၈၁။ ဖော်ကောင် သက်ခိုင်
အေးဗျာ၊ ကျနော်ဆိုတဲ့ကောင်ကလည်း ကိုယ့်တိုင်းပြည်ထဲမှာကိုယ် လူလည်ကျနေနိုင်လေ တော့ နိုင်ငံခြားတို့ ဘာတို့ထွက်ဘို့ဆိုတာ အိမ်မက်တောင်မမက်မိတာ အမှန်ပါဗျာ။ အင်း ၊ တခုတော့ ရှိတာပေါ့ ။ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်တာမျိုးမဟုတ်ပဲ ပြည့်ပြည်စုံစုံ အခြေအ နေမျိုးနဲ့ လုပ်ငန်းရှင်သူဌေးတယောက်လို စတိုင်ကျကျ “ကမ္ဘာပေါ်မှာ လျှောက်ပါလို့ နှံ့သလောက် လည်မှာ “ ဆိုတာမျိုးတော့ စိတ်ဝင်စားသဗျ။ ဟုတ်တယ်ဗျာ။ ကျနော်သွား ချင်တဲ့ နေရာတွေ တော်တော်များများ ရှိလေရဲ့ ။ ဥပမာဗျာ။ အီဂျစ်မှာ ရှိတဲ့ ဗုဒ္ဓမပေါ်ထွန်းမီ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ကျော်က ပိရမစ်တို့ ၊စဖင့်ရုပ်တုကြီးတို့လိုအထင်ကရ အဆောက်အဦး တွေကို ရောက်ဘူး ချင်တယ်။ အမေရိကန် မှာ ရှိတဲ့ လေဘာတီရုပ်တုကြီး ရှေ့မှာ ရပ်ပြီး “ဟယ်လို ၊ဒေါ်လေဘာ တီ၊ မိုင်နိမ်းအစ် သက်ခိုင်၊ အိုင်ဝပ်စ်ဘွန်းအင် နတ်မောက်။ နောင်း အိုင် အမ် စတန်းတီး အင် ဖရန့်အော်ယူလို့ အော်ဟစ်နှုတ်ဆက် လိုက်မယ် ဆိုတဲ့ စိတ်ကူးမျိုး တွေပေါ့ ။ နောက် ဆွစ်ဇာ လန်၊ အာဖရိက နဲ့ မော်ရိုကို တို့လည်း ရောက်ဘူးချင်ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံ တွေမှာ အောက်ကျနောက် ကျသွား နေရတာမျိုးတော့ ကျနော်စိတ်မကူးမိဘူး ဗျာ ။
အဲဒီတုန်းက ဘန်ကောက်သွားမယ်ဆိုတဲ့ကိစ္စကလည်း အကြောင်းတိုက်ဆိုင်လို့ သွားးဖြစ်ခဲ့ တာပါ ။တိုက်ဆိုင်တာကလည်း သာမာန်တိုက်ဆိုင်မှုမျိုးတော့ မဟုတ်ဘူးဗျာ။ကျနော်ပြောဘူး တဲ့ မြန်မာ့အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းအတွက် အဆောက်အဦး ကိစ္စ ပုံစံ ဒီဇိုင်းစဆွဲနေတုန်းအချိန်ပေါ့။ ပုံစံကို ဆွဲပေးတဲ့ အာခီတက်က ကိုညွန့်ဝင်းလေးတဲ့ ။ သူက ရန်ကုန်စက်မှု တက္ကသိုလ်ကနေ အာခီတက်ဘွဲ့ရတာ ။ ကျနော့်ညီဝမ်းကွဲ ဗိုလ်ကံနဲ့ ကျောင်း နေဖက်ပေါ့ ။ကိုညွန့်ဝင်းလေးက ခပ်ပျော်ပျော်သမားပါပဲ ။ စိတ်ရင်းအင်မတန်ကောင်း ရှာပါတယ်။ သူ့ယောက္ခမက ကျနော်တို့ငယ်ငယ်တုန်းက စွဲစွဲလန်းလန်း ဖတ်ခဲ့ရတဲ့ ကျူးဘား သမ္မတ ဖီဒယ်ကတ်စထရိုရဲ့ ကမ္ဘာကျော်လျှောက်လဲချက်များကို ဘာသာပြန်ခဲ့တဲ့ နံမည်ကျော် ရှေ့နေကြီး ဦးကိုယုပေါ့ဗျာ။ဦးကိုယုရေးတဲ့ တခြားနံမည်ကျော်စာအုပ်တွေလည်း အများကြီးဗျ ။ ဥပမာ တရားခံဖြစ်သွားသော ရှေ့နေ၊တရားခံနှင့် သူ၏ ချစ်သူတို့ဘာတို့ပေါ့ဗျာ။ ဦးကိုယု ဟာ ဆင်စွယ်ရွာ လူသတ်မှုနဲ့ နံမည်ဆိုးတွင်ခဲ့တဲ့ အလံနီ ကွန်မြူနစ်ပါတီက သခင်စိုးတို့ လိုအမှုမျိုးကို လိုက်ခဲ့တဲ့ တကယ့်နိုင်ငံကျော် ရှေ့နေကြီး ပေါ့ ။ ကျနော့်စိတ်ထင် နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ်ကျခံသွားရတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် အမှုကိုလည်း သူလိုက်ခဲ့တယ် ထင်ပါရဲ့။မောင်သစ်ဆိုတဲ့ ကလောင် နံမည်နဲ့လည်း စာတွေ တော်တော်များများ ရေးခဲ့ဘူးပါတယ်။ သမိုင်းလမ်းဆုံနားက ကိုညွန့် ဝင်းလေးရဲ့ အိမ် ကိုခဏခဏ ရောက်နေတော့ ဦးကိုယုနဲ့လည်း ကျနော်မျက်မှန်း တန်းမိ နေတယ်လေ။ ဦးကိုယု ကြည့်ရတာ တရုတ်သွေးစပ်ပုံရတယ်ဗျ။ထားလိုက်ပါဗျာ။ ဦးကိုယုအကြောင်း ဆက်ပြောရင် တနေကုန်လောက်တယ်။
………………………………….

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်း အဆောက်အဦး အကောင်အထည် ဖော်ဘို့ စေတနာဆောက်လုပ်ရေး ဆိုတဲ့ သီးခြား ကုမ္ပဏီလေးဖွဲ့တော့ ရွှေကမ္ဘာစီးပွားရေး လုပ်ငန်းစုက ဦးလှကြည်က ဥက္ကဋ္ဌ ၊ ကျနော်က အတွင်းရေးမှူးပေါ့။ဒီတော့ ကျနော့်ဟာ ဦးလှကြည် ရုံးထိုင် တဲ့ ရွှေကမ္ဘာဘက်ကို ခြေဦးတည့်နေခဲ့လေတော့ အန်တီဆယ်နဲ့ ခဏ ခဏဆုံနေရာက တနေ့ တော့ အန်တီဆယ်က “ ဟေ့ ။ ကိုသက်ခိုင်။ တို့အိမ်လာခဲ့ပါအုံး ။ တိုင်ပင်စရာ ရှိလို့တဲ့ ။
ဒါနဲ့ ကျနော်လည်း အန်တီဆယ်တို့အိမ်ရောက်သွားတော့ အန်တီဆယ်က သူ့မိတ်ဆွေ တောင်ကိုးရီးယား လုပ်ငန်းရှင်တယောက် မြန်မာပြည်လာပြီး စီးပွားရေးလုပ်ရာကနေ သိန်းသုံးရာကျော် အလိမ်ခံ ရပြီး ကိုယ့်ကိုယ်ကို သတ်သေမယ် လုပ်နေလို့ .. မင်းတတ်နိုင်ရင် ကူညီပါအုံး လုပ်ပါလေ ရော ။ ဖြစ်ကြောင်းကုန်စင်သေချာမေးတော့မှ အဲဒီတောင်ကိုးယားဟာ မြန်မာပြည်ထဲမှာ စီး ပွားရေးလုပ်ဘို့ ငွေအရင်းအနှီးကို ဆောက်လုပ်ရေးပစ္စည်းတွေ သွင်းပြီး ယူလာသတဲ့ ။သူသွင်းလာတဲ့ ပစ္စည်းတွေလဲ ရန်ကုန်ဆိပ်ကမ်းရောက်ရော ။ ဘယ်လို ပွဲစားမျိုးနဲ့ချိတ်မိလေ သလဲတော့ မဆိုတတ်ဘူး။ စရန်ငွေအနည်းအကျဉ်းပေးပြီး ကျန်တာကို သုံးလဆိုင်းနဲ့ ရောင်း လိုက်သတဲ့ဗျာ။ နောက်ပိုင်းတော့ ဝယ်သွားတဲ့ကုန်သည်ကို ဘယ်လိုမှ ဆက်သွယ်လို့ မရ တော့ တာနဲ့ ကိုယ့်ကိုယ်ကို သတ်သေမယ် ဖြစ်တော့တာပဲပေါ့ဗျာ။
အမှန်တော့ ဒီလိုကိစ္စမျိုးက အဲဒီခေတ်မှာ သိပ်မဆန်းလှဘူးဗျ။မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံ ဘို့ နိုင်ငံခြားငွေတွေယူလာလို့မှ မရတာ။ ယူလာရင်လည်း အစိုးရ တရားဝင်ပေါက်ဈေး ခြောက် ကျပ်ကျော်ကျော်နဲ့ ညားသွားမယ်လေ။ ဒီတော့ ပစ္စည်းတွေသွင်းလာပြီး ပြည်တွင်းရောက်မှ ငွေဖြစ်အောင် ဖန်တီးရတာမျိုးပေါ့။ဒီအခြေအနေမျိုးမှာ ဂွင်သမားတချို့က အဲဒီပြည်ပက သွင်း လာတဲ့ ပစ္စည်းတွေကို ရောင်းသူမက်လောက်အောင် ဈေးအမြင့်ပေးပြီး ဝယ်တယ်။ အမှန်က ဈေးအမြင့်ပေးပြီးဝယ်ထားတာကို အစိုးရဌာနဆိုင်ရာ တချို့မှာ အပေးအယူလုပ်ပြီး သွင်းတာ တို့ ။တခြားအမြတ်အစွန်းများများ ရမဲ့ ပစ္စည်း၊တိုက်ခန်း၊ ကားစတာတွေနဲ့ အဆင့် ဆင့် ဖလှယ်ကြတာပေါ့ဗျာ ။
ဒီလိုအလုပ်မျိုးတွေကို ကျနော်ကိုယ်တိုင်လည်း အကြိမ်တော်တော်များများ လုပ်ခဲ့ဘူးပါတယ်။ ခက်တာက တချို့က ပစ္စည်းအဆင့်ဆင့် ဖလှယ်ဘို့သာလုပ်ကြပေမဲ့ တချို့ကျတော့ တမင်ဂွင် ဆင်ပြီး အပျောက်ရိုက်လိုက်ကြတာလဲ ရှိတယ်ဗျာ။ဒါနဲ့ ကျနော်က အဲဒီအလုပ်ကိစ္စအတွက် ချုပ်ထားတဲ့ စာချုပ်ကို တောင်းဖတ်ကြည့်လိုက်တော့ “ ဝယ်သူ “ နေရာမှာ လက်မှတ်ထိုးတာ က ” ဦးသန်းဌေး “တဲ့ဗျား ။ ဟား၊ ကောင်းကြရောဗျာ။ ကျနော် သန်းဌေးကို ကောင်းကောင်း သိတာပေါ့။ သန်းဌေးဟာ တကယ်ဂွင်သမားပါ။ သန်းဌေးဟာ ဆယ်တန်းတောင်မအောင်ပေမဲ့ သူက အာအိုင်တီဆင်းပါလို့ အမြဲပြောပြီး ဂွင်ရိုက်တတ်တဲ့မောင်။ ဒီလိုပုံစံနဲ့တော့ သန်းဌေး ဆီက ငွေကို ပြန်ရ စရာ လမ်းမမြင်တော့ပါဘူး။ တခုတော့ ရှိတာပေါ့ဗျာ။ ကျနော့် ဇ၊ လုပ်ရည် ကိုင်ရည်ကို သန်း ဌေးကောင်းကောင်း သိနေတာကြောင့် ကျနော် ဇွတ်အတင်း ဝင်ပါရင်တော့ ပြန်အန် ထွက်နိုင် ပါတယ်။
ဟုတ်ပါတယ်။ သန်းဌေးနဲ့ ကျနော့်ကြားမှာ ပတ်သက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ သူဟာ ကျနော်လောက် လက်ရည်မရှိပေမဲ့ မှင်မောင်းကောင်းလွန်းလို့ ရုတ်တရက်ယုံကြည်လက်ခံ သူများပါတယ်။ ကျနော်ကိုယ်တိုင် သူ့ဂွင်ချတာတွေမှာ ဝင်ပြီး နှုတ်၏စောင်မခြင်း၊လက်၏ စောင်မခြင်းတွေ လုပ်ပေးခဲ့ဘူးပါတယ်။အဲသလို ဝင်ပြီး ကူမပေးတာကလည်း အဆင့်ဆင့် ဖလှယ်တဲ့နေရာမှာ အကျိုးအမြတ်ရှိရာ ရှိကြောင်းအတွက်ပါ။ အပျောက်ရိုက်ပစ်လိုက်ဘို့ တော့ ကျနော်ဘယ်သောအခါကမှ အားမပေးခဲ့ပါဘူးဗျာ။
…………………………..
ဒီတော့ ကျနော်လည်း အန်တီဆယ့်မိတ်ဆွေ ကိုးရီးယားလူမျိုး မစ္စတာလီကို လှမ်းခေါ်ခိုင်းပြီး ဖြစ်ပုံပျက်ပုံ အသေးစိတ်မေးမြန်းပြီး သိပ် စိတ်မပူဘို့အကြောင်း ၊ တပါတ်အတွင်း ကျနော် ဖြေရှင်းပေးပါ့ မယ်လို့ ကတိခံခဲ့ရော ဆိုပါတော့ဗျာ။
ကျနော်ကတိခံခဲ့တာဟာ အကြောင်းရှိပါတယ်။အန်တီဆယ့်မိတ်ဆွေ ကိုးရီးယားဟာ မျက်စေ့ သူငယ်နဲ့ မြန်မာပြည်ကို ရောက်လာပုံရပါတယ်။ ဒီငွေကိစ္စနဲ့ ကိုယ့်ကိုယ်ကို သတ်သေတော့ မဲ့ အဖြစ်ကိုတော့ ဘယ်သူကိုမှ ကျနော်မကြုံစေ့ချင်ပါဘူး။ဒါနဲ့ပဲ သန်းဌေးရှိမဲ့ နေရာကို စနည်း နာရပါတော့ တယ်။ ဂွင်သမားဆိုတာက ရုံးခန်းတို့ဘာတို့ အခြေတကျ အချိန်ကြာကြာ ရှိတတ် တာမှ မဟုတ်ဘူးလေဗျာ။ သိပ်မကြာပါဘူးဗျာ။တာမွေဖက်မှာ သန်းဌေး ရုံးခန်း အသစ်နဲ့ ဟန်ကျပန်ကျ ဖြစ်နေတဲ့ အကြောင်း သတင်းရပါတော့တယ်။ သန်းဌေးဟာ အဲဒီ ကိုးရီးယားတင် ဂွင်ရိုက်ထားတာမဟုတ်ပဲ အဲသလို ဂွင်မျိုးတွေချည်းလေးငါးခြောက်ခုလောက် ရိုက်ထားနိုင်တယ် ဆိုတဲ့ သတင်းပါရလာပါတယ်။ ဟန်ကျပြီပေါ့ဗျာ။ တယောက်တည်း ကို ဂွင်ရိုက်ထားတာဆိုရင် ပြန်အန်ထွက်ဘို့ ခက်မယ်မဟုတ်လား။
ကျနော်လည်း အချိန်ကြာကြာဆွဲမနေတော့ပဲ ကျနော့်တပည့်ကျော်တွေကို လွှတ်ပြီး သန်းဌေး ရဲ့ ရုံးခန်းတည်နေရာ၊ သန်းဌေးဝင်တဲ့ ထွက်တဲ့ အချိန် ၊ သန်းဌေးကို သေချာပေါက် တွေ့နိုင်မဲ့ အချိန်တွေကို ထောက်လှမ်းခိုင်းလိုက်ပါတယ်။သုံးရက်လောက်နေတော့ သန်းဌေး သေချာ ပေါက် ရှိနိုင်တဲ့ အချိန်ကို ကျနော်သိလာပါတော့တယ်။အော်။ သူ့ရုံးခန်း ဖုန်းနံပတ်တော့ သိတာပေါ့ဗျ။ ကျနော် ဖုန်းနဲ့ ဆက်လို့ မဖြစ်ဘူးလေ။သူက ကျနော်ပါလာတော့မယ်ဆိုတာ သတင်းအစအနရတာနဲ့ ကိုယ်ယောင် ဖျောက်သွားနိုင်တယ်လေ ။
ကျနော်သတ်မှတ်တဲ့ ယ ရက်မှာတော့ ကျနော်မနက်အစောကြီး အိပ်ရာထ၊ ကျနော် စိတ်အချ ရဆုံး လက်မရွံ့ထောင်ထွက်တယောက်ကို သူ့အိမ်ကနေ သွားနှိုး အကျိုးအကြောင်း ရှင်းပြပြီး လိုလိုမယ်မယ် ပစ္စည်းပါထည့်ခဲ့ဘို့ ပြောရတော့တာပေါ့ဗျာ။သူက ကြည့်မြင်တိုင်မှာ နေတယ်။ သူ့နာမည်က ပေါက်ပေါက်တဲ့ ။ထောင်ထဲကို အကြိမ်ကြီး ဝင်ထွက်နေတဲ့ လူမိုက်ပေါ့။ အော်။ ခင်ဗျားတော်တော်ခက်ပါ လား။ သန်းဌေးဆိုတဲ့မောင်ဟာ ဂွင်ရိုက်ပြီးရင် ဒိတ်ဒိတ်ကြဲ လူမိုက် တွေနဲ့ အကာအကွယ်ယူ တတ်တာကျနော်သိနေတယ်လေ ။အရေးထဲ ပေါက်ပေါက် လုံချည် အစိမ်းနဲ့ အကျီအဖြူဝတ်ပြီး ရင်ဘတ်မှာ ရင်ထိုးလေးတခုထိုးလာလို့ သေချာကြည့်လိုက် တော့ သူ့ရင်ဘတ်က တံဆိပ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး တံဆိပ်ဖြစ် နေသဗျာ။ကျနော်က .. ဟေ့ကောင် ။ ပြဿနာ သွားရှင်းမဲ့ ကိစ္စကို မင်းဟာက ယူနီဖောင်းကြီး ဖြစ်နေပါလား .. ပြောမိတော့ အကို မသိပါဘူး အကိုရာ၊ ကျနော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးကတဲ့ ။ဟာ ။မင်းဥစ္စာ အသင်းတံဆိပ်ကြီးတပ်လာတော့ မတော်တလျော် ဖြစ်မနေဘူးလား ဆိုတော့ အကိုမသိသေးလို့ပါ။ ဒီတံဆိပ်ပါရင် ရှင်းရတာ လွယ်သတဲ့ ဗျာ။ ဘာတွေဘယ်လို ရှင်းရ လွယ်သလဲတော့ ကျနော်လည်း ဆက်မမေးမိတော့ဘူး။ လက်စသတ်တော့ သူ့အိမ်မှာ ဖွင့် ထားတဲ့ အရက်ပုန်းဆိုင်လည်း အဲဒီအသင်းကြီး ကောင်းမှုထင်ပါရဲ့ဗျာ။
ကျနော်ဘာမှ ထပ်မပြောနေတော့ပဲ သူ့ကိုကားပေါ်တင်ပြီး တာမွေဖက်ကို ထွက်လာ ခဲ့ တယ်။တကယ်တော့ သူ့ကိုခေါ်လာတာဟာ သန်းဌေးနောက်က လူမိုက်တွေ မငြိမ်ရင်ထိန်း ဘို့လောက်ပါပဲတကယ်တမ်း သန်းဌေးကို တယောက်ချင်း ကျနော်ကိုယ်တိုင် ရင်ဆိုင်ဘို့ ဆုံးဖြတ်ပြီးသားပါ။
ကျနော်သန်းဌေး ရုံးခန်းရှေ့ကို ရောက်တော့ ပေါက်ပေါက် ကို ကားထဲမှာ စောင့်ခိုင်းပြီး ရုံးပေါ်ကိုလည်း တက်သွားလိုက်ရော သန်းဌေး ရဲ့ လက်စွဲတော် မူဆလင်အဘိုးကြီး နဲ့ တန်းတိုးတော့တာပဲ။ အဲဒီအဘိုးကြီးက အသက်ငါးဆယ်ကျော်လောက်ရှိမယ်။ သန်းဌေးက ဘိုလို မပြောတတ်တော့ ဘိုလိုမွှတ်နေအောင်ပြောတတ်တဲ့ အဲဒီဘိုးတော်ကို မန်နေဂျာခန့် လက်သပ်မွေးထားတာဆိုပါတော့။ အဘိုးကြီးက ကျနော့်ကိုလည်း တွေ့ရော “ ထိုင်ပါဆရာ၊ ဆရာ ဦးသန်းဌေး ပတ္တမြားအရောင်းအဝယ် ကိစ္စတခု ဧည့်သည်နဲ့ စကားပြောနေလို့ပါ “ တဲ့ ။ ကျနော့် စိတ်ထဲက ရီချင်သွားပေမဲ့ ဧည့်ခန်းစားပွဲမှာ အသာလေးငြိမ်ပြီး ထိုင်နေလိုက် ပါတယ်။ အမယ်။ သန်းဌေးဟာ တကယ့်ကို ဂွင်ကောင်းမိနေပုံရတယ်ဗျ။ သူ့ရုံးခန်း အပြင်အဆင်က တယ်လဲအဆင့်မြင့်ပြီးခန့်ငြားနေတာကိုး ။ တရုတ်ကြွေးပန်းအိုးကြီးတွေထဲ မှာ ဝါးပင်ခပ်ရှည်ရှည်တွေစိုက်ထားတာမျိုးတွေလည်း ရှိလေရဲ့ ။

ခဏကြာတော့ အခန်းထဲက ဧည့်သည်တယောက်ထွက်လာတာနဲ့ ကျနော်လည်း မန်နေဂျာ အဘိုးကြီးကို ဘေးကိုတွန်းဖယ်ပြီး သန်းဌေးအခန်းထဲကို ဝင်လိုက်ပါတယ်။ သန်းဌေးဟာ ကျနော့်ကို ရုတ်တရက်မြင်လိုက်တော့ တအံ့တသြဖြစ်သွားပုံ ရသဗျ။ နောက်မှ ဣနြေ္ဒဆည် လိုက်ပြီး “ ဟာ ။ကိုသက်ခိုင် ထိုင်လေဗျာ “တဲ့ ။ ဒီတော့ ကျနော်လည်း “ကိုသန်းဌေး ခင်ဗျား ကြည့်ရတာ တော်တော်အဆင်ပြေနေပုံရတယ်။ ဝမ်းသာတယ်ဗျာ။ စကားနည်းနည်းပြောရ အောင် အပြင်ကို ခဏလိုက်ခဲ့ပါ“လို့ လေသံအေးအေးနဲ့ ပြောလိုက်ရပါတယ်။ အပြင်ခေါ် မထုတ်လို့မဖြစ်ဘူးလေ။ အခုလာရင်းကိစ္စက အဖြေတခု မဖြစ်မနေထုတ်ရမှာ ဆိုတော့ မင်း ဘာလဲ၊ ငါဘာဘဲ ခွန်းကြီးခွန်းငယ်တွေ ပါလာတတ်လေတော့ သတ်ကွင်းကို ရွေးတတ်ဘို့ လို ပါတယ်။ ပြောနေရင်းတောင် အခန်းအပြင်ဖက်က မန်နေဂျာကြီး အချက်ပေးလိုက်လို့ ထင်ပါရဲ့ ၊ သန်းဌေးတပည့်ကျော်တချို့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိပဲ “ ဆရာ့ အခု တွေ့နေတဲ့ ဧည့်သည်က ဘယ်ကတုန်း ဘာညာဆိုတာတွေ အခန်းထဲကနေ ကြားနေရပြီဗျ။
အစပိုင်းတော့ ခပ်အင်အင်လုပ်နေရာကနေ သန်းဌေးဟာ “ ရတယ်လေ၊ အပြင်မှာ သွားပြော ချင်ရင်လည်း ပြောကြတာပေါ့ဆိုပြီး လိုက်လာပါလေရော။ မနက်ကိုးနာရီလောက်ပဲ ရှိသေးပေ မဲ့ကျနော့်သူ့ကို သူ့ရုံးနဲ့ မလှမ်းမကမ်းကဘီယာဆိုင်တခု ကိုခေါ်သွားလိုက်တယ်။သူက အခြေနေအကဲခတ်နေတော့ စောစောစီးစီးမသောက်တတ်ပါဘူး ဆိုပြီးငြင်းသဗျာ။ ကျနော် ကတော့ ဘီယာနှစ်ခွက်လောက်မော့လိုက်ပြီး “ ကဲ ၊ကိုသန်းဌေး ။ ခင်ဗျား မစစ္စတာ လီကိုသိသလား“လို့လည်းမေးလိုက်ရော သူကလေသံခပ်အေးအေးနဲ့ပဲ “သိတယ်လေ ၊ သူနဲ့လုပ်ထားတဲ့ အရောင်းအဝယ်ကိစ္စလေးတွေတောင် မပြတ်သေးဘူးဗျာ “တဲ့ ။ အမှန်တော့သန်းဌေးဟာ ဟန်မပျက်ကျနော့်ကို ပြန်တွန်းဘို့ နောက်တလှမ်းဆုတ်တာကို မြွေမြွေချင်း ခြေမြင်လိုက်ပါပြီ။ ဒါနဲ့ကျွန်တော်လည်း အချိန်ဆွဲမနေတော့ပဲ “ ကိုသန်းဌေး ၊ တိုတိုပဲ ပြောကြပါစို့ဗျာ။ မစ္စတာလီဟာ ကျနော်နဲ့ ပတ်သက်နေတယ်၊ဒီတော့ သူ့နဲ့ ပတ်သက်တဲ့ ငွေလက်ကျန်ကို မဖြစ်မနေ ရှင်းပေးမှ ဖြစ်မယ်“လို့လည်း ပြောလိုက်ရော သန်းဌေးဟာ ရုတ်တရက်ငိုင်သွားပါတယ်။နောက်တော့ အသံခပ်လေးလေးနဲ့ “ ကိုသက်ခိုင် ရာ ၊ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်ကို ဝင်မပါရင်ကောင်းမယ်ဗျာ “ တဲ့ ။
သူပြောသလိုပဲ ကျနော်နဲ့မဆိုင်သလို ဖြစ်နေတာလည်း အမှန်တရားဆိုတော့ ကျနော့်သူ့ကို တရားချရပါရတော့တယ်။ “ ခင်ဗျားအခု မိထားတဲ့ ဂွင်တွေလည်း မနည်းလှဘူးဆိုတာ ကျနော် သိထားပြီးပါပြီဗျာ။ အခုကိစ္စက အန်တီဆယ့်မိတ်ဆွေဖြစ်နေတယ်။ ကျနော်ကလည်း အန်တီ ဆယ်တို့ အမျိုးသမီးအသင်းနဲ့ ပတ်သက်နေတယ်။ ဒီတော့ ခင်ဗျား ၊ဒီတဂွင်ကို လျှော်ပေးပါ။ ခင်ဗျား နောက် တဂွင်ဂွင်ကို ရိုက်ချင်တယ်ဆိုရင် ကျနော်ကိုယ်တိုင် ဝင်ကူညီပေးပါ့မယ်။ မစ္စတာလီလည်း ကိုယ့်ကိုယ်ကို သတ်သေမဲ့ဘဝရောက်နေတာမျိုးက မလုပ်ကောင်းပါဘူး ။ မစားကောင်းတဲ့စာရင်းထဲ ထည့်ပေးစေချင်တယ် “ လို့လည်း ပြောလိုက်ရော သန်းဌေးဟာ ရုတ်တရက် ခပ်တင်းတင်း မျက်နှာနဲ့ “ ကျနော် မရှင်းဘူးဆိုရင် ခင်ဗျား ဘာလုပ်မလဲတဲ့ ။
ရော ၊ ဓာတ်သိချင်း အကဲလာစမ်းနေတယ်ဗျာ။ ဒီတော့ ကျနော်လည်း ချက်ချင်းဆိုသလို
“ ခင်ဗျား မစ္စတာလီကိစ္စကို အေးအေးဆေးဆေး ပြန်ဖြည်မပေးဘူးဆိုရင် ကျန်တဲ့ ဂွင်အား လုံး ကို ကျနော်လိုက်ဖျက်ပစ်ရပါလိမ့်မယ်။ အရေးကြီးဆုံးနောက်တချက်က ၊ ခင်ဗျား ဒီဆိုင် ထဲက အပြင်ထွက်လို့ရမယ်မထင်ပါနဲ့“ လို့ အလုံးကြီး သုံးလိုက်ရပါ တော့တယ်။ အမှန်တော့ သန်းဌေး လည်းညံ့လှတယ်တော့ မဟုတ်ဘူးဗျ။ သူ့လူမိုက်အုပ်စုလည်း ဆိုင် မလှမ်းမကမ်းမှာ မယောင် မလည်လုပ်နေတာကို လှမ်းမြင်နေရတယ်လေ။ကျနော်လည်း လာမဲ့ဘေးပြေးတွေ့ လိုက်မယ် ဆုံးဖြတ်ထားတာကြောင့် သိပ်တော့ စိတ်မလှုပ်ရှားမိဘူးဗျာ။ လူတယောက် သေမလိုဖြစ်နေတာကို ဂွကောင်းထိုင်မိနေတဲ့ လူလည်တယောက်ကို လျစ်လျူရှုနိုင်မယ် ဆိုရင် ကျနော်လည်း စားပွဲပေါ်က ဘီယာပုလင်းနဲ့ သူ့ခေါင်းကို ရိုက်ခွဲပစ်လိုက်ဘို့ ဝန်မလေး တာအမှန်။
……………………….
သန်းဌေးဟာ အချိန်တော်တော်ကြာအောင် အသံတိတ်နေပြီးမှ ကျနော်လူမိုက်အားကိုး တဇွတ်ထိုးလုပ်တတ်တဲ့ ဥာည်ကို သတိရသွားတယ် ထင်ပါ့ဗျာ။ အကြာကြီး တုတ်တုတ်တောင် မလှုပ်ပဲ စဉ်းစားပြီးမှာ “ကောင်းပြီလေ၊ ဒီတဂွင်တော့ ကျနော်ပြန်ဖြည်ပေးလိုက်ပါတော့ မယ်ဆိုပြီး ခေါင်းငြိမ့်တာနဲ့ ပွဲပြီးသွားရောဆိုပါတော့ဗျာ။ စာချုပ်တွေဘာတွေ မလိုပါဘူးဗျာ။ ဂွင်သမားလောကမှာ စာချုပ်ထက် အချင်းချင်း နှုတ် ကတိက ပိုပြီး အရာရောက်ပါ တယ်။ နောက်နှစ်ရက်ကြာတော့ ဝင်ဒါမီယာက (Comfort) ဟိုတယ်မှာ သန်းဌေးဟာ သူ့လူမိုက် တပြုံကြီးနဲ့ အတူငွေသေတ္တာနှစ်လုံးသယ်လာပြီး မစ္စတာလီကို အကြွေးဆပ်ပါတော့တယ်။ အရေးထဲဗျာ။ သန်းဌေးနောက်က လူမိုက်တွေကို ကြည့်ပြီး မစ္စတာလီဟာ ငွေထုတ်တွေကို ရေတောင်မရေရဲတော့ပဲခြေတုန်လက်တုန် နဲ့ “ မစ္စတာ သန်းဌေး ကို ကျနော်ယုံကြည်ပါ တယ် “လုပ်နေလို့ သန်းဌေးကတောင် ကျနော့်ကို “ ကိုသက်ခိုင်ကသာ ဝင်ရှုပ်နေတာ ကာယကံရှင်က ကျနော့်ကို ယုံတာတွေ့ပြီလား“ ဆိုပြီး စကားနာထိုးနေသေးဗျာ။ တော်တော်ခက်တဲ့ လောကကြီးပါလား။ ကျနော်တော့ မစ္စတာလီကို နားရင်းထမရိုက်မိအောင် စိတ်ကိုတော်တော်ထိန်းလိုက်ရသဗျ။ ဘာဘဲဖြစ်ဖြစ် ဒီကိစ္စအပေါ် သန်းဌေးရဲ့ လိုက်လျောမှု ကိုကျနော် ကျေးဇူးတင်မိပါတယ်။ ကျနော့်ကတိအတိုင်း နောက်ပိုင်းမှာ သူအခက်အခဲတွေ့ချိန် မှာ ကျနော်သူ့ကို ပြန်ကူညီနိုင်ပါတယ်။ အော်။ အလားတူ ဂွင်တခု ဆိုပါတော့ဗျာ။
မစ္စတာလီရဲ့ပြဿနာလည်း ပြေလည်သွားရော အန်တီဆယ်ဟာ ကျနော့်အပေါ် တော်တော် ယုံကြည်အားကိုးလာခဲ့ပါတယ်။သူမကြာခင် ဘန်ကောက်သွားမှာမို့ ဘန်ကောက်က အဆောက်အဦးတွေ လိုက်လေ့လာဘို့ခေါ်ပါတော့တယ်။အမျိုးသမီးစွမ်းဆောင်ရှင် အသင်းအနေနဲ့လည်း ကျနော်ဟာ မရှိမဖြစ်စာရင်းမှာ ပါနေတာကြောင့် ဘန်ကောက်ကို လိုက်သွားဘို့ တညီတညွတ်တည်း သဘောတူကြပါတယ်။မရှိမဖြစ်စာရင်းဝင် ရတာလဲ အကြောင်းရှိပါသဗျာ။
အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းအဆောက်အဦးဟာ ဒဂုံမြို့နယ် ကောင်စီ ရုံးကြီး ကို ဖျက်ပြီး ဆောက်မှာဆိုတော့ အဆောက်အဦးဟောင်းထဲက ရှိရှိသမျှ အစိုးရဌာန တွေ ဖယ်ရှားရွေ့ပြောင်းပေးနေရတဲ့ အချိန်ပေါ့ဗျာ။အဲဒီ အဆောက်အဦး ဟောင်းမှာ မြို့နယ် သမဝါယမဦးစီး ရုံးပါ ရှိနေလို့ အချိန်မီဖယ်ပါလို့လည်း ကျနော်က စာထုတ်ရော ဦးစီးမှူး အမျိုးသမီးဟာ သမဝါယမ ဝန်ကြီး နဲ့ အမျိုးတော်လို့ ဆိုလား ။ နေရာ အစားမရရင် မဖယ် နိုင်ပါဘူးဆိုပြီး ဂျစ်တီးဂျစ်ကပ်လုပ်နေပါလေရောဗျာ ။အဲသလိုဂျစ်တီးဂျစ်ကပ်လုပ်နေတဲ့ အကြောင်း အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းရဲ့ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ရီ ကိုလည်း ပြောလိုက်ရော နှစ်ရက်တောင် မကြာဘူး။ သမဝန်ကြီးနဲ့ အမျိုးတော်ပါတယ်ဆိုတဲ့ မြို့နယ်ဦးစီးဟာ ရုံးဟောင်းကြီးကနေ အသာတကြည်ဖယ်ပါ့မယ် ဖြစ်လာပြန်ရောဗျာ။ ဒီတော့ ကျနော်လည်း အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းဟာ ဘယ်လိုအားကိုးနဲ့များ ချဲလိုက်ပါလိမ့်၊ဘယ်ခလုပ်ကိုများ နှိပ်လိုက်ပါလိမ့်လို့တအံ့တသြဖြစ်မိပါရဲ့ဗျာ။ ဒါပေမဲ့ မကြာ လှပါဘူး။ အဲဒီမိန်းခလုပ်ကို မကြာမတင် တခုသောနေ့မှာကျနော်သိလာပါတော့တယ်။
အဲဒီနေ့က နေ့လည်တနာရီလောက်မှာ စေတနာဆောက်လုပ်ရေး ဥက္ကဋ္ဌ ဦးလှကြည်ဟာ ကျနော့်ဆီကို ရွှေကမ္ဘာအုပ်စု ရုံးခန်းကို လာခဲ့ဘို့အရေးတကြီး ဖုန်းဆက်လာပါတယ်။ ကျနော်လည်း ရွှေဘုံသာလမ်းက ရွှေကမ္ဘာ အုပ်စု ရုံးခန်းလည်းရောက်ရော ဒီနေ့ စေတနာ ဆောက်လုပ်ရေး အဖွဲ့ငွေစာရင်းထဲက သိန်းတရာကို အရေးတကြီးပုဂ္ဂိုလ်တယောက်ဆီကို လွှဲပေးရမှာမို့ အတွင်းရေးမှူးဖြစ်တဲ့ ကျနော်ကိုယ်တိုင်လိုက်ခဲ့ဘို့လိုကြောင်းပြောပါ တော့ တယ်။ ကျနော်လည်း ကျနော်တာဝန်ယူနေတဲ့ စီမံကိန်းမှာ သိန်းတရာဆိုတာ ဘာမှပြောပ လောက်တဲ့ငွေလည်းမဟုတ်၊ ဦးလှကြည်လိုလူမျိုးက မဟုတ်တာလုပ်မဲ့သူမဟုတ်လေတော့ ဘယ်သူ့ကိုပေးမယ်၊ဘာကြောင့်ပေးမယ်ဆိုတာ မမေးတော့ပဲ သူခေါ်တဲ့နောက်ကိုလိုက်သွား ရောပေါ့ဗျာ။သူက ကျနော့်ကို ဗိုလ်အောင်ကျော်လမ်းက ရိုးမဘဏ်ကိုခေါ်သွားတာဗျ။ အဲဒီဘဏ်ကနေ သိန်းတရာကိုထုတ်တယ်။နောက်တော့ သိမ်ဖြူလမ်းက ယူနီဘာ ဆယ် ဘဏ်ကို အဲဒီငွေတွေသယ်သွားတယ်။ ယူနီဘာဆယ်ဘဏ်လည်းရောက်ရော ဘဏ်ပိုင်ရှင် စာရင်းထဲမှာပါတဲ့ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်စိန်စိန်က အဆင် သင့်စောင့်နေလေရဲ့။ထူးခြားတာက ဒေါ်စိန်စိန်ဟာ နည်းနည်းတော့ ပြာယိပြာယာဖြစ်နေတဲ့ ပုံပဲဗျ။ ဒီထက်ထူးခြားတာက ဦးလှကြည်ကားပေါ်မှာပါလာတဲ့ငွေတွေကို ဘဏ်ထဲကိုလည်း သယ်ပြီးရော ဘဏ်ကို ပိတ်လိုက်ပါတယ်။ ဘဏ်ပိတ်ချိန်နီးနေပေမဲ့ ပိတ်ချိန်တော့ မဟုတ် သေးဘူးဗျာ။ဘဏ်လည်းပိတ်ပြီးရော ငွေရေတွက်တဲ့စက်တွေနဲ့ ငွေသိန်းတရာကို ရေတော့ တာပါပဲ ။ ဖြစ်ချင်တော့ ရိုးမဘဏ်က ယူလာတဲ့ တထောင်တန်ငွေစက္ကူတွေကို စက်နဲ့ ရေလိုက်တာ တထောင်တန်လေးငါးအုပ်ဟာ တရွက်နှစ်ရွက်လျော့နေလို့ ဦးလှကြည်က ရိုးမဘဏ်ကိုလှမ်းဆူနေသေးသဗျ။ အော်၊ ဦးလှကြည်က ရိုးမဘဏ်က အဓိက အစု ရှယ်ယာ ဝင်လေ။သူက စကာင်္ပူသူဌေး ဆပ့်ခ်ျပန်းနဲ့အဖွဲ့ပေါ့။ဆပ်ခ်ျ်ပန်းက မြန်မာပြည်ပေါက် ထင်ပါ ရဲ့ဗျာ။မြန်မာနံမည်လည်း ရှိလေရဲ့ ။ကျနော်တော့မမှတ်မိတော့ဘူးဗျ။
အဲဒီနေ့က လျှို့ဝှက်ငွေစာရင်းတခုထဲကို အဲဒီငွေတွေ လွှဲပေးခဲ့ရတာပေါ့ဗျာ။ ကျနော်လည်း ငွေလွှဲနေချိန်မှာ ဘဏ်စာရင်းနံပတ်တွေ အမည်တွေကိုမသိမသာ စပ်စုလိုက်တာ ဘယ်သူ့ကို လွှဲပေးရတယ်ဆိုတာ သိလာတော့တာပါပဲ။ အဲဒီနေ့က လွှဲပေးလိုက်တဲ့ငွေဟာ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး(၁)ထောက်လှမ်းရေး ညွန်ကြား ရေးမှူး ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့ ဇနီးဒေါ်ခင်ဝင်းရွှေ အတွက်ပေါ့ဗျာ။အင်းလေ။ သူက မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းရဲ့ နာယကကြီး မဟုတ်လား။နေဦးဗျ ။ သေချာပြန်စဉ်းစားတော့မှ အဲဒီနေ့က လာဘ်ပေးတဲ့ ကိစ္စမှာ ဦးလှကြည်ရော၊ ဒေါ်စိန်စိန်ပါ ဘာမှ မဆိုင်ဘူးဗျ။ သူတို့ကဘဏ်လုပ်ငန်းလုပ်နေတဲ့သူတွေဆိုတော့ သူတို့အလုပ်သူတို့ လုပ်နေကြတာပဲ မဟုတ်လား။ ကျနော့်ကုမ္ပဏီနံမည်နဲ့ ရတဲ့လုပ်ငန်းအတွက် ကျနော်ကိုယ် တိုင်လာပြီး လျှို့ဝှက်ငွေစာရင်းကို လာသွင်းပေးနေတာကိုက ကျနော်ဟာ လာဘ်ပေးသူ တရားခံ နံပါတ်တစ်ပါပဲ။
………………………………..

သိပ်တော့ မအံ့သြပါနဲ့ဗျာ။ခေတ်ကြီးက တကယ်ကို ပျက်နေပြီဗျ။ ထောက်လှမ်းရေးအဖွဲ့ကြီး ဟာ လာဘ်ပေးလာဘ်ယူကင်းတယ်ဘာညာ ဆိုတဲ့သတင်းတွေ ကျနော်ဖန်တရာတေအောင် ကြားခဲ့ဘူးပါပြီး ။တကယ်တော့ ကျနော်တို့နိုင်ငံမှာ လာဘ်ပေးလာဘ်ယူဆိုတာ မဆလခေတ် တုန်းကတောင် တိတ်တိတ်ပုန်း မသိမသာလုပ်ခဲ့ကြတာကလား။အခုနဝတခေတ်ကြီးလည်း ရောက်ရော နေရာတကာမှာ စစ်သားတွေနေရာယူ၊ နိုင်ငံတည်ဆောက်ရေးဆိုတဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂွင်တွေကများ၊ အဲဒီစစ်သားတွေက ငွေများများမကိုင်ဘူး၊စည်းစိမ်ဆိုတာ မျိုးကိုလည်း ကောင်းကောင်းမခံစားဘူးလေတော့ စစ်ဗိုလ်စစ်သားတွေ အကျင့်ပျက်ကုန်ကြ ရော ပေါ့ဗျာ။စစ်တပ်အုပ်ချုပ်တဲ့ခေတ်၊ ရာထူးကြီးကြီးမှန်သမျှ စစ်ဗိုလ်တွေချည်းဆိုတော့ အောက်လက်ငယ်သား အရာထမ်းတွေလည်း ဘာသားနဲ့ထုထားတာ မို့လို့လဲဗျာ။ အရိုးရရ အရင်းရရ ကိုက်ကြလေသတည်းပေါ့။
တဆက်တည်း ဆိုသလို ကျနော်တို့လို စီးပွားရေးသမားတွေကလည်း အလုပ် ကောင်း ကောင်းရချင်တယ်။ ကိစ္စမြန်မြန်ပြတ်ချင်တယ် ဆိုပြီး ငွေကို ပုံအောပြီး လာဘ်ပေး လာဘ် ယူလုပ်ကြရာက ပျက်စီးခြင်းငါးပါးဆိုက်တော့တာပဲဆိုကြပါစို့။ ပျက်စီးခြင်းငါးပါး ဆိုက်ပုံများ အသုဘကို မီးသဂြိုဟ်တဲ့နေရာမှာတောင် လာဘ်ပေးလာဘ်ယူမကင်းတော့ဘူးဗျ။ မယုံမရှိနဲ့ ကိုယ်တွေ့ ဗျာ။
ကျနော်နဲ့အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတယောက် ရဲ့အမေနာရေးတုန်းကပေါ့။ အသုဘချတဲ့ နေ့၊ မီးသဂြိုဟ်စက်ထဲကို အလောင်းသွင်းခါနီးပေါ့။ သိပ်ခင်မင်တဲ့ မိတ်ဆွေဖြစ်နေတော့ ကျနော်လည်း သူ့အနားမှာ အားပေးရင်း ရပ်နေမိတယ်။အသုဘလာပို့တဲ့သူတွေ၊ မိသားစု အရင်းအချာတွေကို နောက်ဆုံးအနေနဲ့ အလောင်းထည့်ထားတဲ့ခေါင်းကို ဖွင့်ပြပြီး ပြန်ပိတ် လိုက်တယ်ဗျ။ နောက်တော့ မီးသဂြိုဟ်စက် ဝန်ထမ်းတယောက်က ..ကဲ ၊ ကဲ ၊ သက်ဆိုင်တဲ့ လူနှစ်ယောက်လောက် ဝင်လိုက်ခဲ့ပါ။ မဆိုင်တဲ့သူတွေ ဝင်လို့မရပါဘူး ဆိုပြီး မီးသဂြိုဟ် စက်ထဲကို အခေါင်းကြီးသွင်းလိုက်ရောဗျာ။ ကျနော့်သူငယ်ချင်းဆိုတဲ့မောင်ကလည်း အမေ ဆုံးလို့ စိတ်ထိခိုက်ပြီး အူကြောင်ကြောင်ဖြစ်နေတယ်ထင်ပါရဲ့ ။ အူအူလည်လည် လုပ်ပြီး ရပ်နေတာနဲ့ ကျနော်က သူ့လက်ကိုဆွဲပြီး မီးသဂြိုဟ်ခန်းထဲကို ဝင်လိုက်ရရောဗျာ။ အမှန်တော့ ကျနော်လည်း မီသဂြိုဟ်စက်ယဉ်ကျေးမှုကို သိလို့ မဟုတ်ဘူးဗျာ။ သူငယ်ချင်း အမေနာရေးလည်း ဖြစ်ပြန်၊ မီးမဂြိုဟ်ခင် သက်ဆိုင်တဲ့ သူ နှစ်ယောက်ခေါ်တာ ဘာကြောင့် များပါလိမ့်ဆိုပြီး သိချင်စိတ်နဲ့ ဝင်လိုက်သွားမိတာဗျ။
မီးသဂြိုဟ်ခန်းထဲလည်း ရောက်ရော ဝန်ထမ်းတယောက်က ကဲ။ အလောင်းကို ထပ်ပြီး ဖွင့်ပြီး ထပ်ကြည့်ချင်သေးသလား၊ ထုံးစံအတိုင်းလုပ်ပါ တဲ့ ။ဟာ။ ကျနော်လည်း အတွေ့အကြုံမရှိ သေးတာကြောင့် သူပြောတဲ့ ထုံးစံအတိုင်း ဆိုတာ သဘောမပေါက်ဘူးဗျာ။ ကျနော့်သူငယ် ချင်းကလည်း တုတ်တုတ်မလှုပ်ဘူး။ ဒီမှာတင် မီးသဂြိုဟ်စက် ဝန်ထမ်းတယောက်ဟာ ကျနော့်သူငယ်ချင်းရဲ့အမေအလောင်းထည့်ထားတဲ့ အခေါင်းကြီးကို သံတူရွင်းခပ်ရှည်ရှည် တချောင်းနဲ့ ဝုန်းဒိုင်း ဆို ရိုက်ခွဲတော့တာပဲဗျို့ ။ ဒီတော့မှ ကျနော်လည်း အော် ။လက်စ သတ်တော့ ထုံးစံအတိုင်းဆိုတာ ငွေတောင်းနေတာကိုးလို့ သဘောပေါက်ပါတော့ တယ်။ ဒါနဲ့ ကျနော်လည်း ကဗျာကယာ အိတ်ကပ်ထဲက ငွေနှစ်ရာထုတ်ပြီး ကျနော့်သူငယ်ချင်းအမေပါဗျာ ။ နောက်ဆုံးခရီးကို ချောချောမွေ့မွေ့ ဖြစ်ပါစေလို့ ပြောတော့မှ ၊စောစောက သဂြိုဟ်စက် ဝန်ထမ်းက မျက်နှာထားချက်ချင်းပြောင်းသွားပြီး ငြင်ငြင်သာသာ ဆက်စခန်းသွားပါတော့တယ် ။ ကျနော့်သူငယ်ချင်းဆို သဂြိုဟ်စက်ကလည်း ထွက်ရော အမေအတွက်ငိုလည်းငို ၊ကြံကြံဖန် ဖန် လာဘ်ပေးလာဘ်ယူလုပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဆဲ ။ မျက်ရည်တွေ နှပ်ချေးတွေ ညှစ်ရင်း သုတ်ရင်း ၊ငါ ချင်းကို မိုးမွှန်နေတော့တာပဲဗျို့ ။

အမယ် ၊ မီးသဂြိုဟ်စက် ယဉ်ကျေးမှုကလည်း အရှုပ်သားဗျာ။နောက်ပိုင်း ကျနော်လေ့လာလို့ ရသလောက် မီးသဂြိုဟ်စက်ထဲကို ငြင်ငြင်သာသာ ထည့်ပေးဘို့အတွက်တင် ငွေကုန်တာ မဟုတ်ဘူးတဲ့ဗျ။အလောင်းကို တလောင်းတည်း ပြာကျအောင် ရှို့ပေးဘို့လည်း ငွေပေး ရသတဲ့ ။ဒီလိုဗျ။ မီးသဂြိုဟ်စက် အက်ဖ်အိုဆိုတဲ့ လောင်စာဆီတမျိုးနဲ့ ရှို့တာဆိုတော့ အက်ဖ်အို အကုန်သက်သာ အောင် ချွေတာတဲ့အနေနဲ့ အလောင်းတလောင်းချင်းကို ပြာကျ တဲ့အထိ မီးမရှို့ဘူး ဆိုပဲ။ အသုဘရှင်ရှေ့မှာ အမြင်ကောင်းအောင် ဟန်ပြသဘောမျိုး ရှို့ပြပြီး တဝက်တပျက်နဲ့ သုံးလေးငါးလောင်း စုထားပြီးမှ စုပေါင်းပြီး ရှို့တာဆိုပဲ။ နောက်ထပ် သိရတာက အသုဘရှင် ဝင်လိုက်မလာရင် အလောင်းမှာ ဝတ်ပေးထားတဲ့ အဝတ်တွေ အကုန်ခွာသတဲ့ဗျာ။ ဂဏှာဟိ မှတ်ပေတော့ဗျား။
အော်။ ကျနော့်အမေသူငယ်ချင်း ကိစ္စမှ မဟုတ်ပါဘူးဗျာ။ ကျနော့်အမေဆုံးတုန်းကလည်း ကြုံရပြန်တာပါပဲ။ ကျနော်ကတော့ ကံကောင်းတယ် ပြောရမယ်ထင်တယ်။ဖြစ်ပုံက ဒီလို။ ကျနော်က စီးပွားရေးဖက် လုံးပန်းနေရတော့ အိမ်မှာ ထမင်းပြန်စားတာ နည်းတယ်ဗျ။ ဆင်ရေတွင်းမှတ်တိုင်အလွန်က ဝါးခယ်မထမင်းဆိုင်မှာ မကြာမကြာကျနော် ထမင်းစားလေ့ ရှိတယ်။ တနေ့ကျနော် အဲဒီဆိုင်မှာညစာထမင်းစားနေတုန်း ရွှေဆွဲကြိုး အကြီးကြီးဆွဲထားတဲ့ ခပ်ဝဝ လူတယောက်နဲ့ ဘောလုံးပွဲအကြောင်း စကားပြောဖြစ်ကြပါရော ။ ကျနော်လည်း သူ့နံမည် သူ့အလုပ်အကိုင် မမေးမိပါဘူးဗျာ။ တဝိုင်းစီ စားနေရာကနေ လှမ်းပြောနေ ကြ တာပါ။ ဒီလိုနဲ့ စားလည်းပြီးရော ကျနော်က သူစားတဲ့ ထမင်းဘိုးပါ ရောရှင်းပေးလိုက်ပြီး လမ်းခွဲသွားကြရော ဆိုပါတော့။ အဲဒီလူကိုကြည့်ပြီး ဧရာမဆွဲကြိုးကြီးကို ဘာကြောင့် ဆွဲထားပါလိမ့် ဆိုပြီးတွေးမိတာ ကလွဲ လို့ ကျနော်လည်း ဘာမှ မစပ်စုမိပါဘူးဗျာ။
ဒီလိုနဲ့ နောက်လေးငါးလလောက်ကြာတော့ ကျနော့်အမေဆုံးပါလေရော ။ အမေအသုဘ မြေကျဘို့ အစစအရာရာ ကျနော်ပဲလိုက်လုပ်ရတာဆိုတော့ ကြံတောကို ရောက်ရတာပေါ့ ဗျာ။ မီးသဂြိုဟ်စက်ထဲ မရောက်ခင် အသုဘရှုပြင်ဆင်ဘို့ အခန်းကလည်း ဗွီအိုင်ပီ ရှယ် နဲ့ ရိုးရိုးသာမာန် ခွဲထားသေးတယ်ဆိုတော့ လိုင်းဝင်ဘို့ ဟိုစုံစမ်းဒီစုံစမ်းလုပ်ရပြန်ရော ။ ဒီမှာတင် သီးသန့်ရှယ်ခန်း ရဘို့အတွက် သုဿန် အရာရှိ တာဝန်ခံခွဲမှူးကို တွေ့ရမယ်တဲ့ဗျာ။ ကျနော်လည်း လမ်းလှမ်းမီရာစုံစမ်းပြီး တာဝန်ခံအရာရှိ ဆိုတဲ့ ပုဂ္ဂိုလ်အခန်းထဲလည်း ရောက် ရော အရာရှိစားပွဲမှာ မိန့်မိန့်ကြီးထိုင်နေတာတဲ့ ပုဂ္ဂိုလ်က တခြားသူ မဟုတ်ပါပဲလားဗျာ ။ကျနော်နဲ့ ဝါးခယ်မထမင်းဆိုင်မှာ ဘောလုံးပွဲအကြောင်းလေကန်ပြီး ထမင်းတနပ်ဘိုး ရှင်းပေးခဲ့ဘူးတဲ့ ဧရာမဆွဲကြိုးကြီးနဲ့ ပုဂ္ဂိုလ်ဖြစ်နေသဗျာ။မောင်မင်းကြီးသားကောင်းမှုနဲ့ ငွေကုန်ကြေးကျ မများလှပဲ တကယ့်ရှယ်ဆိုတဲ့ ဗွီအိုင်ပီ အသုဘအခန်းကျယ်ကြီးရော ။ ဧရာမပန်းခွေတွေနဲ့ရော အမေ့ရုပ်ကလာပ်ကို ပြင်နိုင်ခဲ့တယ်ဗျို့။မြန်မာပြည်မှာ အရာ ရောက်တဲ့ အသိမိတ်ဆွေ မရှိ ၊ငွေမရှိလို့ကတော့ သေလမ်းတောင် မဖြောင့်ဘူးဗျို့ ။
အော်။ ကျနော်က မီးသဂြိုဟ်စက်အကြောင်းတို့ သချိုင်းအကြောင်းတို့ဘယ်လိုလုပ် သိနေ တာလဲ ဟုတ်လား။ ကျနော်ကလည်း ကြုံလိုက်မှဖြင့် ပေါက်ပေါက်ရှာရှာချည်းပဲ မဟုတ်လား။ ကြံတော့အကြောင်း ကျနော်တော်တော်သိတယ်ဗျ။ သိရတဲ့အကြောင်းကလည်း ကျနော့် ကျောင်းနေဖက် သူငယ်ချင်း အေးလွင်ရဲ့ ညီဝမ်းကွဲ တယောက် ကြံတောသုဿန်ထဲက မိန်းကလေးတယောက်ကို ခိုးပြေးတုန်းကပေါ့။ အေးလွင်ညီနံမည်က မြင့်လွင်တဲ့ ။အသက်က ရှိလှ နှစ်ဆယ်ပေါ့။ သူ့မိဘ တွေက သဖော့တောသုဿန်ကို သွားတဲ့ လမ်းထိပ်မှာ သံဖြူလုပ်ငန်းလုပ်တယ်။အဲဒီတုန်းက ကျနော်ကျောင်းဆရာဘဝဗျ။
တနေ့တော့ အေးလွင်က ကျနော့်အိမ်ကို အရေးတကြီးအမောတကော ပေါက်ချလာပြီး “ ဟေ့ကောင် ၊ သက်ခိုင် ၊ ငါ့ညီ မိန်းမခိုးလာလို့ မင်းလိုက်ပြီး ကူညီပါအုံး “တဲ့ ။ကျနော်လည်း သူပြောတာ ဘူးလုံးနားမထွင်းဖြစ်နေတာနဲ့ “ ဟ၊ မင်းညီ ခိုးတဲ့ မိန်းမက ငါ့ကြီးတော် ဖြစ်နေလို့လား၊ ငါနဲ့ ဘာဆိုင်လို့တုန်း “ ဆိုတော့ “ မဟုတ်ဘူးကွ။ သူခိုးလာတဲ့ မိန်းခလေး က ကြံတောသုဿန်ထဲက “ လို့လုပ်ပြန်ရော။ ကျနော်က “ဟေ့ကောင်ရာ ၊ ခေတ်တွေ ပြောင်းကုန်ပါပြီ။ ကြံတောသုဿန်ထဲနေလည်း လူပါပဲ။ အဆင့်အတန်းတွေဘာတွေ လုပ်မနေပါနဲ့“ ဆိုတော့ အေးလွင်က “အေးကွာ။ ငါ့ဦးလေး သူ့အဖေကတော့ သဘောမတူ ဘူး။ ငါ့အဒေါ်ကတော့ သူ့သားမျက်နှာငယ်မှာ စိတ်ဆင်းရဲမှာစိုးလို့ အခြေအနေသွားကြည့် ပေးစေချင် သတဲ့ ၊ ကြံတောထဲကို ငါတယောက်တည်းလည်း မသွားရဲတာဘူး၊ပိုဆိုးတာက ကောင်မလေး အကိုတွေက ကြံတောသုဿန်ထဲမှာ လူမိုက်တွေ တဲ့ ။
ဒီလိုနဲ့ ကျနော်လည်း အေးလွင်ခေါ်လာပါသွားရော ဆိုပါတော့ဗျာ။ အေးလွင့်အဒေါ်ပေးလိုက် တဲ့ မမြင်ဘူးသေးတဲ့ ချွေးမလောင်းလေးအတွက် ထမိန်ထုတ်လေးကို အေးလွင်နဲ့ ကျနော် တယောက်တလှည့် ဆွဲရင်း ပေါ့။ကြံတောလည်း ရောက်ရော အေးလွင့်ညီ မြင့်လွင်ရှိမဲ့နေရာ ကို ဟိုမေးဒီမေးလျှောက်မေးရတော့တာပေါ့။ မေးရတာလည်း ခပ်ကြောက်ကြောက်ဗျာ။ ကြံတောဆိုတဲ့ နေရာက ဖဲဝိုင်း ၊အရက်ပုန်း ၊ဘိန်းဖြူ ၊ဘိန်းမဲ အကုန်ရတဲ့ နေရာဆိုတော့ ကျနော်တို့ကို ဟိုထင်ဒီထင်ဖြစ်မှာ ကြောက်ရတယ်လေ။
ကံကောင်းချင်တော့ ကြံတောထဲက သဘောကောင်းတဲ့ လမ်းညွှန်သူတယောက်နဲ့ တွေ့ပြီး ဟိုနားက ခွက်ကုန်း၊ ဒီဖက်က စဏ္ဍာလကုန်း ဘာညာဆိုပြီး လမ်းညွှန်လိုက်တာ မြင့်လွင့် ရှိနေတဲ့ တဲကိုရောက်ရော ဆိုပါတော့။တဲရှေ့လည်း ရောက်ရော မယောင်မလည် ဖြတ်လျှောက်နေတုန်း မျက်နှာထားခပ်တင်းတင်း နဲ့ အသက်သုံးဆယ်လောက် ရှိတဲ့ လူတယောက်ထွက်လာပြီး “ ဘာကိစ္စလဲ “ တဲ့ ။ ကျနော်လည်း မျက်နှာချိုလေးနဲ့ “ အော် ၊ ကျနော့်ညီလေး တယောက် မိန်းမခိုးသွားတယ် ဆိုလို့ မိသားဖသားပီပီ ပြန်အပ်ရအောင် တိုင်ပင်ချင်လို့ လာရှာတာပါ ခင်ဗျာ “လို့လည်း ပြောလိုက်ရော “ အဲဒါ ကျုပ်ညီမပဲ ၊ တဲထဲမှာ ရှိတယ် “ ဆိုပြီး လမ်းမဖက်ထွက်သွားပါလေရာ။
တဲအပြင်ကနေ အေးလွင်က အသံပြုလိုက်တော့ မောင်မင်းကြီးသား မောင်မြင့်လွင် ထွက်လာ ပါလေရော ။မြင့်လွင်က စိုးရိမ်ကြောက်လန့်နေတဲ့ မျက်နှာနဲ့ “ ကိုကြီးရာ ၊ ကျနော်တို့ချစ်ခြင်း ကို မခွဲပါနဲ့ ၊ကျနော်သူ့ကို တကယ်နှစ်နှစ်ကာကာ မေတ္တာရှိတာပါ “တဲ့ ။အေးလွင်က ဘာမှ ပြန်မပြောနိုင်တာနဲ့ ကျနော်လည်း “ဟေ့ကောင်၊ အလွမ်းသယ်မနေနဲ့ ။ မခွဲချင်လို့ ထမိန် ထုတ်ထမ်းပြီးလာပို့တာ ။ဘာဘဲဖြစ်ဖြစ် မင်းအမျိုးသမီးကို ငါတို့ မြင်ချင်တယ်။ ဒါမှ မင်းအမေ ကို အကျိုးအကြောင်းပြန်ပြောနိုင်မှာ “ ဆိုပြီး ဝင်တွန်းရတော့တပေါ့ဗျာ။ဒီတော့ မြင့်လွင်ဆိုတဲ့ ငတုံးက တဲထဲဝင်ကြည့်လေတဲ့ ။ဒါနဲ့ ကျနော်လည်း “မင်းကွာ ၊ ဒို့က မျက်နှာပြောင်တိုက်ပြီး နွားပွဲစားလိုဝင်ကြည့်လို့ ဘယ်ကောင်းပါ့မလဲ၊ ဒီလိုလုပ် မင်းအမျိုးသမီးကို အဝတ်အစားလဲပြီး ကြံတောအပြင်ဖက်ကို လမ်းလျှောက်ထွက်ခဲ့ ၊တို့က အဝေးကပဲ အခြေအနေ မယောင်မလည် ကြည့်လိုက်မယ် ဆိုတော့မှ ကိုယ်တော်ချောက ဒါဆို အကိုတို့မီးသဂြိုဟ်စက်နားက စောင့်နေ ၊ ကျနော်တို့ ထွက်လာခဲ့မယ်ဆိုပြီး တဲထဲ ပြန်ဝင်သွားရောဗျာ။
အေးလေ ။ ကျနော်တို့လည်း သူပြောသလို မီးသဂြိုဟ်စက်နားးက သွားစောင့်ရတော့တာပေါ့ ။ အရေးထဲ ဖြစ်ချင်တော့ဗျာ။ မိုးကခပ်ဖွဲဖွဲရွာချလိုက်တော့ အေးလွင်နဲ့ကျနော်တကိုယ်လုံး စိုပြီး ကြွက်စုပ်ပုံစံနဲ့ သဂြိုဟ်စက်ဘေးမှာ ရပ်နေတာကို ကျနော့်ကျောင်းက ဆရာ ဆရာမ တသိုက် အသုဘလာပို့လာပို့တာနဲ့ တိုးပါလေရော။အသုခေါင်းပေါ်တင်တဲ့ ထမင်းထုပ်တွေ ၊ ပန်းခွေတွေ စွန့်ပစ်တဲ့နေရာမှာ ခပ်ကုပ်ကုပ်ထိုင်နေတဲ့ ကျနော်တို့ကိုကြည့်ပြီး ပြူးတူးပြဲတဲ ဖြစ်ကုန်တော့တာပါပဲဗျာ။ ဘယ်လိုလုပ် ရှင်းပြမလဲဗျာ။ ထင်ချင်သလိုသာထင်ပေတော့ပေါ့။
နာရီဝက်လောက်နေတော့မှ မြင့်လွင်တို့အတွဲပေါက်ချလာတယ်ဗျ။ ကျနော်လည်း ခပ်လှမ်းလှမ်းကနေအကဲခတ်ကြည့်ရတော့တာပေါ့။ အောင်မယ်လေးဗျာ။ မြင့်လွင့် ချာတိတ်မ က ခြေတဖက် ဆာတာ ဆာတာ နဲ့ပါလားဗျာ။ ကြံတောက ခွက်ကုန်းမှာနေတာကတော့ ထားပါတော့၊ခြေတဖက်ဆာတာ ဆာတာ ဖြစ်နေတော့ မြင့်လွင့်အမေကို ကျနော်ဘယ်လို ပြန်ပြောရပါ့မလဲပေါ့။နောက်ဆုံးတော့ ဥာဏ်ကြီးရှင် ကျနော်လည်း ဘာမှ အကြံမပေးတတ် တော့ပဲ ၊ အေးလွင်ရေ ၊ မင်းအဒေါ်ကို မင်းသာကြည့်ပြောလိုက်ပေတော့။ ငါလည်း မဆုံးဖြတ် တတ်တော့ဘူးဆိုပြီး သူ့အထုတ်ရှုပ်ကို သူ့ခေါင်းပေါ် ပြန်တင်ပေးလိုက်ရတာပေါ့ဗျာ။ အေးလေ။ ကျနော်ဘယ်လိုရှင်းတတ်မလဲဗျာ။ တဖက်ကကြည့်တော့ မိန်းကလေး တယောက်နစ်နာနေပြီ၊ ပေါင်းပါသင်းပါဟဲ့ ဆိုပြန်တော့ ရှေ့ရေးကမအေး ဘယ်ဖက်က ကြည့်ကြည့် ကြားညှပ်မဲ့ အပေါက် ကြီးပဲ မဟုတ်လား။တကယ်မေတ္တာစစ် မေတ္တာမှန် ဆိုရင်လည်း သူ့သဘောသူဆောင်ပေတော့ ပေါ့ဗျာ။

ကြံတောဇာတ်လမ်းက ဒါတင်မကသေးဘူးဗျ။ ကျနော့်ယောက္ခထီးကြီး ဆုံးတုန်းကလည်း ငိုအားထက် ရီအားသန် ဆိုသလို ကြုံခဲ့ရဘူးတယ်။ကျနော့်ယောက္ခထီးကြီးက ဖျားလို့ ဆေးရုံတင်ရာကနေ ရုတ်တရက် မမျှော်လင့်ပဲ ဆုံးသွားတာဗျာ။ ဟုတ်တယ်။ ဒီနေ့ညနေလိုတင်ပြီး နောက်နေ့ညနေ ကောက်ကာငင် ဆုံးသွား ရှာတာပဲ။ ကျနော်လည်း သားမက်တို့ဝတ္တရား ရှိသည့်အတိုင်း လိုအပ်သည်များကို လိုက်လုပ် ရတာပေါ့ဗျာ။ ဖြစ်ချင်တော့ ကလေးမြို့မှာနေတဲ့ သူ့ညီမများက သူတို့အကို အလောင်း မီးသဂြိုဟ်အမှီလာမယ်ဆိုသဗျ။ သူတို့လေယာဉ်ဆိုက်မဲ့ နေ့နဲ့ အချိန်ကလည်း အသုဘချမဲ့ နေ့၊အချိန်နဲ့ တိုက်နေပြန်ပါရော။ ဒါနဲ့ ကျနော့်မှာ ညနေသုံးနာရီခွဲလောက်အထိ ယောက္ခထီး ကြီး အလောင်းကို မီးသဂြိုဟ်စက်ထဲ မသွင်းနိုင်ပဲ သုဿန်ဝန်ထမ်းနဲ့ နားလည်မှု ယူပြီး အသုဘ ပို့တဲ့ သူတွေ ပြန်ကုန်တဲ့ အထိ အလောင်းဘေးမှာ ရပ်စောင့်နေရတာပေါ့ဗျာ။
အဲဒီမှာတင်ဗျာ။ အသက်သုံးဆယ်ကျော် အမျိုးသမီးတယောက် အူယားဖားယား ပြေးလာပြီး အလောင်းပေါ် မျက်နှာအပ်ပြီး အမလေး အမေရဲ့ သမီးကို မစောင့်တော့ဘူးလား လို့ ပြောပြော ဆိုဆို အသံကျယ်ကြီးနဲ့ ငိုပါလေရောဗျာ။ ကျနော်လည်း ကြောင်အန်းအန်းနဲ့ ဘယ်နဲ့ ငါ့ယောက္ခထီးကြီးက သေကာမှ ဘယ့်နှယ့်မိန်းမဘဝ ပြောင်းသွားရပါလိမ့်ပေါ့။
အော်။ ကျနော်က ဘယ်လိုလုပ်တားမလဲဗျ။ ကျနော်က အဲဒီမိန်းမကို ရုတ်တရက်ဆိုတော့ ယောက္ခထီးကြီး ညီမလား ဘာလား မှတ်တာပေါ့။ တမီးနစ်ကျော်ကျော်လောက် ရှိမှ ငိုချင်း ချနေတဲ့ အမဟာ အလောင်းထိပ်မှာ ကပ်ထားတဲ့ စက္ကူကဒ်ပြားက စာကို ရုတ်တရက် ဖတ်မိပြီး ..” ဟင် ၊ ဦးကြည် တဲ့၊အမေ့အလောင်း ဟုတ်ဘူး“ ဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားရောဗျာ။တကယ်ပါပဲ ဗျာ။ အလောင်းဘေးနားမှာ အသင့်အနေအထား ရှိနေတဲ့ ကျနော့် ဇနီးဖက်က ဆွေတော် မျိုးတော် တွေလည်း မျက်ရည်တွေကြားထဲကနေ ဣနြေ္ဒမဆည်နိုင်ကြတော့ပဲ ပြုံးစိစိဖြစ် ကုန်ကြတော့တာပဲဗျို့။
ကဲ ဒီလောက်ပေါက်ပေါက်ရှာရှာတွေ ကြုံရမှတော့ ကြံတောအကြောင်း ၊သုဿန်အကြောင်း ၊မီးသဂြိုဟ်စက်အကြောင်း ကျနော်သိနေတာ ဘာဆန်းသလဲဗျာ။ အော် … ။ ဘန်ကောက်သွား တဲ့အကြောင်းပြောပါ့မယ် ဆိုကာမှ ကြံတောဖက်ရောက်နေပြန်ပြီဗျာ။ ဘန်ကောက်ဖက် လှည့်လိုက် ကြအုံးစို့နော် ။
(ဆက်လက် ရေးသားပါဦးမည်။)
ရုပ်ပုံ ။ ။ ဂူဂဲလ်


6 comments:
အဲဒါမှ ငါတို့ရဲ့ ဦးမင်းဒင်ပေါ့ ။
သက်ဦးခိုင်
အဟား
အဆုံးမှာ ရီသွားရပါကြောင်း
ကိုမင်းဒင် စောင့်ဖတ်တာရော အဟောင်းပြန်ဖတ်တာရော ၂ ခုစလုံးပဲဗျာ.လုပ်နေပါတယ်.အမှန်တွေရေးလို့ အများအကျိုးရှိမယ်ဆို ရေးမယ်လို့ ယုံကြည်ပါတယ်.
ဆက်ခ်ပန်းရဲ့ ဗမာအမည်က ဦးသိန်းငွေလို့ ထင်ပါတယ် ဦးကြီးခင်ဗျား
တူမောင်မိုးဝေ
ကို သက်ခိုင်ရေ
သန်းဌေး ဆိုတာအခြားလူလားဗျာ
ဗိုလ်ချုပ်သန်းရွှေ ရဲ့ မယားညီအစ်ကို ဦးရွှေဘော်
ကိုသစ်တွေလိမ်သွားတဲ့သူလေဗျာ သူအကြောင်းကိုကျွန်တော်လည်းရေးပါဦးမယ်
ANN
Bravo !!!
Post a Comment