုင်းအခြားနှင့် အသက် အရွယ် ကိုလည်း သတ္တဗေဒ ပညာရှင် မဟုတ်သဖြင့် ကျနော် မပြောနိုင်ပြန်ပါ။ မည်သို့ပင် ဆိုစေကာမူ နက်ကျား၏ ကိုယ်လုံး ကိုယ်ဖန်နှင့် သူ၏ ရှုပ်ထွေးလှသော အချစ်ရေးကြောင့် သူအပျို ကြီးဖားဖား ဖြစ်ပြီဆိုသည် ကို မူ ကျနော် တထစ်ချ သေချာပေါက် ပြောနိုင်ပါသည် ။
...............

နက်ကျား ကြောင်ပေါက်စအရွယ် ငယ်စဉ်ကသော် နက်ကျား၏ ဘဝသည် အထီးကျန် ဖြစ်၍ ကျနော့်အိမ်မှ လွဲ၍ ခိုကိုးရာ မရှိခဲ့ပါပေ။ အနီးနားအိမ်အသီးသီးမှ ကြောင်ခွေးတို့၏ ဘေးရန်ကြောင့် နက်ကျား သည် ခြံထဲက ခြံပြင် လည်းမထွက်ရဲခဲ့ချေ။ နက်ကျားအိမ်တွင်း ပုန်း နေသည့်တိုင် ရံခါ နယ်ကျော် ခြံကျော် ရောက်လာ တတ်သော ကြောင်အကြီးစားများ ရန် ကြောင့် နက်ကျားခမျာ ရှောင်ရတိမ်းရ ပြေးရ လွှားရသည့် အကြိမ်ပေါင်း လည်း မနည်းခဲ့။
တခါတရံ ဒဏ်ရာပင်ရတတ်၍ ကျနော်တတ်သမျှ ဆနွင်းသိပ် ကုသပေးရသည်လည်း ရှိခဲ့ပါ၏။
………………………

တနှစ်ကျော်တည်းဟူသော အချိန်သည် နက်ကျားကိုဘဝပြောင်းစေခဲ့လေပြီ။ ကြောင် အပျိုဖြန်းကလေး ဖြစ်လာ လေ၍ မျက်နှာပန်း ပွင့်ခဲ့လေပြီတည်း။ ဟိုစဉ်က ခြံတွင်းသို့ နက်ကျားကို ရန်မူရန် လာတတ်လေ့ရှိသော ကြောင်ဝါကြီးပင် နက်ကျားကို မျက်နှာပေး တမျိုး ပြောင်းကာ ရစ်သီရစ်သီဖြင့် မြူတခါချော့တလှည့် ကိုနောက်ပိုး ဇာတ် ခင်းတတ်နေလေပြီ ။
မကြာပါချေ။ နက်ကျားသည် ကြောင်ဝါကြီးနှင့် ကြောင်တို့ဘာဝ မေတ္တာမျှကြလေသတည်း။ နက်ကျားနှင့် ကြောင်ဝါကြီးတို့ကား ကျနော့် ရှေ့တွင်ပင် ရှက်ရကောင်းမှန်းမသိချေ။ နက်ကျားက နေရောင်အောက်က အုတ်ခုံပေါ်တွင် နေပူစာလှုံသယောင် ဟန်ရေးပြချိန်၌ ကြောင်ဝါကြီးကလည်း နက်ကျား၏ လက်တကမ်းတွင် ရစ်ကာဝဲကာ ချစ်ရည်ရွှန်းလဲ့သော မျက်လုံးအစုံတို့ဖြင့် ကလူတုန့်တင် ချစ်ခြင်း၏ အနက်ကို ဖွင့်ခဲ့ကြဘူးသည်မှာ ကျနော့် မျက်မြင် ဖြစ်လေသည်။
………………………………

အနှီကြောင်ဝါကြီးနှင့် နက်ကျား၏ အချစ်ဇာတ်လမ်းကား ကျနော့်မျက်စောင်းထိုးအိမ်မှ ကြောင်နက်ကြီး ဝင်မလာ စဉ်ကသော် သာယာ ဖြောင့်ဖြူးဟန်ရှိခဲ့ပါ၏။ ပြည်ပန်းညိုချိုပါ လျက် ဟူ၍ပင် ဆိုရလေမည်လောမသိ။ အဆိုပါ ကြောင်နက်ကြီးသည် နက်ကျားနှင့် ကြောင်ဝါ ကြီးတို့၏ အချစ်ရေးကို မင်းဒဿနည်းထုံး နှလုံး မူလျက် ကြားဝင်ဖျက်လေတော့သည် ။ ချုပ်၍ဆိုရသော် ကြောင်ဝါကြီးနှင့် ကြောင်နက်ကြီးတို့ အချစ်စစ်ပွဲ ပြင်းထန်စွာ စတင်ဖြစ်ပွားလေတော့၏။ တခုသော နေ့လည်တွင် နက်ကျား နှင့် ကြောင်ဝါ ကြီးတို့ ပလူးနေချိန်၌ ကြောင်နက် ကြီး ရုတ်ခြည်း ဝင်လာကာ အချစ်အတွက် စိန်ခေါ်အား စမ်းခဲ့ကြ လေသည်။
ကြောင်ဝါကြီးကား ခင်နက်ကျားအတွက် အသက်ပင်သေသေဟူသော ချစ်ဇောဟုန်ဖြင့် ကြောင်နက်ကြီးကို ရင်ဆိုင်၏။ ကြောင်နက်ကြီး ကား မေနက်ကျားမရှိရင် အသက်မရှင်ချင်တော့ ဟူသော ချစ်စိတ်မွှန်လျက် ကြောင်ဝါကြီးကို အသေဖဲ့လေ၏။တိုက်ပွဲကား သူသေ ကိုယ်သေ ဖြစ်လေသောကြောင့် ပြင်းထန်လှလေသည်။ စိန်ခေါ်ပွဲ၏ ရလာဒ် ကား ကြောင်ဝါ ကြီး ဘယ်ခြေတွင် သည်းစွာသော ဒါဏ်ရာ ရခြင်းပေတည်း။ဤသည်မှသည် နက်ကျားတကောင် အနိုင်ရကြောင်နက်ကြီးဖက်သို့ လေယူရာတိမ်းကာ ယိမ်းခဲ့တော့၏။ နက်ကျား၏ နှလုံးသားတွင်းသို့ ကြောင်နက်ကြီးဝင်လာချိန်မှ အစပြု၍ နက်ကျားနှင့် ကြောင်ဝါကြီးတို့ ညောင်ညိုပင် လမ်းခွဲ စလေသတည်း ။
……………………

နက်ကျားကား သစ္စာမဲ့သူတည်း။မျက်နှာများသူတည်း၊ အားကြီးသူကို ကိုးကွယ်သူတည်း။ ကြောင် ဝါကြီးကို မသိမသာတမျိုး ပြောင်ပြောင်တသွယ် ရှောင်ဖယ်ရှောင်ဖယ် လုပ်လျက် ကြောင် နက်ကြီးကိုသာ စိတ်ညွှတ်နေလေတော့ရကား ပြေးသူကပြေး၍ လိုက်သူကလိုက် ဖြစ်ကုန်ပေတော့သည်။မကြာသေးမီကသော် နက်ကျားသည် သူ့အတွက် ချကျွေးသည့် သူ့အစာကို ပင် အကုန်မျိုကျဟန်မတူ ၊ချစ်ရလွန်းသူ ကိုကိုဝါအတွက် ဆိုလေဟန် ချန်ထားလေ့ရှိပါ၏။ ယခုသော် ကြောင်ဝါ ကြီးအနားကပ်သည်ကိုပင် မနှစ်မြို့ဟန်ပါတကား ။ မကြင် ဘယ့်အတွက် စိမ်းလေသည်မသိ။ ကြောင်ဝါကြီးကို အတွေ့မခံတော့ချေ။ ထိုမျှသာမဟုတ်သေး၊ တခါတခါ နက်ကျားတကောင် အိမ်အနီးဝန်းကျင် ခပ်လှမ်းလှမ်းသို့ပါ လှစ်ကနဲ လှစ်ကနဲ ထွက်သွားတတ်ပြန်ပေရာ သူပြန်လာသည့် အမြီးတနန့်တနန့် ခပ်ကြော့ကြော့ မူဟန်သည်လည်း အခြားတပါးသော ကြောင်ပျိုတို့နှင့် အချိန်းအချက်ကိစ္စ ဖြစ်နိုင်ပေသေး၏။
…………………………

ကြောင်ဝါကြီးကား အချစ်ကို လက်လွှတ်ဆုံးရှုံးရသူတို့ ၏ ဓမ္မတာအတိုင်း ကြီးစွာသော ချစ်ဒုက္ခကို ခံစားရလေ တော့သည်။ ကြောင်ဝါကြီးကား ကျနော့် ထမင်းစားပွဲနားအထိပင် ရောက်လာကာ ချစ်သူပျောက်ကို ရှာလေ တော့သည်။ စင်စစ် မူမှန်အချိန်၌ ထိုကြောင်ဝါကြီးသည် ကျနော့်အနားသို့ ချည်းကပ်ရန် မဆိုထားဘိ အဝေးမှ မြင်လျှင်ပင် လှစ်ကနဲ ပျောက်သွားတတ်လင့်ကစား ယခုသော် ကျနော့်အနားအထိ စွန့်စွန့်စားစား ရောက်လာ ခြင်းမှာ အချစ်က စေ့ဆော်လိုက်သော သတ္တိစွမ်းပကားကြောင့်ပင် ဖြစ်ပေလိမ့်မည် ။
ကျနော့်လက်စွဲတော် ရန်ကုန်သားသန်းမောင်ကား လူရိုးလူကောင်းပီပီ နက်ကျားတို့၏ သုံးပွင့်ဆိုင်အချစ်ရေး တွင် နက်ကျား၏ ချစ်ဦးသူ ကြောင်ဝါကြီးဖက်မှ ပြောင်ပြောင် ရပ်တည်ထောက်ခံလျက် ကြောင်နက်ကြီးကို ခြံထဲအဝင်မခံဘဲ တွေ့ရာခဲ၊ ဒုတ်တို့ဖြင့် ပစ်ပေါက် ခြောက်လှန့် နှင်ထုတ်လေသည်။ ကျနော် မူကား လူကြီးအရာ ဖြစ်၍ ကြောင်တို့၏ချစ်ခြင်းကို ကြားဝင်ခြင်းငှာ မသင့်တော်လေသည်နှင့် မသိကျိုးကျင်ပင် ခပ်မဆိတ် နေရလေ၏။
……………………………

စင်စစ် ကြောင်မလေး နက်ကျား၏ အမူအကျင့်သည် ရေမြေလိုက်သည်ဟုပင် ဆိုရမည် ထင်ပါသည်။ ကျနော် နေထိုင်ရာ ဖူးခက်မြို့ကား ခရီးသွားမြို့ ဖြစ်သည့်အားလျှော်စွာ မျက်နှာဖြူ တို့ အဝင်အထွက် ပျားပန်း ခတ်များပြားလေရာ ဖူးခက်မြို့ ရောက်မျက်နှာဖြူ အတော် များများ မှာ ထိုင်းပျိုဖြူတို့နှင့် ဒွိယံ ဒွိယံ ဖြစ်လေ့ရှိကြကုန်၏။ ထိုင်းမလေး မောင်း သော ဆိုင်ကယ်နောက်က ခါးဖက်လိုက်နေသော မျက်နှာဖြူတို့ရှိသလို မျက်နှာ ဖြူမောင်း သော ဆိုင်ကယ်နောက် က ခါးဖက်လိုက်နေသော ထိုင်းမလေးတို့လည်း အနမတဂ္ဂပင်။ စတိုးဆိုင်ကြီးများအတွင်း ပစ္စည်းတင်လှည်းပေါ်တွင် ထိုင်းမျက်နှာဖြူကပြား ကလေး ပေါက်စ လေးများကို ထည့်ကာ တွန်းလာကြလေ သော ထိုင်းမနှင့် မျက်နှာ ဖြူပုရိဿ အတွဲတို့သည်လည်း ရိုးအီနေသော မြင်ကွင်းပင်။ မြို့အနှံ့နေရာအနှံ့ တွေ့ရသော ထိုင်းမနှင့် မျက်နှာဖြူဖို စုံတွဲတို့ကား ဖူးခက်မြို့ ၏သင်္ကေတပေတည်း။လင်များသော မယား၊ မယားများသောလင် ဟူသည်ကား ဤလူမျိုးတို့ အတွက် အဆန်းတကြယ် မဟုတ်ပြီ။
ဖူးခက်ရှိမော်တော်ကား အချို့နှင့် နေအိမ်အချို့တွင် ကဗ္မည်းတင်ရေးထိုး ချိတ်ဆွဲထား တတ်ကြသည့် ထူးဆန်း လှသော စာ တမ်းကား We Love Flaung !!! We Love Money !!!(မျက်နှာဖြူကို တို့ ချစ်သည် ၊အသပြာ ကို တို့ချစ်သည်) ဟူသတည်း ။
……………………

ဂေါဏေနဂေါဏော သမဏေနသမဏေဏော ဟူ၍ပင် ဆိုရလေမည်လော ။ ရာဇဝင် ပြောင်းပြန်ဖြစ်ကာ ပြည်တွင်းတွင် စားရေးနေရေး အလို့ငှာ ပူပြင်းခြောက်သွေ့လေသော ကြောင့် ဖူးခက်သို့ တဝမ်းတခါး အလို့ငှာ ရောက်ရှိလာကြသည့် မြန်မာအမျိုးကောင်း သားအမျိုးကောင်းသမီးတို့သည်လည်း တလွှဲဆံပင်ကောင်းကာ နက်ကျား၏ စရိုက်၊ ထိုင်းပျိုဖြူတို့၏ အကျင့်စာဂနှင့် မရိုးရင်းစွဲဖြစ် ကုန်ကြလေပြီ ။နက်ကျားသည် ထိုင်းပျိုဖြူ တို့၏ အကျင့်စာဂအတိုင်းလာသည့်နည်းတူ မြန်မာအလုပ်သမား ကျားမ အချို့တို့သည် လည်း သူတို့၏ ထိုင်းအရှင်သခင်များ စရိုက်ကို အလွှဲကူးချနေကြလေကုန်ပြီ။
မြန်မာနိုင်ငံတနံတလျား မည်သည့်တိုင်းရင်းသားမဆို အရှက်အကြောက်ကြီးလှပါသည် ဆိုသော်ငြား ဖူးခက်ရောက်မြန်မာတချို့အတွက် Living together နှင့် လင်ကွာမယားကွာ ကိစ္စတို့သည် အဆန်းမဟုတ် တော့ပြီ။
အချို့သောကော်ဆန်း (ဆောက်လုပ်ရေး) လုပ်ငန်းခွင်တို့တွင် ခေတ္တလင်မယား၊ အပျော်လင်မယား။ အတူနေ အမျိုးသားရအပ်သော ဝင်ငွေလုပ်အားခ၏ လေးဆယ်ရာခိုင်နှုန်းဖြင့် ခေတ္တယာယီဇနီးမယားအဖြစ် ပေါင်းသင်း နေကြသည်ဟူ၍ပင် ကြားသိလာရပြီ။ တလင်တမယား ရိုးမြေကျပေါင်းသောအလေ့ကိုပင် ရယ်စရာလှောင်စရာ ထင်မြင်ကုန်ကြလေပြီတည်း။
အချို့သော ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား မိန်းမပျိုများကား ထိုင်းတို့နှင့် ပျော်ပျော်ကြီး လက်ဆက်ကြကာ ထိုင်း၏ ဇနီးဖြစ်ရသည်ကိုပင် လောကအလယ် ဂုဏ်တင့်ဖွယ်ရာ အဖြစ်ခံယူနေကြရုံမက မြန်မာအချင်း ချင်းကြားတွင် ကျန်မယောကျာ်းက “ထိုင်း” ဆိုကာ ရင်ကော့ ဇန်းတင်စကား ဆိုနေကြလေပြီ ။ ထို့အတူ ရှားရှားပါးပါး ထိုင်းမ ကို လက်ဆက်ခွင့်ရသော မြန်မာယောကျာ်းကလည်း “ကျနော့် မိန်းမက ထိုင်း” ဟု ဂုဏ်ယူ ဝင့်ဝါနေကြပြီတကား။ ထီးနှင့်နန်းနှင့် စံမြန်းလာရုံမျှမက မျိုးနှင့်ရိုးနှင့်တန်ခိုးရှိခဲ့သည် ဆိုသော မြန်မာတို့ သည် အဘယ်တွင်နည်း။
………………………

ထိုင်းပျိုဖြူတို့ကဲ့သို့ လမ်းမအလယ်တွင် မသလားနိုင်လေသော ဖူးခက်ရောက် အိမ်တွင်း ပုန်း မြန်မာမလေး တယောက်၏ ရင်နာစရာ အဖြစ်တခုပင် မကြာမတင်က ဖြစ်ပွား ခဲ့ပါ သေး၏။ ဤအဖြစ်ကားမြန်မာရွေ့ပြောင်း အလုပ်သမားများအကြား ရေပန်းစားလှသော တယ်လီဖုန်း ချစ်သူ ထားခြင်း အလေ့မှ မြစ်ဖျားခံ လေသည်။ လူချင်းတရံတဆစ်မျှ မမြင်ဘူး ကြဘဲလျက် တယ်လီဖုန်းဖြင့် ချစ်တင်းနှောခြင်း အလေ့ကား ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့ မွေ့လျော်မြဲအကျင့်ဟု ဆိုပါသည်။
အနှီ အသက်တဆယ့်ကိုးနှစ်အရွယ် မြန်မာမိန်းမပျိုသည် ဖူးခက်ရောက်သည်မှာ ရက် ပေါင်း ခြောက်ဆယ်ပင် မပြည့်သေး သော်ငြား အတုမြင် အတတ်သင်လျက် သူမမြင်ဖူးသော မြန်မာပုရိဿတယောက်ကို တယ်လီဖုန်း ဖြင့် လေလှိုင်း မှ ချစ်တင်းနှောခဲ့သည်ဟု ဆိုပါသည်။
ထိုမှသည် တဆင့် တက်ကာ သူနေထိုင်ရာ အိမ်ခန်းသို့၊သူ့အိမ်မှ အတူနေသူများ အလုပ်ဆင်းချိန် ဖြစ်သည့် အချိန်မတော် ညသန်းခေါင်သုံးနာရီတွင် လူချင်းတွေ့ဆုံကြရန် အချိန်း အချက်ပြုကြ သည်ဆိုပါ၏။ ဤသို့လျှင် တွေ့ကြသည်၌ ချိန်းဆိုရာသို့ ရောက်လာ သော မြန်မာယောကျာ်းသည် အဆိုပါမိန်းမပျို မျှော်မှန်းထားသကဲ့သို့ လူရွယ်၊ လူပုံချော မဟုတ်ပဲ အသက်လေးဆယ် ဝန်းကျင်၊ ပုံဆိုးပန်းဆိုး ဖြစ်နေလေရာ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဆင့်ပွားဖြစ်ပေါ်ခဲ့သည်ဟု တဆင့်စကား ကြားရပြန်ပါ သည်။ ထိုအချိန်းအချက် ဇာတ်လမ်းကား လူသတ်မုဒိန်းမှုဖြင့် အကျည်းတန်စွာ နိဂုံးချုပ်ခဲ့ရလေသည်။
ထိုသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့ခဲ့လေရာ ဖူးခက်ရောက်မြန်မာတို့ကား အမျိုး ဂုဏ် တေဇာညှိုးရသည့်အထဲ နူရာဝဲစွဲကာလူကြားထဲ တွင်ပင် မျက်နှာ မပြဝံ့သည့် ဘဝ ရောက် ကုန်ကြရရှာလေ၏ ။
……………………

ကမ္ဘာမိုးမြေတွင် တေဇာတော်ဖြိုးဝေကာ ရွှေမှန်ကင်းအဆင်းကဲ့သို့ ဝင်းဝင်းတောက်ခဲ့သော ခေတ်ကာလ များကား ကုန်လွန်ခဲ့လေပြီ။ မည်သူတို့သည် မြန်မာများကို ဤပုံဤဘဝ ရောက်အောင် တွန်းပို့ခဲ့ကြပါသနည်း။ အဘယ်အရာတို့သည် မြန်မာတို့၏ ကောင်းမြတ် သော လူမှုအကျင့်စရိုက်တို့ကို ဖျက်ဆီး ဝါးမြိုခဲ့ ကြပါသနည်း။

ကျနော်အနေဖြင့် နက်ကျား၏ ချစ်ပုံပြင်မှသည် ဖူးခက်ရောက်မြန်မာများ၏ သနစ်ပုံ အဖြစ် စုံအား ဇာတ်စုံခင်းကာ ဤပုံ ဤဘဝ ရောက်ကြရခြင်းအတွက် လက်သည် တရားခံကို ရှာဖွေ ချင်ပါသေးသည်။ သို့သော် မြန်မာနိုင်ငံကို စိုးမိုးအုပ်ချုပ်မင်းလုပ်သူတို့သည် အမျိုးသားရေး စိတ်ဓာတ်နှင့် ဇာတိမာန်မြင့်မား ရေးတည်း ဟူသော ဦးတည်ချက်များကို အကောင်အထည် ဖော်လျက်ရှိကြပါ၏။ မြန်မာမျိုးတတွေ ခေတ်ကောင်း ရောက်ပြီလေ ဟုလည်း အော်ဟစ်ကြွေးကြော်နေကြပါ၏။ သို့ဖြစ်ရာ သူတို့၏ ဦးတည်ချက်မှ သွေဖည်သော မည်သည့် လုပ်ရပ်မျိုးကို မဆို အမျက်မာန်စောင်ကြီးကြီးဖြင့် မျက်နှာစိမ်း မျက်နှာ ကျက်မရွေး အငြိုးထား အရေးယူတတ်သော ဥပမာ ဥပမေယျများစွာရှိလေကြောင့် မြန်မာပြည်နှင့် လုံးလုံး လျားလျား အဆက် မဖြတ်နိုင်သေးသည့် ကျနော့်အဖို့ မင်းပြစ်မင်း ဒဏ် ရာဇဝတ် ဘေး သင့်နိုင်လေရာ ခင်နက်ကျား၏ ချစ်ပုံပြင် ကို ရှေ့မဆက် နိုင်ခြင်း အတွက် အခွှင့်လွှတ်ဘို့ရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည် ။

ရုပ်ပုံ။ ။ ဂူဂဲလ်

မင်းဒင်ရေးသည်။

ရာဇဝင်ထဲမှာ ဘူးသီးတွေကို ထားရစ်ခဲ့။


ဘူးသီးမှ အရီးတော်၊ ဘူးကောင်းမှ စင်ခံ၊ ဘူးလေးရာ ဖရုံဆင့်။ ဘူးလုံးနားမထွင်း။ ဘူး ပေါ်သလို ပေါ်တဲ့ ....ဘူးသီးစကားတွေက မြန်မာမှာ အများသားကလား။ အဲဒီ ဘူးသီးဆိုရိုးတွေ စကားပုံတွေ ထဲမှာ ရာဇဝင်တွင်ရစ်မဲ့  မြန်မာ့ဘူးသီးဆိုတာ ထပ်ထည့်လို့တောင်ရ ၊ ထင်ပါရဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ဘူးသီး ဇာတ်လမ်းက အံ့စရာကောင်းလို့ဗျို့ ။ အဲဒီ ဘူးသီးဇာတ်လမ်း ပြောရရင်တော့ ထိုင်းရောက် မြန်မာ အကြောင်းလေးပါမှ ပြည့်စုံမယ်ထင်ပါ ရဲ့ဗျာ။
..........................................
ကျုပ်တို့လူမျိုးက အမျိုးသားရေးတို့၊ ဇာတိမာန်တို့ဆိုရင် နားရွက်ထောင်၊ ခေါင်းထောင် ရုံတင်မကဘူး ။ ဖင်ဘူးထောင်း ပါထောင်ချင်တဲ့ လူမျိုးဗျ။ ဘုရင့်နောင်၊ အလောင်းဘုရား၊ အာယုဒ္ဓယ၊ ဝါးရင်းတုတ် စားမြုံ့ပြန်လို့မပြီးနိုင်တဲ့ အထဲ ကျုပ်လည်းပါတယ် လေ။ ဒီတခေါက် ထိုင်းကို ကျုပ်ရောက်တော့ ကျုပ်ဇာတိမာန်ဟာ တော်တော်ကို ပိန်ရှုံ့သွားရသဗျာ။ မြန်မာ့ဇာတိမာန်ဆိုတာကို ထိုင်းမှာရှာလို့ကတော့ ချစ်တီးခေါင်းက သန်းလို၊ လကွယ် ညမှာ လူတကာ ကို ကောက်ခိုင်းတဲ့ မဟူရာကျောက်ရိုင်းလိုပါပဲဗျာ။ မြန်မာမှန်သမျှ ပြည့်တန်ဆာနဲ့ ကူလီတွေချည်းပဲလို့ ထင်နေကြတဲ့ ခေတ်ကြီးကို ရောက်နေပြီဆိုတာ အလန့် တကြား သိလိုက်ရသဗျာ။
..........................................
အေးလေ.. အစကတော့ကျုပ်လည်း ပြည်တွင်းမှာ အနေကြာခဲ့တော့ ထိုင်းရောက် မြန်မာတွေအကြောင်း စာတွေ သတင်းတွေမှာ ဖတ်ဘူးပေမဲ့  ဂဃနဏ တော့ သိလှတယ် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် က သူဌေးဂိုက်နဲ့  ခရီးသည်လို ရောက်ခဲ့ပေမဲ့  ပက်ပုန်းနဲ့ ပတ်တရား လောက်သာ မသွားမဖြစ် လို့ ရောက်ခဲ့ တာကိုး။
..........................................
ဒီတကြိမ်က အခြေချနေတော့မယ်ဆိုပြီး ထွက်လာတာကြောင့် အနေကြာအစုံသိ ဆိုပါတော့။ နေဦး။ သိတယ်ဆိုလို့ သူပြော ငါပြော သိတာမျိုး မထင်လိုက်နဲ့အုံး။ တကယ့်ကို ခန္ဓာသိဗျ။ အမှန်တော့ မြန်မာ့ တရားမဝင် အလုပ်သမားဆိုတာ ထိုင်းရဲတွေ ထိုင်းအလုပ်ရှင်တွေအတွက် မိုးကိုကျောပေးတဲ့ သတ္တဝါတွေထဲပါသဗျာ။ ပြုတ်ပြုတ်ကျော်ကျော် ဖုတ်ဖုတ် ကင်ကင် ထင်သလိုသာလုပ် ကမ္ဘာ့ဟင်းသီးဟင်းရွက် စာရင်းဝင်ပဲ။ ဘာ ဝဋ်မှ မလိုက်ဘူး ။ တကယ့်ကို ဘုရားသခင့် လက်ဆောင်ပဲ။ အေးလေ။ ထိုင်းရဲဆိုတဲ့ မောင်တွေက ဗမာအလုပ်သမားတွေ့တာနဲ့.. မီဘတ်(အလုပ်သမား လက်မှတ်ရှိလား) လိုက်ရင် ၊ အနည်းဆုံး လေးငါးရာ တွက်ခြေကိုက်တယ်လေ။ ဘတ်ပါနေရင်လည်း နောက်တမှု ပြောင်းချိတ်လိုက်တာပဲ ။ ဝံပုလွေနဲ့ သိုးငယ် လို နင်မဟုတ်ရင် နင့်အဖေလုပ်တာ သေချာတယ် ဆိုတဲ့ အချိုးပါပဲဗျာ။ ထိုင်းအလုပ်ရှင်ကလည်း ဗမာအလုပ်သမားရဲ့ လုပ်ခကို နောင်ခါပေးတွေ့တိုင်း တောင်းလောက်သာ စိတ်ထဲရှိတာကလား။ တိုင်လေ။ တိုင်တလုံး ငါးဘတ်ပဲ။ ရဲခေါ်ပြီး ပါးစပ်ထဲတွေ့တဲ့ ပုဒ်မတပ်လိုက်ရုံပဲ။ ဒေါသကြီးတဲ့ အလုပ်ရှင်နဲ့ တွေ့ရင် .. ရင်ဘတ်မီးပူနဲ့  အကပ်ခံရတာ အသတ်ခံရတာတွေ အများကြီး။ ကားတာယာဟောင်း မီးရှို့ ပြီးလက်စဖျောက်ခံရတာတွေ၊ ခင်ဗျားလည်း ကြားဖူးမှာပါဗျာ။
..........................................

ထိုင်းမှာ မြန်မာပြည်ဖွား တောင်ကျော် တယောက်နဲ့ဆုံမိ ၊ အချက်မသိလို့ကတော့ .. အလုပ်အကိုင် ကောင်းရဲ့လား မေးမိလို့ကတော့ မေးခွန်းတောင် မဆုံးသေးဘူး။ အားလုံး ဆဗိုင်း။ ဆဗိုင်းပဲ။ တနေ့ ဘတ်သုံးရာ့ ငါးဆယ်လေ။ တလ ရှစ်ထောင် ကိုးထောင် အသာလေး ။ ကျနော်လုပ်ပေးတာ သူဌေးတောင် ဆယ်ဘီးကားသုံးစီး ထပ်ဝယ်ထားပြီ။ သူဌေးက ကျနော့်ကိုပဲ အားလုံးလွှဲထားတာ။ အိမ်ရှင်က သိပ်သဘောကောင်းတယ်။ ချဲင်နယ်ဆဲဗင်းက ဇာတ်လမ်းက ဘယ်လို။ ကျနော်က ပုတ်ပြတ် တောင်းလိုက်တာပေါ့ဗျာ။ ဘယ်ရမလဲ။ ဒီတက် ဒီတက် ။ ဝမ်းတူးကော ဝမ်းတူးကော ဆိုရင် နေ့ ဖရီးနော်။
.............................
..............................
အဲဒီစကားလုံးတွေနဲ့ ခင်ဗျားကို အတွဲလိုက် ပစ်ထည့်လိုက်လိမ့်မယ် ။ ဒါပေမဲ့  ဗမာပြည်က အိမ်ကို ငွေဘယ်လောက် ပို့ပြီးပြီလဲ မေးလိုက်ရင်တော့ အောင်နက်လှည်းနင်းသလို။ ဒီလိုပါပဲဗျာ။ စားလိုက်သောက်လိုက်နဲ့ဆိုပြီး အဖျားရှူးသွားတာ ချည်းပဲဗျ။
..........................................

နောက် လေတလုံးမိုးတလုံးနဲ့ ဆင်ကော၊ ကျားကော အပြုံလိုက် ဖမ်းနိုင်တဲ့လေသံမျိုး ဟ. လာတဲ့မောင်ကို ဘန်ကောက်မှာများ တွေ့ခဲ့ရင် စီးလုံဘက်လာခဲ့ပါလား မေးလိုက်ပေတော့ ။ ဟာဗျာ။ ဒါတော့လာလို့ မရ ဘူး ။ အဲဒီဖက်က ရဲ ရှုပ်တယ်။ နောက် ကျနော်တို့ သူဌေးက အပြင်ထွက်တာ သိပ်မကြိုက်ဘူးဆိုပြီး ဝါးတားတား လုပ်လိုက်မဲ့  ကောင်တွေ ချည်းပဲသာမှတ်ပေတော့ဗျာ။
အဲဒါလည်း ဆန်းချက်တမျိုးပဲဗျ။ မြန်မာချင်း ပြန်ကြွားပြီး လိမ်စရာမရှိ ကိုယ့်ပေါင်တွင်းကြော ကိုယ်ဆွဲလိမ် ကိုယ့်စိတ်ကိုယ်ပြန် တင်းနေရတဲ့နည်းပေါ့ ။
.......................................

နောက်ပိုင်းမှာ မဲဆောက်ရောက်တော့ ။ မြန်မာ့မိန်းမပျို ဈေးကွက် ဆွယ်ကျက်။ ဗန့် ဆွယ်။ နတ်စင်လမ်း။ ကျစ်ဝင်နား။ ဝမ်ကျူးကာ။ တခါ ရနောင်းဘက်ရောက်ပြန်တော့ ဆွယ်ဆောင်။ ဆွယ်စံတွေမှာ အလျှံပါယ် ဖြစ်နေတာကလည်း မြန်မာ နတ်သမီးတွေချည်းပါပဲ ဗျား။ကျုပ်တို့ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးသာ ဒီနေရာတွေ ခေါ်လာမိရင် ငါ့ကို ဒီနေရာမှာ တင် နောက်တခါ ပစ်သာသတ်လိုက်ပါတော့ကွာလို့ ညည်းမဲ့အပေါက်ဗျ။ ရနောင်းကို ရောက်တဲ့ တခေါက်တုန်းက အထိုက်အလျောက် ခင်နေတဲ့ ထိုင်းရဲတပ်ကြပ်တယောက်နဲ့ ဆုံတုန်းကဆို ကိုယ်ကျွေးတာ စားနေရင်း .. ကျနော့် မယားငယ်က ဗမာမ တဲ့။ ဘာဆိုင်လို့လဲဗျာ။ အသားလွတ် အနီကပ် တောင်းသလိုချည်းပဲ ဖြစ်နေတယ်။ ကျုပ်လည်း ဗမာပဲ ဆိုတာ သတိပြုမိလေမလားလို့ ကျုပ်က သူ့ကို အူကြောင်ကြောင် ပြန်ကြည့်လိုက်တော့ ပိုတောင်ဆိုးနေသေး ဗျာ။ စကားဆက်ဖြစ်အောင် ဆက်လိုက်သေး။ သူ့သူငယ်ချင်း ရနောင်းထိုင်းရဲမှန်သမျှ ဗမာမ မယားငယ် ကိုယ်စီ ရှိကြသည်တဲ့။
.......................................

ဆက်ပြောနေရင် ကမ္ဘာမကြေသီချင်းကိုလည်း စိတ်နာတယ်။ မြန်မာ့တပ်မတော်သားတွေ ဆိုဆိုနေတဲ့ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ့၏အသက်ကို စွန့်လွှတ်ပါမည် ဆိုတာတောင် မဆိုပဲနေတာ ပိုကောင်းမယ် ထင်ပါရဲ့ ။ ဟုတ်တယ်လေဗျာ။ အသက်တောင်စွန့်ပါ့မယ်ဆိုတဲ့ မောင်တွေကနေ.. နေစိမ့်နိုင်လွန်းသလားလို့ ။
....................................

ဘာလဲ။ ခင်ဗျားကြည့်ပုံက သူများအကြောင်းသာ လျှောက်ပြောနေတယ်။ ကိုယ့်အကြောင်း တော့မပါဘူး ဆိုတဲ့ အဓိပ္ပါယ် ပါလား။ ကျနော်လေ ထို့နည်းလည်းကောင်းပေါ့ဗျာ။ ပြောမယုံကြုံဖူးတော့လည်း သိတော့တာပေါ့ဗျ။ လိုက်ကာဖွင့် ကတည်းက ခွပ်ကနဲ အသံကြားလိုက်ပြီး လဲသွားတာ ကျုပ်ပါပဲဗျာ။ လွန်ခဲ့တဲ့ လေးနှစ်လောက် ဘန်ကောက် လေဆိပ် ရောက်တဲ့နေ့ပေါ့။ လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ တန်းစီလိုက်တော့ ကျုပ်ရှေ့နောက်မှာ အဖြူကောင်တွေ ချည်းပဲဗျ။ ကျုပ်က ကျုပ်အလှည့်မရောက်ခင် ကောင်တာကို လှမ်းကြည့်လိုက်မိတယ် ။ သူများတွေကို ဘယ်လို စစ်တယ် ဆေးတယ် သိချင်လို့။ အမယ် ကောင်တာက လူဝင်မှုအရာရှိက ပြုံးပြုံးနဲ့တော်တော် ဖော်ရွေနေသဗျာ။ မကြာပါဘူး ကျုပ်အလှည့်ရောက်လာတယ်။
သူက ထုံးစံအတိုင်း ကြိုပြီး ပြုံးပြတာပါပဲ ။ ဒါနဲ့ ကျုပ်လည်း ကျုပ်ရဲ့ နိုင်ငံကူးလက်မှတ် အနီရောင်လေးကို သူ့ ကောင်တာပေါ် ရိုရိုသေသေလေး လှမ်းတင်လိုက်တယ်။ သူက စာအုပ်အနီလည်းတွေ့ ကော ကျုပ်ကို မော့ကြည့်တယ်။ နောက် စာအုပ်ကို ပြန်ကြည့်တယ်။ သူ့ မျက်နှာပေါ်က အပြုံးဟာ ရုတ်ခြည်း တိမ်ကြားကွယ်သွားတဲ့ လမင်းလို ပါပဲဗျာ။ နောက် စာအုပ်ကို ဖွင့်လိုက် ကျုပ်ကို ကြည့်လိုက်နဲ့ ထပ်လုပ်တယ်။ ဓာတ်ပုံထဲကပုံဟာ ကျုပ်ပုံပဲလို့လည်း သေချာသွားရော .. သူမျက်နှာက လငပုတ်ဖမ်းသလို ဖြစ်သွားတော့တာပဲ ဗျာ။ ကျုပ်သိလိုက်ပါပြီ။ သူက ကျုပ်ကို မြန်မာပြည်က ပြန်လာတဲ့ ဂျပန် သို့ မဟုတ် ကိုးရီးယား တိုးရစ်ထင်နေတာဗျ။ ကျုပ်က အညာသားဆိုပေမဲ့  အသားလတ်အဆင့်ကို ကျော်နေတော့ သူအကဲခတ် မှားနေတာ။
..........................................

နောက်တကြိမ် သူ ကျုပ်ကို ကြည့်ပြန်တယ်။ ဟာဗျာ။ တောက်။...ကျုပ်တော်တော့်ကို ဒေါကန် သွားတယ် ။ ကျုပ်က လူလည်ဗျ။ သူကြည့်တဲ့ အကြည့်ကို ကျုပ်ကောင်းကောင်း ဘာသာပြန်နိုင် တယ်။ ပုလိပ်က သူခိုးကို ကြည့်တဲ့အကြည့် ဗျ။
နေဦးဗျာ။ နောက်ထပ် အဓိပ္ပါယ်တမျိုး ရှိသေးတယ်။ ဒီအကြည့်မျိုးကို ကျုပ်ငါးနှစ်သား လောက်က သတိပြုမိခဲ့တဲ့ အကြည့်မျိုးဗျ။ ကျုပ်တို့ရွာမှာ အလှူကြီးတခု လုပ်တုန်းကပေါ့။ ကျုပ်တို့ ဘဒွေးလေးအလှူလား ဦးကြီးတင့် အလှူလားတော့ မမှတ်မိတော့ဘူး။ အဲဒီအလှူမှာ ရွာနီးချုပ်စပ် လေးငါးရွာက အမျိုးတွေကော၊ ဧည့်သည်တွေကော တော်တော်လာကြတယ်။ လှူတာကလည်း တရွာလုံး မီးခိုးတိတ်။ အလှူဟင်းချက်တာကလည်း မိုးဗြဲဒယ် ကြီးတွေနဲ့ ။ ကျုပ်ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီ မိုးဗြဲဒယ်ကြီး တွေနားမှာပေါ့။ ထူးထူးဆန်းဆန်း လူလေးယောက်ကို တွေ့တာ လေ။ အဲဒီလူတွေက လူတော့လူပဲဗျ။ သူတို့က အညာဖျင်နဲ့ ချုပ်ထားတဲ့လွယ်အိတ် အရှည်ကြီးတွေကို ထမ်းပိုးရှေ့နောက်ချိတ်ပြီး ထမ်းလာကြတာ။သူတို့ ခေါင်းပေါင်းတွေက တခြားသူတွေ ပေါင်းထားသလို မဟုတ်ဘူး ခေါင်းပေါင်းရဲ့ နောက်အချွန်လေးက ငယ်ထိပ်တည့်တည့် ရောက်အောင် ပေါင်းထားတာ။ ကျုပ်ကလည်း ထူးထူးဆန်းဆန်း ဆို စိတ်ဝင်စားတတ်တဲ့ ကောင်ဆိုတော့သူတို့ကိုပဲ စိုက်ကြည့်နေတယ်။ အမေက မိုးဗြဲဒယ်နားမှာ ပဲလေ။ သူ့ အလုပ်နဲ့ သူ ရှုပ်နေတယ်။
နောက်တခုက အဲဒီလူတွေကို တခြား လူကြီးလူငယ်တွေလည်း ဝိုင်းကြည့်နေကြသဗျာ။ ဘေးက ကြည့်နေတဲ့ သူတွေ ရဲ့ အကြည့်ဟာ တမျိုးထူးနေတယ်ဗျ။ ငါးနှစ်သားဆိုပေမဲ့  ဒီအကြည့်ကို ကျုပ်ကောင်းကောင်း သတိပြုမိတယ်။ လူလူချင်း ကြည့်တဲ့ အကြည့်နဲ့  နည်းနည်း ကွဲပြားနေသလိုပဲ။ ကျုပ်က အိတ်ရှည်နဲ့ လူလေးယောက်ကို တလှည့် ဝိုင်းကြည့်နေ တဲ့လူအုပ်ကို တလှည့် ... ဇက်မှာ ဗဟိုပြုပြီး လည်ပင်းလေးငါးခါ လည်နေတာကို အမေက သတိပြုတယ်ထင်ပါ့။ ကျုပ် ခေါင်းကိုပွတ်ပြီး တိုးတိုးညင်ညင် ပြောသဗျ။ ကယ်ပါတွေပါသားရယ် တဲ့။ ကျုပ်က ကယ်ပါဆိုတာလည်း နားမလည်တော့.. .အမေ ကယ်ပါတွေက ဒီကို ဘာလာလုပ်တာလဲလို့ မေးမိတယ်။ အမေက ထမင်းတွေ ဟင်းတွေ လာတောင်း တာပေါ့ သားရယ်တဲ့။ ကျုပ်က လျာဆက်ရှည်လိုက်တယ်။ အမေ သူတို့ က အလုပ်မလုပ်ဘဲ လျှောက်တောင်းစားတာလားလို့ ။ ဆိုတော့။
မဟုတ်ဘူးး သားရဲ့။ သူတို့အမျိုးက ကယ်ပါမျိုး ဖြစ်နေလို့ တောင်းရတာတဲ့။ တချို့ ကယ်ပါတွေက တော်တော် ချမ်းသာတာတဲ့။ တနှစ်တခါ အတောင်းအရမ်း မထွက်မိရင် ကိုယ်တွေ ဘာတွေ ပျက်ပြီး နူတတ်တယ်တဲ့။
..........................................

တကယ်နူမနူ ဘယ်သိမလဲ ဗျာ့ ။ ခင်ဗျားကလည်း ကျုပ်က ကယ်ပါ အနူ ဇာတ်ခင်းနေတာမှ မဟုတ်တာ။ ကျုပ်ပြောချင်တာက စောစောက ဘန်ကောက် လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိ ကျုပ်ကို နောက်ဆုံး ကြည့်လိုက် တဲ့အကြည့်ဟာ ကျုပ်တို့ ရွာမှာ လူအုပ်ကြီးက ကယ်ပါတွေကို ကြည့်တဲ့အကြည့်မျိုး ဗျ။ စိတ်ထဲရှိသလို ဒင်း ကော်လံကို ကိုင်ပြီး ဆွဲမြှောက် ၊ ကျန်တဲ့ လက်တဖက်နဲ့  နားရင်းလေးချက်လောက် ဆက်တိုက်အုပ်လိုက်ရင်တော့ လေဆိပ်မှာတင် အချုပ်ထဲ တန်းရောက်တော့မှာပေါ့ ဗျာ။ တကယ်တော့ အဲဒါ တကယ့်ကို အကင်းလေးပဲ ရှိသေးတာ ဗျ။
..........................................

စင်္ကာပူမှာ ကွမ်းယာဆိုင် ဖွင့်လောက်တဲ့အရင်း ကလည်း မရှိ။ နေရာတကာ ကွန်ပြူတာပ မှ အလုပ်ဖြစ်တဲ့ စင်္ကာပူမှာ ကျုပ်က ကွန်ပြူတာဆိုတာ တီဗွီနဲ့ လက်နှိပ်စက် တွဲထားတာ ထင်နေတဲ့ကောင်မျိုးဆိုတော့ ထိုင်းမှာနေမလား လာမိပါတယ်ဗျာ။ ကယ်ပါစာရင်း top ten တန်းဝင် တော့တာပဲ။ ကျုပ်လည်း ပေါက်တဲ့နဖူး မထူးတော့ဘူး ဆိုပြီး ဇာတိမာန် ကို ဘေးချိတ်လိုက် ရတော့ တယ် ဆိုပါတော့ဗျာ။
..........................................

ကဲပါလေ။ ထိုင်းမှာ ကျုပ်လည်း ရွှေစာရင်း ဝင်တော့ ရောယောင် အနှိမ်ခံရတာတွေ စာဖွဲ့ ပြီး လျှောက်ပြောနေရင် ညပေါင်း သောင်းချီသွားပါလိမ့်မယ်။တိုတိုပြောရရင် ထိုင်းနိုင်ငံ ဘယ်နေရာမဆို မြန်မာဟေ့လို့သိလို့ ကတော့ တရာမှာ ကိုးဆယ့်ကိုး ဒဿမ ကိုးကိုးကိုး သော မဟာထိုင်းများက နှိမ်ပြီလို့ သာ မှတ်ပေတော့ဗျာ။ ကျုပ်လည်း ဖူးခက်မှာ ဈေးဆိုင်လေး ဖွင့်မိ တာမို့ အမျိုးမျိုးသော ထိုင်းသခင်များရဲ့ အဝါးဝမှုကို ခါးစည်းခံရတာ အကြိမ်ကြိမ် ပေါ့ ဗျာ။ မကြာသေးခင်က ထွက်လာတဲ့ ထိုင်းဇာတိမာန် ဇာတ်ကား နရစွမ် အကြောင်း ရိုက်ပြ ထား တဲ့အခွေ ကလည်း မီးလောင်ရာ လေပင့်ပါပဲ။
အော် ဖူးခက် အကြောင်းလား။ ထိုင်းနိုင်ငံ ရဲ့ ပထမတန်း တိုးရစ်မြို့  တော်။ ကမ္ဘာလှည့်ခရီးသည်တွေ နှစ်စဉ် သန်းချီပြီး လာနေတဲ့မြို့ တော်လေ။ မနက်ညနေ အလုပ်ဆင်းချိန်တိုင်း အလုပ်ခွင်ဝတ်စုံအရောင် မျိုးစုံနဲ့ ဝက်တွေတင်သလို ကားနဲ့ မချိမဆန့် တင်လာတာတွေ့ ရင် မြန်မာအလုပ်သမားတွေပဲမှတ်။ ပါတောင်ကမ်းခြေဘက်မှာ အမှတ်တရ လက်ဆောင် ရောင်းတဲ့ ဆိုင်တိုင်းမှာ ဘိုလို ဒွတ်ဒက် ရွှတ်ရှက် ခပ်သွက်သွက် မှုတ်နေတာတွေ့ရင် မြန်မာပေါက် ဂေါ်ရခါး လို့ သာမှတ်။လမ်းဘေးမှာ ချွေးတလုံးလုံးနဲ့  အလုပ်သမားတွေ့ရင် မြန်မာလို့မှတ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်မှန်သမျှ စားပွဲထိုးတွေ့ရင် မြန်မာလို့သာမှတ်။ ထိုင်းသူဌေးတွေ အိမ်မှာ ကုတ်ချောင်းချောင်းပုံနဲ့ အိမ်စေ အိမ်ဖော်တွေ့ရင် မြန်မာလို့သာမှတ်။
မြန်မာအလုပ်သမား ခုနှစ်သောင်းနဲ့တသိန်း ကြား ရှိတဲ့မြို့  ဗျာ။
..........................................


ကျုပ်လည်း အနှိမ်ခံ ရတာ အကြိမ်များလာတော့ တကိုယ်လုံးဗုံးချည်ပြီး ထိုင်းရဲစခန်းတခုခု ထဲ ပြေးဝင်ချင် လောက်အောင် စိတ်ပေါက်လာတာနဲ့၊ ဆိုင်ကိုရင်းနှီးတဲ့ ထိုင်းကျေးဇူးရှင်တယောက် နာမည်ပြောင်းပြီး ဘာဝနာလေးဘာလေး စီးဖြန်း၊ ကွန်ပြူတာတလုံးနဲ့ အိမ်တွင်းပုန်းလိုက်ရော ဆိုပါတော့ဗျာ။ စကာင်္ပူ အပါအဝင် ထိုင်းမြို့ ကြီး တော်တော်များများကို ခရီး မကြာမကြာ ထွက်တာ ရှိပေမဲ့ ရက်ပိုင်းပဲဆိုတော့ ဖူးခက်မှာပဲ အနေများတယ်လေ။ အိမ်ထဲမှာ နှစ်လလောက် ကုတ်နေပြီး ကွန်ပြူတာနဲ့ အဖော်လုပ်နေရတာ ကြာတော့လည်း ဒူလာစွဲမလို ။ အထီးကျန်သလိုလို ဖြစ်လာရောပေါ့ဗျာ။
..........................................

ဒါနဲ့ တခုခုတော့အာရုံ ပြောင်းမှ ကောင်းမယ်လေ ဆိုပြီး ကျုပ်ငှားနေတဲ့အိမ်ဘေးမှာ စိုက်ခင်းလေးတခု လုပ်ဖြစ်ရော ဆိုပါတော့ ။ ထိုင်းမှာရောင်းတဲ့ မျိုးစေ့ အိတ်တွေမှာ ရေးထားတဲ့ စာတွေကို မဖတ်တတ်တာ တကြောင်း ။ စိုက်မဲ့ စိုက်ရင် ငါ့တိုင်းပြည်က မျိုးစေ့လေးပဲ စိုက်တော့မယ်ဟ ဆိုပြီး ကော့သောင်းဘက်က မိတ်ဆွေတယောက် လူကြုံနဲ့မျိုးစေ့ တချို့  မှာပြီး စိုက်ဖြစ်ရော။ မစိုက်ခင်တော့ ပေါက်တူးတလက်နဲ့တူးရ၊ ဆွရတာပေါ့ဗျာ။ မြောင်းဖော်ဘောင်တင်တာ လောက်တော့တတ်သလောက် မှတ်သလောက် လုပ်ရတာပေါ့။ ကျုပ်က စိုက်ပျိုးရေးတွေ ဘာတွေ တတ်လှတယ် တော့မဟုတ်ပါဘူး။ စိတ်ထွက်ပေါက်ရ ပြီးရော ဆိုပြီး မှန်းသန်း လုပ်နေတာ ပါ။
..........................................

ကျုပ်နေတဲ့ အိမ်က အတော်တော့အကျယ်သားဗျ။ ခြံနဲ့ဝင်းနဲ့ ဆိုပါတော့။ အိမ်နဲ့ကားဂိုဒေါင် ပတ်ချာလည်မှာ ကောင်းကောင်း စိုက်လို့ ရတဲ့နေရာတွေ ဗျ။ ပေါက်တူးတလက်နဲ့ ညနေတိုင်း လျှောက်ဆွနေတော့ အနီးအနား အိမ်တွေက ဒီဗမာကူလီ ဘာလုပ် နေပြန်ပြီလဲ တွေးရင်လည်း တွေးကြလိမ့်မပေါ့ဗျာ။ ကျုပ်အိမ် ရှေ့ တည့်တည့်နဲ့ဘေး တအိမ်က ထိုင်းတွေဗျ။ နောက်ဘေးတဖက်ကတော့ ထိုင်းမနဲ့ ညားနေတဲ့ ဆွီဒင် တယောက်နေတာ ။ ဒီမောင်က လွန်ခဲ့တဲ့ အနှစ်ငါးဆယ် လောက်ကတည်းက ဖူးခက်ရောက်နေတာ ဆိုပဲ။ ဒါလည်း သိပ်ရင်းနှီးလွန်းလို့ မဟုတ်ပါဘူး ဗျာ။ အိမ်နီးချင်း ဆိုတော့ နှစ်သစ်ကူးလက်ဆောင်လေး ကျုပ်ဖက်က သွားပို့ ရင်း သိခဲ့ ရတာ ပါ။ အဲဒီ ဆွီဒင် ကတော့သဘောကောင်း ဗျ။ ကျုပ်ကို ဘယ်လိုမှ သဘောထားပုံမရဘူး ။ သူ့အလုပ်သူ လုပ်နေတာပဲ။ သူက သဘောင်္အေးဂျင့်လေ။ အသက် ခြောက်ဆယ် ကျော်နေပြီ။
..........................................

မြောင်းတွေ ဘောင်တွေ လုပ်ပြီးတော့ ကျုပ်လည်း မျိုးစေ့လေးတွေချပြီး စစိုက်လိုက်ရော ပေါ့ဗျာ။ အပင်မျိုးတော့ တော်တော်စုံသား ဗျ။ ငြုပ်သီး၊ ဗုံလုံသီး၊ ရုံးပတီ။ ကြက်ဟင်းခါး ။ ချည်ပေါင် နောက်တော့ဘူးသီး။ အောင်မယ် တခြားအပင်တွေကသာ လျှောလျှောလျူလျူ ပေါက်လာတယ်။ဘူးသီးက တော်တော်နဲ့  အညှောင့်ထွက်မလာဘူး ဗျာ။ ဒါနဲ့  ကော့သောင်းက အသိကိုပဲ ဘူးသီးဘယ်လို စိုက်သတုန်း ထပ်မေး။ သူက ဘူးသီး ရေးရာကျွမ်းကျင်သူ ပဲခူးတိုင်း ကဝ က သူ့ အမေကို လှမ်းမေးနဲ့ .. ဖူးခက်မှ ..ဘူးသီး... ကဝ. ကြားလား.. .ဖူးခက်မှ ...ဘူးသီး ....ကဝ ..ကြားလား နှစ်ခါ လောက်လည်း လုပ်ပြီးရော အညှောင့်ထွက် အပင်ပေါက်လာပါလေ ရောဗျာ။ အေးပေါ့ဗျာ အပင် တပေခွဲလောက် ဖြစ်လာတော့ တိုင်လေးတန်းလေးလုပ် နောက်ထပ် ရှည်လာပြန်တော့ ဘူးစင်ထိုးရတော့တာပေါ့ ။
..........................................

ဘူးပင်တွေက လိပ်သွားလေးနဲ့ မှန်မှန်တက်လာ သဗျာ။ ဘူးစင်ကလည်း ကပ်ရိုက် ကပ်ခွေ အဆင့်ဆိုတော့ဘေးအိမ်တွေ က ဒီကောင်ဘာထပ်ပြီး မျက်စေ့နောက်ဆေး ဖော်ပြန်ပြီလဲဆိုတဲ့ အကြည့်တွေနဲ့ပေါ့။ တလခွဲလောက် ကြာတော့ တခြားအပင်တွေ ထိုးထိုးထောင် ဖြစ်လာတယ်။ ဘူးညွန့်တွေလည်း စင်ပေါ်ရောက်လာတယ်။ တခြံလုံး သီးပင်တွေနဲ့ ဖြစ်လာတော့ ဘေးက ဒီဗမာ ခြံစိုက်တာ ကိုးဆိုပြီး အော်.. တောင်သူလယ်သမား ဗမာပဲလို့ ထင်ပုံ ရလာတယ် ဗျ။ အကြည့်တွေက သိပ်ပြီး ထူးလာတယ်တော့မဟုတ်ပါဘူး။
..........................................

ဒီလိုနဲ့  ဘူးညွန့် တွေ တပြုံကြီးတက်လာပေမဲ့ အသီးက တင်မလာဘူးဗျ။ နောက်အသိ ဗမာ တယောက် အိမ်လာလည်ရင်း ဆရာ့ ဘူးညွန့်တွေအညွှန့် ဖြတ်လိုက်မှ အသီးတင်မှာဆိုတဲ့ သြဝါဒနဲ့အညီ အညွှန့်တွေကို လျှောက်ဖြတ်လိုက်တာ မျက်လှည့်ပြလိုက်သလို ပါပဲဗျာ။ သီး လိုက်တဲ့ ဘူးသီးတွေ လေးငါးခြောက်လုံး တပြိုင်နက် ထွက်လာတယ်။
ကျုပ်လည်း မရင့်ခင် စားလိုက်မှ ဆိုပြီး သုံးလေးလုံး ခူးပြီး အင်းယားကန် အလွမ်းပြေ ဘူးသီး ကြော်ကြော် ပြီး လွှေးလိုက်ရော ပေါ့။ ဒါပေမဲ့ အဲဒီ ဘူးစင်ပေါ်က ပထမဆုံး သီးတဲ့သုံးလုံးကို ကျုပ်မခူးပဲ မျိုးသဘော ထားလိုက် တယ်။ အရွယ် အတော်ကြီးလာတော့ အညှာမခိုင်မှာ စိုးတာနဲ့ ဘူးသီးဖင်ကို ပလပ်စတစ်ကြိုးနဲ့ ကျစ်ထားတဲ့ကရွတ်ခံ ကြိုးနဲ့ ဆိုင်း လုပ်ထားရတာပေါ့။ ဒါနဲ့ အဲဒီ မျိုးဘူးသီး တွေက တဖြည်းဖြည်း ကြီးလာလိုက် တာ ကျုပ်တို့ မြန်မာ့ဂုဏ် ကို ဆောင်တော့တာ ပါ ပဲဗျာ။
..........................................

အေးလေ။။ အဲဒီမျိုးဘူးသီး သုံးလုံး ကြီးလာလိုက်တာ အရှည်နှစ်ပေ လုံးပါတ် လူတဖက် လျော့ လျော့ ဖြစ်လာရော ဗျာ။ ဘေးအိမ်တွေက သတိပြုမိတဲ့နေ့ကဆို တအံ့တသြနဲ့  ပြောင်ပြောင်တမျိုး ခိုးကြည့်တာ တမျိုးနဲ့ အကြည့်တွေ အချိုး ပြောင်းကုန်သဗျာ။ ဘေးက ဆွီဒင်လည်း ကျုပ်ကို ပြုံးပြုံး ပြုံးပြုံး နဲ့  .. ဝှတ် အစ် သစ်စ် တဲ့။ ဝှစ်ခ်ျ ကိုင်းအော့ ဖရုတဲ့။ကျုပ် လည်း အဘိဓာန် အပြေးလှန်ပြီး .. ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရင်ကော့ရင်း ဖြေလိုက်သဗျာ။.. thiis is Myanmar Gourd , this is Myanmar Gourd ပေါ့။ ဘေးအိမ်က ထိုင်းတွေကလည်း အားရပါးရ ရယ်မောပြီး ကျုပ်ကို နှုတ်ဆက်တဲ့ အပြင် ဘူးသီးကြီး တွေကို လက်ညှိုးထိုးထိုးပြီး ဖမာ့ နန်မ်သောင်း။ ဖမာ့နန်မ်သောင်း တဲ့။ လမ်းသွားလမ်းလာတဲ့ သူတွေ ကလည်း ကျုပ်အိမ်ရှေ့  ရောက်ရင် ကျုပ်ဘူးစင်က ဘူးသီးကို ဘူးကသိုင်းရှုပြီးမှ ခရီးဆက်ကြလေရဲ့ ။
..........................................

ဒါတင် ဘယ်ကမလဲဗျာ။ ကျုပ်ဘေးအိမ်က ထိုင်းတွေကော။ တခြားကျုပ်အသိ ထိုင်း မိတ်ဆွေတွေကကော သူတို့နဲ့ ရင်းနှီး တဲ့ မိတ်ဆွေတွေကို ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ ခေါ်ခေါ်လာပြီး ကျုပ်ဘူးသီး၊ လာလာကြည့်ကြတာ ဖူးခက်မြို့ က ကျုပ်နေတဲ့ ရပ်ကွက်မှာ ပွဲတော်ကြီးကို ဖြစ်လို့။ အဟုတ်ဗျ။ ထိုင်းဘူးသီးဆိုတာက ကျုပ်တို့ မြန်မာ့ ဘူးသီးနဲ့ ယှဉ်လိုက်ရင် ဂေါ်လီလုံးသာသာ ရှိတာကလား။ ဖူးခက်ရွှေမြို့တော်ကြီးမှာ ကျုပ်တော့ဖြင့် မြန်မာ့ဘူးမျိုး ဘူးသီးအားကိုးနဲ့ မျက်နှာပန်းပွင့် ခဲ့ပါပြီဗျာ။
အေးပေါ့ဗျာ။ နေရာတကာ နှပ်ပစ်ခံနေရတာ ဘူးသီးကယ်မှပဲ သက်သာရတော့ တယ် ပြောရတော့မှာပဲဗျ။ အဲဒါကြောင့် ကျုပ်ပြောတာပေါ့ဗျာ။ မြန်မာ့ဘူးသီးဆိုရိုးတွေထဲမှာ စကားတခုတိုးပါလို့ ။ ရာဇဝင်တွင်ရစ်မဲ့ မြန်မာ့ဘူးသီး လို့ပဲ ဖြစ်ဖြစ်ပေါ့။
..........................................

အော်... မေ့နေလိုက်တာ ။ ကျနော့်မှာ ဒို့ ဗမာဆိုတဲ့ သီချင်းခွေလေးတခု ရထားတယ်။ နားထောင်ကြည့် လိုက်အုံးနော်။ ဟုတ်ပါတယ်။ တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ဆိုလားဗျာ။

မင်းဒင် ရေးသည်။။

သက်ခိုင်နဲ့ ဂူတင်ဘတ် မိတ်ဆွေဖြစ်ပြီ

ကွယ်လွန်သူစာရေးဆရာကြီး ဦးသိန်းဖေမြင့်၏ စကားအရဆိုလျှင် ကျနော်သည် စာရေးဆရာအဖြစ်ကို နမောတဿရွတ်ဆို၍ တောင်းခံဆဲဖြစ်လေသည်။ ကျနော်ရေးသောစာတို့မှာ စာရေးဆရာ တယောက်နှင့် တူသည်မတူသည်ကို မသိလင့်ကစား သက်ခိုင်ကား ဂူတင်ဘတ်နှင့် မိတ်ဆွေဖြစ်ခဲ့ကြလေပြီ။
သက်ခိုင်၏ဘဝသည် ကြမ်းတမ်းရှုပ်ထွေးခဲ့သည့်နည်းတူ သက်ခိုင် ပုံနှိပ်စာအုပ်အဖြစ် ရောက်ရှိရေးသည်လည်း ဤနည်းနှင်နှင်ပင်။ ဒီဇင်ဘာလဆန်းက ပုံနှိပ်ရန်အဆင်သင့်ဖြစ်နေပြီ ဟူသော အကြောင်းကြားချက်အရ မိုင်ထောင်ချီဝေးသော ဖူးခက်မဲဆောက်ခရီးကို နှင်ခဲ့သော်ငြား မဲဆောက်သို့ရောက်သည့်အခါ မာတိကာပင် မပြီးသေးချေ။
ထို့ပြင်တဝ ပုံနှိပ်ခ ထိုင်းဘတ်ရှစ်သောင်းခန့် မှန်းထားခဲ့ပြန်သော်လည်း ဘန်ကောက်ပုံနှိပ်တိုက် ပိုင်ရှင်နှင့် နဖူးတွေ့ဒူးတွေ့ ကြုံသောအခါ ထိုင်းဘတ်တသိန်းခြောက်သောင်း ဆိုပြန်ပါလေသည်။
ဒိုနာတို့ ဝေရာမဏိကြလေသော မင်းဒင်ရဲ့သက်ခိုင်ကား ကျနော့်အိတ်ကပ်ထဲက ချွေးနည်းစာ၊ ရှိစုမဲ့ ငွေ အသပြာတို့ကို သူဌေးသုံးသုံးခဲ့လေသည်။ မည်သို့ဆိုစေ ယခုသော်ကား ဆိုဒ်ကြီး စာမျက်နှာ (၇၂ဂ) မျက်နှာ ရှိလေသော မင်းဒင်ရဲ့ သက်ခိုင် အစအဆုံးလုံးချင်းသည် ပုံနှိပ်စာအုပ်တအုပ်အဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်ပါ သည်။
http://www.mindin.info တွင် အခန်းပေါင်း (၈၉)ခန်းအပြင် ကျန်အခန်း (၁၂)ခန်းကိုစုပေါင်းကာ ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။ စင်စစ်ထိုစာအုပ်သည် သေစာရှင်စာမျှပင် တတ်မြောက်မသွား ခဲ့ရှာသော ကွယ်လွန်သူ မိခင်ကြီးသို့ အထူးရည်ညွှန်းခြင်းဖြစ်ပါသည်။
စာအုပ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းခဲ့ကြသူများကိုလည်းကောင်း၊ လန်ဘားကျောက်တံတား ဝတ္ထုရှည်ကြီးကို စိုက်လိုက်မတ်တပ် ဖတ်ရှုနေခဲ့ကြသူများကိုလည်းကောင်း၊ အကြင်စာအုပ်ကို အားပေးဖတ်ရှုလိုကြသည့် စာဖတ်ပရိသတ်အားလည်းကောင်း ပူဇာစ၊ ပူဇနေယျာနံအဖြစ် မှတ်ယူ ပါကြောင်း အလေးအနက် ပြောလိုပါသည်။
ဖြန့်ချိရေးကိုယ်စားလှယ်အသီးသီးရှိရာ နိုင်ငံအသီးသီးသို့ စာအုပ်များတင်ပို့ထားပြီးဖြစ်ပါကြောင်း လည်း သတင်းစကားပါးအပ် ပါသည်။

ချမ်းသာကိုယ်စိတ်မြဲပါစေ။
လေးစားစွာဖြင့်
မင်းဒင်
၂၀၁၀ ဒီဇင်ဘာ ၂၉ ရက်
………………………………..
ပုံနှိပ်မှတ်တမ်း။ ။
ထုတ်ဝေသူ။ ။ မင်းဒင်
စီစဉ်သူ ။ ။ နှင်းခါးမိုး၊ကိုဈာန်
ပုံနှိပ်ခြင်း ။ ။ ပထမအကြိမ်၊ဒီဇင်ဘာ ၂၀၁၀
အုပ်ရေ ။ ။ အုပ်ရေ ၁၀၀၀
ဓာတ်ပုံ ။ ။ ဂျစ်တူး (မုံရွာ )
ဂရပ်ဖစ်ဒီဇိုင်း ။ ။ သီဟမောင်မောင်
ဖြန့်ချိရေး ။ ။ သက်ခိုင်စာပေ
။ တယ်လီဖုန်း +၆၆ ၈ ၁၇၁၉၁၀၉၂
။ mindin3000@gmail.com
။ မလေးရှားနိုင်ငံ
။ ဦးစရိယ (ရတနာရာမကျောင်း)
။ + ၆၀ ၁၆၆၂၆၄၆၄၂ ashincariya@gmail.com
။ စင်္ကာပူနိုင်ငံ
။ ဂျစ်တူး(မုံရွာ) +၆၅ ၉၃၈၃၃၄၂၉ jittoo.monywa@gmail.com
။ ကိုဝင်းမြင့် + ၆၅ ၉၇၉၄၇၂၀၆ kolay.aoab@gmail.com
။ ကိုရဲ +၆၅ ၉၁၀၇၅၅၅၄ ytaung@gmail.com
။ မင်းတုန်းမင်း +၆၅ ၈၂၈၆၁၉၄၀ akst007@gmail.com
။ အမေရိကန်ပြည်ထောင်စု
။ မိုးမခ Multimedia +၁ ၄၁၅-၅၉၅-၁၄၈၅ maungyit@gmail.com
။ တောင်ကိုးရီးယား
။ ကိုရန်နိုင်ထွန်း yannainghtunkorea@gmail.com
။ ဒိန်းမတ်နိုင်ငံ
။ ကိုစန်းနိုင် +၄ ၅၇၁ ၆၆၅၈၂၂
panchittu2082@gmail.com
…………………………….
ဈေးနှုန်း။ ထိုင်းနိုင်ငံဘတ် (၄၀၀)စင်္ကာပူ၊ စင်္ကာပူဒေါ်လာ(၂၅)၊ မလေးရှား ရင်းဂစ်(၅၀) အမေရိကန် ဒေါ်လာ (၂၀) ယူရိုသုံးနိုင်ငံများ ယူရို(၁၈)
(အုပ်ရေမည်မျှဖြစ်စေတိုက်ရိုက်မှာယူနိုင်ပါသည်။ တိုက်ရိုက်မှာယူသူများအနေဖြင့် စာပို့ခ သီးသန့် ကျသင့်မည် ဖြစ်ပါသည်။)