၈၄။ အောင်ကျော်ချမ်းအေး မန္တလေး
ဒီလိုနဲ့ကျနော်ဟာ စနေမောင်မောင် ၊မင်းမင်းထွန်းတို့နဲ့အတူ ရတနာပုံရွှေမြို့တော်ကြီးဆီကို အမြန်ရထားနဲ့ ခရီးနှင်ခဲ့ရောဆိုပါတော့ဗျာ။ မင်းမင်းထွန်း ဆိုတာ အဆိုတော် တင့်တင့်ထွန်း အကိုပေါ့ဗျာ။ သူ့လက်ငုတ်လက်ရင်း အလုပ်ကတော့ ကားပွဲစားဗျ။ နအဖအစိုးရခေတ်မှာ ဂွင် တွေ ဂွက်တွေ ပေါ်လာတော့ BOA ဆိုတဲ့ ကုမ္ပဏီတခုထောင်ဘူးတယ်။ ကျနော်ပြောဘူးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အမ ၊ဒေါ်ကြည်လွင်ရဲ့သား တပ်ကြပ်အငြိမ်းစား ဌေးအောင်နဲ့တွဲပြီး စိန်ဂျွန်း ဈေးစီမံကိန်းရဲ့ ပွဲဦးထွက် အခန်းတွေမှာ ပါဘူးတာကလွဲလို့ သူ့ကုမ္ပဏီမှာ တခြား အလုပ် မယ်မယ် ရရတော့ မတွေ့မိဘူးဗျ ။
အခုလည်း မင်းကြိုင်ခေါ် စနေမောင်မောင်က သူနဲ့အတွဲဆိုတော့ ပါလာတာထင်ပါရဲ့ ။ ကျနော်လည်း အလုပ်က ဘယ်ဆီနေမှန်းမသိသေးလေတော့ သူ့စားရိတ်နဲ့ သူလိုက်လာတာ ကို ဘာမှ ပြောစရာမရှိပါဘူးဗျာ။
………………………………………

အော်၊ ဒါနဲ့ အခုတခေါက် မန္တလေးရောက်တာ ပထမဆုံးအခေါက်တော့ မဟုတ်ဘူးဗျ။ ကျနော် ဆရာအတတ်သင် ကျောင်းသားဘဝက မန္တလေးကို ရောက်ဘူးသေးတယ်။ကျနော်ရဲ့ ပုဂံ အနွယ် သွေးကြောင့်ပေလားတော့ မသိဘူးဗျ။ ကျနော်ငယ်ငယ်လေးကတည်းက မြန်မာနိုင်ငံ ရဲ့ ရှေးဟောင်းမြို့တွေကို တော်တော် စိတ်ဝင်စားတယ်။ ကျနော်ဆယ်တန်းအောင်တဲ့နှစ်က နတ်မောက်ကို ပြန်ရင်း ပုဂံကို ရောက်ဘူးချင်တာနဲ့ လွယ်အိတ်တလုံးလွယ်ပြီး ပုဂံဖက်ကို ခရီးထွက်ခဲ့ဘူးတယ်။ အဲ၊ မန္တလေး ကိုရောက်ခဲ့ဘူးတာတော့ ကိုယ့်စားရိတ်နဲ့ ကိုယ်မဟုတ် ဘူးဗျာ။ အစိုးရစားရိတ်နဲ့ ဆိုပါတော့။ ဟုတ်တယ်ဗျ။ ကျနော် ဘိုကလေးမှာဆရာအတတ်သင် တက်နေတုန်း (၁၉၇၇)ခုနှစ်က တနိုင်ငံလုံးမှာရှိတဲ့ ဆရာအတတ်သင်ကျောင်းပေါင်းစုံပါဝင် ဆင်နွဲခဲ့ကြတဲ့ “ကျောင်းပေါင်းစုံ ဘက်စုံပညာပြိုင်ပွဲ“ဆိုတာ ကျင်းပ ခဲ့ဘူး တယ်။
အင်းလေ၊ ကျောင်းဆရာတွေဆိုတာ ဘက်စုံထူးချွန်တဲ့ တပည့်တွေ မွေးထုတ်ပေးနိုင်ရမှာ ဆို တော့ ဘက်စုံပညာပြိုင်ပွဲဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ ပြိုင်ပွဲကြီးတခုပါပဲ။ အဲဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမဲ့ ပြိုင်ပွဲအမျိုးအစားကတော့ အတော်စုံသဗျ ။ မှတ်မိသလောက် ပြေးခုန်ပစ်၊ ဘောလီဘော၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ဆိုကရေးတီး ၊ကြက်တောင်၊ပြိုင်ပွဲတွေ ပါသဗျာ။ အေးပေါ့ ဗျာ။ ကျနော်လည်း ချာတိတ်ဘဝမှာ ဆရာအတတ်သင်ကိုရောက် နေခဲ့ လေတော့ အဲဒီပြိုင်ပွဲ ကျင်းပဘို့ လူရွေးမယ်လည်း ကြား ရော ပြိုင်ပွဲတခုခုမှာတော့ ပါမှ ဖြစ်မယ်ဆိုပြီး လူရွေးပွဲမှန် သမျှ ဟိုစပ်စပ် ဒီစပ်စပ် လျှောက်ပြိုင်ရတော့တာပေါ့ဗျာ။ အေးလေ၊ တကျောင်းလုံး မှာ ရှိတဲ့ သင်တန်းသား ခုနှစ်ရာ လောက်ထဲကနေ လက်ရွေးစင်သုံးဆယ် ကျော် ရွေးမှာ ဆိုတော့ လက်ရွေးစင် စာရင်းမှာ ပါချင်ဇောနဲ့ ကျားကုပ်ကျားခဲလုံ့လ ထုတ်ခဲ့ ရတာပေါ့။
………………………………….
ပထမဆုံး ကျနော်အားသန်တာက စားပွဲတင်တင်းနစ်ဗျ။ အမှန်က စားပွဲတင်းနစ်ဆိုတာ ဆရာ အတတ်သင်ရောက်မှ တွေ့ဖူးတာကလား။ လေးငါးလ ကစားသက်နဲ့ ဘယ်တိုးနိုင်ပါ့မလဲ။ အုပ်စုအဆင့်နဲ့တင် ပြုတ်တာပါပဲဗျာ။ ဒါနဲ့ ကြက်တောင်ဝင်ရိုက်ပြန်တော့လည်း ထို့နည်း လည်းကောင်းပဲဗျာ။ ဘောလီဘောအသင်းမှာ ပါဘို့ကတော့ စိတ်ကူးတောင် ထည့်လို့ မရဘူး ဗျာ။ ဆရာအတတ်သင်လာတက်တဲ့ သင်တန်းသားတွေထဲမှာ တိုင်းနဲ့ပြည်နယ် လက်ရွေးစင် တွေရော မြို့နယ်အဆင့် လက်ရွေးစင်တွေပါ ရိုက်သတ်လို့ မကုန်ဘူးဗျာ။ ဆိုကရေးတီးထဲ ပါ ဘို့ဆိုတာကလည်း မောင်မယ်သစ်လွင်ကြိုဆိုပွဲတုန်းက ဘာမှဟုတ်တိပတ်တိ တတ်တာ မဟုတ်ပဲ စင်တင်ပြဇာတ် ဒါရိုက်တာလိုလို ဆရာကြီးဝင်လုပ်ခဲ့ပေမဲ့ တကယ့် စည်းဝါးနရီနဲ့ စံနစ်တကျတတ်တာမှ မဟုတ်တာ ဘယ်မှာလာ အရွေးခံရပါ့မလဲဗျာ။
ဒီနေရာမှာ ကျနော့် အားနည်းချက်က အထင်းသား ပေါ်လာတယ်ဗျ။ ကျနော်ဟာ တောင် စပ်စပ် မြောက်စပ်စပ် မလုပ်တတ်တာ မကစားတတ်တာ မရှိသလောက်ဆိုပေမဲ့ ဘယ် အား ကစားမှ ထူးထူးချွန်ချွန် မရှိဘူးဗျာ။ဘောလုံး၊ရေကူး ၊ဘော်လီဘော၊ ကြက်တောင် ၊တင်းနစ် ၊ပြေးခုန်ပစ်မှာပါတဲ့ သံပြားဝိုင်းပစ် လှံတံပစ် ဆိုတာတွေ ကျနော်အားလုံးတတ်တယ်။ ဆိုးနေ တာက အဲဒီကစားနည်းတွေထဲက ဘယ်မှာမှ မထူးချွန်တာပဲဗျာ။
နောက်ဆုံးလူရွေးပွဲ ဖြစ်တဲ့ အထွေထွေ ဗဟုသုတပြိုင်ပွဲအတွက် တကျောင်းလုံးမှာ တယောက် တည်းရွေးမဲ့ လူရွေးပွဲကို ဝင်ပြိုင်လိုက်တာ ကံဆိုးချင်တော့ ကျနော့်ထက်စာဂျပိုးကျတဲ့ ပန်းတနော် သူ အေးအေးသန့်ဆိုတဲ့ ဆရာမက ပထမရပြီး ကျနော်က ဒုတိယပဲချိတ်ပြန်တော့ မျှော်လင့် ချက် ကုန်ရောဆိုပါတော့ဗျာ။
ဒီလိုနဲ့ မန္တလေးရွှေမြို့တော်မှာ ကျင်းပမဲ့ ဘက်စုံပညာပြိုင်ပွဲကြီးကို လိုက်ပါနိုင်ဘို့ကျနော့် အိပ်မက်တွေ ပျက်ပြယ်ခါနီးမှာ ကံ ကောင်းချင်ပြန်တော့ ပထမရတဲ့ အေးအေးသန့်က ကောက်ကာငင်ကာ နမိုးနီးယားဖြစ်တယ် ဆိုလား ကျန်းမာရေးမကောင်းတာနဲ့ ဒုတိယရတဲ့ ကျနော်က ဖိုးကံကောင်းဖြစ်ပြီး မန္တလေးပြိုင် ပွဲကို ပါလာခဲ့ရောဆိုပါတော့ဗျာ။
………………………………………
ဘိုကလေးကနေ မန္တလေးကို သွားရတဲ့ ခရီးကတော့ သင်္ဘောတတန်၊ ကားတတန် ၊ မီးရထား တတန်နဲ့ဆိုတော့ တော်တော်တော့ ပျော်စရာ အကောင်းသားဗျာ။မှတ်မိသေးတယ်ဗျာ။ ကျနော်တို့ပြိုင်ပွဲဝင်မဲ့ သင်တန်းသားတွေကို အုပ်ချုပ်ဖို့ လိုက်လာကြတာက ကထိက ဦးမြင့် မောင်နဲ့ ဆရာဦးဘစန်းဗျ။ ဆရာဦးမြင့်မောင်က စာအုပ်ကြီးသမားဆိုတော့ သင်္ဘော၊ကား၊ မီးရထား အဆင်းတက်တွေမှာ အုပ်စုအလိုက် အမှတ်စဉ် တစ်၊နှစ်၊သုံး ဆိုပြီး ဆင်းပါ ၊တက်ပါ ၊လို့ သင်ထားတယ်။ လူပျိုကြီးဆရာဦးဘစန်းကတော့ သင်တန်းသားတွေနဲ့ တရုန်းရုန်း အရောတဝင်နေတဲ့ ဆရာမို့ “ဟေ့ကောင်တွေ၊ အဆင်ပြေသလိုသာ တက်ကြဆင်းကြကွာ “ လို့ မှာထားပြန်ရော။ ကျနော်တို့လား …။ ဆရာဦးဘစန်းစကားကို မြေဝယ်မကျ နားထောင် ပြီး ကားတွေ ရထားတွေပေါ်က အဆင်းဆို ပြတင်းပေါက်ကနေချည်းခုန်တက် ခုန်ဆင်းပေါ့ ဗျာ။

အမှန်က ကျနော်ဟာ အသက်ကလည်း ငယ်သေးတော့ မန္တလေးရောက်ချင်လို့သာ လျှောက် လုပ်နေတာ ပြိုင်ပွဲဝင်ဘို့လည်း အရွေးခံရရော ပြိုင်ပွဲမှာ ထူးထူးချွန်ချွန် ဖြစ်ချင်စိတ်တော့ မရှိ လှဘူးဗျ။ ကျနော့်စိတ်ထဲမှာပြိုင်ပွဲနဲ့ ပတ်သက်လို့ သိပ်လေးလေးနက်နက်လည်း မထားခဲ့ဘူး။ မထားဆို ကျနော်ဝင်ရမဲ့ ပြိုင်ပွဲက တခြားအားကစားသမားတွေ ၊ဆိုကရေးတီး ပြိုင်ပွဲဝင်မဲ့ သူ တွေလို လူစုံတက်စုံ အပူတပြင်း လေ့ကျင့်နေရတာမျိုးမှ မဟုတ်ပဲ အခန်းထဲ တယောက်တည်း အောင်းပြီး စာဖတ်နေရတာမျိုးဆိုတော့ ကျနော် ဝင်ပြိုင် ရတဲ့ တနေ့ကလွဲလို့ အချိန်ရတာနဲ့ မန္တလေးမြို့ထဲ လျှောက်လည်တော့ တာပါပဲ။
ဘယ်လောက်တောင် အလည်လွန်နေသလဲ ဆိုရင် နောက်ဆုံး ဆုပေးပွဲညက စင်မြင့်ပေါ် ကနေ ကျနော့်နာမည် အကြိမ်ကြိမ်အော်ခေါ်နေတာတောင် ကျနော် ပေါ်မလာတာကြောင့် ဆရာ ဦးဘစန်းက တဖျစ်တောက်တောက်လုပ်တဲ့ အထိဗျာ။ အော် ။ ခင်ဗျားက ကျနော် ပထမ ရတယ် အောက်မေ့လို့လား။ မဟုတ်ပါဘူးဗျာ။ ကျောင်းပေါင်း ဆယ့်ခြောက်ကျောင်းက ပြိုင်ပွဲ ဝင် ဆယ့်ခြောက်ယောက်ထဲမှာ နောက်ဆုံး ဇကာတင် ခြောက်ယောက်ထဲမှာကျနော့် နံမည် ပါနေတာပါဗျာ ။ အင်း .. ဘာမှမဖတ်မမှတ်ပဲ နောက်ဆုံးဇကာတင် စာရင်းဝင်တယ် ကြားတော့ မှ ငါသာစာနည်းနည်းကျက်လိုက်ရင် ငါ့ကျောင်းနံမည်ကောင်းရမှာလို့တော့ နောင်တရမိသလို လိုဖြစ်တာတော့ အမှန်ပဲဗျာ။
ကျနော်တို့ကျောင်းကလည်း ညံ့တော့မညံ့ဘူးဗျာ။ အဲဒီနှစ်က ဘက်စုံပညာပြိုင်ပွဲမှာ ကျနော် တို့ကျောင်းဟာ ဘောလီဘောပြိုင်ပွဲအတွက် ရွှေတံဆိပ်ရခဲ့သဗျာ။ နောက်ဆုံးဖိုင်နယ်က အိမ် ရှင်မန္တလေးဆရာအတတ်သင်နဲ့ ဆိုတော့ တကယ့်ပွဲကြီးပွဲကောင်းပါပဲ။ဒါတင်ဘယ်ကအုံးမလဲ။ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ကျနော်ပါးစပ်ဆိုင်းတီးသမျှ လိုက်တီးပေးခဲ့တဲ့ ခရမ်းမြို့နယ်က ကိုအောင်မြိုင်ဟာ အတီးပြိုင်ပွဲမှာ အပြောင်မြောက်ဆုံး စန္ဒယားလက်စွမ်းနဲ့ ရွှေတံဆိပ်ချိတ်ခဲ့ သေးတာပေါ့ ။
…………………………………….

အင်း … အခုတခေါက်လည်း အိမ်က မချော ဗျစ်တောက် ဗျစ်တောက်လုပ်တာ ၊ ကင်ပေတိုင် စစ် စစ်နေတာ မခံနိုင်လွန်းလို့ သာ မန္တလေးကို ထွက်လာတာ အလုပ်နဲ့ပတ်သက်လို့ ဘာ တခုမှ ကျနော် ရေရေရာရာ မသိဘူးဗျာ။
ဒါနဲ့တည်းခိုတဲ့ ဟိုတယ်မှာ အိပ်လိုက်စားလိုက် လုပ်နေလိုက်တာ လေးငါးရက်လောက် ကြာမှ စနေမောင်မောင်ပြောတဲ့ အလုပ်ဂွင်ဆိုတာ နည်းနည်းချင်း ရိပ်စားမိလာပါတော့ တယ်။ အမှန်က အဲဒီဂွင် ဆိုတာ မန္တလေးတက်သေးအင်း အိမ်ရာ စီမံကိန်းဆိုပဲဗျ။ အမှန်တော့ အဲဒီ စီမံကိန်းကို ကျနော်တို့ဆီ သယ်လာတဲ့မောင်က မန္တလေးမှာ ရွှေခြည်ထိုးလုပ်ငန်းလုပ်တဲ့ ကိုသိန်းထွန်း ဆိုတဲ့မောင်ပဲဗျာ။ သူနေတာက ဦးဘသာလမ်း ရှမ်းပွဲရပ်တဲ့ ။ ရွှေခြည်ဦး ကုမ္ပဏီ နှင့် ပြည့်ဆောက်လုပ်ရေးဆိုပြီး အလုပ်လုပ်နေသတဲ့ ။
တကယ်တော့ ရွှေခြည်ထိုးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်း ဘာမှတော့ မဆိုင် လှဘူးဗျာ။ သူ့ရွှေခြည်ထိုးလုပ်ငန်းကို တိုင်းမှူးတို့ ဘာတို့ ကလည်း သူတို့ နိုင်ငံခြားသား ဧည့်သည်တချို့ အလည်အပတ်လာတဲ့အခါ ရွှေခြည်ထိုး အလုပ်ရုံတွေ ဘာတွေ လိုက် ပြရာက အချိတ်အဆက်မိသွားတယ် ထင်ပါရဲ့၊တည်ဆောက်ပြုပြင် မြန်ပြည်တခွင်ခေတ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ခေတ်ကောင်းရော ဆောက်လုပ်ရေးဖက်ကို ခေတ်နဲ့ အညီ လှည့်ခဲ့ကြတာပေါ့ဗျာ။ ခေတ်ကိုက စီးပွားရေးသမားမှန်ရင် ကန်ထရိုက် ထဖြစ်ကုန်ကြ တဲ့ခေတ်ကိုး။ ဆရာဝန်တွေတောင် ကန်ထရိုက်ဖြစ်ကုန်တဲ့ ခေတ်ပေါ့ဗျာ။ ဘာတဲ့ ။စာရေး ဆရာကြီး မောင်သာရရဲ့ ယုန်နဲ့အတူပြေး ခွေးနဲ့ အတူလိုက်ဆိုတာမျိုး ထင်ပါ့။
………………………………….
အဲဒီ ကိုသိန်းထွန်းကို တက်သေးအင်းစီမံကိန်းချပေးမယ်ဆိုပြီး မန္တလေးစည်ပင်သာယာရေး ကော်မီတီက ခေါ်ညှိနှိုင်းတော့ ရွှေခြည်ထိုးသမား ကိုသိန်းထွန်းလည်း ဘာမှ မလုပ်တတ် မကိုင်တတ်ဖြစ်နေရာကနေ စနေမောင်မောင်တို့နဲ့ ချိတ်မိတာပေါ့ဗျာ။ စနေမောင်မောင် တို့ ကလည်း လေလုံးထွားထွားနဲ့ ငွေရလွယ်မဲ့ လမ်းကိုသာ လိုက်ရှာနေကြတာ တကယ်တမ်း မိုးထဲရေထဲမှာ စံနစ်တကျ လုပ်ရမယ်ဟေ့ လည်းဆိုရော ကျနော်ဆီ ရောက်လာတော့တာပါပဲ။ အမယ် … ဒီစီမံကိန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မန္တလေးကို တိုင်းခန်းလှည့်လည်တုန်းက လမ်းညွှန်ခဲ့တာ ဆိုပဲ ။
…………………………………….
ဒီလိုကိစ္စမျိုးမှာ ကျနော်က ဆရာကြီးဆိုတော့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မီတီ နဲ့ သုံးကြိမ်လောက်လည်း တွေ့ဆုံ ညှိနိုင်းပြီးရော တက်သေးအင်း အိမ်ရာစီမံကိန်းအတွက် လုပ်ငန်း သဘောတူ စာချုပ် စာချုပ် ကို ၁၉၉၆ ခုနှစ် သြဂုတ်လမှာ ချုပ်နိုင်ရောပေါ့ဗျာ။အော် .. အဲဒီတုန်းက မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မီတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)က ဗိုလ်မှူး ကြီး စိန်ဝင်း အောင်ပေါ့။ ကျနော်တို့တက်သေးအင်းစီမံကိန်း အပြီးမှာ လာအိုသံအမတ်ကြီး အဖြစ် လွင့် သွား ရတဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ အမယ် … သူက တပ်ထဲမှာတုန်းက နာမည်ကြီး လက် ဝှေ့သမားဆိုပဲ ။
…………………………….
တကယ်တော့ တက်သေးအင်း အိမ်ရာစီမံကိန်းဆိုတာ အဲဒီတက်သေးအင်းပတ်ဝန်းကျင်မှာ ရှိနေတဲ့ တဲအိမ်တွေကို ဖျက်ပြီး ဆယ်ခန်းတွဲသုံးထပ်တိုက်တွေ ဆောက်ပေးတဲ့ စီမံကိန်း ပါဗျာ ။ ကျနော်တို့ငွေစိုက်ပြီး အဲဒီတိုက်ခန်းတွေ ဆောက်ပေးပြီး မန္တလေးစည်ပင်သာယာက ကျနော်တို့ကို အဲဒီစီမံကိန်းနယ်မြေထဲမှာ မြေကွက်တွေ ပြန်ပေးတဲ့ စံနစ်ပေါ့ ။စီမံကိန်းလည်း စရော အဲဒီတက်သေးအင်း တဝိုက်က အိမ်တွေ ဖျက်ရတော့ တာပဲဗျို့ ။ အင်း .. အဲဒီနေရာ တဝိုက်က အင်းဘေးမှာရှိတာဆိုတော့ ခြံလေးဝင်းလေးတွေနဲ့ ကြက်သွန် မိတ်တို့နံနံပင်တို့ စိုက်တဲ့ စိုက်ခင်းလေးတွေပါ ဖျက်ပစ် ရတာ ပေါ့ဗျာ ။
မူလနေထိုင်သူတွေအတွက်တော့ ကောင်းတာရော ဆိုးတာရော ဒွန်တွဲနေတာပါပဲ။ မူလ ကတည်းက ခြံနဲ့ ဝင်းနဲ့ ကာလတန်ကြေး သိန်းရာချီတန်တဲ့ အိမ်တွေကို ဖျက်ပေးလိုက်ရတဲ့ သူတွေအတွက်တော့ ခွက်ပျောက်တာပဲဗျို့။ အဲ .. တဲစုတ်နဲ့ နေခဲ့တဲ့ သူတွေအတွက်တော့ ထီပေါက်ကိန်းပေါ့ဗျာ။ တိုက်ခန်းတွေကို စည်ပင်သာယာက အလကားတော့ ပြန်မပေးပါဘူး။ မြေညီထပ် ငါးသိန်း၊ ပထမထပ် လေးသိန်း အပေါ်ဆုံးထပ် သုံးသိန်းကို လေးရစ်ခွဲသွင်းရတာ မျိုးပေါ့။
နေဦးဗျ။ တက်သေးအင်းဝန်းကျင်က တဲအိမ်တွေကို ဖယ်ရှားရှင်းလင်းတော့ အဲဒီမှာ ဗလီတခု ရှိနေတာကြောင့် ညှိရနှိုင်းရတာ ရှိသေးတယ်ဗျာ။ အိမ်တွေတဲတွေသာ ရှင်းပြီးသွားတယ်၊ အဲဒီ ဗလီကြီးက ထီးထီးကြီးကျန်နေတာမို့ ကျနော်တို့က မြေထိုးမြေညှိတဲ့ ဘူဒိုဇာတွေ ကြီးနဲ့ လုပ် ငန်းလည်း စရော ဗလီဆရာတွေလည်း မျက်နှာငယ်လေးတွေနဲ့ ဖြစ်ကုန်ကြရောပေါ့ဗျာ။ သူတို့လည်း သိပ် တော့ မျက်နှာ မကောင်းရှာကြဘူး။ ညှိတယ် ၊နှိုင်းတယ်ဆိုတာလည်း စည်ပင်သာယာနဲ့ ညှိတာပါ။ ကျနော်တို့နဲ့ တိုက်ရိုက်တော့ မသက်ဆိုင်လှဘူးဗျ။
………………………………………

ဗလီဆရာတွေ ကြည့်ရတာ ဖြစ်သင့်တာထက်ပိုပြီး မျက်နှာပျက်နေကြတာကြောင့် ဘာကြောင့် များပါလိမ့်ဆိုပြီး စပ်စုလိုက်တော့ ကျနော်တို့မရောက်ခင် နှစ်နှစ်သုံးနှစ်လောက်က ဗလီတွေ မူဆလင် ရပ်ကွက်တွေနဲ့ ပတ်သက်လို့ တိုင်းမှူး ဗိုလ်ချုပ် ရဲမြင့် လက်စွမ်းပြခဲ့ဘူးတဲ့ အကြောင်း ပေါ်လာသဗျာ။
မန္တလေးမှာ ပုလင်းဝင်းဆိုတဲ့ မူဆလင်ရပ်ကွက်ကို အိမ်ရာစီမံကိန်းအတွက် မြေနေရာရှင်းတုန်း ကတဲ့ဗျာ။အဲဒီပုလင်းဝင်းထဲက မူလနေထိုင်သူတွေကို ဖယ်ရှားပေးဘို့ တိုင်းမှူးက သုံးကြိမ် အမိန့်စာထုတ်ပြီးတာတောင် မဖယ်ကြဘူးတဲ့ဗျာ။ မဖယ်တဲ့အပြင် သူတို့အားကိုးရမယ် ထင် တဲ့ ဘာသာတူဆော်ဒီအာရေဗျလိုနိုင်ငံမျိုးအထိ တိုင်ကြတောကြစာတင်ကြ တယ်ဆိုပဲ။အဲဒါနဲ့ ပုလင်းဝင်းပြဿနာဟာ အချိန်အတော်ကြာမရှင်းနိုင်ပဲ ဖြစ်နေရာက ဘယ်ကဘယ်လို အမိန့် ရတယ်တော့ မပြောတတ်ဘူး၊ တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်ဟာ ပုလင်းဝင်းကို စစ်တပ်နဲ့နေ့လည် သုံးနာရီလောက်မှာ ဝိုင်းထားလိုက်ပါလေရောတဲ့ဗျာ။
ပုလင်းဝင်းကို ဝိုင်းထားတဲ့ စစ်တပ်က အသံချဲ့စက်သုံးပြီး အဲဒီဧရိယာထဲမှာ ရှိနေတဲ့ လူတွေ အားလုံး လူချည်းသက်သက် ထွက်ခွာသွားကြဘို့ အမိန့်ပေးသတဲ့ ။ ဒီလိုနဲ့ ထွက်တဲ့သူတွေ လည်းထွက်၊ ပေကပ်နေတဲ့သူတွေကနေ ဖြစ်နေတုန်း ညနေခြောက်နာရီခွဲ လောက် မှောင်ရီ ပျိုး စ အချိန်လည်း ရောက်ရော ပုလင်းဝင်းထဲကို ဘူဒိုဇာတွေ အတင်းမောင်းဝင်ပြီး ရှိရှိသမျှ တဲ တွေကော အိမ်တွေပါ ကြိတ်ပစ်လိုက်ရောတဲ့ဗျာ။
ကြိတ်တာမှ ဘူဒိုဇာတစီးစီပေါ်မှာ အသင့်အနေအထားနဲ့လက်နက်ကိုင် စစ်သားတွေ တက် ထိုင်ပြီး ကြိတ်တာတဲ့ဗျာ။ အဲဒီတော့မှ အထဲမှာ ရှိနေတဲ့လူတွေလည်း အသက်လုပြီး လက် လွတ်ခွက်ကျွတ် ထွက်ပြေးကြရသတဲ့ဗျာ။ဘယ်သူမှန်တယ်မှားတယ်။ တရားတယ် မတရား တယ်ဆိုတာ ခင်ဗျားဖာသာ ဆက်စဉ်းစားပေတော့။ ကျနော်ကတော့ ကြားဘူးတာ ပြန်ပြောပြ တာပဲ ။အတိအကျမှန်တယ်လို့ ကျနော်မပြောဘူးနော်။ဒါပေမဲ့ ကျနော့်ကို ပြန်ပြောပြတာတော့ အဲဒီ ရှင်းလင်းရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်ကြီးတယောက်ပဲဗျာ ။
နောက်ဆုံးတော့ ဘယ်လိုညှိနှိုင်းလိုက်ကြတယ်တော့ မပြောတတ်ဘူး။ တက်သေးအင်း အိမ်ရာစီမံကိန်းဧရိယာထဲမှာ ရှိနေတဲ့ အဲဒီဗလီဟာ မူလ အနေအထားအတိုင်း တည်ရှိခွင့် ရသွားခဲ့ပါတယ်။
………………………………….
တက်သေးအင်း ဆိုတာက မန္တလေးစစ်ကိုင်းလမ်းမကြီးရဲ့ အနောက်ဖက် ၊အဲဒီတုန်းက အသစ် ဖောက်နေတဲ့ မန္တလေးမြို့ပတ် ရှစ်လမ်းသွားလမ်းမကြီးရဲ့ အရှေ့ဖက် ကျောက်ဆစ်တန်းကနေ အမရပူရမြို့ဝင်အထိ နှစ်မိုင်နီးပါး ရှည်တဲ့ ရေပြင်ကြီးဗျ ။မန္တလေးတမြို့လုံးက ရေဆိုးတွေကို ထုတ်တဲ့ မြောင်းဟာ အဲဒီတက်သေးအင်း ဘေးမှာ ရှိတာကြောင့် တော်တော်တော့ အနံ့ အသက် ဆိုးတဲ့ နေရာပဲဗျာ။
အဲဒီ တက်သေးအင်းမှာ တက်သေးအင်းမယ်တော်ကြီး နတ်နန်းဆိုတာလည်း ရှိသေးဗျာ။ အဲဒီ နတ်နန်းက ပုဂံခေတ်ကတည်းက ရှိခဲ့တာဆိုပဲ။ တက်သေးအင်း နံမည်တွင်လာပုံကို စပ်စု ကြည့်တော့ ဘကြီးတော်ဘုရား ဗဒုံမင်းလက်ထက်က ရခိုင်ပြည်ကနေ မန္တလေးကို မဟာ မြတ်မုနိ ဘုရားကြီး ပင့်ဆောင်လာရာမှာ အဲဒီအင်းထဲရောက်တော့ လှော်တက်တွေကို သိမ်းတာ ကြောင့် တက်သိမ်းအင်းလို့ ခေါ်ရာကနေ ကာလရွေ့လျောလာပြီး တက်သေးအင်း လို့ခေါ်တာလို့ ဆိုသဗျ။
အဲဒီတက်သေးအင်း စီမံကိန်းစတင်ချိန်မှာ မန္တလေးနဲ့ ရန်ကုန် စွယ်တော်စေတီ နှစ်ဆူ အပြိုင် တည်နေကြတဲ့ အချိန်ပေါ့။ အစိုးရမင်းများက ဘယ်လို စိတ်ကူးပေါက်သလဲတော့ မပြောတတ် ဘူး။ မန္တလေးဟာ ရန်ကုန်နဲ့ တန်းယှဉ်နိုင်တဲ့ မြို့ဖြစ်လာအောင် စီမံကိန်းချကြတယ်ဆိုပဲ။ ဥပမာ ရန်ကုန်မှာ ကန်တော်ကြီး ရှိရင် မန္တလေးမှာ ကန်တော်ကြီး ရှိရမယ်။ ရန်ကုန်မှာ စွယ်တော် စေတီရှိရင် မန္တလေးမှာလည်း စွယ်တော်စေတီရှိရမယ် ဆိုတာမျိုးပေါ့ဗျာ။ အော် .. နောက်ပိုင်းမှာ တက်သေးအင်း ကို ကန်တော်ကြီးလို့ နာမည်ပြောင်းလိုက်ကြ တယ်ဆိုပဲ။ အင်း။ စွယ်တော်ဆိုတာက တကယ့်မူလစွယ်တော် အစစ်တော့ မဟုတ်ပါဘူး။ ဆင်စွယ်ကို စွယ်တော်ပုံစံထုပြီး တရုပ်ပြည်မှာ ရှိနေတဲ့ စွယ်တော်အစစ်နဲ့အတူထားလိုက်တာ စွယ်တော် ပွားဖြစ်လာတယ်ဆိုပဲ။ ရန်ကုန်နဲ့ မန္တလေးမှာ တည်တဲ့ စွယ်တော်စေတီတွေမှာ ဌာပနာတဲ့ စွယ်တော် ဆိုတာ အဲဒီစွယ်တော်ပွားတွေပါပဲဗျာ။
…………………………..
မန္တလေးစည်ပင်သာယာနဲ့ အလုပ်လုပ်နေချိန်ဆိုတော့ စွယ်တော်စေတီတည်ဆောက်ရေးမှာ တာဝန်ယူနေတဲ့ တိုင်းမှူး ၊ဗိုလ်မှူး ၊ဗိုလ်ချုပ်တွေနဲ့ ခင်မင်ရင်းနှီးလာ တာပေါ့ဗျာ။ မန္တလေး စွယ်တော် စေတီဌာပနာသွင်းတဲ့အခါ ရန်ကုန်စွယ်တော် ဌာပနာ သွင်းပုံသွင်း နည်းနဲ့ တထပ် တည်းတူအောင် လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ထွက်လာတော့ စွယ်တော်စေတီတည် ဆောက်ရေးမှာ အဓိကတာဝန်ယူနေတဲ့ ဗိုလ်မှူးကြီး စံလင်းက ကျနော့် ကိုအကူအညီတောင်း တာကြောင့် ရန်ကုန်စွယ်တော်စေတီ ဌာပနာပိတ်ပွဲကို ကျနော်လိုက်ခဲ့ ရပြန်ရောဗျာ ။
အမှန်က ရန်ကုန်စွယ်တော်စေတီဟာ အရင်တည်တာကြောင့် ဌာပနာပိတ်ပွဲ အရင်လုပ်တာပါ ။ ဒါကို ပုံတူကူးပြီး မန္တလေးစွယ်တော် ဌာပနာပိတ်ပွဲလုပ်မှာကြောင့် ရန်ကုန်ဌာပနာပိတ်ပွဲကို ဗီဒီယိုရိုက်ပြီး အသေးစိတ်မှတ်တမ်းတင်ဘို့ကိစ္စပေါ့။ ကျနော်လည်း ဗိုလ်မှူးကြီး စံလင်းရဲ့ ပါဝါနဲ့ ရင်ဘတ်မှာ အရေးကြီးပုဂ္ဂိုလ် ရင်ထိုး အနီတခုချိတ်ပြီး ရန်ကုန်က ဌားထားတဲ့ ဗီဒီယို ကင်မရာမင်း မှတ်တမ်းရိုက်ယူနိုင်အောင် ဌာပနာ ပိတ်ပွဲမှာ အနီးကပ်လိုက်လံကြီးကြပ် သလိုလို ၊ဘာလိုလိုနဲ့ဆရာကြီးလျှောက်လုပ်ရတာပေါ့ဗျာ။ ကျနော်မြင်သလောက်တော့ ဌာပနာ သွင်းတယ်ဆိုတာ အလှူရှင်တွေလှူထားတဲ့ ကျောက်မျက်ရတနာတွေ ကြေးငွေ ဆင်းတု၊ ရွှေပန်းခိုင် ငွေပန်းခိုင်လို အရာတွေကို နေ့ နံအလိုက် ဟိုနေရာ ဒီနေရာ လျှောက်စီချပြီး တခုတည်းသော အပေါက်ကို အင်္ဂတေ အသေကိုင်လိုက်တာ ပါပဲ။
ရန်ကုန်စွယ်တော်စေတီပိတ်ပွဲမှာ မင်းသားကြီးကတော့ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး ခင်ညွန့်ပေါ့ဗျာ။ သူ့လက်စွဲတော်ကတော့ အများသိကြပြီး ဖြစ်တဲ့အတိုင်း တိမ်ကြားအဖွဲ့ က ဘိုးတော်သန်းလှပေါ့။ စဉ်းစားဘို့တခုကောင်းတာက ထေရဝါဒ ဗုဒ္ဓသာသနာ နေလို လလို ထွန်းကားပါတယ်ဆိုတဲ့ ကျနော်တို့နိုင်ငံမှာ ဘိုးတော်သန်းလှလို ပုဂ္ဂိုလ်မျိုးကို နိုင်ငံတော် အကြီးအကဲ ရေမြေ့ရှင်တွေက ဘာကြောင့်ဦးတိုက်ကြ၊ အားကိုးကြသလဲဆိုတာပဲဗျာ။ ကျနော်နဲ့ ဆရာဒကာလို ရင်းနှီးနေတဲ့ တိပိဋကဓရဆရာတော် ဦးသုမင်္ဂလဆိုရင် ကျနော်နဲ့တွေ့တိုင်းလိုလို “ ဒကာကြီး ရေ။ ဘုန်းကြီးတို့တော့ နိုင်ငံတော် ဘာသာရေး အခမ်းအနားဆိုရင် ဘိုးတော်သန်းလှပြောသမျှ လိုက်လုပ်နေရတာပဲဟေ့ “လို့တောင် မိန့်ဘူးတဲ့ အထိပါပဲဗျာ။
……………………………………..
ကြားဖြတ်ပြီး ရီစရာပြောရအုံးမယ်ဗျ။ ရန်ကုန်စွယ်တော်ပိတ်ပွဲကို မှတ်တမ်းအတိအကျ ရယူ ဘို့ မန္တလေး ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းထွန်းလည်း ဗိုလ်မှူးကြီးစံလင်းနဲ့အတူ ပါလာသေး သဗျ။ တက်သေးအင်းစီမံကိန်းက ကိုသိန်းထွန်းလည်း ရန်ကုန်ရောက်နေလေတော့ မင်းမင်း ထွန်းက သူ့အိမ်မှာ မင်းပေါင်းစုံညီ၊ထမင်းဖိတ်ကျွေးချင်လှပါချည့်ရဲ့လုပ်တာကြောင့် သူ့အိမ် ကို သွား ရတဲ့နေကပေါ့။ ကျွေးမဲ့အိမ်က ချက်တာ ပြုတ်တာ မပြီးခင် ဖိတ်ကြားထားတဲ့ စားသုံး သူ ဧည့်သည်တော်တွေက ကြိုရောက်နေသဗျာ။ ချက်ပြုတ်မပြီးသေးဘူးဆိုတော့ အားလုံး မျက်နှာပူပူနဲ့ သည်းခံပြီးထိုင်စောင့်နေကြတာပေါ့ဗျာ။ တနာရီကျော်လောက်ထိုင်စောင့်လည်းပြီးရော ထမင်းရော ဟင်းမျိုးစုံပါ စားပွဲပေါ်ကို ရောက်လာပြီး ဝင်ရောက်သုံးဆောင်ကြဘို့ အလှူရှင် မင်းမင်းထွန်းက ကြွပါ ကြွပါ လို့လည်း ခေါ်လိုက်ရော မင်းမင်းထွန်းရဲ့ ငါးနှစ်သား အရွယ်ရွှေကိုယ်တော်လေးဟာ ရုတ်တရက် အသံပြဲကြီးနဲ့ … ငါ -ိုးမသားတွေ ။ ငါစားဘို့ ချက်ထားတဲ့ ဟင်းတွေ ဝင်စားနေကြပြီ ဆိုပြီး ထအော်လိုက်တာ ဘယ်သူမှ ထမင်းဟင်း တွေ ကို မနှိုက်ရဲလောက်အောင် ဖြစ်ကုန်ကြရော ဗျာ။ ပထမတော့ ကျနော်လည်း မင်းမင်းထွန်းသား ဆိုးလိုက်တာလို့ထင်မိပေမဲ့ နောက်ပိုင်း သေချာပြန်စဉ်းစားကြည့်တော့ .. ဆဲတာကလွဲရင် ကျန်တာ အမှန်တရားပဲဗျာ။ ကလေးဆို တော့သူ့ရင်ထဲ မချိတင်ကဲ ဖြစ်ရတယ်ထင်ပါရဲ့ ။
…………………………………………

ရန်ကုန်စွယ်တော်ပိတ်ပွဲမှာ ဗိုလ်မှူးကြီးစံလင်းကိုလိုက်ပြီး ကူညီခဲ့တာ အချည်းအနှီးတော့ မဖြစ်ဘူးဗျို့။သူ့ကိုလိုက်ကူညီပြီး မန္တလေးကို ပြန်ရောက်လို့မှ မကြာခင် မူဆလင် အဓိက ရုဏ်း တခုကြားထဲမှာ ညှပ်ပြီး ကံကောင်းလို့ထောင်မကျတယ်။ ဗိုလ်မှူးကြီး စံလင်း ကယ် ပေလို့သာပေါ့ဗျာ။ ဖြစ်ပုံက ဒီလိုဗျ။
ကျနော်ရယ် ကျနော့်တပည့်ကျော်တွေဖြစ်တဲ့ လှစိုးအောင်နဲ့ ကျော်အေးရယ် သုံးယောက်သား မန္တလေးမြို့ထဲကို ညဖက်ကြီး ကိုးနာရီဝန်းကျင်လောက်မှာ လျှောက်လည်နေတုန်း ၈၄ လမ်းအပေါ် ၃၅လမ်းနဲ့ ၃၆လမ်းကြား လည်းရောက်ရော လူတွေ ရုံးစုရုံးစု ဖြစ်နေတာကို တွေ့တာနဲ့ ထုံးစံအတိုင်း ဝင်ပြီး စပ်စုကြရော ပေါ့ဗျာ။ ပြဿနာက ဘယ်က ဘယ်လိုစဖြစ် တယ်တော့ မပြောတတ်ဘူးဗျာ။ ကျနော်တို့လည်း လူအုပ်ကြီးနားရောက်သွားရော လူအုပ် ကြီးဟာ အဲဒီလမ်းထဲက ဈေးဆိုင် ခန်းတွေကို ရိုက်ချိုးဖျက်ဆီးနေကြတော့ပဲဗျာ။ လက်စ သတ်တော့ မူဆလင်တွေပိုင်တဲ့ ဆိုင်ခန်း တွေကိုး။ ရိုက်ချိုးဖျက်ဆီးလိုက်တာမှ မော်တော် ဆိုင်တွေ ၊ စက်ဘီးတွေ ၊ပလပ်စတစ်လိပ်တွေ ၊ ပိတ်လိပ်တွေ အားလုံးလိုလို အဘိုးတန် ပစ္စည်းတွေချည်းပဲဗျာ။ ဈေးဆိုင်ခန်းထဲက ပိုင်ရှင်မူဆလင် တွေကို ရိုက်တာနှက်တာတော့ မတွေ့ရဘူးဗျ။ ကြည့်ရတာ အခြေအနေကို ကြိုတင်ရိပ်စား မိပြီး ခပ်စောစောကတည်းက ရှောင်သွားကြပုံပဲ။
ကျနော်တို့လည်း ကြည့်ကောင်းကောင်းနဲ့ လျှောက်ကြည့်နေလိုက်တာ ပွဲက ကြမ်းသထက် ကြမ်းလာပြီး ဆိုင်ခန်းတွေကို မီးရှို့မယ်ဘာညာ ဖြစ်လာပါလေရောဗျာ။ ကျနော့်စိတ်ထင် အဲဒီ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ နှစ်နာရီဝန်းကျင်လောက်အကြာမှာ အဲဒီဧရိယာရဲ့ အရှေ့ အနောက် တောင်မြောက်ကို စစ်ကားတွေ ရောက်လာပြီး ပိတ်ဆို့ထားလိုက်ပါလေရော။ မန္တလေးမြို့မှာလမ်းတွေ ဖောက်ထားပုံက အရှေ့အနောက် တောင်မြောက် ဖြောင့်ဖြောင့်ကြီး ဖောက်ထားလေတော့ အရေးအကြောင်းဖြစ်လာရင်လေးဖက်လေးတန်က ပိတ်ဆို့ ဖမ်းဆီးလို့ အင်မတန်လွယ်တာက လား။
အဓိကရုဏ်းထဲမှာ တပျော်တပါးဝင်ပြီးဆင်နွဲနေကြတဲ့ မန္တလေးသားများကတော့ ဟိုအိမ်ကြား ဝင် ၊ဒီအိမ်ကြားဝင် ၊ ဟိုအိမ်ပေါ်တက် ၊ဒီအိမ်ပေါ်တက်လုပ်လိုက်ကြတာ အားလုံးလိုလို ကြက် ပျောက်ငှက်ပျောက် ပျောက်ကုန်ချိန်မှာ ရန်ကုန်သားလူလည်သုံးယောက်က လမ်းကြားလေး တခုထဲမှာ ပိတ်မိနေပါရောဗျာ။
ဘေးပတ်ဝန်းကျင်မှာ ရှိရှိသမျှ အိမ်တွေကလည်း တံခါးတွေပိတ်၊ မီးတွေပိတ် ဖြစ်ကုန်ကြတာ ကြောင့် အားကိုးစရာ ရှာမရတော့ပဲ စစ်သားတွေ ရှိတဲ့နေရာဆီကို ချောင်းချောင်းကြည့်ရင်း လွတ်လမ်း ရှာနေလိုက်တာ ညဆယ့်နှစ်နာရီထိုးခါနီးလာတော့ စစ်သားတွေ တလမ်းဝင် တလမ်းထွက် ရှင်းလင်းတော့မဲ့ အခြေအနေရောက်လာရောဗျာ။ သိတာပေါ့ဗျ။ စစ်ဗိုလ်တွေက အသံကျယ် ကြီး နဲ့ အမိန့်ပေးနေတာ အတိုင်းသားကြားနေရတာကလား။ ကြားနေရတဲ့ အသံတွေထဲမှာ လမ်းဘေးမှာတွေ့တွေ့ သမျှလူတွေကို ကားပေါ်ကို အတင်းဆွဲတင်နေတဲ့ အသံတွေလည်းပါ သဗျ။ ဒါနဲ့ ကျနော်လည်း ဒီအတိုင်းနေလို့မဖြစ်ချေဘူးဆိုပြီး အကောင်း ဆုံး ဖြစ်မဲ့ နည်းလမ်းကို ရွေးလိုက်ရပါတော့တယ်။
အဲဒီနည်းကတော့ လမ်းကြားလေးထဲကနေ သုံးယောက်သား လမ်းမကြီးအလယ်ခေါင်တည့် တည့်ကို ကူးသွားပြီး စစ်ကားတွေ ၊စစ်သားတွေရှိရာကို ခပ်တည်တည်လျှောက်သွား လိုက် တာ ပါပဲဗျာ။ ဟုတ်တယ်လေ။ ကျနော်တို့ ဒီရုန်းရင်းဆန်ခတ်မှုမှာ လုံးလုံးမပတ်သက်တဲ့ ဧည့်သည်တွေပဲ ။ သူတို့ကိုမျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။ တော်ကြာ ၊ လမ်းကြားထဲ လာဖမ်းမှ အပြစ်ရှိလို့ ပုန်းနေတယ်ဆိုပြီး ရှင်းရ ခက်မယ်လေ။
ကျနော်တို့သုံးယောက် လမ်းလယ်ခေါင်လည်းရောက်ရော စစ်သားတယောက်က မအေနဲ့ ကိုင်တုတ်ပြီး မေတ္တာပို့သံကြားလိုက်ရတော့တာပဲဗျာ။ ဟေ့ကောင်တွေ ။ အကုန်လက်မြောက် ထားစမ်း ဆိုတာလည်း ပါသေးဗျ။
ကျနော်က လက်မြောက်စရာ အကြောင်းမှ မရှိတာ ပုံမှန်အတိုင်း သူတို့ရှိရာ ဆက်လျှောက် နေလိုက်တော့ ငါ -ိုးချင်းမိုးမွန်အောင် ဆဲသံတွေ ထွက်လာတဲ့အပြင် ဗိုလ်ကြီးတယောက်က ကျနော်တို့ ရှိရာကို ပြေးလာနေရင်း အဲဒီကောင်တွေ အကုန်ဖမ်းကွာ။ အကုန်ကား ပေါ်တင် ကွာ လို့ အမိန့်ပေးပါလေရော ။ ကျနော်တို့လည်း ဘာမှတောင် ရှင်းမပြနိုင်ခင် စစ်ကားပေါ် ဆွဲတင်ခံရမဲ့ ဆဲဆဲမှာ စစ်ကားနားက လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ လူတယောက်ဆီက အသံထွက်လာသဗျာ။
“ ဟေ့လူ ၊ကိုသက်ခိုင် ခင်ဗျား ဘယ်လျှောက်သွားနေတာတုန်းဗျ ။ဒီမှာ ပြဿနာ ဖြစ်နေတာ ခင်ဗျား မသိဘူးလား“တဲ့ ။ဒါနဲ့ ကျနော်လည်း အသံလာရာကို သေချာကြည့်လိုက်တော့ အောင်မယ်လေး မောင်မင်းကြီးသား ဗိုလ်မှူးကြီး စံလင်းပါလားဗျာ။
ဒါနဲ့ကျနော်လည်း ဝမ်းသာအားရ “ ထမင်းထွက်စားရင်း လမ်းမှာပိတ်မိနေလို့ ဗျာ “ လို့ ပြောလိုက်တော့မှ သူ့အရာရှိတယောက်ကို ကျနော်တို့တည်းတဲ့ ဟိုတယ်အထိ လိုက်ပို့ ခိုင်းသဗျာ။နောက်ပိုင်းမှာသိရတာက အဲဒီညက ဖမ်းမိသမျှမောင်တွေကို အစစ်အဆေးမရှိ ထောင်ဒဏ်သုံးနှစ်စီ ချီးမြှင့်တယ်ဆိုပဲ။ တက်သေးအင်းကောင်းမှုနဲ့ စောစောစီးစီး ထောင်ကျ ကိန်းကြုံတော့ မလို့ ကံသီလို့ ဆိုပါတော့ဗျာ။
……………………………………..

ကျနော်တို့ အကောင်အထည်ဖော်တာကို တက်သေးအင်းမယ်တော်ကြီးကပဲ မကြိုက်လေ ရော့သလား မပြောတတ်တော့ပါဘူးဗျာ။ စီမံကိန်းစပြီး နှစ်လကျော်လောက်လည်း ကြာရော မြန်မာတနိုင်ငံလုံးသာမက အာရှတိုက် တခုလုံး စီးပွားပျက်ကပ် ဖြစ်တော့မဲ့ အရိပ်အယောင် တွေ ပေါ်လာတော့တာပဲဗျာ။ အဲဒီ စီးပွားပျက်ကပ်ကြီးကို တီထွင်ဖန်တီးလိုက်သူကတော့ အမေရိကန် သူဌေးကြီး ဂျော့ဆိုရော့ ကင်ပွန်းတပ်ကြသဗျ။
စီးပွားပျက်ကပ်ဖြစ်ပုံက အိမ်မြေအရောင်းအဝယ်ဈေးကွက် လုံးဝပျက်သွားတာပေါ့ဗျာ။ ဂျော့ ဆိုရော့လုပ်တာ ဟုတ်မဟုတ်မပြောတတ်ပေမဲ့ ကျနော်ကိုယ်တိုင်သိလိုက်တာက အဲဒီ စီးပွား ပျက်ကပ်မဖြစ်ခင် မြန်မာပြည် အိမ်မြေ အရောင်းအဝယ်ဈေးကွက်မှာ တော်တော်အလုပ်ဖြစ် လိုက်ကြတာ ဆိုတာပဲဗျာ။ ဟုတ်တယ်။တောင်ဒဂုံ မြောက်ဒဂုံ လိုနေရာမျိုးတွေက အဆောက် အဦးမဆောက်ရသေးတဲ့ မြေကွက်လပ်တွေ တော်တော်ကို အရောင်းအဝယ်ဖြစ်တာဗျာ။ မြေတကွက်ကို ဆယ်သိန်းဝန်းကျင်နဲ့ ဒီနေ့ဝယ်ထားပြီးနောက်နေ့ပြန်ရောင်းရင် ငါးသောင်း တသိန်း အထိ မြတ်ကြသဗျာ။
ရောင်းရဝယ်ရတာလည်း လွယ်သလားမမေးနဲ့ ဝယ်တဲ့ရောင်းတဲ့ သူအားလုံး အရပ်ကတိစာ ချုပ်တွေချုပ်လိုက်ကြ ၊မြေဂရံကို လက်လွှဲလိုက်ကြနဲ့ တကယ့်ကို ပွဲတော်ကြီးကို ဖြစ်လို့ပေါ့။ မကြာပါဘူးဗျာ။ ခြောက်လဝန်းကျင်လောက်လည်း ရှိရော နေ့ချင်းညချင်း ရုတ်တရက် ဝယ်သူ မရှိတော့တဲ့ အခြေအနေဆိုက်သွားတော့တာပဲ။ မြေကွက်တွေ အရောင်းအဝယ်ဖြစ်သလိုတိုက် ခန်းအိမ်ခန်းတွေလည်း ထို့နည်းလည်းကောင်း ပွဲကောင်းပြီး အလားတူ ပွဲသိမ်းကြရော ပေါ့ဗျာ ။
……………………………………
ကျနော်ဥာဏ်မှီသလောက် စဉ်းစားကြည့်တော့ ငွေကြေးအမြောက်အများ တတ်နိုင်သူ တဦး တဖွဲ့က ဒီလို ဈေးကွက်တခု အရောင်းအဝယ်ဖြစ်လာအောင် အယောင်ပြ ဖန်တီးပြီး အလံရှူး လုပ်တာမျိုး ဖြစ်နိုင်တယ်ဗျာ။ အဲဒီအခြေအနေကို နားမလည်တဲ့ ပြည်တွင်းက ငွေရှင်ကြေးရှင် အပါအဝင် လက်ထဲမှာ ငွေလေးကြေးလေး စုမိ ဆောင်းမိတဲ့သူတွေက မြေ ကွက်တွေ အတင်း နင်းကန်ပြီးလိုက်ဝယ်လာကြတဲ့အခါ မူလဈေးကွက်ဖန်တီးသူက အသာ လေးနောက် ဆုတ် နေလိုက်တော့ လက်ထဲက ငွေတွေအစား မြေကွက်တွေ ဈေးကြီးမိပြီး ကျန်ခဲ့ တော့တာပဲပေါ့ ဗျာ။သေချာစဉ်းစားကြည့်ရင် ရွေ့လိုက်တဲ့ အကွက်က ရိုးရိုးရှင်းရှင်းပါပဲ။ ကျနော်ကြားသလောက် ဒီမြေကွက်စီးပွားပျက်ကပ်ဟာ ထိုင်းနိုင်ငံမှာလည်း အတော်ဆိုးဆိုးဝါး ဝါးခံလိုက်ကြရတယ်ဆိုပဲ။ တချို့ထိုင်း အိမ်မြေဈေးကွက်သူဌေးတွေ ဆို စီးပွားပျက်ကပ်ဒဏ် ကိုမခံနိုင်ကြလို့ ဒေဝါလီခံရတဲ့သူတွေ ဒုနဲ့ဒေးရှိသလို ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားကြ တာတောင် တော်တော်များဆိုပဲ ။
တိတိကျကျ ပြောရရင် အဲဒီစီးပွားပျက်ကပ်ဟာ ၁၉၉၇ ခုနှစ်မှာ ဖြစ်ခဲ့တာဗျ။ ဒါပေမဲ့ မြန်မာ ပြည်မှာ ၁၉၉၆ နှစ်ကုန်ပိုင်းလောက်မှာ အခြေအနေ ပျက်စပြုလာတာကို သတိထားကြည့်ရင် သိနိုင်တယ်ဗျာ။ အထူးသဖြင့် ကျနော်တို့တာဝန်ယူတည်ဆောက်နေတဲ့ တက်သေးအင်း အိမ် ရာစီမံကိန်းမှာ မြေကွက်ကို ဝယ်သူမရှိတော့တဲ့ အခြေအနေရောက်လာတယ်။
…………………………………..
အော် .. စီမံကိန်းတခုကို တာဝန်ယူတည်ဆောက်တယ်ဆိုတာလည်း လုပ်ငန်းအစအဆုံး ဘယ်သူမှ ငွေအကုန်စိုက်ထုတ်ပြီး မရင်းနှီးနိုင်ကြဘူးလေ။ မြေကွက်ဖော်တာ ၊အုတ်မြစ် လုပ်ငန်းစတာလောက်အတွက်သာ ငွေရင်းနိုင်ကြတာကလား။ အဲဒီလုပ်ငန်းတွေ ပြီးတာနဲ့ ကိုယ့်အတွက် ရမဲ့ မြေကွက်တွေကို ကြိုတင်အရောင်းအဝယ်လုပ်ပြီး လုပ်ငန်း အပြီးသတ် အောင် လုပ်ကြရတာပါပဲ။ဒါကလည်း ကျနော်တို့ တဖွဲ့ တည်းမဟုတ်ပါဘူး။ တနိုင်ငံလုံးက ကန်ထရိုက်မှန်သမျှ ဒီအတိုင်းချည်းပါပဲ။ ကျနော်တို့ အတွက်ရတဲ့မြေကွက်တွေကို ကြိုရောင်း လို့လည်း မရရော အဲဒီစီမံကိန်းလည်း အုတ်မြစ်လုပ်ငန်း အဆင့်မှာတင် ထိုးရပ်သွားရော ပေါ့ဗျာ။မှတ်မှတ်ရရ အဲဒီစီမံကိန်း ထိုးရပ်သွားတာ ၁၉၉၆ခုနှစ် နိုဝင်ဘာလ ပဲဗျာ။
…………………………
အဲသလို ပြဿနာမျိုး မန္တလေးမှာ စဖြစ်နေပေမဲ့ တနိုင်ငံလုံးအနေနဲ့တော့ မသိသာလှသေးဘူး ဗျာ။ မြေကွက်အရောင်းအဝယ်အေးတယ်။ အလုပ်ဖြစ်တာ နည်းတယ်ဆိုတာလောက်သာ သတိပြုမိသေးတဲ့အချိန်ပေါ့။ကိုယ်ရည်သွေးတယ်လို့ မထင်လိုက်ပါနဲ့ဗျာ။ မန္တလေးက အခြေအနေကို ကြည့်ပြီး ဒီအရိပ်လက္ခဏာဟာ တတိုင်းပြည်လုံးကို အနှေးနဲ့ အမြန်ကူးစက် တောက်လောင်တော့မယ်ဆိုတာကို ကျနော် သုံးလကျော်လောက် ကြိုတင်ပြီးခန့်မှန်းမိသဗျ။ ဒါနဲ့ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေကို ဒါဟာ စီးပွားပျက်ကပ်တခုရဲ့ အရိပ်လက္ခဏာပဲ ။ တတ်နိုင်တဲ့ ဖက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြဘို့ ကျနော်က သတိပေးတော့ သူတို့က ကျနော့်ကို အရူးတယောက်လို ပြန်ကြည့်တာပေါ့ဗျာ။ ဒါကိုအများက သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ သုံးသပ်ကြ ပေမဲ့ ကျနော်ကတော့ ထူးခြားးဖြစ်စဉ်လို့ ခံစားရတယ်ဗျာ။
အင်း .. အဲဒီအချိန်မှာ ကျနော့်ကိုလူငှားသတ်တဲ့ ဒေါ်စက်ကြည်ဆိုတာကို စတွေ့တာပါပဲ။ ကျနော်နဲ့တော့ တိုက်ရိုက်စသိကျွမ်းတာ မဟုတ်ပါဘူး။ ရွှေခြည်ဦး ကိုသိန်း ထွန်းက တဆင့် စနေမောင်မောင်တို့နဲ့ အဖွဲ့ကျရာကနေ ကျနော်နဲ့ သိလာတာပါပဲ ။သူက အသက်ငါးဆယ် လောက် ရှိပါပြီ။ ငါန်းဇွန်ဇာတိလို့ဆိုပါတယ်။ လုပ်ငန်းစာချုပ်တွေ ချုပ်ရာက မှတ်ပုံတင်ထဲမှာ တွေ့မိတာတော့ သူ့အဖေနာမည်က ဦးစိန်မော် တဲ့ ။သူ့နေတဲ့ လိပ်စာက (၃၉ )လမ်းနဲ့( ၈၀ )လမ်း (၈၁)လမ်းကြား တဲ့ဗျာ။အသက်ငါးဆယ် ဝန်းကျင်အရွယ် သူပုံက ဖြူဖြူနုနုပါပဲ ။ သူက ရှိတဲ့ ယောကျာ်းကြီးကို မေမြို့ဖက်က ခြံတခြံမှာ ပို့ထားပြီး သူက ဘာသာရေးလုပ်သလိုလို ဘာလိုလို နဲ့ ယောဂီထမိန် အမြဲဝတ်လေ့ ရှိတယ်။ ပုံစံကြည့်ရတာ တော့ ရက်စက်ကြမ်းကြုပ် မယ်လို့ တချက်မှ ထင်ရက်စရာမရှိဘူးဗျာ။ စီမံကိန်း အစပိုင်းမှာ ဒေါ်စက် ကြည်နဲ့ကျနော် ဘာမှ ပတ်သက်ခဲ့တာ မဟုတ်လေတော့ သူ့အကြောင်း ကို နောက်မှ ပြော ကြတာပေါ့။ အခုဆက်ပြောနေရင် စကားလမ်းကြောင်းလွဲကုန်ပါလိမ့်မယ်။
…………………………………….
ကျနော်လည်း ထိုးရပ်သွားတဲ့ စီမံကိန်းကို ပြန်ပြီးအဖတ်ဆယ်နိုင်အောင် နည်းလမ်းမျိုးစုံ ရှာဖွေ ကြံဆရပါတော့တယ်။ ဟုတ်ပါတယ်။ စီမံကိန်းဟာ အချိန်ဇယားတခု နဲ့ ပြီးစီးရမဲ့ လုပ်ငန်း အဆင့်ဆင့် ကို သတ်မှတ်ထားပြီးသားပါ။ အချိန်ဇယားအတိုင်း မဝင်ရင် ပြဿနာမျိုးစုံ တက် လာနိုင်ပါတယ်။ မန္တလေးစည်ပင်သာယာရေးကော်မီတီက တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း အမိန့်ပေးတတ်တာကလွဲလို့ အခြေအနေကို မှန်မှန်ကန်ကန် အကဲခတ်တာ မဟုတ်လေ တော့ သတ်မှတ်လုပ်ငန်းကို သတ်မှတ်ရက် အမှီပြီးစီးအောင် အမိန့်စာတွေ နင်းကန်ထုတ် တော့တာပေါ့ဗျာ။
မန္တလေးစည်ပင်က အမိန့်စာထုတ်လိုက်၊ ကျနော်တို့ကအခက်အခဲကို ရှင်းပြပြီး အသနားခံ လိုက် သုံးကြိမ် လောက်လည်း လုပ်ပြီးရော မန္တလေးစည်ပင်သာယာရေး ကော်မီတီဟာ ကျနော်တို့ငွေ အရင်းအနှီးနဲ့ စိုက်ထုတ်ဆောင်ရွက်နေတဲ့ တက်သေးအင်း စီမံကိန်းကို သိမ်းယူလိုက်ပြီ ဆိုတဲ့ အကြောင်း အမိန့်စာထွက်လာပါလေရောဗျာ။
………………………………………
အင်း .. ရန်ကုန်မှာ အဆင်မပြေလို့ မန္တလေးကို လာမိပါတယ်။ ဆီပူအိုးထဲကနေ မီးပုံထဲ ခုန်ချ မိသလို ဖြစ်တော့တာပေါ့ဗျာ။ လုပ်ငန်းလည်း အဆင်မပြေဖြစ်ရော ငွေတပြားမှ မစိုက်ထားတဲ့ စနေမောင်မောင်တို့ မင်းမင်းထွန်းတို့လည်း ကိုယ်ပျောက်အတတ်ကျင့်ကုန်ကြတာပေါ့ ဗျာ။ ခက်တာက ကျနော်က လူအားရောငွေအားပါ စိုက်ထုတ်ထားလေတော့ အဆုံးခံလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါအပြင်တချို့ဆောက်လုပ်ရေး ပစ္စည်းတွေ အကြွေးဝယ်ထားမိလို့ ကြွေးပူ တွေက တဖက်ပေါ့ဗျာ။ ဘာဘဲဖြစ်ဖြစ် ကျနော်ဟာ ဘယ်ပြဿနာမျိုးကို မဆို လွယ်လွယ်နဲ့ လက်မလျော့တတ်တဲ့ အကျင့်ရှိတယ်။ ပြဿနာဖြေရှင်းနိုင်မဲ့ နည်းလမ်းကို ဆီလိုအပေါက် ရှာတတ်တဲ့ အကျင့်ရှိတယ် ဆိုပါတော့။
…………………………….
ဒီတော့ ကျနော်လည်း ကြံရာမရတဲ့ အဆုံး ဖြစ်လာလတ္တံသော စီးပွားပျက်ကပ်နဲ့ ပတ်သက် လို့ နိုင်ငံတော်အစိုးရအနေနဲ့ ကူညီကုစားပေးသင့်တယ်ဆိုတဲ့ အကြောင်း စာရှည်ကြီး တစောင်ရေးပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် ၊နိုင်ငံတော်အကြီး အကဲအားလုံး ဝန်ကြီး အားလုံး ဆီကိုလိပ်မူပြီး ပို့ချလိုက်ရော ဆိုပါတော့ဗျာ။အမှန်တော့ ရွေးစရာ လမ်းမရှိတော့လို့ ကျနော်ရမ်းလိုက်တာဗျ။ ကံမကောင်း အကြောင်းမလှရင် နှစ်အကန့် အသတ်မရှိ ထောင်နန်း စံသွားနိုင်တယ်လေ။ ကျနော်က သာမန်အသနားခံစာရေးယုံတင် မဟုတ်ဘူး။ နိုင်ငံတခုမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ၊ကုမ္ပဏီတွေ အကြပ်အတည်းကြုံရတဲ့ အခါ နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လိုဘယ်ပုံ ကူညီပံ့ပိုးသင့်တယ်ဆိုတာကို “ အမေရိကန် သံရုံး ပြန်ကြားရေး ဌာနက ထုတ်တဲ့ အိုင်ယာကော့ကာ ဆိုတဲ့ ခရိုင်စလာကားကုမ္ပဏီ အကြီးအကဲရဲ့ အတ္ထုပ္ပတိ စာအုပ်ကြီးကိုပါ စာတစောင်ချင်းစီမှာ ပူးတွဲပေးလိုက်တာဗျ။ ဘာလို့ကူညီသင့်သလဲဆိုတော့ ကုမ္ပဏီတွေ ဒေဝါလီခံရင် အဲဒီ ကုမ္ပဏီမှာ ရှိတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန် မယ်။ နောက်တခါ ဆင့်ကဲဆင့်ကဲ ဈေးကွက်ပျက်ရာကနေ တနိုင်ငံလုံးရဲ့ စီးပွားရေး စံနစ်ကြီး တခုလုံးကို ထိခိုက်နိုင်လို့ပေါ့ဗျာ။ နိုင်ငံတော်အကြီးအကဲ အားလုံးဆီကို တစောင်တအုပ် ပူးတွဲပို့မှာမို့ အိုင်ယာကော့ကာ စာအုပ် အုပ်ရေ သုံးဆယ်လောက်ရဘို့ လမ်း ၃၀ တဝိုက်မှာ ရှာလိုက်ရတာဗျာ။

ကျနော်ရေးတင်လိုက်တဲ့ စာဟာ ရိုးရှင်းပေမဲ့ အဲဒီခေတ်မှာတော့ အစိုးရအဖွဲ့အတွက် တော် တော် ထူးဆန်းနေတယ် ဆိုရပါလိမ့်မယ်။ ကျနော်ရေးထားတဲ့ အကြောင်းတွေထဲမှာ ကျနော် ဟာ မန္တလေး တက်သေးအင်း စီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတယ်။ မမျှော်လင့်ပဲ မြေကွက် အရောင်း အဝယ် မရှိတော့တာကြောင့် အခက်အခဲကြုံတယ်။ ဒီအခက်အခဲဟာ ကျနော်တယောက် တည်း ဖြစ်ပေါ်နေတာမဟုတ်ပဲ မကြာခင် တနိုင်ငံလုံးကို ကူးစက်လာမယ်။ ဒါကြောင့် နိုင်ငံ တော် အစိုးရအနေနဲ့ ကျနော့်အကြပ်အတည်းကို ကူညီသင့်တယ်။ ထို့အတူ မကြာခင် အကြပ်အတည်း ဖြစ်လာမဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း ကူညီဘို့ အဆင်သင့် ရှိနေသင့် တယ်ပေါ့ဗျာ ။
…………………………………..
အော် .. အစိုးရအဖွဲ့ဝင်၊ဝန်ကြီးတွေကို အဲဒီစာအုပ်တအုပ်လုံး ထိုင်ဖတ်ခိုင်းလို့တော့ ဘယ်ရ မလဲဗျာ။ အဲဒီစာအုပ်ထဲက ကျနော်ရည်ညွန်းလိုတဲ့ အခန်းတွေကို အမှတ်အသားပြပြီး ဖတ်ဘို့ ညွှန်းရတာပေါ့။ ကျနော်ညွှန်းလိုက်တဲ့ အခန်းတွေက အခန်း (၁၄) နစ်နေသော လှေပေါ်ဝယ်၊ အခန်း (၁၇) အစိုးရထံချည်းကပ်ခြင်း၊ အခန်း (၁၈) ခရိုက်စလာအား ကယ်တင် သင့်ပါသ လော၊ အခန်း(၁၉) ကွန်ကရက်တွင် အစစ်ခံခြင်း၊အခန်း( ၂၀) အညီအမျှစွန့်လွှတ် ကြ ။ အခန်း (၂၁) ဘဏ်များမှ ငွေချေးခြင်း၊ ဆိုတဲ့ အခန်းတွေပေါ့ဗျာ။
အင်း .. ကျနော်အခုမှ သေချာပြန်စဉ်းစားကြည့်မိတော့ ကျနော်ပြုစုပြီး တင်ပြလိုက်တဲ့ စာတန်းဟာ မြန်မာနိုင်ငံအုပ်ချုပ်သူတွေရဲ့ လက်ရှိအခြေအနေနဲ့ နည်းနည်းတော့ အလှမ်း ဝေးနေသလိုပဲဗျာ။
တကယ်တော့ ကျနော့်စာထက် စိတ်ဝင်စားဘို့ကောင်းတာက အဲဒီစာနဲ့ အတူ ပူးတွဲပြီး ပို့ လိုက်တဲ့ အိုင်ယာကော့ကာ အကြောင်းဗျ။ သူ့အကြောင်း ခင်ဗျားသိသွားရင် တကယ့်ကို လေးစားအားကျသွားနိုင်လောက်တယ်။ ကျနော်တော့ အိုင်ယာကော့ကာကို လေးစားအားကျ သူစာရင်းထဲမှာ ထိပ်ဆုံးက ထည့်ထားတယ်။ သူ့အကြောင်းသေချာစေ့စေ့ငှငှ သိချင်ရင်တော့ မြန်မာနိုင်ငံမှာ ရုံးစိုက်တဲ့ အမေရိကန်နိုင်ငံ ပြန်ကြားရေး ဌာနကနေ ၁၉၈၉ ခုနှစ်မှာ ထုတ်တဲ့ အိုင်ယာကော့ကာ၏ ကိုယ်ရေး ဖြစ်စဉ်မှတ်တမ်း ဆိုတဲ့ စာအုပ်ကို ရှာဖတ်ပေတော့ ဗျာ။ မူရင်းရေးသူက အယ်လ် အိုင်ယာကော့ကာနဲ့ ဝီလျံနိုဗက်၊ မြန်မာဘာသာကို ပြန်ဆိုတာက “မဟာမိ “ တဲ့ဗျ။ မဟာမိဆိုတာ နာမည်ကျော် ဘာသာပြန် မြန်မာစာရေးဆရာတယောက် ဖြစ်နိုင်ပါတယ်။ ကလောင်နာမည် ပြောင်းထားပုံ ရပါတယ်။ ကျနော်သိသလောက် အိုင်ယာ ကော့ကာ အကြောင်း ခင်ဗျားကို ပြောပြမယ်ဗျာ ။ ကျနော်ပြောပြနိုင်တာကလည်း အဲဒီစာအုပ် ကို အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ဘူးလို့ပါ။ အိုင်ယာကော့ကာဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလွန်းတဲ့ ပုဂ္ဂိုလ်ကြီးဗျ။ ခင်ဗျားကော သူ့အကြောင်းကြားဘူးလား။မကြားဘူးရင် ကြုံတုန်းနားထောင်ပါဗျာ။
(ဆက်လက် ရေးသားပါဦးမည်)
ရုပ်ပုံများကို ဂူဂဲလ်မှ ရယူပါသည်။
…………………………………..


5 comments:
ဓါတ်ပုံကတော့ရှယ်ဘဲ-လန်ထွက်နေတာဘဲ
ဦးမင်းဒင်ရေ မန္တလေးသားဖြစ်တဲ့ကျွန်တော့အနေနဲ့တော့ အခုပို့စ်ပါ အကြောင်းများကို အလွန်မှသဘောကျပါတယ်။ ကိုယ်တိုင်လဲ အဲဒီတက်သေးအင်းစိမံကိန်းနဲ့ မြေအရောင်းအ၀ငယ်ကိစ္စတွေမှာ အနည်းငယ်ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ အဲဒီတုံးက တက်သေးအင်းဖက်က မြေတွေထက် တိုက်ခန်းတွေက အရင်ဈေးစတက်တာ ထင်တယ်ဗျ။ မှတ်မှတ်ရရ မန္တလေးမှာက တိုက်ခန်းဆိုတာကလဲ သိပ်ခေတ်စားသေးတဲ့အချိန်မဟုတ်၊ အဆင့်မြင့် လူနေတိုက်ခန်းတွေဘာတွေဆိုတာ သိပ်သိကြသေးတာမဟုတ်တော့ စီမံကိန်းစလိုက်တာနဲ့ အတော်လေးဟော့ဖြစ်သွားတယ်ဆိုရမှာပဲ။ ဦးမင်းဒင်ပြောတဲ့ မြေကွက်တွေ လက်ဝယ်ပိုက်ပီးခံစားသွားရသူတွေထဲ မှာကျုပ်တို့ထိပ်ဆုံးကပါသပေါ့ဗျာ။ ဈေးကွက်က မူမမှန်ဖြစ်နေတာကိုတော့ သတိထားမိတယ်။ အမြဲဒီလိုပဲသွားနေမှာမဟုတ်ဘူး တချိန်ချိန်မှာပြန်ကျမယ်ဆိုတာလဲသိပေမယ့် လောဘပေါ့ဗျာ။ ဒီတခုရောင်းပီးနောက်တခုရှာရသိပ်ခက်တာ အဲဒီတော့ ဆက်ကိုင်ထားလိုက်မယ်ဆိုတဲ့ မနူးမနပ်လောဘစိတ်အခံနဲ့ စီးပွားရေးအမြင် နဲ့အတွေ့အကြုံ နုံနဲ့မှုတွေကြောင့် ခံလိုက်ရတာပါပဲ။ ကျုပ်တို့လို မနူးမနပ်တွေတင်မဟုတ်ဘူးဗျို့ မိုးကုတ်ဖက်က အုပ်စုလိုက်ဆင်းလုပ်တဲ့ ဂေါ်ရခါးတွေလဲ ခံလိုက်ရပုံပဲ။ အခံကြီးအခံလေးပဲကွာမယ်။ နောက်ဆုံးပိတ်အိတ်နဲ့လွယ်သွားသူတွေကတော့ ဘယ်သူတွေဖြစ်မလဲမသိဘူး။ မှတ်မှတ်ရရ ရန်ကုန်မှာလဲ ဦးခင်ရွှေတို့တတွေအဲဒီအချိန်မှာ အဲဒီလိုအလုပ်တွေလုပ်ကြတာပါပဲ။ သက်ခိုင်တို့လုပ်ခဲ့တဲ့တက်သေးအင်းကတော့အခု တကယ်သာသာယာယာဖြစ်နေပီ.. အင်းပတ်လည်ကားလမ်းတွေနဲ့ မီနီဂေါက်ကွင်း မြက်ခင်းပြင်တွေနဲ့။ စင်တင်တွေ ကာရာအိုကေဆိုင်တွေနဲ့ဗျို့.. စကားမစပ် ဒေါ်စက်ကြည်ဆိုတာ ကျောက်စိမ်းအရောင်းအ၀ယ်လဲလုပ်တယ်ထင်တယ်။ ဦးမင်းဒင်လို အမှတ်သညာမကောင်းတော့ သိပ်မသေချာလှပေမယ့် အဲဒီနာမည်ကို ရင်းနေတယ်။ နော�
ဖတ်မှတ်သွားပါသည်။
ဦးမင်းဒင်ရဲ့ စာတွေက တကယ့် အဖြစ်အပျက် ပတ်ဝန်းကျင်တွေ နောက်ခံနဲ့မို့... ဖတ်ရတာ တကယ် အသက်ဝင်ပါတယ်.. အမြဲတမ်း အားပေးနေပါတယ်...
အန်ကယ်လ်.....
ဦးသိန်းထွန်း ကိုတော့ သိတယ်ဗျ..
ရေးထားသမျှတဲ့က ကျနော်တို့  မသိလိုက်ရတာတွေ သိလိုက်ရတဲ့အတွက် ဗဟုသုတ တကယ် ရပါတယ်
Post a Comment