မင်းဒင် ရဲ့  သက်ခိုင် ( ၇၉ )




၇၉။ ဘုရားဖြစ်မဲ့ အုတ်နီခဲ


ဒါနဲ့ ကျနော်လည်း အိပ်ကတ်ထဲက ပိုက်ဆံထုတ်လိုက်ပြီး “ ရော့ဗျာ ။ တရာသုံးဆယ့်ငါးကျပ် တွေဘာတွေလုပ်မနေပါနဲ့ ။ဒီမှာ တရာ့လေးဆယ်“ လို့ပြောရင်း ထီသည်ကို ငွေထုတ်ရှင်း လိုက်ပါတယ် ။ထီရောင်းသမားကတော့ ဝမ်းသာအားရနဲ့ “ ကျေးဇူးတင်ပါတယ် ဆရာ၊ သိန်းထီဆုကြီး ပေါက်ပါစေဗျာ၊ ဒါနဲ့ ဆရာ့လိပ်စာလေး မ စပါဆရာ၊ ပေါက်နေရင် အကြောင်း ကြားလို့ရတာပေါ့ “တဲ့ ။အမှန်တကယ်က ကျနော်ထီလက်မှတ်ဝယ်လိုက်တာ ထီပေါက်ချင် လို့ မဟုတ်ဘူးဗျ။ သူ့ကြည့်ရတာ စိတ်မချမ်းသာလွန်းလို့ ။ အဲဒီနေ့က သူ့ခမျာ ထီဖွင့်နေပြီ ဆိုတော့ ထီလက်မှတ်တွေ သူ့လက် ထဲကျန်မှာ စိုးရိမ်နေဟန်လည်းတူပါရဲ့ ။ နောက်တခုက ဌေးစိုးတို့ညီအကို သူ့ကိုဆက်ဆံတာ ရင့်သီးလွန်းတယ်ထင်တာလည်းပါတယ် ။ဒါကြောင့် ကျနော်က “ ကဲပါဗျာ၊ ဆရာသမား သွားစရာရှိတာသွားပါတော့၊ကျနော့်ဖာသာပဲ ထီပေါက်စဉ် ဝယ်တိုက်လိုက်ပါ့မယ် “ ဆိုပြီး စကားဖြတ်လိုက်ရပါတယ်။




ထီသည် ဝတ်စားဆင်ယင်ထားတာက အကျီင်္အစုတ်၊ ဥပဓိရုပ်ကလည်း မွဲမွဲ ခြောက်ခြောက် ဆိုတော့ ကျနော့်စိတ်ထဲ သနားသွားမိတာ အမှန်ပဲ ။အဲဒီလို သနားတတ်တဲ့ ကျနော့် အကျင့် ကြောင့် ပြဿနာ ကြုံရပေါင်းလည်း မနည်းဘူး ။ ကျနော့်အကျင့်ကလည်း ခက်တယ်ဗျာ။ ကျနော့်ရှေ့မှာ ဒုက္ခရောက်နေတာ တွေ့ရင် သူတို့ဒုက္ခကို လမ်းဆုံးအောင်လျှောက် စဉ်းစား နေတတ်တဲ့ အကျင့်ဗျ ။ ရန်ကုန်မြို့ကြီးမှာလည်း တောင်းရမ်းနည်းက တယ်စုံသကိုး၊ တချို့ မီးဖွားပြီးခါစမိန်းမတွေက တကိုယ်လုံးဆနွင်းတွေ ဝါထိန်ပြီးမွေးကင်းစကလေးလေးကို ပလက်ဖောင်ပေါ်ချတောင်းတာက တမျိုး၊တချို့ကလေးတွေက ဖွဲပြာဗန်းကို ခေါင်းမှာ ရွက်ပြီး မီးပွိုင့်တွေမှာ ကားအရပ် ကျမဖွဲပြာလေး ဝယ်သွားပေးပါ ဆိုတာမျိုးလည်း ရှိသေး။ ကျနော် ကတော့ အဲဒီသူတောင်းစားတွေတွေ့ရင်လည်းသိသိကြီးနဲ့ကို မျက်နှာလွှဲသွားရမှာ ဝန်လေး တတ်တဲ့ လူစားဗျ။ဘယ့်နှယ့် ၊ဖွဲပြာတွေကားပေါ်တင်လာလို့ ဖြစ်မှမဖြစ်တာ ငွေပေးပြီး အိမ် ပြန်ခို်င်းရတာပေါ့။
အထူးသဖြင့် စားတုန်းသောက်တုန်း အချိန်မှာ မစားနိုင် မသောက်နိုင် ချို့တဲ့ သူတွေကို မြင်ရင် ကျနော် စားမဝင်တော့ဘူး။မြေနီကုန်း လေဟာပြင်မှာဆို စားသောက် ဆိုင်တွေကို ထိုင်ကို မထိုင်ဘူး ။ဟုတ်တယ်လေ ။ကျနော်တို့ဝိုင်းဖွဲ့ စားနေ တုန်း တောင်းတဲ့ ရမ်းတဲ့ ကလေးတွေက“ အကိုကြီးတို့စားပြီးသား အကျန်လေးတွေ ကျနော်တို့ကို ပေးပါ“တဲ့ ။ကျနော်တော့ ကျနော်စားမဲ့ ပန်းကန်ထဲက အစားအသောက်တွေကို သွန်ထည့်ပေးလိုက်တော့ တာပဲ ။ကျနော်နဲ့ ပါလာတဲ့ အပေါင်းအသင်းတွေကတော့ ကျနော့် အကျင့်ကို တော်တော် စိတ်ပျက်ကြတယ်ဗျာ ။မတတ်နိုင်ဘူးဗျာ။ ကျနော်ကတော့ အဲဒါမျိုးကြုံ လာရင် မျိုလို့ကို မကျဘူး ။သနားမိလို့ကြုံရတဲ့ ဇာတ်လမ်းတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲဗျာ ။
……………………………

ကျနော်ငါးတန်းကျောင်းသားလောက်တုန်းက ကျနော့်အဖေ့ဆိုင်မှာ ဈေးကူရောင်းပေးတုန်းမှာ ကြုံရတာလေးနားထောင်ပါအုံး ။ကျနော်တို့ဆိုင်က အမြဲလာဝယ်နေကျ ကုလားမကြီး တ ယောက်ပေါ့ဗျာ။ သူက လစ်ရင်လစ်သလို အာလူးတွေ ကြက်သွန်တွေ အလစ်သုတ်တတ် တယ် ။ ခဏခဏ ကျနော်ကိုယ်တိုင် တွေ့နေပေမဲ့ သူ့ခမျာ မရှိရှာလို့ပဲ ဆိုပြီး ကျနော်က မမြင်ချင် ယောင် ဆောင်ဆောင်နေလိုက်တယ်ဗျ။ ခက်တာက သူက ကျနော်မမြင်ချင်ယောင် တာကို သိလို့လား။ မမြင်ဘူးထင်လို့လားတော့ မသိဘူး။ တဖြည်းဖြည်း လက်ရဲလာပုံရတယ် ။ နည်းနည်းချင်း သူ့ခြင်းထဲကို ယက်ယက်ပြီးထည့်ရာကနေ အများကြီး ယက်ထည့်လာတယ် ။ နောက်ဆုံးတော့ ကျနော့်မှာ သူ့အစားရင်ပူလွန်းလို့ သူ အာလူးတွေ ယက်ထည့်နေတုန်း သူ့ အနားသွားပြီး “ အဒေါ်ကြီး တော်ပါတော့ ၊ ကျနော်မြင်တာက အရေးမကြီးဘူး။ ကျနော့် အဖေ အမေ မြင်ရင် အဒေါ်ကြီး အရှက်ကွဲလိမ့်မယ် ။ကျနော်တောင်းပန်ပါတယ် “ ပြောလိုက် တော့မှ ရပ်တော့သဗျာ။
ဇာတ်လမ်းက ဒီမှာတင် မရပ်ဘူးဗျာ ။ နောက်သုံးလေးရက်နေတော့ သူကြက်သွန်နှိုက်ယူ နေတာကို အဖေလည်းတွေ့ရော အဲဒီကုလားမကြီးက “ ရှင့်သားက နည်းနည်းယူရင် ရတယ် ဆိုလို့ ယူတာပါ “ ဆိုပြီး မြှားဦးကို ကျနော့်ဖက် လှည့်လိုက်တာ အဖေက “တော်တော် အားကိုးရတဲ့ကောင် ၊ သူခိုးအားပေး“ ဆိုပြီး တနေကုန် ဆူလို့်မပြီးတော့ဘူးဗျာ ။
………………………
ကျနော်အိမ်ထောင်ကျပြီးခါစကလည်း ကြုံရပုံလေး ရှိသေးဗျ ။ ကျနော့်အိမ်အောက်ထပ် ကျနော့်ယောက္ခမဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာပေါ့ ။အဲဒီနေ့က မနက်ကိုးနာရီလောက် အလုပ်သွားခါနီးမှ မိုးက သည်းကြီးမည်းကြီး ရွာလာ တာနဲ့ လက်ဖက်ရည်ဆိုင် စားပွဲခုံတခုမှာ ထိုင်နေတုန်း အသက် ခြောက်ဆယ်ကျော် အဖွားကြီး တယောက် ကျနော့်ဆီ တန်းတန်း မတ်မတ် ရောက်လာပြီး “ သားရယ် ၊ အဖွားကို ငွေငါးကျပ်လောက် မစပါ ၊ အဖွားတို့ သူတောင်းစားမျိုးရိုးလည်း မဟုတ်ရပါဘူး၊ ဒုက္ခရောက်လွန်းလို့ပါ၊ စားစရာ မရှိလို့ပါ “ တဲ့ ။ ဒီမှာတင် ကျနော်လည်း သနားသွားတာနဲ့ “ ကဲ အဖွား ထိုင်ပါအုံး “ ဆိုပြီး လက်ဖက်ရည် ကော မုန့်ကော ထကြွေး လိုက်တယ်။နောက်တော့ မိုးစိုနေတဲ့ သူ့အဝတ်အစားတွေ ကြည့်ပြီး သူ့ကျန်းမာရေးကို စိုးရိမ် တာနဲ့ “ ကဲ အဖွား ။ ဘယ်လိုမှ စိတ်မရှိပါနဲ့၊ ဒီနေ့ မိုးက အရမ်း သည်းနေပြီ ။ ဒီအချိန်ဆို အိမ်ပြန်ပြီး အဝတ်အစားလဲ နားနေမှ ဖြစ်မယ် ။ ဒီတော့ အဖွား အိမ်ပြန်မှ ဖြစ်မယ် ။ နောက်နေ့တောင်းတာ မတောင်းတာတော့ အဖွားသဘောပါ။အဖွား တနေ့ တောင်းတဲ့ နေ့တွက် ဘယ်လောက်ရသလဲ ကျနော့်ကို ပြောပါ “ လို့မေးလိုက် မိ တယ်ဗျာ ။
ဒီတော့ သူက တုန်တုန်ရီရီနဲ့ ခဏစဉ်းစားပြီး “ ငါးဆယ်မျိုးတရာမျိုးတော့ ရတတ်ပါတယ် သားရယ် “ တဲ့ ။ကျနော်လည်း ဟန်ကျပြီဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်တွန်းလိုက်တယ် ။ “ ကဲ ။ ဒီလိုလုပ်ပါ အဖွားရယ် ။ ဒီနေ့တနေ့စာ တောင်းလို့ရမဲ့ ဝင်ငွေကို ကျနော်ပေးပါ့မယ် ။ ဒီနေ့တော့ ဒီကနေ ပြန်ရင် ဘယ်ကိုမှ လျှောက်မတောင်းတော့ပါဘူး ဆိုတဲ့ ကတိကိုတော့ ကျနော့်ကိုပေးပါ “ လည်း ပြောလိုက်ရော ၊“ စိတ်ချပါ သားရယ် အဖွား အခု ဒီကနေ အိမ်ကို တန်းပြန်ပါ့မယ် ။ အဖွားကတိပေးပါတယ် ။ ငါ့သား ဘုန်းကြီးပါစေ သက်ရှည်ပါစေ “တဲ့ ။ ဒီမှာတင် ကျနော်လည်း ပိုက်ဆံရာတန် တရွက်ထုတ်ပေးလိုက်တော့တယ်ဗျာ ။
တကယ်ဆို အဲဒီနေ့ကျနော်ပြုလိုက်တဲ့ ဒါနအတွက် ကျနော်တော်တော် စိတ်ချမ်းသာ နေခဲ့ တာဗျ ။ဒါပေမဲ့ ကျနော်ကံမကောင်းခဲ့ပါဘူး ။အဲဒီနေ့ကျနော် ရှမ်းစုလမ်း ရုံးခန်းကို ရောက်ပြီး လုပ်လက်စ အလုပ်တချို့ လက်စသိမ်း၊ညနေသုံးနာရီလောက် ရွှေလမင်းစားတော်ဆက်ထဲမှာ ဝိုင်းဖွဲ့နေတုန်း ကျနော့်နောက်ကျောဘက်ကနေ အသံတခု ကြားရပါလေရောဗျာ ။ ဘာတဲ့ ။ “ အဖွားကို ငွေငါးကျပ်လောက် မစ ကြပါ “တဲ့ ။ ကျနော့်လှည့်ကြည့်လိုက်တော့ မနက်ပိုင်းက ကျနော်နဲ့ ဆုံလိုက်တဲ့ အဖွားအိုပါပဲ ။ အဝတ်အစားတောင် လဲမထားသေးပါဘူး။ သေလိုက်ပါတော့ဗျာ ။ဒီမှာတင် ကျနော်လည်း ကျနော့် ဆီကို ရောက်မလာပါစေနဲ့ လို့ဆုတောင်းပေမဲ့ ဆုတောင်းမပြည့်ပြန်ပါဘူး ။ကျနော့်ဝိုင်း ကျနော့်ရှေ့တည့်တည့် ရောက်လာပြန်လို့ ကျနော်က သူ့မျက်နှာကို သေချာကြည့်ပြီး စိတ်မသက်မသာလေသံနဲ့
“ အဖွား၊ အိမ်မပြန်သေးဘူးလား အဖွားရယ် “လို့ လည်း ပြောလိုက်ရော အဖွားအိုဟာ ဆိုင်ထဲက ချာကနဲ လှည့်ထွက်သွားပါတော့တယ် ။ကဲ ။ စဉ်းစားသာ ကြည့်ပေတော့ဗျာ ။ခင်ဗျားသာ ကျနော့်နေရာမှာ ဆိုရင် စိတ်ထဲ ဘယ်လို နေမတုန်း ။ခက်တာက ကျနော် ကိုယ်က မရှင်းမရှင်း ကတိတွေဘာတွေ တောင်းမိတာပဲ မှားနေခဲ့သလားလို့ ။
……………………………………………


ဒါတင်ပဲလား မဟုတ်သေးဘူး ။ကိုယ့်ကိုယ်ကို လူငယ်မြှင့်တင်ရေးသမားလိုလို လုပ်ခဲ့ဘူး တာလည်း ရှိသေးတယ် ။ကျနော့်နဲ့ ကျနော့် ဇနီး မညားခင် အင်းယားကန်မှာ ချိန်းတွေ့ တုန်းကပေါ့ ။အေးအေးဆေးဆေး ရှိမဲ့ သစ်ပင်ကြီး တပင်အောက် ထိုင်မယ်ကြံကာ ရှိသေး ။
အသက်ရှစ်နှစ်ကိုးနှစ်ဝန်းကျင် ဇူဇကာပုဏ္ဏားလက်သစ်ကလေး နှစ်ကောင် ပေါ်လာပြီး “ အကိုကြီး ထမင်းမစားရသေးလို့ ပိုက်ဆံဆယ်ပြားလောက်“ တဲ့ ။သူတို့လည်း ကုလား လေးတွေပဲဗျ ။
အေးဗျာ။ ကျောင်းဆရာလုပ်နေတဲ့ ကောင်ဆိုတော့ ကျနော်လည်း ဒီကောင်လေးတွေ တောင်း စားနေတာကို စိတ်ထဲမှာ သိပ်ဘဝင်မကျလှဘူးဆိုပါတော့ ။ဒါနဲ့ ကျနော်လည်း အရစ်ရှည် လိုက် မိတယ် ။“နေပါဦးကွ ။ မင်းတို့ကြည့်ရတာ သူတောင်းစားရုပ်လည်း မပေါက်ပါ ဘူး ၊မင်းတို့လို ရွယ်တူတွေ ဇီးထုတ်ရောင်း ၊ စီးကရက်ရောင်း နေတာ မတွေ့ဘူးလား ။ သူတို့လို လုပ်ချင်စိတ် မရှိဘူးလား “ ဆိုတော့ သူတို့က မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ လုပ်ချင် တာပေါ့ အကိုရာ ။ အရင်းမှ မရှိတာ “တဲ့ ။ကျနော်လည်း ဟန်ကျပြီဆိုပြီး “ ဒါဆို အရင်းရှိရင် မင်းတို့ တကယ်လုပ်မလား “လည်းမေးလိုက်ရော လုပ်မှာပေါ့ တဲ့ ။တိုတိုပြောရရင် ကျနော် လည်း စီးကရက်တဗူး ဘယ်လောက် မီးခြစ်တဗူးဘယ်လောက် သူတို့နဲ့မေးမြန်း စုံစမ်းပြီး စုစုပေါင်းငွေတရာ့ ငါးဆယ် လောက်ကို ထုတ်ပေးခဲ့ရော ဆိုပါတော့ဗျာ ။ ဒါတင်ဘယ်ကမလဲ ။ သေချာမှာခဲ့ရသေးတယ် ။ နောက်တခါ ငါလာရင် မင်းတို့တောင်းစားနေတာ မမြင်ချင်ဘူး နော်လို့ ။မညားသေးတဲ့ ကျနော့် ဇနီးလောင်း ရည်းစားကတော့ ကျနော့်ကို စိတ်မနှံ့တဲ့ သူတယောက်ကို ကြည့်နေလေရဲ့ ။
ထုံးစံအတိုင်း ဒီတခါလည်း ကျနော်ကံမကောင်းပြန်ပါဘူး ။ ငါစီမံခဲ့တာ ကလေးနှစ်ယောက် တော့ တောင်းစားတဲ့ ဘဝက လွတ်သွားပြီလို့ စိတ်ချမ်းသာနေလိုက်တာ နောက်တပါတ် လောက်နေတော့ ထုံးစံအတိုင်း အဲဒီနေရာမှာ အဲဒီပုံစံမျိုးအတိုင်း ရွှေကိုယ်တော်လေးတွေနဲ့ ပြန်ဆုံရပြန်တာပါပဲ ။
ဒီတခါကတော့ ကျနော် ဘာမှ မပြောလိုက်နိုင်တော့ပါဘူး ။ “ ထမင်းမစားရသေးလို့ ပိုက်ဆံ ဆယ်ပြားလောက် “ ပြောလို့တောင် မဆုံးသေးဘူး ။ ကျနော့်မျက်နှာကို သေချာကြည့်ပြီး တချိုးတည်း လစ်တော့တာပဲဗျ ။
………………………………………
ဒီလို ဇာတ်လမ်းတွေ လျှောက်ပြောရင် ကုန်နိုင်မယ်မထင်ပါဘူးဗျာ ။ တခါတခါ ကျနော့် မျက်နှာကို ကျနော် မှန်ထဲ ပြန်ကြည့်ရင်း အလှူခံ မျက်စိကျလောက်တဲ့ ဘုရားဒကာရုပ် များပေါက်နေသလား တွေးမိပါရဲ့ ။
တခါကလည်း စိတ်မနှံ့တဲ့  တရုတ်မကြီးတယောက်နဲ့ ရှမ်းစုလမ်းထိပ်မှာပဲ ဆုံသေးတယ်။ အဲဒီတရုတ်မကြီးက တွေ့တဲ့ လူတိုင်းကို “ တကျပ် လောက် ၊ တကျပ်လောက် “ ဆိုပြီး တောင်းလေ့ရှိသဗျ ။ကျနော်က သူ့အကြောင်းသာ ကြားဘူးနေတာ တခါမှတော့ အတောင်း မခံရဖူးဘူး ။တနေ့တော့ ရုံးရှိရာ ကို ခြေလျင်လျှောက်ပြီး လာရာကနေ အဲဒီတရုတ်မကြီးနဲ့ ပက်ပင်းတိုးပြီး “ တကျပ်လောက် “ လုပ်ပါလေရော ။မနေတတ်မထိုင်တတ် ကျနော်ကလည်း သူတောင်းတယ်ဆိုတာနဲ့ အိတ်ကပ် ထဲလက်အရင် ရောက်ပြီး ငါးကျပ်တန် တရွက် ထုတ်ပေးလိုက်ပြီး ခပ်မြန်မြန် ထွက်လာလိုက် တယ် ။ အဲ .. ။စက်ကွင်းက မလွတ်ပြန်ဘူးဗျာ။ နောက်ကနေ အဲဒီတရုတ်မကြီးက “ ဟဲ့ ။ အကောင် နင့်ပိုက်ဆံ အစုတ်ကြီးကို ငါက ဘာလုပ်ရမလဲ ၊ အခုချက်ချင်း ပြန်လဲပေး“တဲ့ ။ ဘယ်ဖက်ကမှ မ လွတ်ပါလားဗျာ ။ ကျနော်လည်း မကြားချင်ယောင်ဆောင်ပြီး ဆက် လျှောက်လာလိုက်ရတယ် ။ အော် .. ဖြစ်ရပုံများဗျာ။
…………………………………………

ကျနော်ကလည်း ကိုယ့်ကိုယ်ကို လည်လှပြီ အောက်မေ့နေတာ တခါတခါ ကျနော့်စေတနာ ကပဲလူရီစရာ ဖြစ်နေတယ်ထင်ပါရဲ့ ။ ကျနော့်တပည့်ကျော်တယောက် ထူးထူးဆန်းဆန်း တပတ်ရိုက်တာ ခံရဘူးသေးတယ်ဗျာ။
ကျနော့်ရုံးမှာ ပစ္စည်းအတင်အချ တာဝန်ယူနေတဲ့ စိုးနိုင်ဆိုတဲ့ မောင်ပေါ့ဗျာ။ တနေ့မနက် အစောကြီး အိမ်ကို ငိုကြီးချက်မနဲ့ပေါက်ချလာတယ် ။“ဆရာရယ် ၊ ကျနော့်အမေဆုံးပြီး ကယ်ပါအုံး“တဲ့ ။တကယ်တော့ စိုးနိုင်ဆိုတဲ့မောင်ဟာ နေ့ရောညရော သောက်စားပြီး အနေအထိုင် သိပ်စည်းကမ်း ရှိလှတဲ့ကောင်တော့ မဟုတ်ဘူး။ကျနော်ဆိုတဲ့ကောင်ကလဲ အမေဆိုတဲ့ စကားနဲ့သူ့ငိုသံကိုကြားလိုက်ကတည်းက ဘာမှ ဆက်မမေးတော့ပဲ ငွေတ သောင်းထုတ်ပေး၊ “လောလောဆယ် ဒီငွေနဲ့ကြည့်သုံးထား ၊ ရက်လည်တော့ လာခဲ့အုံးမယ်။ ဒီကြားထဲ လိုတာရှိရင် ဖုန်းဆက်လိုက် “ ဆိုပြီးမှာလိုက်ရတာ ပေါ့ဗျာ ။
ဖြစ်ချင်တော့ အဲဒီရက်ပိုင်းက ကျနော်တော်တော် အလုပ်ရှုပ်နေတဲ့ အချိန်ဗျ။ စိုးနိုင်ပြန်သွားပြီး ကိုယ့်အလုပ်နဲ့ကိုယ် ချာလပတ်ရမ်းနေရာက စိုးနိုင်အမေ ရက်လည်ကိစ္စဟာ ရက်လည်တဲ့နေ့ မှာပဲ ဘယ်သူမှ သတိမပေးပဲကျနော့်ခေါင်းထဲကို ရောက်လာသဗျာ။ဒါနဲ့ကျနော်လည်း တပည့် ကျော်အမေရက်လည်တော့ မသွားလို့မဖြစ်ချေဘူး ဆိုပြီး ရုံးမှာ ရှိတဲ့ ဝန်ထမ်းတွေ ကားပေါ် တင်ပြီး စိုးနိုင်နေတယ်ဆိုတဲ့ ဒဂုံမြို့သစ်ကို ကားမောင်းထွက်ခဲ့ရောဗျ ။သူပေးထားတဲ့လိပ်စာ အတိုင်း ရှာလိုက်ရတာဗျာ။ မြို့သစ်တည်ကာစဆိုတော့ ဘယ်မေးမေးယောင်ဝါးဝါးချည်းပဲ ။ ကျနော့်ကလဲ နာရေးကိစ္စမို့ မတွေ့မနေဆိုတဲ့ စိတ်နဲ့ ရှာလိုက်တာ စိုးနိုင်နေတဲ့ လမ်းရော စိုးနိုင်ကိုပါ သိတဲ့ အသိတယောက်နဲ့တိုးပါလေရော ။
ဒီလူက စိုးနိုင်တို့လမ်းကို လိုက်ပြရင်း ဆရာဒီလောက် အရေးတကြီး ဘာကိစ္စများရှိလို့တုန်း တဲ့ ။ ကျနော်လည်း သူ့ကို တအံ့တသြပြန်ကြည့်ပြီး “ မင်းက စိုးနိုင်နဲ့ ခင်တယ်ဆိုတော့ စိုးနိုင့် အမေဆုံးတာ မသိဘူးလား“ လို့ မေးလိုက်ရတယ်။ဒီတော့ သူက အလန့်တကြားနဲ့ “ ဟာ ၊ ဆရာ တခုခုတော့ မှားနေပြီ၊ စိုးနိုင်အမေဆုံးတာ ငါးနှစ်လောက် ရှိပြီ“တဲ့ ။ ကျနော်ဆိုတဲ့ ကောင်က ဒါတောင် မလျော့ချင်သေးဘူး၊ မင်းဥစ္စာ သေချာမှလည်း လုပ်ပါကွာ။ ဘယ်သူက ကြံကြံဖန်ဖန် အမေမဆုံးပဲ ဆုံးပါတယ်လိမ်ပါ့မလဲ၊ သူ့ယောက္ခမတွေ ဘာတွေ ဆုံးတာများ ဖြစ်နေမလား“ ဆိုတော့ ဒီမောင်က ဘာမှ ဆက်မပြောတော့ပဲ စိုးနိုင်အိမ် အထိ ကျနော်တို့ အုပ်စုကို ခေါ်သွားပါတော့တယ်။ စိုးနိုင်အိမ်မှာ ဘာနာရေးမှ မရှိပါဘူး။ စိုးနိုင်လည်း မရှိပါဘူး။ ဒိထက်ပြည့်စုံအောင်ပြောရရင် အဲဒီနေ့က စိုးနိုင်တို့လမ်းထဲမှာ နာရေးရှိတဲ့ အိမ်လည်း မတွေ့ ရပါဘူး။
ပါလာတဲ့ ကျနော့်တပည့်တွေကတော့ ကျနော့်ကို သနားစရာသတ္တဝါလို ကြည့်ပြီး ဆရာ ၊ ဒီတခါ တော့ ညံ့သွားပြီ တဲ့ ။အမှန်အတို်င်း စိတ်ထဲ ရှိတာ ပြောရရင် ကျနော့်ကိုယ် ကျနော် သနားစရာလို့ မတွေးမိပါဘူး။ဒါပေမဲ့ စိတ်ထဲမကောင်းတာတော့ အမှန်ပါပဲ။ သူ့အရင် တပည့်ကျော်တယောက်လည်း သူ့သား ကိုးနှစ်သားလေး သံစူးပြီး မေးခိုင်ပိုး ဝင်တာ သုံးရက်ပဲ ခံတယ် ။ ဆုံးသွားပါပြီဆိုလို့ ကူညီခဲ့ဘူးပါတယ်။ သားကိုသေပါတယ် ပြောပြီး ငွေတောင်းတာ ထားပါတော့ ။အခုကိစ္စက သေသွားတဲ့ အမေကို နံမည်ထပ်ပျက်အောင် လုပ်တာမို့ စိတ်ထဲ အောင့်သက်သက် ခံစားရတယ်ဗျာ။ဒါနဲ့ပဲ ကားပေါ် မှာပါလာတဲ့ တပည့်တွေကို “ မင်းတို့လည်း လိမ်မယ်ဆိုရင်ကြည့်လိမ်ကြကွာ “ဆိုပြီး ကျနော်ကြားဘူးတဲ့ ပသီပုံပြင်တပုဒ်ကို ပြောပြဖြစ်ခဲ့ပါတယ်။
ရှေးခေတ်အီရတ်နိုင်ငံက သူဌေးကြီးတယောက်အကြောင်းပေါ့။အဲဒီသူဌေးကြီးဟာ မရှိဆင်းရဲ သားတွေကိုစာနာထောက်ထား တတ်သတဲ့ဗျာ။သူ့မှာ ပြိုင်ဘက်ကင်းတဲ့ မြင်းကောင်း တစီး လည်း ရှိသတဲ့ ။တခြားသော သူဌေးတွေက သူ့မြင်းရဲ့ကျော်စောလှတဲ့ သတင်းကြောင့် တန်ဘိုးငွေ အဆမတန်ပေးပြီး ပြန်ရောင်းဘို့် ကမ်းလှမ်းကြသတဲ့ ။ဘယ်လောက်ဈေးပေးပေး မရောင်းတာကြောင့် မြင်းလာဝယ်တဲ့ သူဌေးတယောက်က “ခင်ဗျား ဒီလောက်တောင် မရောင်းချင်တဲ့ မြင်းကို ကျုပ်မရရအောင် ယူပြမယ်လို့ ကြိမ်းဝါးပြီး ပြန်သွားပါသတဲ့ ။
ဒီလိုနဲ့ ရက်အတန်ကြာလာတော့ မြင်းပိုင်ရှင် သူဌေးဟာ သူ့မြင်းကို စီးပြီး ဒမတ်စကတ် မြို့ဖက်ကို ခရီးထွက်လာတော့ လမ်းမှာ လဲနေတဲ့ သူတောင်းစားတယောက်ကို တွေ့ရပါလေ ရော။ဒါနဲ့ သူဌေးဟာ မြင်းကို ရပ်ပြီး သူတောင်းစားကို အကျိုးအကြောင်းမေးတော့ အစာမစား ရတာ သုံးရက်တောင် ရှိပါပြီလို့ ဖြေသတဲ့ ။ဒီတော့ သူဌေးက ငွေစတချို့ထုတ်ပေးပြီး “ ရော့ ၊ ဒီငွေနဲ့ မင်းအစားဝယ်စားပေတော့ လို့လည်း ပြောရော သူတောင်းစားက “ထမင်းသုံးရက် မစားရတဲ့ သူဟာ ဘယ်လိုလုပ် ထမင်းရောင်းတဲ့ ဆိုင်ကို လျှောက်သွားနိုင်မလဲလို့ အထွန့် တက်ပြန်တော့၊ သူဌေးကြီးကလည်း “မင်းပြောတာ မှန်သားပဲ၊ဒါဆို မြင်းပေါ်ကို တက်“ လို့ ဆိုပြန်သတဲ့ ။
ဒီအခါမှာလည်း သူတောင်းစားက ထမင်းသုံးရက်မစားရတဲ့ သူက ဘယ်လိုလုပ် မြင်းပေါ် တက်နိုင်မှာလဲ ဆိုပြန်တော့ သူဌေးက မင်းပြောတာ မှန်တာပဲ လို့ ပြောရင်း မြင်းပေါ်ကဆင်း၊ သူတောင်းစားကို ပွေ့ချီပြီး သူတောင်းစားကို မြင်းပေါ်လည်း တင်လိုက်ရော သူတောင်းစားဟာ ပကတိလူကောင်းတယောက်လို မြင်းကို ကဆုန်စိုင်း စီးပြီး “ ကဲ ၊သူဌေး ၊အခုခင်ဗျား ဘာတတ်နိုင်သေးလဲ၊ ခင်ဗျားမြင်းကို ကျနော်ရပြီ “လို့ ပြောပြောဆိုဆို ရုတ်ခြည်း ထွက်သွားပါလေရောတဲ့ ။
ရုတ်တရက် မှင်တက်မိသွားတဲ့ မြင်းပိုင်ရှင် သူဌေးဟာ “လက်စသတ်တော့ ဒီလူဟာ တကယ့် သူတောင်းစားမဟုတ်ပဲ သူ့မြင်းကိုလာဝယ်တုန်းက ကြိမ်းဝါးသွားတဲ့ မြင်းဝယ်သူဆိုတာ သိလိုက်တာနဲ့ချက်ချင်း သတိပြန်ဝင်လာပြီး မြင်းစီးပြီး ထွက်သွားတဲ့ အယောင်ဆောင် သူတောင်းစားကို လက်ပြ တားလိုက်ရင်း “ အင်း ၊ ဟုတ်ပါပြီ၊ အလာဟ်အရှင် အလိုတော် ရှိရင်ရင်လည်း မင်း ငါ့မြင်းကို အပိုင်သာ ယူသွားပါတော့ ၊ဒါပေမဲ့ ငါ့မြင်းကို မင်းဘယ်လို ယူသွားတယ်ဆိုတာ ဘယ်သူ့ကို မှ မပြောပါဘူး ဆိုတဲ့ ကတိကိုတော့ ပေးပါ“လို့ ဆိုသတဲ့ ။
ဒီတော့ အယောင်ဆောင်သူတောင်းစားဟာ ထူးဆန်းလှတဲ့ သူဌေးရဲ့စကားကြောင့် မြင်းကို ခဏရပ်ပြီး “ ဘာကြောင့် ကျုပ်က သူတပါးကို ပြန်မပြောခိုင်းတာလဲ၊ ခင်ဗျား မြင်းကို အဆုံး ရှုံးရမှာ မနှမျောဘူးလား ဆိုတော့ သူဌေးက “ ငါ့မြင်းကို နှမြောတာထက် လောကကြီး ပျက်စီးသွားမှာ ငါပိုပြီး နှမြောလို့ “ ဆိုပဲဗျာ။
သူတောင်းစားလည်း တအံ့တသြနဲ့ ခင်ဗျား မြင်းကို ယူသွားရုံနဲ့ လောကကြီး ပျက်စီးရရော လားဗျာ“ လို့မေးပြန်တော့ သူဌေးက “ မင်းစဉ်းစားကြည့်ပေါ့၊ မရှိဆင်းရဲသားတွေကို ကူညီ စောင့်ရှောက်ဘို့ အလာဟ် အရှင်က သင်ကြားဆုံးမထားတယ်၊ မင်းက သူတောင်းစား ယောင်ဆောင်ပြီး ငါ့မြင်းကို ယူသွားတယ်၊ အဲဒီအကြောင်းကို မင်းက လူတကာကို လျှောက် ပြောတော့ ဒုက္ခရောက်နေတဲ့သူကို ဘယ်သူမှ ကူညီချင်တော့မှာ မဟုတ်ဘူး၊ဒုက္ခရောက်သူ တွေ ကူကယ်ရာမဲ့ပြီး ဆိုရင် လောကကြီး ပျက်စီးပြီပေါ့“ ဖြေတယ်တဲ့ဗျာ။
ပုံပြင်ဆုံးတော့ သူတောင်းစားလည်း သတိတရားရပြီး မြင်းကို ပြန်ပေးပြီး သူဌေးကို တောင်းပန် တာပေါ့။ကျနော်ပြောတဲ့ ပုံပြင်ကို နားထောင်နေတဲ့ကားပေါ်က တပည့်တွေ တယောက်မှ တုတ်တုတ် မလှုပ် တော့ပါဘူး။ ဟုတ်ပါတယ်။ ကျနော်အလိမ်ခံရတာကို ဝမ်းမနည်း လှပေမဲ့ ဒီလိမ်နည်း ကို ကျနော် မနှစ်မြို့ဘူးဗျာ။ ကျနော်ကိုယ်တိုင် ရည်ရွယ်ချက်ကြီး တခုနဲ့ မလိမ်လည်ခဲ့ဘူးပေမဲ့ လုပ်ရင်း ကိုင်ရင်း လိမ်သလို ဖြစ်သွားရတာ ၊တခါတခါ မလွှဲသာ မရှောင်သာ လိမ်လိုက်ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ ကျနော့်စိတ်က လိမ်ရမယ်ဆိုရင်တောင် မရှိဆင်းရဲသား တွေအပေါ် လိမ်လည်လို တဲ့ စိတ်အလျဉ်းမရှိခဲ့ဘူးဗျာ ။ကျနော့်အမေနာမည် သုံးပြီး လိမ်ဘို့ဆိုတာကတော့ ဝေလာဝေးဗျာ။
ကျနော်ဟာ သူခိုးတယောက်ဖြစ်ခဲ့ရင် မြန်မာရာဇဝင်ထဲက ငတက်ဖြားလို၊ ဓားပြဖြစ်ခဲ့ ရင် တောင် ရုပ်ရှင်ထဲက ဗိုလ်အောင်ဒင်၊ တောပုန်းကြီး စံဖဲ၊ ရော်ဘင်ဟုဒ် တို့လိုပဲ ဖြစ်ချင်ပါ တယ်။ကျနော့်ဘဝစာမျက်နှာတွေကို အခုပြန်လှန်နေတော့ ဇာတ်လမ်းဆုံးတဲ့အခါ ဒီအချက် ဟာ ပိုမိုပေါ်လွင်လာကောင်းပါရဲ့။ကျနော်လှုပ်ရှား ဖြတ်ကျော်ခဲ့တဲ့ မြန်မာ့စီးပွားရေးလောက ဟာ ပုံမမှန်လည်ပတ်နေတဲ့ ယန္တရားကြီးတခုလိုပါပဲ။အခြေအနေအားလုံးဟာ ရုတ်တရက် ပြောင်းလဲနေတတ်တဲ့ သဘောရှိပါတယ်။အစိုးရရာထူးအပြောင်းအလဲ ၊ဈေးကွက်အပြောင်း အလဲတွေဟာ မျှော်မှန်းထားသလို မဖြစ်ပဲ ကပြောင်းကပြန် ဖြစ်တာမျိုး ကြုံရတဲ့ အခါ ပေးထားတဲ့ ကတိတွေပျက်ပြီး ကြွေးရှင်ကို ရှောင်နေရတာ၊ အကြောင်းအမျိုးမျိုးပြပြီး လိမ် ရတာတွေ သေချာပေါက် ရှိခဲ့တာပေါ့ ။ဒါပေမဲ့ ကျနော် မရှိဆင်းရဲသားတွေကို မလိမ်ဘူး။ သူတို့ငွေမမျှော်လင့်ပဲ လာပြီးကြားညှပ်နေရင်တောင် သီးခြားဖယ်ထုတ်ပြီး ရှင်းပေးတတ် ပါတယ်။
ခင်ဗျား စဉ်းစားကြည့်လေ၊ တခါတလေ ဘယ်လိုမှ ရောင်းမထွက်တဲ့ ကားတို့အိမ်တို့ကို ရောင်းသူက သိန်းရာဂဏန်းဈေးကြီးတင်ပြီး သုံးလဆိုင်းလောက်နဲ့ ဇွတ်အတင်း ရောင်းချင်ကြတယ်။ ကိုယ်က အရင်းအနှီး ကြီးကြီးမားမားလိုနေတဲ့ အချိန်၊တခြားလုပ်ငန်းမှာ သေချာပေါက် အမြတ်အစွန်း ရမယ်မျှော်လင့်ပြီး လက်ခံမိတယ်။ တကယ်တော့ ထင်သလိုဖြစ်မလာတဲ့အခါ သူ့ငွေကို အချိန်မီ ပြန်ဆပ်နိုင်ဘို့ စောစောက သုံးလေးလဆိုင်းပြီး အရောင်းထိုင်း ပစ္စည်း ထုတ်မဲ့ လူမျိုးထပ်ရှာ ရှာရပြန်ရော ။ဒီလို လုပ်ရာက နှစ်ဆင့်သုံး ဆင့်လည်း လွဲရော လူလိမ် ဖြစ်တော့တာပါပဲ။ကျနော်ဟာ လူလိမ်တယောက်လို့ အများ မြင်စရာ ထင်စရာ ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။ သို့သော် ကျနော်ဟာ လိမ်မိရင် မျက်နှာမထားတတ်လောက်အောင် မျက်စိ မျက်နှာပျက်တတ်ပါတယ်။ “ ငါလိမ်နိုင်လိုက်ပြီကွ“ ဘယ်သောအခါကမှ ကျေနပ်အားရခြင်း မရှိခဲ့ပါဘူး။အပြစ်ကြီးတခု ကျူးလွန်ခဲ့တယ်လို့ပဲ အမြဲခံစားရပါတယ်။
……………………………………………………

အင်း … ။အဲဒီ ကုသိုလ်ကံစေတနာတွေကြောင့်လားတော့ မဆိုနိုင်ဘူး ။ ကျနော်ထီလက်မှတ် ဝယ်လိုက်ပြီး လေးရက်လောက်ကြာတော့ ကျနော့်ရုံးခန်းကို နဂါးနီ စားသောက်ဆိုင်မှာ တွေ့ ခဲ့တဲ့ ထီရောင်းသမား ပေါက်ချလာသဗျ ။ ပေါက်ချလာပုံကလည်း အမောတကောပုံစံ ။ “ ရှာလိုက်ရတာ ဆရာရယ် ၊ဆရာ့ကို ကျနော် ရှာနေတာ လေးရက်ရှိပြီ “တဲ့ ။ သူက ကျနော် ထိုင်ခိုင်းတာတောင် မထိုင်သေးပဲ “ဆရာ့ ထီလက်မှတ်တွေ ဘယ်မလဲ“တဲ့ ။ သူပြောခါမှ ကျနော်လည်း ထီလက်မှတ်တွေ ဘယ်နားထားမိပါလိမ့်ဆိုပြီး တော်တော်ပြန်စဉ်းစားယူရတာ ကလား ။
သူ့အပြောအရ အဲဒီနေ့ က သူထွက်သွားပြီး တနာရီလောက်အကြာမှာ ကျနော် ထီပေါက် နေတာ သူသိနေပြီ ဆိုပဲ ။ ဆိုင်ကို ပြန်လာရှာတော့လည်း မတွေ့ ၊ လိပ်စာလည်း ပေးမထား ခဲ့တော့ ဘယ်လိုမှ ရှာမရတဲ့ အဆုံး နဂါးနီစားသောက်ဆိုင်ပိုင်ရှင် ဦးကျော်မြင့်ကို လူုပုံပန်း မေးပြီး ရှာလာရတာ လေးရက်မြောက်မှ တွေ့သတဲ့ ။
အတိုချုပ်ရရင် မျှော်လင့်ချက်မဲ့တဲ့ နေ့တွေလို့ကျနော်ထင်ခဲ့တဲ့ အဲဒီနေ့မှာ ကျနော် ထီတ သိန်း ဆုပေါက်ခဲ့ပါတယ် ။ကားတစီးကို သုံးသိန်းကျော်လောက်ပဲ ရှိတဲ့ အချိန်၊ လက်ထဲ မှာလည်း ခြူးတပြားမှ မကပ်တဲ့အချိန်ဆိုတော့ တော်တော် အသုံးဝင်တယ် ဆိုရ မယ်ဗျ ။ထီရောင်းသမားက ထီလက်မှတ်ကို ရောင်းချင်ရင် သူရောင်းပေးပါ့မယ်ဆိုလို့ ရောင်းခိုင်း လိုက်တာ အပိုငွေ သုံးသောင်းတောင် ရသေးဗျ ။ထီရောင်းတဲ့သူကို အော်နာသဘောမျိုး ငွေငါးထောင်ထုတ်ပေးပြီး ကျန်တာကို လျှောက်သုံးပစ်လိုက်တာပါပဲ ။ ဘာမှ မယ်မယ်ရရ တော့ မဖြစ်လိုက်ပါဘူး ။ထင်တိုင်းလုပ်လို့ ဖြစ်မယ်ဆိုတဲ့ စိတ်တွေ မကုန်သေးတဲ့ အချိန်ပေါ့ ဗျာ ။တွင်းတူးပြီး မိုက်နေတုန်း အချိန်ပေါ့ ။ ဟုတ်တယ်။ ကျနော်ဟာ ဘဝတလျှောက်လုံးလိုလို ငွေကို ရေလိုလေလို သုံးဖြုံးနေခဲ့တယ် ။ငွေရမယ်ဆိုရင် ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ် ပါစေ ။ ကျနော် ရှင်းနိုင်တယ်လို့ ယုံကြည်နေခဲ့တယ် ။
တကယ်တော့ လောကကြီးဟာ ကျနော်ထင်ထားသလို မဟုတ်ပါဘူး။ကံကောင်းပါတယ် ဆိုတဲ့ အချိန်တွေ ကြုံခဲ့ရသလို ကံဆိုးတဲ့အခါကျတော့ လူငှားပြီး သတ်ခိုင်းတာမျိုးလည်း ကြုံခဲ့ ရဘူးပါရဲ့ဗျာ။သေချာတာပေါ့ဗျာ။ ကျနော့်ကို သတ်ခိုင်းတာပေါ့ ။အဆိုးထဲက အကောင်း လို့ ပြောရမယ်ထင်ပါရဲ့ ။ကျနော်ဟာ သူတပါးလက်ချက်နဲ့ သေနိုင်တဲ့ကံဇာတာ ပါမလာပြန် ဘူးဗျ ။ဟုတ်ပါတယ်။ ကျနော့်ကို မသေသေအောင် စံနစ်တကျ လူငှား အကွက် ၊ချပြီးအသတ် ခိုင်းတာ ကြုံရဘူးပါတယ် ။ဖြေးဖြေး ပြောတာပေါ့ဗျာ။ ဝင်္ကဘာဆန်တဲ့ ဘဝကို တညတည်း ၊တလတည်းတော့ ဘယ်လို အဆုံးသတ်နိုင်ပါ့မလဲ ။တထောင့်တညတော့ မကြာလောက် ပါဘူး။အာခြောက်လိုက်တာဗျာ။ ကွမ်းတယာလောက်စားပါရစေနော်။ ။
………………………..
ရုပ်ပုံ။ ။ ဂူဂဲလ်

5 comments:

Nyi Maung October 19, 2009 2:37 AM  

ကောင်းတယ်ဗျာ ဒါနဲ့ မျှော်ရတာ တော်တော်မောသွားတယ်။

Anonymous October 19, 2009 6:23 AM  

ကွမ်းတစ်ယာကို တော့ တစ်လကြာအောင် မစားပါနဲ့
ဦးသက်ခိုင်ရေ ။

တာတာ October 19, 2009 7:09 AM  

အစကနေပြန်ဖတ်ဖြစ်အောင်လုပ်တယ်-တော်တော်ရက်စက်တယ်ဗျာ-

ဂျစ်တူး ( မုံရွာ ) October 21, 2009 7:23 AM  

ဦးသက်ခိုင်ရေ---မင်းဒင်ကိုဋ္ဌကည့်ပြောပါအုံး-သူ့ကွမ်းတရာ
ကဘယ်လောက်များကြာအုံးမလဲမသိပါဘူးဗျာ-

Anonymous October 21, 2009 10:46 PM  

ဟုတ်ပ ကိုသက်ခိုင် ရယ် ကွမ်းတယာကို တလတော့မစားပါနဲ့ဗျာ

ဖြစ်လာသမျှ ပျက်ရမည်မှာ ဓမ္မတာတည်း..