ကျနော်နှင့်နက်ကျား၊ဓားတောင်နှင့် မီးပင်လယ် ။
(မင်းဒင် ရေးသည်)
နက်ကျားသည် ကျနော့်အိမ်က ကြောင်မလေးဖြစ်ပါသည် ။ အဖြူနှင့်အနက်ကြားနေသော ကြောင်ကလေးဖြစ်၍ ကျနော်က နက်ကျားဟု အမည်သညာပြုထားသည်။ နက်ကျားကား ကျနော့်အိမ်ပေါက်ကြောင်ဖြစ်သည်။
နက်ကျား၏ အမေသည် တကိုယ်လုံးအနက်ရောင် ကြောင်နက်ဖြစ်၍ ထိုင်းရိုးရာ အစွဲ အလန်းကြောင့် ဘေးအိမ်တို့ လက်မခံလေသလော မဆိုနိုင်ချေ။ ကျနော့်အိမ်မှာ လာ၍ သားပေါက်သည် ။ သူတို့မွေးစဉ်ကသော် စုစုပေါင်း လေးကောင်ဖြစ်သည်။ အကြင်ကြောင် ပေါက်လေးကောင် ဖင်သရမ်းလွန်း၍ အနံ့ဆိုးကို မခံနိုင်သည့် အဆုံး ကြောင်ချေးပါနည်း သင်တန်းပေးရန်စီစဉ် သော တည၌ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ အကြောက်လွန်ကြကာ ကျနော့်အိမ် မှ ပြောင်းရွေ့ ပျောက်ကွယ်သွားကြသည်။ တလခန့်အကြာတွင် သူ့မိခင် ကြောင်နက်မကြီး နှင့် အတူ ပြန်ပေါက်ချလာပြီးမှ တကောင်ချင်းပြန်ပြန် ပျောက် သွားကြပြန် ရာ နက်ကျားမှာ နောက်ဆုံး ကျနော့်အိမ်တွင် နောက်ဆုံးသောင်တင်နေရစ်ကာ အိမ်ထောင်စု စာရင်းဝင် ဖြစ်လာခဲ့သည် ။နက်ကျားအမေကား နောက်ထပ် အိုးသစ်အိမ်သစ် ထူထောင် သွားခဲ့ပြီ ။နက်ကျားကို ပြန်လှည့်မကြည့်တော့ ။
………………………………….
တိရိစ္ဆာန်သဘာဝပေလော မဆိုနိုင် ။ နက်ကျားအမေသည် နက်ကျားကို ဂရုတစိုက်မရှိခဲ့ချေ ။
နက်ကျာုး ငယ်စဉ်ကသော်၊သူ့မိခင်က ကြောင်တို့တတ်အပ်သော အတတ်ပညာတို့ကို ရက်တိုသင်တန်း မျှ သင်ကြားပေးသည်ကို ကျနော်မြင်ခဲ့ဘူးသည်။ခြံစည်းရိုးပေါ်သို့ ခုန်တက်နည်း ၊ထိုမှသည် ခုန်ချနည်း နှင့် ကျွန်တော့်ခြေထောက်ကို သူ့ခေါင်းနှင့် ပွတ်နည်း ၊ဤသုံးနည်းမျှသာ ကျနော့် စိတ်မှာ မှတ်မှတ်ထင်ထင်ရှိသည် ။ရက်တိုသင်တန်းကို နက်ကျား မကျေညက်သည်မှာ သေချာသည်။ အကြောင်းကား ကျွန်တော့်ခြေထောက်ကို ပွတ်နည်း မှလွဲ၍ ကျန်နည်းတို့ကို ယခုထက်တိုင် နက်ကျား မကျွမ်းကျင်သောကြောင့်တည်း ။
……………………………………………………
အထီးကျန် သင်းကွဲကြောင် နက်ကျားဘဝကား မလုံခြုံလှချေ။ ဘေး ရှေ့ ဝဲယာအိမ်များမှ ဧရာမကြောင်ထီးကြီး များက တွေ့ရာနေရာမှာ ကိုက်သည်။ ကျနော်ရှေ့တွင်ပင် ဘေးအိမ် မှ ကြောင်ဝါကြီးလိုက်ကိုက် သည်ကို မြင်ဘူးသည်။ နက်ကျားမြောင်းကျဉ်းလေး ထဲသို့ခုန်ချ ထွက်ပြေးမြန်၍ သာ လွတ်ခဲ့ သည်။၊တကြိမ်သော် ကြောင်ဝါကြီးလက်ချက်ကြောင့် ပင်ထင် သည်။ ဘယ်ချိန်က အကိုက်ခံထားရသည်မသိ ။အကိုက်ခံထားရသောပေါင်မှ ဒါဏ်ရာမှာ မြင်မကောင်းအောင် စုတ်ပြဲနေသည် ။ ကြောင်မွေးကျင့်မရှိ၍ ကြောင် ပြုစုနည်း နိဿရည်း လုံးလုံးမသိရကား ကျနော်တတ်သမျှနည်းမှာ ဆနွင်းမှုန့် သိပ်ခြင်းသာ ဖြစ်လေရာ သည်လို နှင့်ပင် နက်ကျားဒဏ်ရာ ပျောက်ရသည် ။
ထို့ကြောင့် နက်ကျားတကောင် ညည ခြံဝင်းမှာ ဆင်းမအိပ်ရဲ ။ အိမ်ပေါ်မှာ ကျနော့်အနား ကပ်၍ တညောင်ညောင်လုပ်နေရရှာသည် ။ကျနော့်အိပ်ခန်းထဲမဝင်ရန် ရိုက်မောင်းပုတ်မောင်း လုပ်ထားမိ၍ အခန်းထဲမဝင်ရဲရှာပဲ အခန်းပြင်က တညောင်ညောင်လုပ်နေကျ။ ကျနော် အခန်း အပြင်ထွက်လိုက်သည်နှင့် တံခါးဝမှာ ငုတ်တုတ်တွေ့ရမြဲ။ဤကား နက်ကျား၏ အိပ်ကောင်း ခြင်း မအိပ်ရသော ဒုက္ခတည်း ။
………………………………………..
ကျနော်ကား တောသားမြန်မာဖြစ်၍ ကြောင်စာကို ခေတ်မီကုန်တိုက်များမှ မရွေးတတ် ၊ မဝယ်တတ်ရကား ထမင်းနှင့်ဟင်းကိုနယ်၍သာ ကြွေးတတ်သည်။ နက်ကျားသည် သူ့စားခွက်ထဲက အစာကို ခွက်ထဲမှာ ထား၍ မစားရဲရှာ ။ခွက်နှင့်ဝေးရာကို တတုံးတလေ ဆွဲချီပြီး စားလေ့ရှိသည်။ အစတော့ ကျနော်“ ဒီကြောင် စားခွက်ထဲမှာမစားပဲ ဘာကြောင့် ညစ်ပတ်အောင်လုပ်ရသလ“ဲ ငြိုငြင်မိသည်။ သေချာလေ့လာမိမှ သိရသည်ကား ဘေးခြံက ကြောင်ကြီးများ ရုတ်တရက် အလစ်အငိုက် ဝင်ရောက်လာခါ အစာရော ကြောင်ပါ ဝင်ရောက် ကိုက်ဆွဲတတ်ခြင်းကြောင့် ရုတ်ခြည်းပေါ်လာတတ်သော အဆို ပါရန်မှ ရှောင်ရန်ပင် ။ နက်ကျားကား စားကောင်း ခြင်း လည်း မစားနိုင်လေ ။
…………………………………….
ကျနော်ခြံထဲသို့ဆင်း၍လမ်းလျောက်ချိန်သည် နက်ကျားလွတ်လပ်ရေးရချိန်ဖြစ်သည် ။ သစ်ပင်ကြားမှာ မြူးတူး ခုန်ပေါက်မည် ။ မမှီမကမ်းသစ်ရွက်တို့ကို လှမ်းပုတ်သည် ။ဟိုမှ သည်မှ လှစ်ကနဲ လှစ်ကနဲ မျက်စေ့နောက်လောက်အောင် ပြေးလွှားသည်။ သူဘာကြောင့် မြူးနေမှန်း အစက ကျနော်မသိ။ကျနော်ရှိနေ၍ အခြားကြောင်ကြီးများ မလာရဲသည့်အချိန် နက်ကျားတကောင် သတ္တိပြောင်ပြောင်လက်ခမောင်း ခတ်နေခြင်းဖြစ်သတည်း။
…………………………
ယခုကား နက်ကျား ကိုယ်ဝန်ဆောင်သည် ဘဝရောက်နေလေပြီ။ အလိုတူကြည်ဖြူ လေသည်လား အဓမ္မအနိုင်ကျင့်ခံရလေသည်လား ၊ကျနော်အတိအကျ မသိနိုင်ပါ ။ အခြေအနေအရပ်ရပ်ကို ထောက်ချင့်ရသော် နက်ကျားခြံထဲဆင်းအိပ်သော အချိန်များမှာ ဝုန်းဝုန်းဒိုင်းဒိုင်း လိုက်တမ်း ပြေးတမ်းအသံများကြောင့် အသာတကြည်ကိစ္စတော့ မဖြစ် တန်ရာ။ဤအမှုအရေးနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းရေးကော်မရှင် မဖွဲ့နိုင်သည် ဖြစ်ရာ သည်အတိုင်းသာ လက်ပိုက်ကြည့်နေလိုက်ရသည်။ဤရက်ပိုင်း ကျနော့်ကို လာပြီး ပွတ်သီး ပွတ်သံလုပ်နေသည်မှာ သူ့မီးနေ သည်ဘဝအတွက်ကြိုတင် အသနားခံနေ ဟန် တကား ။ဤလည်း တဒုက္ခပေတကား။
………………………….

အချုပ်ဆိုရလျှင် နက်ကျားသည် ကြောင်ဖြစ်ပါလျက် ကြောင်တန်းစေ့ ဘဝမရရှာခဲ့ချေ ။
ကြောင်ချင်းတူ သူချင်းမျှမျှ မနေရရှာချေ။ထိုင်းဖွားကြောင်အများစုမှာ ကြောင်စဉ်မှီမှီ နေကြရသည် ။ဖျားနာသော် ကြောင်ဆေးခန်းတို့ လက်ညှိုးထိုးမလွှဲရှိသည် ။ ထိုင်းကြောင် အများစုမှာ ကြောင်စာသီးသန့် သုံးဆောင်တော်မူကြသည် ။ ထိုမျှမကသေး ။ ကြောင်ရေချိုး ရာ တွင် သုံးသော ရှန်ပူ ။ ကြောင်ရေမွှေး ။ကြောင်ပိုးသတ်ဆေး။ ကြောင်အိပ်ရာ။ ကြောင် အသုံး အဆောင် အပြည်အစုံနှင့်အပြုအစုခံကြရသည် ဖြစ်ရာ ကြောင်ဘဝကိုအားကျ စရာ၊ ကြောင်ဖြစ်ရပါလို၏ဟုပင် ဆုတောင်းချင်စိတ်ပေါ်လောက်သည်။
……………………………………..
ပြောမည့်သာ ပြောရသည် ။ ကျနော်လည်း ယခုပစ္စက အချိန်တွင် လူဖြစ်လျက် လူလိုနေရ သည်မဟုတ်ချေ။ သမိုင်း ထဲက ရန်ဖက်တိုင်းပြည်မှာ နက်ကျားနည်းတူ ကံကွက်ကြား ၍ လာပြီးသောင်တင်နေရသည် ။ ပြည်တော်ပြန်ရန်လည်း မဖြစ်နိုင်။ ဇာတိမြေနှင့်ဝေး နေရ ခြင်းကား ကြီးစွာသော ဆင်းရဲခြင်း ပေတည်း။ နတ်ဘုံနတ်နန်း တွင် နေရလင့် ကစား ၊ကိုယ့်ရေကိုယ့်မြေနှင့် ကွေကွင်းရလျှင် ငရဲတမျိုးပေတည်း ။ကျနော်သည် နက်ကျားနှင့် ဘာထူး ပါ သနည်း ။
……………………………………….
ကျနော်သည်ငွေကြေးအထိုက်အလျောက် ပြည့်စုံသူကား မှန်ပါ၏။ သို့သော် ထိုင်းရဲကား မြန်မာမှန်လျှင် တရားခံချည်း ဟူ၍ သဘောပိုက်လေရကား ကျနော့်ကို ပြဿနာ ရှာမရလျှင် ကျနော့် အလုပ်သမားတွေနှင့် ကျနော့် စားဝတ်နေရေးကို ဖြေရှင်းပေးနေသည့် ဈေးဆိုင်ကို ပြဿနာ ရှာမည်ကို စိုးရိမ်ရပေသေးရာ ဆိုင်အတွက်ရဲကြေးပေးနေရရုံမျှမက ၊တွေ့သမျှ အိမ်လာသမျှ ရဲကို အရက်ဘီယာမျိုးစုံ ပေးရ ကမ်းရသည် ။ မျက်နှာ ချိုသွေးရသည် ။ အချိန်မရွေး ဝါးရမ်းနှင့်တမျိုး ဝါးရမ်းမပါပဲ တသွယ် ဒုက္ခလာပေး မည့်နေ့ကို တကြောင့်ကျကျ ဖြစ်နေ ရသော ဘဝပင်တည်း ။
ထိုင်းအစာ ခပ်စပ်စပ်ကို ကျနော်မနှစ်မြို့သော်ငြား ကျိတ်မျိုချခဲ့သည့် အကြိမ်ပေါင်းမနည်း သည့် နည်းတူ အိမ်အနီးဘေးဘီဝန်းကျင်မှ ထိုင်းအသိမိတ်ဆွေတို့ပြောသမျှ သဘောကျကျ မကျကျ “ခပ်“ “ခပ်“ “ခပ်“ တခပ်တည်းခပ်နေရသည်မှာလည်း ဝဋ်ဒုက္ခတမျိုးပေတည်း ။မည်သို့ပင်ဆိုစေ ကျနော့်ဘဝသည် တမြို့တည်းနေ မြန်မာအလုပ်သမားတို့၏ ဘဝနှင့် နှိုင်း စာပါလျှင်ကား လောကနိဗ္ဗာန်ဆိုနိုင်ပါသေး၏ ။
……………………………

မျိုးစုံသော အနိဌာရုံတို့တွင် ကျနော်တယောက်တည်း လောကနိဗ္ဗာန်တည်ဆောက်နေ၍ မဖြစ်ချေသေး။ ကျနော်နေထိုင်ရာ ဖူးခက်မှ ကျနော်နှင့်အနွယ်တူ ရွေ့ပြောင်း အလုပ် သမား များ၏ဘဝကား ကျနော့်ထက် အပုံကြီးဆိုး နေလေသေးသည် ။နိုင်ငံတကာ ဧည့်သည်တို့ ဥဒဟိုဝင်ထွက်နေ၍ ယဉ်ကျေးဖွံ့ဖြိုးလှသည်ဆိုလေသော ဖူးခက်လို မြို့ကြီး မှာပင် လျှင် မကြာသေးမီ ရက်ပိုင်းကပင် သူခိုးဟု မတရားစွပ်စွဲခံရသော မြန်မာလူငယ်တဦး ဥပဒေမဲ့ သေလုမတတ် အရိုက်ခံရ၍ ဆေးရုံတင်သည့် တိုင် ကျနော်အပါအဝင် မည်သည့် မြန်မာက မျှဝင်၍ စကားဟဟ အရေးမဆိုဝံ့ခဲ့ချေ ။ တရားဝင်အလုပ်သမားဘတ်ရှိသော်ငြား အလုပ်ရှင် နာမည် မတူသည်ကို အကြောင်းပြ၍ ထိုင်းဘတ်ငွေတောင်းခံရသည့် ဒုက္ခသတင်း။ မြန်မာ အလုပ် သမား တို့၏ လုပ်အားခမရှင်းပဲ အလုပ်ရှင်က ထိုင်းရဲကို လက်တို့ကာ အချုပ်ထဲ ထည့်သည့် မကြားချင် စရာသတင်းတို့လည်း အပုံအပင် ။ဖူးခက်မြို့ အပါအဝင် ထိုင်းနိုင်ငံ တနံတလျား မြန်မာ အလုပ်သမားတို့လူဖြစ်ရှုံးရသည့် အဖြစ်တို့ကို စာဖြင့်စီကုံးလျှင် ကျမ်း ထူထူ အုပ်ရေသောင်း ချီ ပေလိမ့်မည် ။
………………………………………………….
အမှန်စင်စစ် မွေးရပ်မြေနှင့် အိုးမကွာအိမ်မကွာ နေထိုင်ကြရလေသော ကျနော်တို့ တိုင်းပြည်က လူထုသည်လည်း လူလိုနေကြရသည်မဟုတ်ချေ။မီးမှန်မှန်မလာသေး၍ ကျောက်ခေတ် လူသား တပိုင်းဘဝမှာသာ ရှိသေးသည် ။ ထင်ရှားသော ဥပမာကား နာဂစ်မုန်တိုင်း ကာလ မှာလူအများမှာ လူလိုပင်မသေနိုင်ခဲ့ကြချေ။လူသားတဦးကဲ့သို့ မိမိထင်မြင်ချက် ကို ထုတ်ဖော်ပြောခွင့်မရှိကြချေ။ ရေးသားခွင့်မရှိချေ။ လူအခွင့်အရေးဟူသည် အိပ်ရာဝင်ပုံပြင် အဖြစ်ပင် ထုတ်ဖော်ပြောခွင့်မရနိုင်ကြချေ ။တိုင်းပြည်ကောင်းစားစေလိုသူတို့ ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံတည်း။တကယ်တော့ ကျနော်တို့ ပြည်တွင်း က မြန်မာလူထုသည်လည်း ကိုယ့်အိမ်မှာကိုယ်နေရင်း ထောင်ကျနေသော အကျဉ်းသားများ နှင့် ကွာခြားလှသည်တော့မဟုတ်ချေ ။ ၊
…………………………..
ပြည်တွင်းပြည်ပ မြန်မာတို့ကား လူဖြစ်ရှုံးသည့် ဒုက္ခကို မခံစားနိုင်သည့် အဆုံး အစိုးရ ကို မုန်းလွန်းသည်နှင့် မြန်မြန်ပြုတ်ပြီးရော သဘောနှင့် မီးလောင်ရေကြီး ပျက်စီးခြင်း ငါးပါးဆိုက် သည့် ပြည်တွင်းက အကုသိုလ်သတင်းကိုပင်ကြံဖန် ဝမ်းမြောက် နေတတ်ကြ လေပြီ။ လူဖြစ်ရှုံးခြင်း တမျိးပေတည်း ။ လူဟူသည်ကား အမင်္ဂလာသတင်းကို ကိုယ်ချင်းစာစုတ် သတ်ဝမ်းနည်း ရရိုး ဓမ္မတာ မဟုတ်လော။
………………..
ထိုမှတဖန် မြန်မာပြည်အုပ်စိုးသူတို့ ဘဝကိုစေ့ငုပါလျှင်လည်း အထက်တန်းကျကျ လူဖြစ်ရှုံး နေရခြင်းဟုပင် ကျနော်မြင်သည် ။သိက္ခာမဲ့သော လူ့ဘဝကား အထက်တွင်နေနေ အောက် တွင်လျောင်းလျောင်း နေပျော်သောဘဝမဟုတ်သည်ကား သေချာသည် ။တိုင်းပြည် ဘာဖြစ် ဖြစ် အာဏာလက်မလွှတ်ရလျှင်ပြီးရော စိတ်သဘောမွေးလေသည့် ဗိုလ်ချုပ်အုပ်စုကား သား တရားစီရင်ခန်း အရ ကြည့်လျှင် မိခင်အရင်းသည် သားငယ်ကို အသေခံ၍ အဓမ္မ တွန်းထိုး ဆွဲယူ နေသကဲ့သို့တည်း။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ မှတ်ယူခြင်း မရှိသည်မှာ ထင်ရှား သည် ။လူမိုက်အားကိုး မိတ်ဆွေမဖွဲ့အပ်သူ ကိုအဆွေခင်ပွန်းဖွဲ့ကာ တရုတ်နှင့်ပေါင်း မြောက်ကိုးရီးယားနှင့် ပလဲနံပသင့်နေခြင်းသည်ပင် မြန်မာ့အုပ်ချုပ်သူတို့လူ့အဝန်းအဝိုင်းနှင့် ဝေးနေခြင်းပင်တည်း။တနည်းလူဖြစ်လျက် လူတောမတိုး၊နိုင်ငံတခု အမည်ခံပါလျက် နိုင်ငံတကာတောမတိုး နိုင်သော အဖြစ်ပင် ။
………………………………………
ဆယ်တန်း အောင် သည်နှင့် လူဖြစ်နိုင်ရန် လူတောတိုးနိုင်ရန် အလို့ငှာ၊ မြန်မာပညာတတ် လူငယ်တို့ လည်း မြန်မြန်ကြီးပွားလျှင်ပြီးရော စစ်ဆေးစစ်အင်ဂျင်နီယာကျောင်းတွေတက်ကာ စစ်ဝါဒ အမွေ ဆိုးကို ပျော်ပျော်ကြီး ဆက်ခံနေမြဲပင်။ ကွန်မြူနစ် စံနစ်စတင်သန္ဓေတည်ရာ နိုင်ငံကြီးသို့ ရောက်နေရခြင်း ပင်လျှင် ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာထင်မှတ်နေကြသော စစ်ဗိုလ်ငယ်တို့သာ ရှိကြလေသလော။တိုင်းပြည်နှင့် လူမျိုးလူစဉ်မမှီ လူတောမတိုးသော ဘဝဖြင့်နေထိုင်နေကြရသည်ကို ကြည့်နေရင်း အနှစ်တရာ အသက်ရှည်ရသော်ငြား လူထု လူလိုနေရရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရဲသော စစ်သားဘဝဖြင့် တရက်အသက်ရှင် ရခြင်း က ပို၍ မြင့်မြတ်သေး သည် ဟူသော အယူအဆရှိသော မျိုးချစ်စစ်သည် တို့ မရှိကြ တော့ လေပြီလော ။
…………………………………………
ပညာရေးဝန်ထမ်း၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းပါမကျန် ပြည်တွင်းက ဝန်ထမ်းအများ စုသည် လည်း စားပွဲအောက်က ငွေကိုမျှော်ကိုးကာ လူဘဝ၏ အနှစ်သာရသည် အသက်ရှင် ယုံသက် သက်တည်း ဟူသော ခံယူချက်ရှိကုန်ကြလေပြီ ။ထို့ထက်ဆိုးသော လူ့ဖြစ်ရှုံးခြင်း ဘယ်မှာ လျှင် ရှိပါတော့အံ့နည်း ။ဘယ်သူ့ကိုမှ၊ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်သော ငတေ လူမျိုး အဖြစ် ရောက်နေကြလေပြီ ။ နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံသားတိုင်း ၊လူတန်းစေ့ အောင် လူစဉ်မှီ နေထိုင်နိုင်အောင် နည်းပညာ စီမံခန့်ခွဲမှုအတတ်ပညာ ပုံစံမျိုးစုံဖြင့် မီးကုန် ယမ်းကုန် အားထုတ်နေကြချိန်တွင် ကျနော့်တို့အဖြစ်ကား ကိုယ်တွင်းကိုယ်ယက် ၊ ကိုယ့်သေတွင်းကိုယ် တူးနေကြသည်နှင့်သာ တူတော့သည် ။စစ်ဝါဒ စံနစ်ဆိုးကြီးကို မဖြိုဖျက် နိုင်သေး သမျှ ကာလ ပတ်လုံး မြန်မာပြည်သည်လည်းကောင်း မြန်မာလူထုသည်လည်းကောင်း မြန်မာ အုပ်စိုး သူတို့ သည်လည်းကောင်း လူအဖြစ်နှင့်ဝေးသထက်ဝေး နေဦးမည်သာ ဖြစ် ပေသည် ။
………………………………….
လူလိုနေနိုင်သော သဘာဝသယံဇာတ နှင့် လူ့အရင်း အမြစ် တို့ ရှိနေပါလျက် လူစဉ်မမှီ ရသော ကျနော့်ဇာတိနိုင်ငံ၏ အဖြစ်ကား တွေးမိလေ ရင်နင့်ဖွယ်ကောင်းလေပင် ။ မှန်ကင်း အစစ်က ထင်းဖြစ်နေသောဘဝများအတွက် ကြေကွဲဖွယ် ကောင်းလေစွ ။
လူလိုနေနိုင်ခြင်းပင်လျှင် ဒီမိုကရေစီပေလော ။ထိုသို့ဆိုပါမူ ကျနော်သည် ဒီမိုကရေစီကို သည်းစွာတောင့်တာပါ၏။မြန်မာတဦး၏ လူ့သက်တမ်း ကြေးမုံသတင်းစာပါ နာရေးကို အခြေခံလျက် တွက်စစ်ပြရလျှင် ၇၀ နှစ်ဝန်းကျင်သာ ရှိသည်။ ထိုအသက်အပိုင်းငယ် လေးအတွင်း မဂ်တရားဖိုလ်တရား အားထုတ်ဖို့ မဆိုထားဘိ၊ နေစာညစာပင် နပ်မမှန်သော ပြည်သူတို့ကား အရှင်လတ်လတ် ငရဲအထပ်ထပ်က ဘဝမျိုးစုံတွင် နေသားကျလျက်ရှိပေပြီ ။
အုပ်စိုးသူတို့ကားအိုရနာရသေရဦးမည်ကို ပင်မေ့လျော့ကာ ငွေနှင့်အာဏာသာ ရှိ၍ လူ့သိက္ခာ တပြားသားမှ မရှိသော ဘဝမရှိသောအဖြစ်ကြီးကို လောက နိဗ္ဗာန်နှင့်ယိုးမှား နေကြလေ ယောင်တကား ။
………………………………….

ကြာညောင်းလှပြီ မဆိုနိုင်သေးသော သမိုင်းတလျှောက်လုံး မြန်မာကို မော်မကြည့်ရဲခဲ့သော ကျနော်နားခိုရာနိုင်ငံတွင်ပင် နိုင်ငံသား အများစုမှာလူအဖြစ်ကို ရနေကြလေပြီ။ ကျနော်တို့ တမျိုးသားလုံးတင်းပြည့်လူလိုနေနိုင်သော ဘဝရောက်အောင် ဓားတောင်ကို ကျော်၍ မီးပင် လယ်ကို ဖြတ်ရသော်လည်း ဖြတ်သင့်ဖြတ်ကောင်းသည်ဟုသာ ကျနော်ယူဆချင်တော့သည် ။
။မေတ္တာပို့ခြင်းနည်းနာကား စစ်ဝါဒကို တိုက်ဖျက်ရာ၌ ဆေးကောင်းတလက်မဖြစ်နိုင်ခဲ့ကြောင်း မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီးလေပြီ။
ကျနော်တို့လူမျိုးကား သီးခံခွင့်လွှတ်ခြင်း တရားဘာဝနာပွားများခြင်းဖြင့် ငြိမ်း အေး မှုကို အတန်အသင့် ရှာနိုင်လေသော်ငြား ဆွေးနွေး စေ့စပ်ခြင်းမှသည် ဓားကိုဓားချင်း လှံကိုလှံချင်း အံတုန့်နှင်းဘို့ သာ ထိုက်သည်ဟု ကျနော်မြင်တော့သည် ။
……………………………………………
ကြောင်ဖြစ်ရကျိုးမနပ်သော၊ကြောင်လိုမနေရသော ကြောင်ကလေး နက်ကျား ၏ဘဝကို ကြည့်၍ ကျနော့်အဖြစ် ကျနော့်လူမျိုး ကျနော့်တိုင်းပြည်အဖြစ်တို့နှင့် ချိန်ထိုးစဉ်းစားကာ ကျနော် လူလိုနေချင် စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာပါသည် ။ဒင်ပြည့်ကြပ်ပြည့်လူလိုမနေ ရသော ဘဝ၌ လောက စည်းစိမ်ဟူသမျှကား ရယ်ဖွယ်မျှသာ ဖြစ်ပေလိမ့်မည်။ ကျနော် မသေမီ စပ်ကြား ကာလ၌ လူလိုနေသွားချင်သေးသည်ကား သေချာလှပါသည် ။ စစ်ဝါဒဆိုးကြီး လောင်းရိပ်မှ လွတ်မြောက်သည်၏ တနေ့၌ လူသားတဦး၏ ဂုဏ်သိက္ခာ အပြည့်ဖြင့် ကျနော့်မွေးရပ်ဇာတိရွာအနီးမှ ဖျောက်ဆိပ် ပင်ကြီးအောက်မှာ ဟိုင်ဖိုင်စံနစ်သုံး ကွန်ပြူတာ တလုံးဖြင့် ရေးလက်စ“သက်ခိုင် “ဇာတ်လမ်းရှည်ကြီးကို ဆက်ရေး ချင်ပါသေး သည်။
…………………………
ထိုအတွေးဤအတွေးတို့၏ အဆုံးတွင် လူ့ဘဝရောက်ခိုက်လူလိုနေရရေးနှင့်ကျနော်တို့ လူမျိုး၏ သစ္စာ အရောင် ၊ ဥာဏ်တန်ဆောင် သည် အနာဂတ် ကာလ၌် ပြောင်လျက်ဝင်းလျက် ကျန်စေရေးအတွက်၊ကျနော်သည် မူလဗီဇအခြေခံအားဖြင့် သတ္တိ၊ဗျတ္တိနည်းသည်ဆို နိုင်လေ ငြား၊ ဓားတောင်နှင့်မီးပင်လယ်ကို ထီမထင်သော စိတ်သဏ္ဍာန် သည် ကျနော့်ရင်တွင်းမှ ရုတ်ခြည်းလူးလွန့်နိုးထလာယောင်တကား ။ ။
………………………
မင်းဒင်


7 comments:
ဒါးတောင်နဲ့ မီးပင်လယ်ကို ဖြတ်ဖို့ စာရင်းပေးသွင်းပါရစေ ဦးကြီးမင်းဒင်ရေ
တူမောင်
ဗျို့ဆရာကြီး
ဘာပြောရမှန်းတောင်မသိတော့ဘူး။ဘာမှလဲမပြောချင်တော့
ဘူး၊လုပ်စရာရှိရင်သာလက်တို့လိုက်။
ထိုင်းနဲ့မြန်မာ လူစွမ်းလူစခြင်း ကတခြားစီပါဗျာ၊ အခုတော့ ကျနော် တို့ အဖြစ်တွေက ရင်နာစရာပါ၊
အားတင်းထားကြပါ၊ အမြဲတန်း ဒီလိုမဖြစ်နိုင်ပါဘူး၊
လွန်စွာမှန်နေကြောင်းပါခင်ဗျ။ မြန်မာရယ်လို့ဖြစ်လာရင် အလုပ်သမားပဲဖြစ်ဖြစ် ကျောင်းသားပဲဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ် စစ်သားပဲဖြစ်ဖြစ် နောက်ဆုံး ဗိုလ်ချုပ်တွေပဲ ဖြစ်ဖြစ် လူ့ဂုဏ်သိက္ခာနဲ့ကင်းနေကြတာ၊ အောက်ကျနောက်ကျဖြစ်နေကြတာ အတူတူပါပဲခင်ဗျာ။ ဒီဘ၀တွေက လွတ်မြောက်အောင်လုပ်ဖို့ဆိုရင်လည်း ကိုယ်စီကိုယ်ငှ တာဝန်သိသိနဲ့ လုပ်ဆောင်မှဖြစ်ပါမယ်။ သို့သော်လည်း အများစုက ဖြစ်တဲ့ဘ၀မှာ ပျော်သလိုနေ တနေ့ထမင်းသုံးနပ်လေးမှန်ရင် တော်ပါပြီလို့ ယူဆနေကြ ရင်တော့၊ သို့တည်းမဟုတ် ပြီးတော့လည်း ပြီးတာပါပဲလို့ ထင်နေကြရင်တော့ ဘယ်တော့မှ လွတ်မြောက်ကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်။ အကိုကြီး ရေးခဲ့တာ၊ တွေးနေတာတွေအများစုဟာ ကျွန်တော်တို့ လူငယ်များနဲ့ နီးစပ်ပါတယ်ခင်ဗျာ။
Yes!!!! That is totally true, Ko Min Din. Time is running out and I deeply believe that our time is up. Are we ready?
We are ready, When our time is up?
အခက်ကိုမှ ရအောင်အားထုတ်ချင်တဲ့ ဗီဇရှိသူ ဦးမင်းဒင်ကို မြန်မာပြည်အရေးမှာ ကိုယ်တိုင်စတင်ဦးဆောင်လှုပ်ရှားဘို့ ပြောပါရစေ။
Post a Comment