မင်းဒင် ရဲ့  သက်ခိုင် (၈၀)



၈၀။ စခန်းမြေ၊ ဟိုတခိုမှာလ ။


စခန်းတာဝန်ခံ ထောင်မှူး ဦးအေးနိုင်တယောက် မျောက်မီးခဲကိုင်မိသလို ဂဏှာမငြိမ် ယောက် ယက်ခတ်လျက်ရှိလေသည်။ အကြောင်းကား မန္တလေးလူဝင်မှုကြီးကြပ်ရေးမှာ တာဝန်ထမ်း ဆောင်နေသော သူ့ဇနီး ၊ခွင့်ရက်ရှည်ယူကာ စခန်းခွဲသို့ လာရောက်မည်ဆို သော ဖုန်းသတင်းကြောင့်ပင်တည်း။မောင်တရွာ မယ်တမြို့ အလုပ်တာဝန်အရ ခွဲခွာနေကြ ရ သူတို့ ၏ ဘဝကို ကိုယ်ချင်းစာနိုင်လျှင်ကား ဦးအေးနိုင်ပျာယာခတ်နေခြင်းကို အဆိုးဆို သာ မည် မဟုတ်ပါ။ ဇနီးသည်နှင့်ခွဲခွာနေရသည်မှာ နှစ်နှစ်ကျော်ခန့်ရှိပြီ ဟု ရဲဘက်ဘီဘီစီမှ ဆိုပါ သည်။ သူ့ဇနီး လတ်လတ်ထွေး မီးဖွားစဉ်ကပင် သူအနားမှာ မရှိခဲ့ဟု သိရသည်။ တီတီ တာတာ ပြောနေတတ်နေပြီ ဖြစ်သော သမီးငယ်ကို တွေ့လိုစိတ် စောနေခြင်းလည်း ဖြစ် ကောင်းဖြစ်နိုင် ပါသည်။




ရန်ကုန်ဘူတာကြီးသို့ သွားရောက်ကြိုရာတွင် လိုက်ပါမည့် ရဲဘက်တွေ ကို ဇကာတင် ရွေးထုတ်နေရာ စခန်းခွဲတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ကိုသက်ခိုင် ရဲဘက်စခန်း အပြင်ထွက်သည်မှာ မဆန်းလှ သော်လည်း အခြား အကျဉ်းကျရဲဘက်များအဖို့ကား ကြုံ တောင့် ကြုံခဲ အခွင့်အရေး တည်း။ ထို့ကြောင့် ထောင်မှူးနှင့် အတူလိုက်ပါလိုသော ရဲဘက် အရေအတွက်များလှသည်ဖြစ်ရာ ထောင်မှူးနှင့်အတူ အပြင်ထွက်ခွင့်ရရေးအတွက် တိုးတိုး တမျိုး ကျယ်ကျယ်တဖုံ လိုင်းဝင် နေကြသည် ။ ထောင်မှူး လက်စွဲတော် ကုလားခေါ် မျိုးဇော် ဦးတို့ မျက်နှာပန်း ပွင့်ချိန်ပင် ။
တစခန်းလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြချိန် ငြိမ်ချက်သား ကောင်းနေသော ကိုသက်ခိုင်ကို ၊အဆောင်ပေါ်မှာ မတွေ့ရသဖြင့် သူ့တဲဖက်ဆီ ကျနော် ကူးသွားလိုက်သည်။ ကိုသက်ခိုင် တယောက် သူ့တဲပေါ်မှာ ဘောပင်တချောင်းကို လက်ကကိုင်ကာ စာရွက်တွေပေါ်မှာ လေး ထောင့်ကွက်တွေ အဝိုင်းတွေ လျှောက်ခြစ်နေသည်ကို တွေ့ရသဖြင့် ကျနော်စပ်စုလိုက်သည်။
“ ဘာတွေလဲဗျ။ “အင်း “ ကွက်တွေ ချနေတာလား“
“ ပေါက်ပေါက်ရှာရှာဗျာ၊ ပွဲစဉ်ဇယား ဆွဲနေတာဗျ “
“ ဟ၊ ဘာပွဲစဉ်တုန်းဗျာ “
“ အော် ၊ ဒီနေ့ဘိုးတော် အပြင်သွားတာနဲ့ ပိုက်ကျော်ခြင်း ပြိုင်ပွဲ စမယ်လေ ၊ရဲဘက်တွေ စိတ် ပြေလက်ပျောက်ပေါ့ “
“ အော်၊ ခင်ဗျားဗျာ၊ အလုပ်မရှိ အလုပ်ရှာလို့“
“ ကိုမင်းဒင် ၊ခင်ဗျား အကျဉ်းသားတွေကို ကိုယ်ချင်းမစာလို့ အလုပ်မရှိ အလုပ်ရှာတယ် ထင်တာပါ ၊ ခင်ဗျား စဉ်းစားကြည့် ၊အကျဉ်းကျနေတဲ့ သူသူကိုယ်ကိုယ် အပြင်ထွက်ချင် ကြတဲ့ သူချည်းပဲဗျ။ ဒီစခန်းထဲက အကျဉ်းကျရဲဘက်ခြင်း အတူတူ အပြင်ထွက်ခွင့်ရတဲ့ ရဲဘက်ကို ကြည်ြ့ပီး စခန်းမှာငေါင်တောင်တောင်ကျန်ခဲ့တဲ့ ရဲဘက်တွေ စိတ်ထဲ ၊ဘယ်လိုနေမလဲ။ထွက်ခွင့် ရဘို့ကလည်း မလွယ်၊ ထွက်ခွင့်ရ ပြန် တော့လည်း ငွေကုန်ကြေးကျ ဒီလောက်များတာ တတ်နိုင်ဦးမှ၊ ဒီတော့ မထွက်နိုင်တဲ့ ရဲဘက် တွေ အာရုံအပြောင်းအလဲ ဖြစ်ပါစေတော့ပေါ့ဗျာ “
ကိုသက်ခိုင်ပြောမှ ကျနော်စဉ်းစားမိသည်။ ကျနော့်ဇနီးသည် ဧည့်တွေ့လာသွားသည်မှာ မကြာသေးသော်လည်း ကျနော်ကိုယ်တိုင် အခြားသူများ စခန်းအပြင်ထွက်ခွင့်ရသည်ကို ငေးရင်း အပြင်ထွက်ချင်စိတ်ပေါ်မိသည်ကား အမှန်။
ကိုသက်ခိုင်က ကျနော် ငိုင်သွားသည်ကို သတိပြုမိဟန် တူသည်။
“ ဘာလဲဗျ၊ ခင်ဗျားကော အပြင်ထွက်ချင်လို့လား၊ဘိုးတော်ကို ပြောပေးမယ်လေ“
“ နေပါစေဗျာ၊ ဒီလောက်များတဲ့ လိုင်းကြေး ကျနော်မတတ်နိုင်ပါဘူး။ ထွက်တော့ ထွက်ချင်တာပေါ့ဗျာ“
“ အေးဗျ။ ၊ဒီတခေါက်ပေါက်ဈေးက တသောင်းတဲ့၊ခင်ဗျား ထွက်ချင်လည်း ဒီလောက် လူအများကြီးနဲ့ လိုက်မသွားနဲ့ဗျာ။ ကျနော်ထွက်တဲ့နေ့မှာ ခင်ဗျားကို တိုင်ကယ်ချိတ်ပြီး ခေါ်သွားပေးပါ့မယ်၊ ခုတခေါက် က လိုက်သွားတဲ့မောင်တွေလည်း သွားချင်ရာ သွားနိုင် မှာမဟုတ်ဘူး။ ပြန်လာရင်လည်း ထောင်မှူးမိန်းမ ထဘီ(ထမိန်)သေတ္တာထမ်းပြန်လာရမှာ “
ကိုသက်ခိုင့် စကားကြောင့် ကျနော့် အပြင်ထွက်ချင်စိတ်သည် ရုတ်ခြည်း ငုတ်လျှိုး ပျောက် ကွယ် သွားခဲ့ပြန်ပါသည်။
………………………………

ကိုသက်ခိုင် ရောက်စကသော် တရက် စခန်းအပြင်ထွက်ကြေးသည် ဒီဇယ်ပေပါ တလုံး (ကာလ ပေါက်ဈေး ခြောက်သောင်းကျပ်ခန့်)အထိ မြင့်တက် သွားဘူးရာ စခန်းခွဲ(၁)တွင် အမြင့်ဆုံး ဈေးဖြစ်၍ ကိုသက်ခိုင် မှတပါး အခြားသူတို့ မတတ်နိုင်သောကြေးပင်။ နောက်ပိုင်း စခန်း တာဝန်ခံနှင့် မည်သို့ အပေးအယူတည့်သည်မသိ။ ကိုသက်ခိုင် စခန်းအပြင်ထွက်သော အကြိမ်မြောက် များစွာ ရှိခဲ့ သော်လည်း ဒီဇယ်ပေပါတို့ကိုမူ စခန်းခွဲတွင်မတွေ့ရချေ ။
စခန်းအပြင်ထွက်သည့် ဈေးနှုန်းကား ပုံမှန်အားဖြင့် ကြမ်းခင်းဈေး တရက်လျှင် ကျပ်တသောင်း ခန့်ဖြစ်သည်။ ထွက်ခွင့် ပေးသည့် အကြောင်းကား စခန်းခွဲအတွက်လိုအပ်သည့် မျိုးစေ့ ၊ဓာတ် မြေသြဇာ၊ ပေါက်တူး၊ဂေါ်ပြား၊ တူးရွင်း၊ ငန်းပြား စသည့် စခန်းအသုံးအဆောင် ဝယ်စရာခြမ်း စရာ တို့ကို သွားရောက်ဝယ်ယူခြင်းဟူ၍ ခေါင်း စဉ်တပ်ခြင်း ဖြစ်သည်။
ထို့ပြင်ထောင်ပိုင်ထောင်မှူး ပါးစပ်ထဲက တွေ့သမျှ ၊ရှောက်မှာသည့် ပစ္စည်းပစ္စယ များကို လည်း အပြန်တွင်ဝယ်ယူလာကြရသည်။ မှာသမျှမပါပဲ၊ မေ့လျော့ လွဲချော်ခဲ့လျှင်ကား နောက် တကြိမ် အပြင်ထွက်ခွင့် အပြီးကုန်ဆုံးမည့်အပြင် အပြစ်မရှိ အပြစ်ရှာ၍ ခြေကျင်းနှင့်ပင် ပြန်ညားသွားနိုင်သည်။
စခန်းက ထွက်ချိန်တွင် အကျဉ်းဦးစီးဝန်ထမ်းနှင့် အတူထွက်ကြခြင်းဖြစ်ပြီး စခန်းနှင့် အတန် ငယ်ဝေးသော မြို့ငယ်လေးကို ရောက်မှ လူချင်းခွဲကာ ပြန်ဆုံမည့်အချိန်ကို အချိန်းအချက် လုပ်ကာ အကျဉ်းသားက သူသွားလိုရာသွား ၊ထောင်ဝန်ထမ်းက သူ့လမ်းသူသွားကြခြင်းသာ ဖြစ်သည်။
ထိုသို့ထွက်ခွင့်ရခြင်းသည် တရားဝင်ဟူ၍တော့ မထင်မှတ်ပါလေနှင့် ။ ပြင်ပတွင် ပြဿနာ တစုံတရာ ဖြစ်ပေါ်ခဲ့သော် ထိုအကျဉ်းသားသည် ရဲဘက်စခန်းမှ ထွက်ပြေးကာ ပြစ်မှုကျူး ခြင်းသာ ဖြစ်ကြောင်း ထင်ရှားစေရန် အဆိုပါ အကျဉ်း သားကို ရဲဘက်ပြေး စာရင်းသွင်းရန် ၊ အကျဉ်းဦးစီးဝန်ထမ်းဖက်မှ ကိုယ်လွတ်ရုန်းနိုင်ရန် အစစ ကြိုတင်စီစဉ်ပြီး ဖြစ်ကြောင်း ကျနော့် ကို ကိုသက်ခိုင်ပြောပြဘူးသည်။ တခါတရံ အလွန်ဇယားနိုင်လှသော ရဲဘက်အကျဉ်းသားတို့ ၏ ပြောင်မြောက်လှသော လှည့်ကွက်များကြောင့် မလည်မဝယ်ထောင်ဝန်ထမ်းများပါ အလုပ် ပြုတ် ကိန်း ကြုံသွားတတ်သည်လည်း ရှိသည် ဆိုပါ၏။ထို့ကြောင့် စခန်းအပြင်ထွက်ခွင့် အတွက် အကျဉ်းသား ရွေးရသည် မှာ အချက်အလက်ပေါင်းများစွာကို စိစစ်ကြရသည်။ ရာဇဝင်လူဆိုးက စခန်းအပြင်ထွက်ကာ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြီး ရဲဘက် စခန်းအတွင်း ဟန်မပျက်ပြန်နေပါက ၊သူကျူးလွန်ခဲ့သော ပြစ်မှုကို မည်သို့မျှ ဖော်ထုတ်နိုင်ရန် အကြောင်း မရှိချေ။ထို့ကြောင့်စခန်းအပြင်ထွက်ခွင့်ကား အမှန်တော့ ထွက်ခွင့်ရသူ၊ ရဲဘက်ရော ဝန်ထမ်း အတွက် ပါ အလွန် အန္တရာယ်ကြီး လှချေ သည်။
……………………………………..

ကျနော်တို့စခန်းခွဲ (၁)တည်ရှိရာနေရာကား ရေနက်ကွင်းကြီးကို တူးမြောင်းများဖြင့် ရေထွက် ပေါက်များ ဖောက်ကာ ကုန်းမြေဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။ စခန်းခွဲနှင့် ကပ်လျက် ကား တူးမြောင်းအမှတ် (၁၆) ဖြစ်၏ ။အဆိုပါတူးမြောင်းမှ အရှေ့စူးစူးသို့ တမိုင် ကျော်ခန့် အကွာ တွင် တူးမြောင်း အမှတ် (၂)နှင့် ပေါင်းဆုံသွားသည်။တူးမြောင်း အမှတ်(၂) အတိုင်း နှစ်မိုင်ခန့် ခရီးနှင်သော် ပင်မစခန်းသို့ ရောက်သည်။ ပင်မစခန်းသည် အဝေးပြေး လမ်းမကြီး နှင့် ကပ်လျက်တည်ရှိသည် ။ ထို့ကြောင့် အပြင်ထွက်မည့် ထောင် ဝန်ထမ်း၊ ဧည့်တွေ့လာ သူများနှင့်ည အကျဉ်းသားပါ ပင်မစခန်းကို မဖြစ်မနေဖြတ်ကျော်ရ သည်။ခြွင်းချက်အားဖြင့် ကား နွေရာသီ တွင် ရေနက်ကွင်း တခုလုံး ခြောက်သွေ့နေသည် ဖြစ်ရာ စခန်းခွဲ(၁)မှ တောင် ဖက်စူးစူးအဝေး ပြေးလမ်းမကြီး ပေါ်သို့ ကုန်းလမ်းပေါက်သည်။
ကျနော်သည် ကိုသက်ခိုင်တဲပေါ်မှနေ၍ မလှမ်းမကမ်းရှိ တူးမြောင်း အမှတ် (၁၆)ဖက်ဆီသို့ ငေးနေရင်း ဦးအေးနိုင်ခရီးစဉ်နှင့် ပတ်သက်၍ကျနော့်ခေါင်းထဲမှာ မရှင်းသော ကိစ္စတခုကို မေးခွန်း ထုတ်မိပြန်သည်။
“ နေပါဦးဗျ။ ပင်မစခန်းမှာ အကျဉ်းဦးစီး ရုံးချုပ်က ညွှန်မှူး ရောက်နေတယ်ဆို ၊ ဦးအေးနိုင်က ဘယ်လိုလုပ်ပြီး ရန်ကုန်ကို သွားမလဲဗျာ“
“ ဒီတခေါက်တော့ ဦးအေးနိုင်လည်း ရဲဘက်တွေနဲ့ ဘဝတူပဲဗျ။ သူလည်း သူ့မိန်းမကို ကြိုရမှာမို့ ခိုးထွက်ရမှာ၊ပင်မစခန်းကို မဖြတ်ရဲဘူး၊ လေကြောင်းအရန် ငါးမွေးကန်နားက တူးမြောင်းကနေ လှေနဲ့လမ်းမကြီးပေါ်တက်မှာလေ“
“ ဟ၊ လေကြောင်းအရန်ငါးကန်နားက တူးမြောင်းထဲမှာ ဘယ်က လှေ ရှိလို့ လမ်းမကြီးပေါ် ရောက်မလဲဗျ“
“ ကျနော်တို့စခန်းက လှေကို အဲဒီတူးမြောင်းထဲ ရောက်အောင် ပို့မယ်လေ “
“ ဗျာ ၊ ကျနော်နားမရှင်းဘူးဗျ။ ဒီကနေ လေကြောင်းအရန် တူးမြောင်းကို ရောက်ဘို့ ဗွက် တောကို တမိုင်လောက်ဖြတ်ရမှာ မဟုတ်လား“
“ ခင်ဗျားဗျာ၊ အီဂျစ်မှာ ပိရမစ်ကြီးတွေ ဘယ်လိုတည်ဆောက်ခဲ့သလဲ၊ အုပ်ချုပ်သူတွေ ရက်ရက်စက်စက် အာဏာပြပြီး ဆောက်ခဲ့တာပဲ မဟုတ်လား၊အခုလည်း စခန်းကလှေကို အဲဒီတူးမြောင်းထဲရောက်အောင် အလုပ်ကြမ်းဘုတ်ထဲက ရဲဘက်နှစ်ဆယ်ကျော် မနက် ငါးနာရီလောက်ထပြီး ဗွက်တောကို ဖြတ်ထမ်းရမှာဗျို့ ၊ လှေက ဦးအေးနိုင် ပြန်လာတဲ့အထိ အဲဒီတူးမြောင်းထဲမှာ စောင့်နေမယ်၊ အပြန်ကျတော့ လှေကို မနက်ကပို့ထားတဲ့ အဖွဲ့ကပဲ စခန်းအထိ ပြန်ထမ်းလာရမယ်။ ရှင်းပြီလား “
“ အော် “
ကျနော့်နှုတ်မှ အော်တလုံးသာထွက်နိုင်ပါတော့သည်။ရဲဘက် အကျဉ်းစခန်း၏ လက်ရှိ အခြေ အနေ ကား အမေက ငါ့ကိုနိုင် ၊ငါက ကြက်မကြီး နိုင် ဟူသော စကားအတိုင်း ကြီးနိုင်ငယ်ညှင်း နိုင်ရာစားရပ်ဝှန်း ဒေသပေတည်း။
……………………………….
အကျဉ်းဦးစီးဌာန ရဲဘက်စခန်းမှထောင်မှူးတပွင့်ဟူသော ရာထူးမှာ စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်၊အသွင်ပြောင်း လာလျှင် ရနိုင်သော ရာထူးမျှသာဖြစ်သည်။တပ်မှ ဗိုလ်ကြီးပြောင်းလာလျှင်ကား ထောင်ပိုင် အဆင့်။ ထောင်မှူးတပွင့်သည် ထောင်ပိုင်ကို ပထွေးထက်ပင် ကြောက်ရသည်။ ထို့အတူ အကျဉ်း ဦးစီးအခြားအဆင့်ဝန်ထမ်းသည် တပွင့်နှင့်ထောင်မှူးကို သေမလောက်ကြောက်ရသည်။ ထိုနည်းနှင် နှင်ပင် အကျဉ်းသားရဲဘက်သည် ထောင်ဝန်ထမ်းကို အသက်ရဲရဲ မရှူဝံ့လောက်အောင် ကြောက်ရပြန်လေသည်။
အမှန်တော့ ရဲဘက်စခန်း အကျဉ်းဦးစီး အောက်ခြေဝန်ထမ်းများနှင့် အကျဉ်းသားများ၏ ဘဝမှာ ထွေထွေထူးထူးကွာခြား လှသည်တော့မဟုတ်။ စခန်းတာဝန်ခံ ဦးအေးနိုင်ပင်လျှင် အကျဉ်းသားများအိပ်ဆောင်နှင့် အရည်အသွေးမကွာလှသော ဝန်ထမ်း အိမ်ရာမှာ နေကြရ သည်။ မသဒ္ဓါရေစာကြောင့်ပေလော မဆိုနိုင်၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအတော်များများမှာ လူမွှေးလူတောင် ပြောင်လှသည်တော့မဟုတ်ချေ။ အခြားဝန်ထမ်းများကဲ့သို့ လူတောသူတော ကောင်းကောင်းမတိုးနိုင်သည်မှာ ထင်ရှားလှသည်။ သေချာလှသော အချက်မှာ မည့်သည့်ထောင်ဝန် ထမ်းမျှ အရပ်ထဲသို့ ဌာန ယူနီဖောင်းဖြင့် မသွားရဲခြင်းပင်။
အကျဉ်းသားများ ဧည့်တွေထောင်ဝင်စာလာတွေ့ရာတွင် ပေးခဲ့သော ကော်ဖီမစ်၊ ငါးပိကြော်၊ စသည့်စားသောက် ဖွယ်ရာ များမှာ ထောင်ဝန်ထမ်း များအတွက် အဓိကအားထားရာ ရိက္ခာ ဖြစ်သည်။ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ရဲဘက်တယောက်အနေဖြင့် ဧည့်တွေ့ အပြန်မှာထားခဲ့သည့် အစားအစာ တချို့ကို သက်ဆိုင် ရာ ထောင်ဝန် ထမ်းတို့ကို ခွဲဝေပေးရခြင်းကား ထောင်ယဉ်ကျေးမှု ဖြစ်နေချေပြီ။
ထောင်ဝန် ထမ်း များအတွက် အဓိကအပိုဝင်ငွေကား အကျဉ်း သားတို့၏ သက်သာခွင့် ကို နားလည်မှုဖြင့် လိုက် လျောရာက ရသောငွေတည်း။
အကျဉ်းသားတို့နေထိုင်မကောင်း၍ အလုပ်မဆင်းနိုင်လျှင် လာဘ်ထိုးရသည်။ အလုပ်သက် သာ လိုလျှင် ငွေပေးရသည်။ဧည့်တွေ့ချိန်ကြာကြာတွေ့လိုလျှင် ငွေကုန်ရသည်။နေရာကောင်း ကောင်းမှာ သက်တောင့်သက်သာ အိပ်လိုလျှင် ငွေကုန်ရသည်။ အတိုချုပ်ရလျှင် နေရာတကာ ငွေကုန်ပေါက်ချည်းသာ ဖြစ်သည်။ငွေကုန်ပေါက်သည် ထောင်ဝန်ထမ်း များ အတွက်သာ မ ဟုတ် ။အကျဉ်းသားအချင်းချင်း လုပ်ပိုင်ခွင့်ရှိသော နှစ်ကြီးအကျဉ်းသားကလည်းငွေရ ပေါက် ဖန်တီးသည်လည်း ရှိသေးသည်။
…………………………………
ဦးအေးနိုင် စခန်းမှထွက်ခွာသွားချိန်တွင် ကိုသက်ခိုင်တယောက် သူ့တဲနှင့် မလှမ်းမကမ်းမှ ရိုးပြတ်ကွင်းမှာ ပိုက်ကျော်ခြင်းဝိုင်းဖြင့် အလုပ်ရှုပ်နေသည်။ ရဲဘက်များကို လေးယောက်ပါ သော အသင်းရှစ်သင်းခွဲကာ ၊ ရှုံးထွက်ပွဲများဆက်တိုက်လုပ်ပေးသည့်အပြင် သူကိုယ်တိုင်ပါ စစ်ပြေးသန်းအောင်တို့နှင့်တွဲကာ လူငယ်ရဲဘက်တွေကြားမှာ ဝင်ခတ်နေသည်။ ဆုကြေးကား ပထမ စူပါကော်ဖီမစ် သုံးထုတ်၊ ဒုတိယ နှစ်ထုတ်၊တတိယ တထုတ် ဖြစ်သည်။ကိုသက်ခိုင်၏ တာဝန်ပေးမှုကြောင့် ကျနော်လည်း ပိုက်ကျော်ခြင်း ဒိုင်ဖြစ်နေရသည်။ ကျန် ရဲဘက်များကား ကွင်းလေးဖက်လေး တန်မှ ပရိသတ်များအဖြစ် နေပူကျဲကျဲမှာ တက်ရောက်အားပေးလျက် ရှိ ကြလေသည်။
ကိုသက်ခိုင်ကား အလုပ်တခုကို လုပ်မည်ဟု ဆုံးဖြတ်လျှင် အင်တိုက်အားတိုက် စိတ်ပါလက်ပါ လုပ်လိုသော အကျင့်စရိုက်ရှိသူတည်း။ အမှန်တော့သူပါဝင်သော အသင်းမှာ ခြေရည်သိပ်ရှိလှ သည်မဟုတ်လှသော်လည်း ကိုသက်ခိုင်၏ တက်ကြွသော လှုပ်ရှားဟန်၊ အားပါသော အမိန့် ပေးသံတို့ကြောင့်လော မဆိုနိုင် ။ နိုင်ပွဲဆက်နေသည်။
“ ဟေ့ကောင်၊ စိတ်ကို ငြိမ်ငြိမ်ထား၊ နိုင်ကို နိုင်ရမယ်“
“ ဆယ်၊ ဆယ်၊ ရအောင်ဆယ်“
“အသာလေး မြောက်အောင် ခတ်တင်ထား “
“ ဟုတ်ပြီ၊ ရိုက်ချလိုက်“
“ ကောင်းလိုက်တဲ့ ကန်ချက်ကွာ၊ နောက်တချက်လောက် လုပ်လိုက်ပါအုံး“
“ တမှတ်ပဲလိုတော့တယ်နော်၊ မလှန်နိုင်ဘူးလို့ ထင်နေတဲ့ ကောင်တွေကို ပညာပေးလိုက် ပါအုံးကွာ“
ရိုးပြတ်ကွင်း ၊ဟင်းလင်းပြင်အားကစားရုံကြီးမှ ပိုက်ကျော်ခြင်းဝိုင်းမှာ ကိုသက်ခိုင် သူ့လူတွေ ကို အားပေးသံဖြင့်သာ ဖုံးလွှမ်းနေသည်။ ကျနော်ကား လူငယ်တယောက်လို ဖျတ်လတ်သွက် လက်နေဆဲ ဖြစ်သည့် ကိုသက်ခိုင်ကို ကြည့်ကာ သံဝေဂပွားနေမိလေသည်။ ကိုသက်ခိုင်ကား သူ့ဘဝအတိတ်ကို မေ့နေယောင် တကား။တချိန်ကသော် သူကျွမ်းကျင်ရာ စီးပွားရေးလုပ်ငန်း များတွင် ဤဟန်ပန်နှင့်ပင် အားတက်သရော လုပ်ကိုင်နေခဲ့ပေလိမ့် မည် ။ ယခုသော် ကား ဘဝငရဲခန်းက အကျဉ်းသား ရဲဘက်များ အကြားတွင် လောကဓံ၏ ရိုက်ပုတ်မှုကို ပျော်ပျော်ပင် ရင်ဆိုင် ဖြတ်ကျော်နေပုံရလေသည် ။
…………………………
မွန်းတည့်ချိန် ပိုက်ကျော်ခြင်းဝိုင်း ဗိုလ်လုပွဲ စခါနီးတွင် ပင်မစခန်းမှ ဝန်ထမ်းတဦး ရောက် လာကာ ကိုသက်ခိုင်ကို ထောင်ပိုင်ကြီး အခေါ်လွှတ်သည် ဆိုသဖြင့် ချွေးတလုံးဖြစ်နေသော ကိုသက် ခိုင် အပေါ်အကျီ တထည် ကောက်စွပ်ကာ ချက်ချင်းလိုက်ပါသွားသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ကိုသက်ခိုင်ထွက်သွားပြီး တနာရီကျော်ကျော်ခန့်တွင် လှေစီးဧည့်သည် တဦး စခန်းခွဲသို့ ရောက်လာပြန်သည်။ အဆိုပါဧည့်သည်ကား အသက်သုံးဆယ်ကျော်ခန့် ရှိပြီး မွန်ရည်သော ရုပ်ရည်ရှိသည့် လူငယ်တဦးဖြစ်သည်။အရပ်အမောင်းကောင်း၍ အနည်း ငယ် ပိန်သွယ်သည်။ ကိုသက်ခိုင်ကို တွေ့လိုသော ဧည့်သည်ဟုဆိုသည်။
စခန်းခွဲယာယီတာဝန်ခံအဖြစ်ကျန်ခဲ့သော ဘေးကြယ်ကြီးလမ်းညွှန်မှုဖြင့် ထိုလူငယ်သည် ကျနော် ရှိရာသို့ ရောက်လာလေရာ ကျနော်က ကိုသက်ခိုင့် တဲပေါ်သို့ ခေါ်သွားလိုက်ရ သည်။သူက ကျနော် နှုတ်ဆက်သည်ကိုပင် မစောင့်ပဲ ၊ အမောတကော ဆိုသည်။
“ ကိုသက်ခိုင် နဲ့တွေ့ချင်လို့ဗျာ “
“ ဟာ၊ ကိုသက်ခိုင် ထောင်ပိုင်ကြီးခေါ်လို့ ပင်မစခန်းကို ထွက်သွားတယ်လေ၊ ပင်မစခန်းမှာ မတွေ့ခဲ့ဘူးလားဗျာ“
သူက စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် ….
“ အင်း ၊ ကျနော့်အကိုကတော့ ရဲဘက်ရောက်တာတောင် အလုပ်က ရှုပ်နေတုန်းပါပဲလားဗျာ“
“ အော်၊ ခင်ဗျားက ကိုသက်ခိုင် ညီလားဗျ“
“ ဟုတ်ပါတယ်၊ ကျနော် သက်မြိုင် ပါ၊ သူ့ညီအလတ်ပါ “
ကိုသက်ခိုင့်ညီဟုပြောကာမှ ကျနော်သူ့ကို အကဲခတ်ကြည့်ရာ မျက်ခုံးမျက်လုံး မျက်နှာကျ ကိုသက်ခိုင် နှင့် အတော်ဆင်သည်ကို သတိပြုမိသဖြင့် စကားကို အလိုက်သင့် ရောချလိုက်ရ သည် ။
“ အော်၊ ကိုသက်ခိုင်ကတော့ သူ့တို့ညီအကို ခြောက်ယောက်တောင် ရှိတယ် လို့တော့ ပြောဘူးသားဗျာ “
“ ဒါနဲ့ ကိုသက်ခိုင် ဘယ်အချိန် ပြန်လာမလဲ သိသလားဗျာ၊ စောစောက အရာခံကြီးပြောတော့ အကိုက ဦးမင်းဒင်နဲ့အတွဲများတယ်ဆိုတော့ ဦးမင်းဒင်ကိုများ တခုခု မှာခဲ့သလားလို့ပါ “
“ ကျနော်တော့ စောစောပြန်ရောက်မယ် မထင်ဘူး ကိုသက်မြိုင်၊ ထောင်ပိုင်ကြီး အခေါ်ခိုင်း တာက ကိုသက်ခိုင့်ဧည့်သည်တွေ ကားသုံးလေးစီးလာပြီးနဲ့ ကိုသက်ခိုင်ကို အပြင်ခဏ ခေါ် သွားချင် တယ် ဆိုလို့ လာခေါ်တာတဲ့ဗျ ၊ သူ ရန်ကုန်ကို လိုက်သွားမယ်ထင်တယ်“
လူငယ်သည် ကွင်းပြင်ကျယ်ကြီးဖက်သို့ ခပ်ငေးငေးကြည့်ရင်း ၊
“ အေးဗျာ၊ ဦးမင်းဒင် ကျနော့်ကို စာရွက်လေးတရွက်လောက်ပေးပါလား၊ ကျနော်စာရေးထား ခဲ့ချင်လို့ပါ“
ကျနော်က ကိုသက်ခိုင့်တဲအတွင်းမှ ဗလာစာအုပ်တအုပ်ကို သူ့ရှေ့သို့ထိုးပေးလိုက်ရာ သူရေး နေသော စာများကို ကျနော်လှမ်းမြင်နေရသည် ။
…………………………………..
……………………………………
အကိုသက်ခိုင်၊
ကျနော် စခန်းခွဲကို လိုက်လာခဲ့ပါတယ်။
ကိုသက်ခိုင် အပြင်သွားတယ်ဆိုလို့ မစောင့်တော့ပဲ ပြန်သွားပါတယ်။
မနက်ဖြန် ကျနော်တာဝန်ကျရာ နယ်ကို ပြန်ရမှာမို့ နှုတ်ဆက် ကန်တော့ခဲ့ပါတယ်။
ဘယ်နေရာ ဘယ်ဘဝရောက်ရောက် ကျနော်ဟာ ကိုသက်ခိုင့်ညီ ဖြစ်ရခြင်း အပေါ် ဘယ်သောအခါမှ သိမ်ငယ်စိတ် မဖြစ်ပေါ်ခဲ့ပါဘူး။
သက်မြိုင်
(၂၉ /၇ /၂၀၀၄ )
………………………
………………………………………………….

ထိုနေ့က အိပ်ဆောင်ပိတ်ချိန် မိုးကြီးစုံးစုံးချုပ်မှ ကိုသက်ခိုင် ပြန်ရောက်သဖြင့် နောက်တနေ့ မနက် သူ့ညီရေးခဲ့သော စာပါသည့် ဗလာစာအုပ်လေးကို ကိုသက်ခိုင့် လက်ထဲထည့်လိုက် ရသည်။ကိုသက်ခိုင် သည် စာကိုဖတ်ရင်း ခပ်ငူငူ ခပ်ငိုင်ငိုင် ဖြစ်သွားလေသည်။ နှုတ်မှလည်း တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။
“ အေးဗျာ၊ ကျနော့်ညီ သက်မြိုင်လာမယ်မှန်းသိရင် ကျနော်လိုက်သွားဖြစ်မှာ မဟုတ်ဘူးဗျာ။ ကျနော့်ညီကို ကျနော် မတွေ့ရတာ လေးငါးနှစ်လောက် ရှိရော့မယ် “
“ အင်း ၊ ခင်ဗျားညီကြည့်ရတာလူရည်သန့်ပဲ၊ အစိုးရဝန်ထမ်း ထင်ပါရဲ့“
“ ဟုတ်ပါတယ်၊ ကျနော်တို့မိသားစုထဲက တယောက်တည်းသော အစိုးရ ဝန်ထမ်းပေါ့၊ ကျနော်တို့ ညီအကိုမောင်နှမတွေထဲမှာ ကျနော် မျှော်လင့်ချက် အထားဆုံး ညီပေါ့၊တခြား ညီအကိုမောင်နှမတွေက အဖေဆုံးပြီးတဲ့နောက် ပညာရေးကို သိပ်စိတ်မဝင်စားကြတော့ဘူး၊ အကိုအကြီးဆုံးဆို နတ်မောက်ကို ပြန်ပြီး အမေ့အမွေ ယာတွေချောင်းတွေ ပြန်လုပ်နေတယ်၊ ကျန်တဲ့ ညီအကိုမောင်နှမတွေကလည်း အိမ်ထောင်တွေကျပြီး ပညာရေး တဝက်တပျက်နဲ့ စီးပွားရေးဖက် ခြေဦးလှည့်ကုန်ကြတယ် “
“ ဒါနဲ့ ခင်ဗျားညီက ဘယ်ဌာနကလဲဗျာ“
“ အင်း၊ ….. က မြို့နယ်ဦးစီးမှူးလေ “
“ခင်ဗျားညီ စာထဲမှာ “ဘယ်နေရာ ဘယ်ဘဝရောက်ရောက် ကျနော်ဟာ ကိုသက်ခိုင့်ညီ ဖြစ်ရခြင်း အပေါ် ဘယ်သောအခါမှ သိမ်ငယ်စိတ် မဖြစ်ပေါ်ခဲ့ပါဘူး“ ဆိုတာ ဘာသဘောလဲဗျ၊ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ“
“ အေးဗျာ၊ ကျနော်လည်း ဒီစာကြောင်းကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်၊ အမှန်တော့ ကျနော်ဟာ ကျနော့်ညီနဲ့အတူ ကျနော်ယုံကြည်ရာတွေကို လက်တွဲပြီး လုပ်ဘို့ ဆုံးဖြတ်ခဲ့ ဘူးပါတယ်၊ကျနော့်ညီကို ကျနော်နဲ့ ပုံတူနီးပါးဖြစ်အောင် ကျနော်လေ့ကျင့်ပျိုးထောင်ပေးခဲ့ ဘူးပါတယ်။ ဒါပေမဲ့ဗျာ၊ ထင်တိုင်းမဖြစ်တဲ့ လောကကြီးမှာ ကျနော့်ညီဟာ ကျနော့် လုပ်ပုံ ကိုင်ပုံတွေကို စိတ်အပျက်ကြီး ပျက်တယ်ထင်ပါရဲ့ ၊ ကျနော့်ကို လုံးဝကျောခိုင်းပြီး သူယုံကြည် ရာလမ်းကို ရွေးသွားခဲ့တာပါပဲ“
“ ခင်ဗျားက ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲဗျ “
“ တကယ်တော့ ကျနော့်ညီဟာ ခုနှစ်တန်းလောက်အထိ ပညာရေးမှာ အားရစရာ မရှိလှဘူးဗျ၊ တနေ့ကျနော်က သူ့ကျောင်းစာအုပ်တွေကို လျှောက်လှန်ကြည့်ရာက လက်ရေးတွေက ပဲပင်ပေါက်လို ဖြစ်နေတာတွေ့တာနဲ့ လက်ရေးလှစာအုပ်ဝယ်ပြီး လက်ရေးပြန်ကျင့်ခိုင်းရာက ကျနော်ဟာ သူ့ကို ကျနော့်စိတ်တိုင်းကျ ဖြစ်လာအောင် ပုံစံ စသွင်းမိတော့တာပါပဲ၊ အကောင်း ဆုံး ကျူရှင်ဆရာတွေနဲ့ အပ်တယ်၊ ကိုယ်ခံပညာမျိုးစုံသင်ခိုင်းတယ်၊ ဗဟုသုတ အလို့ငှာ စာမျိုးစုံကို ဖတ်ခိုင်းတယ်၊အိုဗျာ၊ မိန်းမကိစ္စက လွဲလို့ ယောကျာင်္းတို့တတ်အပ်တယ်လို့ ကျနော်ယူဆတဲ့ ပညာမျိုးစုံကို သင်ယူလိုက်စားဘို့ ကျနော်စံနစ်တကျ ကြပ်မတ်ပြီး ပုံသွင်းခဲ့ ပါတယ် “
“ ခင်ဗျားညီကကော ခင်ဗျား ပုံသွင်းသလို လိုက်နိုင်ရဲ့လား ဗျာ “
“ ကောင်းလိုက်တဲ့ မေးခွန်းဗျာ၊ ရုတ်တရက်ကြည့်ရင် သက်မြိုင်ဟာ ကျနော့် လမ်းညွှန်ချက် တွေကို လိုက်နာနိုင်ခဲ့တယ်လို့ ထင်မှတ်စရာပါပဲ၊ သာမာန်ဥာဏ်ရည်နဲ့ ခပ်အေးအေး ခပ်ကုပ်ကုပ်နေတတ်တဲ့ သက်မြိုင်ဟာ ဂျူဒိုမှာ ခါးပတ်အညိုအဆင့် ရှိခဲ့တယ်၊ဆယ်တန်းမှာ ဂုဏ်ထူးနှစ်ခုပါခဲ့တယ်၊အဲဒီခေတ်က မြန်မာစာ ထူးချွန်သူတွေကို ပေးလေ့ ရှိတဲ့ မြန်မာစာ ကျူရှင်ဆရာ ဆရာဒိုးရဲ့ ရွှေတံဆိပ်ရခဲ့တယ်၊ အင်္ဂလိပ်စာမှာ ယူမေးနီးယား သမ္မတဟောင်းချောင်ရှက်စကူးရဲ့ အထ္တုပတ္တိ ကို ဘာသာ စမ်းပြန်ခဲ့ဘူးတယ်၊ စစ်တုရင်မှာ ရုရှ စစ်တုရင် အကျော်အမော် အနာတိုလီကား ပေါ့ နဲ့ တောင် ထိုးခဲ့ဘူးလေရဲ့ဗျာ “
“ ဗျာ၊ ခင်ဗျားညီက အနာတိုလီကားပေါ့နဲ့ တကယ်ထိုးဘူးသလား”
“အော်၊ ခက်ပါလား၊ဘော်ဘီဖစ်ရှာနဲ့ စပတ်စကီတို့လို ကျနော့်ညီက အနာတိုလီနဲ့ တယောက်ချင်းထိုးဘူးတာတော့ ဘယ် ဟုတ်မလဲဗျာ၊ သူ မြန်မာပြည်လာလည်တုန်း စစ်တုရင် ဝါသနာရှင် အယောက်ငါးဆယ် ကိုရွေး ပြီး တပြိုင်နက်ထိုးခဲ့ဘူး တာကို ပြောတာပါ “
“ ဟာ၊ ဘာဘဲဖြစ်ဖြစ် ခင်ဗျားညီက အလာကြီးပါလား“
“ ဝေဖန်တာ မစောနဲ့အုံးဗျာ၊ ရုတ်တရက်ကြည့်ရင် ကျနော့် ပျိုးထောင်မှုဟာ အောင်မြင် သယောင် ထင်ရပေမဲ့ သူ့အတွင်းစိတ်မှာ ကြီးစွာသော ပင်ပန်းဆင်းရဲမှု ဖြစ်နေတာကို ကျနော် မမြင် နိုင်ခဲ့ဘူး၊သူ ဒုတိယနှစ်လည်း ရောက်ရော ၊ကျနော့်ကို လုံးဝမကြည့်ချင်တဲ့ ဝေဒနာတမျိုး စိတ်ရောဂါ ဆန်ဆန် စွဲကပ်လာပါတော့တယ်၊ ရောဂါသည်းတဲ့ အချိန်တွေဆိုကျနော့် အသံကြားတာနဲ့ ကျနော်မျက်နှာကို မြင်တာနဲ့ စိတ္တဇဝေဒနာ ဝေဒနာရှင်တယောက်လို အော်ဟစ်ဆန့်ကျင်တော့တာပါပဲဗျာ၊ အဲဒီနှစ်မှာ သူ စာမေးပွဲ မဝင်နိုင်ခဲ့ဘူး၊ကျနော့်မှာ စိတ် မကောင်းခြင်း ကြီးစွာဖြစ်လွန်းလို့ မျက်ရည်ကျရတဲ့ အထိပါပဲ။ တကယ်တော့ သက်မြိုင်ဟာ ကျနော် အချစ်ဆုံး ညီပါ၊
တလကျော်လောက် ဆေးဝါးကုသမှု ခံယူလို့ အကောင်းပကတိပြန်ဖြစ်သွားပေမဲ့ ကျနော့် အပေါ် နာကြည်းတဲ့ စိတ်ကတော့ လုံးဝပျောက်မသွားတော့ပါဘူး၊ ဓာတုဗေဒ ဂုဏ်ထူးတန်း ကျောင်းပြီးတဲ့နောက် ကျနော် မယူပါနဲ့တားခဲ့တဲ့ မိန်းမကိုလက်ထပ်တယ်၊ ကျနော် ဝင်ပြီး မလုပ်စေချင်တဲ့ အစိုးရအလုပ်မှာ ဝင်လုပ်တယ်၊ အိုး၊ ဘာဆိုဘာမှ ကျနော့်စကားကို နားမဝင် တော့တဲ့ အထိပါပဲ၊ အလုပ်ကိစ္စတွေ အရေးကြီးလို့ ကျနော်လုပ်နေတဲ့ စီမံကိန်း တချို့မှာ ဝင်ပြီး လုပ်ပေးဘို့ နားချကြည့်ပေမဲ့ ခဏပါပဲ။ သူ့ရဲ့ မသိစိတ်မှာ သူ့ဘဝကို အတင်းပုံသွင်း ခဲ့တဲ့ ကျနော့်ကို အတော်နားကြည်းသွားပုံပါပဲ၊ ဟော၊ အခု ဘာစိတ်ကူးပေါက်ပြီး ရောက်လာ လေသလဲတော့ မဆိုနိုင်ဘူး၊ သူရေးသွားတာကို ဖတ်ပြီး စိတ်မကောင်းဘူးဗျာ။ဘာဘဲဖြစ်ဖြစ် ဗျာ၊ သူဖြစ်ချင်တဲ့ အစိုးရအရာရှိ ဘဝမှာ သူပျော်ရွှင်နေတယ် ဆိုရင် ကျနော် ဖြေသာပါတယ် လေ “
“ ဒါနဲ့ ခင်ဗျား ဧည့်သည်တွေနဲ့ ရန်ကုန်လိုက်သွားတယ် ဆို“
ကိုသက်ခိုင် ပြောနေပုံမှာ စိတ်ဆင်းရဲခြင်း ကြီးစွာ ခံစားနေရပုံပေါ်သဖြင့် ကျနော်က သူစိတ်ပြေလိုပြေငြား စကား လမ်းကြောင်းလွှဲလိုက်ရသည် ။
“ ဟုတ်တယ်ဗျာ၊ ကျနော် အပြင်မှာ ရှိတုန်းက ကာလပေါက်ဈေး သိန်းပေါင်း သောင်းချီတန်တဲ့ အမွေဆိုင်ခြံကြီးတခုကို အမှုမပြီးပြတ်သေးပဲ ဝယ်ထားလိုက်တာ စာချုပ်မှာ ပိုင်ရှင်သုံးဦး စာရင်းထဲမှာ ကျနော့်နာမည်က ပထမပိုင်ရှင် နံမည်ပေါက်နေတဲ့ ကိစ္စပေါ့ဗျာ၊ လက်ပြောင်းပြီး ဝယ်ချင်တဲ့ အုပ်စုက ကျနော့်ဆီ က ကိုယ်စားလှယ်လွှဲစာ ပေးနိုင်မလား ခေါ်မေးတာပါ “
“ ဟ၊ သိန်းပေါင်းသောင်းချီပြီး တကယ်တန်သလားဗျ“
“ မဟာစည် သာသနာ့ရိပ်သာလမ်းလို နေရာမျိုးမှာ သုံးဧကကျော်ကျော်လောက် ရှိတဲ့ ခြံကြီးပဲ ဗျာ၊ တန်တာပေါ့“
“ လက်စသတ်တော့ ကိုသက်ခိုင်က သူဌေးပဲ“
“ လွဲပြန်ပြီဗျာ ၊ တကယ်တော့ အဲဒီ ခြံကြီးကို ဝယ်တဲ့ ငွေထဲမှာ ကျနော့်ငွေ တပြားမှ မပါပါဘူး ဗျာ ၊ ဒါပေမဲ့ ဒီခြံကြီး ကို လက်ဝယ်ရှိတဲ့ အစိုးရဌာနက ဝယ်သူလက်ထဲကို လွှဲပြောင်းပေးဘို့ ကိစ္စမှာတော့ ကျနော့်ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ရည်ကိုင်ရည်က မရှိမဖြစ် ဆိုပါတော့ ၊ ဒါကြောင့် အဲဒီခြံကြီးရဲ့ အရောင်းအဝယ်စာချုပ်မှာ ကျနော်က အဓိက နေရာက ပါနေတာပါ “
“ အမွေမှု ဆိုတာတော်တော်ရှုပ်တယ်လို့တော့ ကြားဘူးတယ်ဗျ“
“ ရှုပ်သလားတော့မမေးနဲ့တော့ဗျာ၊ မြန်မာပြည်မှာ အကြာဆုံးတရားမမှုပါပဲ၊ အမှုဖြစ်စဉ် မှတ်တမ်းကို ကြည့်ရင် ဒီအမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က စဖြစ်ခဲ့တယ်၊ ဒီအမှုမှာ ဒေါက်တာမောင်မောင်( နိုင်ငံတော် သမ္မတဟောင်း)၊ ဂျပန်ခေတ် နိုင်ငံတော် အဓိပတိ ဒေါက်တာ ဘမော်ရဲ့ အကိုအရင်း ဝတ်လုံတော်ရဒေါက်တာ ဘဟန်လို ပုဂ္ဂိုလ် မျိုးတွေ အထိ ပါဝင်ပတ်သက်ခဲ့ပါတယ်“
“ ဟာ၊ တယ်လဲ ကြီးကျယ်တဲ့ အမှုပါလားဗျာ၊ဖြစ်ပုံပျက်ပုံကို ကြားချင်စမ်းပါဘိဗျာ “
“အမှုတွဲနံမည်က … ပြည်ထောင်စု မြန်မာနိုင်ငံနဲ့ ဒေါ်ကြည်ကြည် … တဲ့ ။ မြန်မာအမျိုးသမီး တွေ အတွက် မယားငယ်ဟူ၍ မရှိစေရ၊ မယားပြိုင်သာ ရှိစေရမည် ဆိုတဲ့ စီရင်ထုံး ထွက်လာ ခဲ့တဲ့ အမှုပေါ့ဗျာ၊ အဲဒီ စီရင်ချက်ကိုလည်း ဒေါက်တာမောင်မောင်က ချမှတ်လိုက်ရော၊ ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ ဇနီးဒေါ်ခင်မေသန်းကတောင် “ ကိုမောင်မောင် ၊ ရှင် ဘာတွေ လျှောက်လုပ်နေတာ တုန်း ဆိုပြီး ဖုန်းဆက် အကြိမ်းခံရဘူးသတဲ့ ၊ဒေါ်ခင်မေသန်း ဘယ်လို သိသလဲဆိုတော့ အဲဒီခေတ်က သတင်းစာတွေမှာ ဧရာမ စာလုံးမဲကြီးတွေနဲ့ ပါခဲ့လို့ပါပဲဗျာ“
“ ဒါဆိုလဲ ခင်ဗျား ဝင်ပါတဲ့ အဲဒီအမှုအကြောင်းလေး လုပ်စမ်းပါဦးဗျ “
“ အော် ၊ခက်ပါလား၊ ဒီအမှုတခုတည်း အကြောင်း ကွက်ပြီး ပြောလို့တော့ မဖြစ်ဘူးဗျ၊ ကျနော် ပြောခဲ့ဘူးတဲ့ အကြောင်းတွေ ဆက်ပြောနေရင်း သူ့နေရာနဲ့ သူရောက်လာပါ လိမ့်မယ် ဗျာ “
“ဒါဆိုလည်း ပြောသာပြောဗျာ၊ ဒီနေ့ ဦးအေးနိုင်လည်း သူ့မိန်းမရောက်နေပြီ ဆိုတော့ ….. “
“ဘာလဲဗျ၊ ခင်ဗျား စကားက …..“
“ အော် ၊ သူ့မိန်းမရောက်နေလို့ ထောင်မှူး စိတ်ကောင်းဝင်နေချိန်ဆိုတော့ ခင်ဗျားရဲ့ ဇာတ်လမ်းရှည်ကြီးကို အေးအေးဆေးဆေး နားထောင်ချိန် ရတာပေါ့ဗျာ “
ကျနော်က ရယ်ကျဲကျဲ နှင့် ပြောလိုက်ရာ ကိုသက်ခိုင်သည် တဲဖက်ကပ်လျက်က တူးမြောင်းကြီး ၏ အဆုံး၌ ရှိနေသော စိမ်းညှို့နေသောငှက်ပျောတောအုပ် ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း သူ့ ဇာတ်လမ်းကို ဆက်ပါသည်။
“ တကယ်တော့ဗျာ၊ ကျနော် အန်တီဆယ် နဲ့အတူ ထိုင်းနိုင်ငံကို ထွက်လာခဲ့တဲ့ ကာလတွေ ဟာ ကျနော့်ဘဝရဲ့ အအောင်မြင်ဆုံးကာလတွေ ကာလတွေဖြစ်သလို အခုကြုံတွေ့နေရတဲ့ ကံဆိုးမိုးမှောင်ကျရခြင်း ရဲ့ အစအဦး ခြေလှမ်းတွေ ဆိုပါတော့ ……. “

ဆက်လက် ရေးသားပါဦးမည်။

ရုပ်ပုံ။ ။ ဂူဂဲလ်

10 comments:

peter kyaw October 31, 2009 9:44 AM  

ကျသွားတဲ့  tempo တွေပြန်တက်လာပြန်ပြီဗျာ...
စာရေးဆရာခေါ်လာနောက်ကိုလိုက်ပါမှန်းမသိ
လိုက်နေရသလိုပါပဲ...

မကြာမှီ...လာမည်မျှော် လို့ ပဲ ဆိုစေချင်ပါတယ်...

ဂျစ်တူး ( မုံရွာ ) October 31, 2009 9:48 AM  

စောင့်ရကျိုးနပ်ပါတယ်ဗျာ-
ဒါပေမဲ့သက်မြိုင်ကိုသနားတယ်-
သူခမြာအကိုကိုတွေ့လိုဇောနဲ့လာခဲ့ရတာ-
ဝမ်းနည်းပက်လက်နဲ့ပြန်သွားရတယ်-
ဦးမင်းဒင်ဋ္ဌကီးရက်စက်ပုံများကမ်းကုန်တယ်-
နောက်ပိုင်းသက်မြိုင်ကောင်းကြောင်းတွေရေးအုံးနော်-
အကိုနဲ့တွဲပြီးရန်ဖြစ်ကြတာတွေလေ-

mg kyi poae November 1, 2009 12:14 AM  

ဘယ်သမိုင်းစာအုပ်မှမှ ရှာမတွေ့နိုင်တဲ့အကြောင်းတွေ ဖတ်သွားပါတယ်ခင်ဗျာ။ အကိုကြီးရေ.. အတွင်းသိဆိုတာကို စပ်စုချင်တယ်ဗျ.. ဟီးဟီး

တာတာ November 1, 2009 3:22 PM  

ဦးမင်းဒင်ဋ္ဌကီး-မတရားမလုပ်နဲ့နော်-ဒီကနေ့ငါးခေါက်
မြောက်ထပ်ဖတ်တော့နဲနဲစိတ်ထဲမှာမကျေနပ်လို့ရေးခဲ့တာ-
သက်မြိုင်ကသက်ခိုင်ကိုစာရေးထားခဲ့တာမှာ-ကိုသက်ခိုင်
လို့ဘဲတကယ်ရေးခဲ့သလား-အဲဒီလောက်လောက်တော့
မရေးခဲ့တန်ပါဘူး။အမှန်ဆို* အကိုသက်ခိုင် *
လို့ဘဲရေးမယ်ထင်ပါတယ်-

ကိုချစ်ဖေ November 1, 2009 5:48 PM  

ကျနော့်သူငယ်ချင်းက ကိုမင်းဒင်ဘလော့ကို သွားဖတ်ဖို့
ညွန်းလို့လာဖတ်ဖြစ်တယ်ဗျာ.ခုကျနော်က သူများတွေကို
ထပ်ညွန်းရတော့မယ်..ရေးတတ်တာရေးဖြစ်တာကို အားပေးရင်း စောင့်ဖတ်နေပါမည်။

Ko Toe Gyi ( Multiply Boo Boo Gyi ) November 2, 2009 3:20 AM  

ကိုကြီးမင်းဒင်
ညီလေး မောင်ဇော်ထွန်း လာဖတ်သွားပါတယ်

yawnetthan November 3, 2009 8:18 AM  

လာရောက်ဖတ်ရူသွားပြီး စောင့်မျှော်နေကြောင်းပါ။

mmthinker November 4, 2009 5:04 AM  

စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်။ ကိုသက်ခိုင်လို တစ်ယောက် ကျနော် အခုတွေ့နေမိတော့ အတော် အံ့သြနေတယ်ဗျ။ ဇာတ်ကောင် စရိုက် အင်မတန် တူလို့ ....

Anonymous November 5, 2009 4:33 AM  

ထောင်သားတွေရဲ.ဘဝဟာတော်တော်ဆိုးဝါးပါလား။ရင်နာစွာနဲ.ဖတ်သွားပါတယ်။

* November 11, 2009 5:07 PM  

You cannot post - you have been banned.ဘာဖြစ်လို့ banned ဖြစ်နေရတာလဲဗျ-

ဖြစ်လာသမျှ ပျက်ရမည်မှာ ဓမ္မတာတည်း..