၇၈။ မျှော်လင့်ချက်မဲ့တဲ့ နေ့တွေလည်းရှိ
တကယ်တမ်းပြောရရင် ဆရာဦးအောင်သင်းရဲ့ စာပေသြဇာကို ကျနော်နည်းနည်းတော့ လန့်တယ်ဗျ။ သူက မေမြို့စစ်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြဆရာ လုပ်ခဲ့ဘူးသတဲ့ ။ ဆရာ အောင်သင်းဟာ စာအရေးအသားထက် စာပေဝေဖန်ရေးမှာ အားကောင်းတယ် ။ တခါ ကဆို “အောင်သင်းဘာ ပြောပြော“ဆိုပြီး မဂ္ဂဇင်းတခုမှာ ရေးလိုက်ရာကနေ မဂ္ဂဇင်း စာမျက် နှာတွေမှာ အပြန်အလှန်ရေးကြ အော်ကြနဲ့ ဧရာမစာပေတိုက်ပွဲ ကြီး တခုလိုဖြစ်ပြီး စာပေ လူ ကြမ်း မင်းသားလို့တောင် အမည်တွင်သွားခဲ့ဘူးသေးတယ်ဗျ ။နောက်ပိုင်းတော့ စာပေ ဝေဖန် ရေးတွေ ၊လူငယ်မြှင့်တင်ရေးတွေဖက်ကို ရောက်သွားတယ်။သူဟောတဲ့စာပေ ဟောပြောတွေ ကို ကျနော် ရှစ်တန်းကျောင်းသား ဘဝလောက် ကတည်းက ကျနော်တို့ကျောင်းမှာ လာဟော လို့ နား ထောင် ခဲ့ဘူးတယ် ။ တော်တော် အပြောအဟော ကောင်းတာကလား။ ။သူဟောတာ ပြောတာ ချက်ကျလက်ကျ ဖြစ်လွန်းလို့ ကျနော်ကြိုက်တယ် ။

သူက စကားပြောတဲ့နေရာမှာ တကယ့်ကို ပါရဂူမြောက်ကျွမ်းကျင်တာဗျ။ စကားကြီး ဆယ်ခွန်း ထဲမှာ ဆရာ အောင်သင်း အကျွမ်းကျင်ဆုံးကတော့ ကောက်ပင်ရိတ်လှီးပြောနည်းလို့ ထင် တာ ပဲဗျ ။ကျနော်သတိထားမိသလောက် သူစကားပြောရင် တဖက်လူကို နလံမထူနိုင်အောင် ဖြတ်ပိုင်းလှီးချ အောင်ပွဲရအောင် ပြောတတ်တယ်။ခုလဲ ၊ ကြည့်လေ၊ ဝိုင်းမှာ ထိုင်တောင် မထိုင်သေးဘူး၊ သူနဲ့ ဆရာမောင်သာရ ခွန်းကြီးခွန်းငယ် ဖြစ် လာတာကို စားမြုံ့ပြန်နေလေရဲ့ ။ အေးဗျ။ အဲဒီ ခေတ် အဲဒီအချိန်တုန်းက ဆရာမောင်သာရကလည်း စာပေအသိုင်းအဝိုင်းမှာ သူ့ခေတ်နဲ့ သူတွင်ကျယ် နေတဲ့အချိန်ဗျ ။ ကျနော်လည်း ဆရာ မောင်သာရ ရေးသမျှ စာအုပ်ကို မဖတ်ဘူးတဲ့စာအုပ် မရှိသလောက်ပါပဲ။ ဆရာမောင်သာရ ရဲ့ စာပေသြဇာဟာ ကျနော်တို့ အပေါ်မှာ တော်တော်ကြီးခဲ့တယ် ဆိုပါစို့ ။ အေးလေဗျာ။ သြဇာ ကြီးဆို သူရေး တဲ့စာအုပ်ကို မဖတ်ခင် စာအုပ်နံမည်ကြားရကတည်းက စိတ်ထဲမှာ သရိုး သရီ ဖြစ်ကြရတာ ကလား ။ ကြည့်လေ။“ ထမိန်ကျွတ်၍ လွှတ်လိုက်သည်“။“ စီးပလေစေ ၊မောင်မ သုတ်နဲ့“။ “ခါးတကယ် မတို့ခင်က ယားတယ်လို့တွန့်“ “နောက်ဆုံး ကျတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ“ ။ ကဲ၊ အဲဒါ သူ့စာအုပ် နာမည်တွေဗျ ။
ဆရာအောင်သင်းနဲ့ ဆရာမောင်သာရ မြို့ထဲတနေရာမှာ ဆုံမိကြတော့ ဘယ်ကဘယ်လို ငြိကြသလဲ မပြောတတ်ဘူးဗျ ။ ဆရာမောင်သာရက “ ဆင်သွားရင် လမ်းဖြစ်တယ် “ လို့ ပြောတာကို ဆရာအောင်သင်းက “ခင်ဗျား ဆင်က အကန်းကြီး “လို့ ပြန်ပက်ခဲ့သတဲ့ ။သဘော ကတော့ ဆင်ကန်းတောတိုး ဖြစ်နေတာကို ဆိုလိုတယ် ထင်ပါရဲ့ ဗျာ။ ဆရာအောင်သင်းက သူနဲ့ ဆရာမောင်သာရ အချေအတင်ပြောခဲ့တာကို အားရပါးရပြောနေပေမဲ့ ကျနော်ကတော့ ဘေးကနေ ငြိမ်ပြီး အကွက်ချောင်းနေတယ်ဗျာ ။ ဟုတ်တယ်လေ၊ ရှိန်တာလန့်တာက တခြား ဒီလိုနိုင်ငံကျော် ပုဂ္ဂိုလ်နဲ့တွေ့တုန်း ကိုယ့်စိတ်ထဲမရှင်းတာ မေးဘို့ သူ့အလစ်အငိုက်ကို စောင့်နေတယ်ဆိုပါတော့ ။
ဆရာအောင်သင်းကတော့ ဆရာလယ်တွင်းသားလောက် အရက်သောက်တာ မကြမ်းဘူးဗျ ။ အမြည်း လေး စားလိုက် တခွက်မော့လိုက်နဲ့ ပုံမှန်လေးသွားနေတယ် ။ ဒီလိုနဲ့ ညခုနှစ်နာရီခွဲ ဝန်းကျင် လောက်မှာ ဟောပြောပွဲစဘို့ အချိန်ကျနေတာနဲ့ ဆရာလယ်တွင်းသားက ပွဲဦးထွက် သူပဲတာ ဝန်ယူလိုက်ပါ့မယ် ။ ဆရာအောင်သင်း အရှိန်ရအောင် အေးအေးဆေးဆေးသောက် ပါစေဆို ပြီး ဟောပြောပွဲရှိရာ ထွက်သွားသဗျ ။အရက်ဝိုင်းမှာ ဆရာအောင်သင်းနဲ့ ကျနော်နှစ် ယောက်တည်းကျန်ခဲ့ပါလေရော ။
အဲဒီအချိန်မှာ ဆရာအောင်သင်းက အမြည်းပန်းကန်တွေ လျှောက်ကြည့်ပြီး ကိုက်လန်ကြော် တဖတ်ကို တူနဲ့ညှပ်ပြီး စားလိုက်တယ်။ပြီးတော့ “ဟေ့ ဖိုးသက်ခိုင် ဒါက ဘာတုန်းကွ ။ ကန်ဇွန်း ရွက် လည်းမဟုတ်ပါလား“တဲ့ ။ ဒါနဲ့ကျနော်လည်း ဟာ ၊ ဆရာ ဒါ ကိုက်လန်လို့ ခေါ်တယ် ။ အရက်နဲ့တော့ တော်တော်လိုက်တယ် ဆရာလို့လည်းပြောလိုက်ရော “အေးကွ ။ ကိုက်လန် ဆိုတာ ကိုယ်တခါမှ မစားဖူးဘူး“ ဆိုပဲ ။ဒါနဲ့ ကျနော်လည်း အကွက်ကောင်း ဆိုက်ပြီ ဆိုပြီး .. “ဒါနဲ့ဆရာ ၊ ဆရာနဲ့ကျနော်နှစ်ယောက်တည်း ရှိတုန်း ကျနော့်စိတ်ထဲ ပြောချင်တာလေး ပြော ပါရစေ “ဆိုတော့ ဆရာကလည်း“ အေး ၊ ပြောလေကွာ“တဲ့ ။
အမှန်က ကျနော့်စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတာက သမိုင်း ကိစ္စဗျ ။အဲဒီခေတ်တုန်းက သမိုင်းပြုစုရေးကော်မရှင် ဆိုပြီး နိုင်ငံတော်က ကမကထပြုပြီး လုပ်နေတာရှိတယ်။ ကျနော့် စိတ်ထဲ သမိုင်းဆိုတာ အစိုးရက ပြုစုမှတော့ ဘယ်မှာလာပြီး အမှန်တရားပေါ်တော့မလဲ ။ သမိုင်းကို ပြုစုရမှာက သမိုင်းပညာရှင်တွေရဲ့ အလုပ်လို့ ပဲ ကျနော် ရိုးရိုးသားသားနားလည် တယ် ။ခင်ဗျား စဉ်းစားကြည့်လေ။ ဘုရင်က မှန်နန်းဆောင်မှာနေရာပေးပြီး သမိုင်း(ရာဇဝင် ) ရေးခိုင်းသတဲ့ ။အမှီအခိုမကင်းတဲ့ သမိုင်းဆရာဟာ ဘယ်လို လုပ် သမိုင်းအမှန်ကို ပြုစုမလဲ ဗျာ ။
ဒီတော့ကျနော်က ဆရာအောင်သင်းကို “ဆရာ ၊ ကျနော်သမိုင်းကို အယုံအကြည်မရှိဘူး“ လို့ စွတ်တင်ပစ်လိုက်ရောဗျာ ။ ဒီတော့ ဆရာအောင်သင်းက အာမေဋိတ်သံနဲ့ “ဟေ ၊ ဒါဆို မင်းက သီပေါမင်းပါတော်မူတာကို မယုံဘူးလား“တဲ့ ။ကဲ ၊ကြည့် ။ မေးသူကို နလံမထူ နိုင်အောင် ပြန်ခွပ်လိုက်တာပဲဗျ ။
ဒါပေမဲ့ကျနော်ပြောတာကတခြား ဆရာအောင်သင်း ကျနော့်ကို ထောက်လက် သီးပေးသလို ပြန်ဖြေတာက တခြားဖြစ်နေတယ်ဗျ ။ဒါနဲ့ ကျနော်က သမိုင်းကော်မရှင်ဖွဲ့တဲ့ ကိစ္စကို ပြောပြ ပြီး အဲဒါကြောင့် ကျနော်မယုံကြည်နိုင်တဲ့ အကြောင်း ပြန်ရှင်းတော့ သူက .. “မင်းက သမိုင်း ပြုစုတဲ့ လူတွေကိုမယုံတာပဲ။ သမိုင်းကို မယုံတာမှ မဟုတ်တာ“တဲ့ ။ကျနော်လည်း ဟောတဲ့ ပြောတဲ့နေရာမှာ စကားနိုင်လုတဲ့ နေရာမှာ တခေတ်မှာတယောက် ဆိုသလို နံမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်နဲ့ ဆက်ပြီးငြင်းမလို့လုပ်နေတုန်း ကိုမြင့်ဦးဝင်လာပြီး ဆရာမြသန်းတင့်က ကျနော့်အိမ် မဝင်နိုင်တော့ပဲ ဟောပြောပွဲဆီကို သွားပြီ ၊ အရက်ဝိုင်းကို အထပ်သား စက်ရုံ ဧည့်ရိပ်သာကို ရွေ့ခဲ့ပါပြောတာနဲ့ စကားပြတ်သွားရောဗျာ ။
ကျနော်လည်း တပည့်ကျော် ဝင်းကြည်ဆိုတဲ့ ကျနော့်တပည့်ကျော်တယောက်ကို အမြည်းတွေ အရက်တွေ အထပ်သား ဧည့်ရိပ်သာထဲ စံနစ်တကျ ရွေ့ပြောင်းဘို့မှာခဲ့ပြီး ဆရာအောင်သင်း ကို ကားပေါ် တင်ပြီး ဟောပြောပွဲဆီ လိုက်ပို့လိုက်ရရော ဆိုပါတော့ ။
………………………………………..

ကျနော်ရောက်သွားတော့ ဆရာ လယ်တွင်းသားစောချစ်က တရုပ်သိုင်းဝတ္တုတွေအကြောင်း ကနေ မျက်မှောက်ခေတ်စာပေအကြောင်း ဆက်စပ်ပြီးဟောနေလေရဲ့ ။ ကျနော်လည်း ဧည့်ခံရေးကို တာဝန်ယူထားတော့ ဟောပြောပွဲကို သေချာတော့ နားမထောင်လိုက်ရပါဘူး။ ကျနော့်အမြင်ပြောရရင် ဆရာလယ်တွင်းသားစောချစ်က သူ့စာတွေဘယ်လိုကောင်းကောင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအာဘော်က မလွတ်ပါဘူး ။ဆရာအောင်သင်းကတော့ “သရက်ထောင် ဖောက်ခဲ့စဉ်က“ ဆိုတဲ့ ဆောင်းပါးနဲ့ စာရေးဆရာဖြစ်လာပေမဲ့ မဆလအစိုးရကို ထိခိုက်မဲ့ အချက်တွေကိုတော့ လိမ်လိမ်မာမာ ပါးပါးနပ်နပ် ရှောင်လွှဲပြောသွားတာပါပဲ ။ဆရာမြသန်းတင့် အတည်ငြိမ်ဆုံးနဲ့ သူယုံကြည်ရာကို စွဲစွဲမြဲမြဲ ဆက်ပြီး စွဲကိုင်ထားတဲ့ ပုံစံလို့ ကျနော့်စိတ်ထဲ အကဲရမိတာပါပဲ ။
ဆရာ မြသန်းတင့်က သူ့ရဲ့နာမည်ကျော် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဆိုတဲ့ ဝတ္တု ဖြစ်လာပုံ ၊ သူရေးဖွဲ့ခဲ့ပုံတွေကို လူတန်းစားအမြင်တွေပါထည့်ပြီး ဟောတယ်။ နောက်ဆုံးပိတ် ဆရာကတော့ ထုံးစံအတိုင်း ဆရာအောင်သင်းပေါ့ ။ ခံစားသိနဲ့ ကြံဆသိ၊ ကြောင်မှာ ကြောင်ကျူကေးရှင်း ရှိသလို လူမှာ အက်ကျူးကေးရှင်း ရှိတယ် ဆိုတာတွေ ဟောတော့ တာပါပဲ ။တကယ်တမ်းလည်း ဆရာအောင်သင်း ဟာ ဟောတဲ့ပြောတဲ့နေရာမှာ အချက်ကျကျ ပြောတတ်တာတော့ ပြိုင်စံရှားပဲဗျ ။ ပရိသတ်တဝါးဝါး တဟားဟား လက်ခုပ် သံတဖြောင်းဖြောင်းနဲ့ ပွဲကို ဆူအောင်လုပ် နိုင်တာကတော့ ဆရာအောင်သင်းပဲဗျာ ။
………………………………………
ညဆယ့်တစ်နာရီလောက် ဟောပြောပွဲလည်း ပြီးရော သောက်ပွဲဆက်ကြပြန်ရောဗျ ။ ကျနော် ကတော့ အထပ်သားစက်ရုံထဲမှာ ကိုယ့်အိမ်လို လူတွင်ကျယ်လုပ်လို့ မတော်ချေဘူး ဆိုပြီး ခပ်ကုတ်ကုတ်ပဲနေပြီး ပြန်ပို့ဘို့ သာ စောင့်နေလိုက်တော့တယ် ။
ထူးခြားတာက ဆရာမြသန်းတင့်ဗျ ။လူလုံးလူဖန်သေးသေး၊မျက်မှန်ထူထူနဲ့ စကားဟဟ မပြောလှဘူး ။ခပ် အေးအေးပုံစံပဲ ။ တကယ့်ကို ဂန္တဝင်စာပေတွေကို ရေးခဲ့တဲ့ ဆရာမြသန်း တင့် ဆိုတာ သူမှ ဟုတ်မှလေစ လို့တောင် ထင်စရာပါပဲ ။အဲဒီညက ကျနော်နဲ့ ဆရာမြသန်း တင့် စကားမပြောဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီညက တွေ့ခဲ့တဲ့ စာရေးဆရာ သုံးယောက်မှာ ဆရာမြသန်းတင်ကို ကျနော့် အလေးစားဆုံးပါပဲ ။
ရေချိန်ကိုက်လာလို့ထင်ပါရဲ့ ၊ ဆရာအောင်သင်းဟာ အဆိုတော်ရုပ်ရှင်မင်းသား မြတ်လေး ရဲ့ ကပြားမလေး ဂိုယာရမ် သီချင်းကို အကျယ်ကြီးဟစ်နေလေရဲ့ ။ဆရာလယ်တွင်းသားကလည်း ဘေးကနေ ရောပြီးသံယောင်လိုက်နေတယ် ။ အဲဒီအချိန်မှာ ဗြုန်းဆို ကုတ်အင်္ကျီ အမည်းကြီး ဝတ်ပြီး လူတယောက် ဝင်ချလာပါရောဗျာ ။ထူးထူးဆန်းဆန်း ဒီလူဟာ အရက်တော် တော်မူး နေပြီး အာလေးလျှာလေးသံကြီးံနဲ့အင်္ဂလိပ်ကဗျာတပုဒ်ကို ရွတ်ရင်းဝင်ချလာတာဗျ ။ဒါကို မြင်လိုက်ကြားလိုက်တဲ့ ဆရာ အောင်သင်းဟာ ရုတ်တရက် မျက်နှာထားတည်သွားပြီး မတ်တတ် ထရပ်လိုက်တယ်၊ ပြီးတော့ “ ဟေ့ကောင် ၊မင်းဘာကောင်တုန်း၊ ဘယ်ကကောင် တုန်း“ တဲ့ ။ ကျနော်လည်း ရုတ်တရက်ဆိုတော့ ကြောင် သွားတယ်။ အမှန်ပြောရရင် သူ့ကို ကျနော်လည်း မမြင်ဘူးဘူးဗျာ ။ အဝတ်အစား ဝတ်ထားတာကလည်း ကုတ်အကျီင်္အစုတ်၊ ဥပဓိရုပ်ကလည်း တော်တော်ညံ့ဆိုတော့ ဒီလူ ဘယ်ကလဲ ၊ဘာလို့ဝင်လာတာပါလိမ့်ဆိုပြီး စဉ်းစားနေတုန်း ဦးခင်မောင်ရင် ပြာပြာသလဲ ဝင်လာပြီ ..“ ဟာ ၊ ဆရာ တို့နဲ့မိတ်ဆက်ပေး ဘို့ မေ့နေတယ် ။သူက အမှတ်(၁၀) အထပ်သား စက်ရုံမှူး ဦးကျော်မြင့် သိန်းပါ“တဲ့ ။ကောင်း ကြ ရော ပေါ့ဗျာ။သူ့စက်ရုံက လုပ်တဲ့ စာပေဟောပြောပွဲကို လာဟောတဲ့ စာရေးဆရာတွေက စက်ရုံမှူးကို ဆီးဟောက်မိနေတာပေါ့ ။ ခက်တာက ဧည့်ခံကြိုဆိုရေးတာဝန်ယူထားတဲ့ ကျနော်တောင် စက်ရုံမှူး ဥပဓိရုပ်ညံ့တာ ကြားဘူးနားဝ ရှိပေမဲ့ လူကိုယ်တိုင်တော့ မမြင်ဖူး ခဲ့ဘူးဗျာ။နောက်ပိုင်းမှ သိရတာက စက်ရုံမှူး ဦးကျော်မြင့်သိန်းဟာ စာပေကို ဝါသနာထုံတဲ့ စာသမားပေသမား ။ဒီဟောပြောပွဲမှာ ဒီဆရာတွေကို ဖိတ်ပါဆိုတာ လည်း သူကိုယ်တိုင် စီမံ ခန့်ခွဲခဲ့တာဆိုပဲ။
……………………………………….
စက်ရုံမှူးပါလို့လည်း မိတ်ဆက်ပေးလိုက်ရော ဆရာအောင်သင်းလည်း စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ ..“ အော် ဖြစ်မှဖြစ်ရလေဗျာ ။စောစောစီးစီး မိတ်ဆက်ပေးထားမှပေါ့“တဲ့ ။နောက်တော့ ဆက်ပြောသေးတယ်။ “နေအုံးဗျ ၊စောစောက ခင်ဗျား ရွတ်လိုက်တဲ့ ကဗျာဟာ တကယ့်ဂန္တဝင် ကဗျာ၊ ခင်ဗျား ရွတ်ပုံ ဆိုပုံ ဌာန်ကရိုဏ်းမကျဘူး ။ကျနော်ရွတ်ပြမယ် နားထောင်“ဆိုပြီး စောစောက ဦးကျော်မြင့်သိန်း ဝင်လာရင်း ရွတ်ခဲ့တဲ့ အင်္ဂလိပ်ကဗျာကို အသံနေအသံထားနဲ့ ရွတ်ပါ လေရောဗျာ။ ကျနော်ဆိုတဲ့ ကောင်ကလည်း ကဗျာဆိုရင် မြန်မာကဗျာတောင် သိပ်နား ရည် ဝလှတာ မဟုတ်တော့ ဘယ်သူရေးတယ် ဘယ်လို ဂန္တဝင်မြောက်တယ် ဆိုတာ မပြော တတ် ပါဘူးဗျာ။ ဒါပေမဲ့ ဆရာအောင်သင်း ရဲ့ ကဗျာရွတ်ဟန် ကဗျာရွတ်သံဟာ ကဝိတဆူ ဟန် ပေါက်နေတာ တော့ အမှန်ပဲဗျ ။
ကျနော်ကတော့ သူတို့သောက်နေတဲ့ ဝိုင်းကို အကဲခတ်ပြီး လိုတဲ့အရက် အချိန်မှီရောက် အောင် ကြည်ဝင်းကိုကားနဲ့ ကျနော့်အိမ်လွှတ်လွှတ်ပြီး ရမ်ပုလင်းရော ဆော်ဒါပုလင်းပါ သုံးခေါက်လောက် ယူခိုင်း လိုက်ရ တယ်။
အင်း ကျနော်လည်း နေရာတကာ အရာရာနဲ့အကြောင်းကြောင်းချည်း ပြောရမလိုပဲဗျာ ။ အဲဒီညက စာရေးဆရာအဖွဲ့ကို ဧည့်ခံရာကနေ ကားနဲ့လူနင်းသတ်မိသလို ဖြစ်တော့မလို့ဗျ။ ဖြစ်ပုံက အဲဒီညဆယ့်နှစ်နာရီလောက်လည်း ရှိရော စာရေးဆရာတွေကို ပြန်ပို့ဘို့ စီစဉ်ကြတဲ့ အချိန်ပေါ့ ။ အချိန်က တော်တော်နောက်ကျနေပြီဆိုတော့ စာရေးဆရာတွေကို ကားတစီး တည်း စုတင်ပြီး လိုက်ပို့လို့ မဖြစ်တော့ဘူးဗျ ။ဒါနဲ့ တယောက်တစီးစီ နေအိမ်တွေအရောက် ပြန်ပို့ကြဘို့ တာဝန်ခွဲလိုက်တာ ကျနော်က ဆရာအောင်သင်းကို ပြန်ပို့ဘို့တာဝန်ကျ တယ် ဗျာ ။ဆရာ အောင်သင်းကို ကားပေါ်တွဲမတင်ရပေမဲ့ သောက်တာ တော်တော်များ နေတော့ ခြေလှမ်း မမှန် ချင်တော့ဘူး။
ကိုမြင့်ဦးက ဆရာအောင်သင်းနဲ့ ကားနောက်ခန်းမှာ ထိုင်ပြီး ကားကို ကျနော်မောင်း မယ် ပေါ့ဗျာ။ ဒါပေမဲ့ ကျနော် ကားထဲဝင်ထိုင်လိုက်ပြီး ကားစတီယာရင်ကို ကိုင်ရင်း ကျနော့်စိတ်ထဲ စနိုးစနောင့်ဖြစ်လာသလို ခံစားရတယ် ။ဆရာအောင်သင်းကလည်း ကိုမြင့်ဦးကို ဘာတွေပြော မှန်းမသိ ဝူးဝူးဝါးဝါး တွေပြောနေရာကနေ “ဟေ့ကောင် ၊သက်ခိုင် မောင်းလေကွာ“ တဲ့ ။ ဒါပေမဲ့ ကျနော် စိတ်ထဲမှာ တစုံတခုက သတိပေးနေသလို ထူးထူးဆန်းဆန်း ခံစားရတာနဲ့ မမောင်း သေးပဲ ခပ်ငူငူ စဉ်းစားနေမိတယ် ။
အဲဒီအချိန်မှာ ကျနော့်ခေါင်းထဲကို ဝင်းကြည်အကြောင်း ဝင်လာတယ်ဗျ ။ဟုတ်တယ် ။ တပည့်ကျော်ဝင်းကြည်ဆိုတဲ့ကောင်က တကယ့်အရက်ဂျိုး။ အဲဒီနေ့က စာရေးဆရာတွေ ဧည့်ခံမှာမို့ ဝင်းကြည်ကို ပွဲပြီးမှသောက်ပါကွာလို့ ချော့မော့တောင်းပန်ထားတာ အခုပွဲပြီး တော့ ဒီကောင် ဘယ်ရောက်နေသလဲ ကျနော်စဉ်းစားနေတာ ။ဒါနဲ့ကျနော်က ကားနောက် ခန်း က ကိုမြင့်ဦးကို “ ဝင်းကြည်ဘယ်ရောက်နေသလဲ “ မေးလိုက်မိတယ်။ သူကလည်း မသိဘူးတဲ့ ။ ဒါနဲ့ ကျနော် ကားပေါ်က ဆင်းပြီး ဧည့်ရိပ်သာပေါ်ပြန်တက်ပြီး ရှာတယ် ။ မတွေ့ ဘူး။ ဒါနဲ့ ဟိုရှာဒီရှာလုပ်ရင်း စိတ်ထဲမှာ သိပ်မသကာင်္တာနဲ့ ကျနော့်ကား အောက်ကိုငုံ့ကြည့် လိုက်မိတယ် ။ ဟာ ။ တကယ့်လူမိုက်ပါပဲဗျာ ။ ဝင်းကြည်ဟာ ကျနော့် ကားအောက် တည့် တည့်မှာ ဝမ်းလျားထိုးကြီး အိပ်ပျော်နေသဗျ ။အေးပေါ့ဗျာ။ ကျနော်သာ ကားပေါ်က ဆင်းမရှာ မိရင် ဝင်းကြည်ဟာ ကားဘီးနဲ့ အကြိတ်ခံရဘို့သေချာပေါက်ပေါ့ဗျာ ။ ကြည့်ရတာ စာရေး ဆရာတွေ အတွက် အိမ်ကို သွားသွားယူခိုင်းနေတဲ့ အရက်ပုလင်းတွေထဲကနေ လမ်းမှာ ကြား ဖြတ်ပြီး မော့လာတာ ရေချိန်လွန်သွားတယ် ထင်ပါရဲ့ ။
ကျနော်က ဝင်းကြည်ခြေထောက်ကို ဆွဲပြီး နှိုးရင်း ထွက်ခဲ့ဘို့အော်တော့မှ ဗလုံးဗထွေး အသံနဲ့ ကားအောက်က ထွက်လာလေရဲ့ ။ ကျနော်က “ဟေ့ကောင် ငါ့ကို ထောင်ထဲ ထည့်နေတာလား“လုပ်တော့ “မဟုတ်ဘူးလေ ဆရာရယ် ။ ဆရာပြန်ထွက်ရင် ကျနော် မကျန်ခဲ့အောင် ကားနားမှာ စောင့်နေတာပါ“တဲ့ ။ကျနော့်မှာ စိတ်ဆိုးရအခက် ဒေါသဖြစ် ရအခက်နဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူး ။ဒါနဲ့ ကျနော်လည်း အဲဒီညက ကား မမောင်းတော့ပဲ ကိုမြင့်ဦးကို ကားမောင်းဘို့ပြောပြီး နောက်ခန်းမှာ ဝင်ထိုင်လိုက်တယ် ။ ဆရာအောင်သင်းကတော့ ကျနော်တို့ အဖြစ်ကို ဘာမှ မသိတော့ပါဘူး ၊ ဇက်ကျိုးနေပါပြီ ။ ကျနော့်ပေါင်ပေါ်မှာ ခေါင်းတင်ပြီး အိပ်နေရင်းက “ သက်ခိုင် ၊ မင်းကိုတော့ မမေ့ဘူးကွ၊ ငါ့ကို ကိုက်လန်စားဘူးအောင် ကျွေးတဲ့ကောင် “ လို့ တတွတ်တွတ် လုပ်နေလေရဲ့ ။
………………………….
စာရေးဆရာတွေ အကြောင်း စကားကောင်းနေလိုက်တာ ကံကောင်းတဲ့ အကြောင်းတောင် စကားစ ပြတ်သွားတယ်။ဟုတ်ပြီ ။ကံကောင်းတဲ့ ဖက် ပြန်လှည့်ဦးမှ ။ ကျနော်ကံကောင်း တယ်ဆိုတာ မီးလောင်တာနဲ့ ပတ်သက် နေတယ် ။
ကျနော်တို့နေတဲ့ လှိုင်မြို့နယ်ကတော့ ဗျာ။နွေရာသီရောက်လို့ အဆိုတော် ကိုထွန်းရွှေ ဆိုတဲ့ “ရန်သူမီးကို အစဉ်အမြဲ သတိပြုပါ “ ဆိုတဲ့ သီချင်းကို လမ်းပေါ်မှာ လော်စပီကာနဲ့ လိုက် အော်လို့ မဆုံးခင် မီးစလောင်တတ်တဲ့ မြို့နယ်ဗျ။ မီးဟေ့ဆိုတာနဲ့လောင်ပြီးသား ဆိုတဲ့မြို့ နယ်ပါပဲ ဗျာ။အဲဒီခေတ် အဲဒီအချိန်ကတော့ မီးလောင်တဲ့နေရာမှာတော့ နှစ်တိုင်း လိုလို တံခွန်စိုက်ဆု ချိတ်နေကျပါပဲ ။မတော်တဆလောင်တယ် ။ မတော်တဆ မလောင်ရင် လောင်အောင်ရှို့တယ် ။၁၉၇၄ ဝန်းကျင်လောက်က ကျနော်တို့နေတဲ့(၅)ရပ်ကွက်မှာ ရှို့မီး အကြီးအကျယ် လောင်ဘူး တယ်ဗျ။ သေချာပေါက်မှတ်မိနေတာက အဲဒီအချိန်က လှိုင်ဈေး ကြီး မီးလောင်ပြီး ခါစအချိန် ။ တမြို့နယ်လုံး မီးလန့်နေတဲ့အချိန် ။မီးလန့်နေလို့ မီးကင်း တွေဘာတွေ ပိုချပြီး သတိနဲ့နေ နေကြရင်းက ထလောင်တာပါပဲဗျာ ။စလောင်တာက သမဝါ ယမဆိုင်ဗျ။ ရှို့တဲ့သူက ဆိုင် တာဝန်ခံ။သမဝါယမဆိုင်က စလောင်တာဆိုတော့ သက်ဆိုင် ရာက စစ်တာ ဆေးတာ ဖမ်းတာ ဆီးတာတွေလုပ်တာပေါ့ဗျာ ။အစကတော့ ဆိုင်ထဲက ဝါယာ ရှော့ဖြစ်ပြီး လောင်သလိုလို ဘာလိုလို အသံထွက်ပေမဲ့ သမဥက္ကဋ္ဌ ဦးထွန်းလှအောင်တို့ ဆိုင် တာဝန်ခံ ဦးစိုးနိုင်တို့ကို တလကျော်လောက် ဖမ်းထားပြီးလည်း စစ်လိုက်ရော အမှုမှန် ပေါ်လာတော့ တာပါပဲ ။ ဦးထွန်းလှအောင်နဲ့တော့ မဆိုင်ဘူးဗျ။ သူ့ခမျာ စစ်ကြောရေးမှာ တော်တော် ထုထောင်းခံလိုက်ရတယ်လို့ သူကိုယ်တိုင်ပြောပြ ဘူးတယ် ။နောက်ဆုံးတော့ ဝါယာရှော့ဖြစ်တယ် ထင်ရအောင် စံနစ်တကျ မီးရှို့တာက ဆိုင်တာဝန်ခံဦးစိုးနိုင်ဆိုတာ ပေါ် လာတယ် ။ တကယ့်ဥာဏ်ကြီးရှင်ပဲဗျာ ။ သမဝါယမဆိုင်နဲ့ ပတ်သက်တဲ့ စာရင်း စာအုပ် တွေ ကို ဓာတ်ဆီ အပြည့်ထည့်ထားတဲ့ ဇလုံကြီး တခုနားမှာ စုပုံပြီး အဲဒီ ဇလုံပေါ်မှာ လေးဆယ် ဝပ်မီးလုံးတလုံး ကို မထိတထိ ထားခဲ့လိုက်တာတဲ့ ။ညဖက်ရောက် လို့ ညစောင့်လုံခြုံရေးက မီးဖွင့် လိုက်တော့ မီးလုံးက တဖြည်း ဖြည်းပူလာပြီး မနက်နှစ်နာရီ တရပ်ကွက်လုံး က လူတွေ အိပ်မောကျနေတုန်း ဝုန်းကနဲ ထ လောင်တဲ့ အဖြစ်ပါပဲဗျာ ။ အဲဒီနေ့က လောင်တဲ့မီးကတော့ သမဝါယမဆိုင်တင်မကဘူး ။ ငါးရပ်ကွက်တကွက်လုံး ပြောင်အောင် လောင်တာပဲဗျို့။ အဲဒီဆိုင်တာဝန်ခံ ဦးစိုးနိုင်က အရောင်းတာဝန်ခံ အမျိုးသမီးနဲ့ လည်း ဘာလိုလို ဇာတ်လမ်း ရှိသေးသတဲ့ ။ အမှုကို တရား ရုံးတင်ပြီးတော့ ဦးစိုးနိုင်လည်း ထောင်ဆယ်နှစ်ဆိုလား ကျသွား လေရဲ့ ။ဒါပေမဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တခုနဲ့တိုးပြီး ငါးနှစ်လောက်အကြာမှာ လွတ်လာ တယ်။ လွတ်လာပြီး မကြာခင် အဆုတ်ကင်ဆာလိုလို အဆုတ်နာလိုလို ရောဂါနဲ့ သေတာပါပဲ ။တချို့ ပြောတော့ ထောက် လှမ်းရေးက စစ်ကြောရေး မှာ ထုထောင်းထားတဲ့ ဒဏ်တွေလို့ လည်း ပြောကြသဗျ ။
……………………………..

အဲသလို မီးလောင်တဲ့အကြိမ်ပေါင်းများစွာထဲက တကြိမ်မှာတော့ ကျနော်လည်း မီးဘေး ဒုက္ခ သည် ဘဝရောက်ခဲ့ရရောဗျာ ။ ၁၉၉၃ မှာ ကျနော့်နေတဲ့ ယောက္ခမအိမ် မီးထဲပါ သွား တယ်။ မီးလောင်တော့ ကျနော်က ဘားလမ်းတရား ရုံးမှာ အရက်ထိုင်သောက်နေ တဲ့အချိန် ။ ကျနော့် ဇနီးကလည်း အသုဘတခုလိုက်ပို့နေတော့ အတွင်းပစ္စည်း တွေပါ ဘာတခုမှ မရလိုက် တော့ ဘူးဆိုပါတော့ ။
အမှန်တော့ လှိုင်မြို့နယ် မှာ မီးလောင်နေတယ်ဆိုတာ ကျနော်အစောကြီး သိနေတာဗျ ။လှိုင် မြို့နယ်မှာ မီးလောင်တာ အဆန်းမှ မဟုတ်တာ ကိုယ့်အိမ်တော့ မပါလောက်ပါဘူး ဆိုပြီး ပန်းဘဲတန်း ရဲစခန်းက ရဲအုပ်ဦးချစ်မြိုင်နဲ့ ထိုင်သောက်နေရာက မထဖြစ်တာ ။လောင်နေတဲ့ မီး က ကျနော့်အိမ်နားရောက်နေပြီဆိုလို့ ကသောမမျော ပြန်ပြေးလိုက်တော့ အိမ်နေရာမှာ တိုင်ငုတ်ပဲကျန်တော့တယ် ဆိုပါတော့ ။
……………………………………..
အဲဒီမီးလောင်မှုပြီး မကြာခင် ရက်တရက်မှာပေါ့ ။
အဲဒီနေ့က ရှမ်းစုရုံးခန်းကို ကျနော် မနက်ရှစ်နာရီလောက်ကတည်းက ရောက်နေတယ် ။လက်ထဲမှာ ငွေပြတ်နေပြီး ဘာကြံရ မှန်းကို မသိလို့ ရုံးခန်း ခေါင်းရင်းဘက်က မြေကွက် လပ်မှာ ဒရင်းဘတ်ခင်းခိုင်းပြီး ပက်လက် လှန်နေလိုက်တယ် ။အကြံအိုက်လွန်းလို့ ရုံးစောင့် ဦးတင်ရွှေကို မြေဖြူခဲတခဲ ယူခိုင်းလိုက်ပြီး ရုံးခန်းခေါင်းရင်းဖက် အပြင်နံရံမှာ “ မျှော်လင့် ချက်မဲ့တဲ့ နေ့တွေလည်း ရှိ “ ဆိုပြီး စာတကြောင်းတောင်ရေးထားလိုက်မိတယ် ။ ရေးယုံတင် မကဘူး ၊ အဲဒီစာကြောင်းနဲ့ ကျနော့်ပုံကိုတွဲပြီး ဦးတင်ရွှေကို ဓာတ်ပုံပါ ရိုက်ခိုင်းထားမိသေးဗျာ ။
တကယ်တော့ အဲဒီနေ့ဟာ မျှော်လင့်ချက်မမဲ့ခဲ့ပါဘူး ။ မနက်ကိုးနာရီလောက်ကျတော့ ဌေးစိုး တို့ ညီအကို ပေါက်ချလာတယ် ။ ဒီကောင်တွေ ညီအကိုက တကယ့်ဖိုးတွမ်တီးတွေ ။ အော် ။ ကျနော်သူများကို ဖိုးတွမ်တီးလို့ မတရားမပြောပါဘူးဗျာ။သူတို့ စီးပွားရေးဂွင် တချို့မှာလှိမ့်နေ ပတ်နေတာတွေ ကျနော်အကုန်သိနေလို့ပါ ။ဌေးစိုးအကိုနာမည်က မြင့်စိုးတဲ့ ။ စီးပွား ရေး လောကထဲမှာတော့ သူတို့ကိုယ်သူတို့ မိတ်ဆက်ထားတာ ဗိုလ်ကြီးဌေးစိုး နဲ့ ဗိုလ်မှူးမြင့်စိုး ပေါ့ ။
အဲဒီမတိုင်ခင်လွန်ခဲ့တဲ့ခြောက်လလောက်က ဒီမောင်တွေညီအကိုနဲ့ ရန်ကုန်သစ်လုပ်ငန်း ရုံးချုပ်မှာကျနော်သိခဲ့တာဗျ ။ အဲဒီတုန်းက နံမည်ကြီးသစ်ပွဲစား ကိုလှမြင့်ဆိုတဲ့ ညီအကို နဲ့ ငွေပေးငွေယူကိစ္စ အလုံသစ်တောရုံးရှေ့မှာ ပြဿနာဖြစ်နေတုန်း သိခဲ့တာ ။ကျနော်က ကိုလှမြင့်နဲ့ခင်နေတော့ “ခင်ဗျား တို့ပြဿနာ ကျနော့်ရုံးမှာ လိုက်ရှင်းကြပါ ၊ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ လူမြင်မတော်ပါ ဘူး“ဆိုပြီး ကျနော်ကိုယ်တိုင် သူတို့သုံးယောက်လုံးကို ပင့်လာခဲ့တာ။ အမှန်တော့သူတို့ပြဿ နာ ကို ကျနော်စိတ်ဝင်စားတာလဲပါတယ်။ နောက်တ ချက်က သူတို့ ညီအကိုဟာ တပ်မတော် အရာရှိတွေ မဟုတ်လောက်ဘူးဆိုတာ ကျနော့်စိတ် ထဲက အလိုလိုသိနေသလိုပဲ ။
ဒါနဲ့ကျနော့်ရုံးခန်းမှာ စာရင်းရှင်းကြတော့လည်း ထိုးမယ်ကြိတ်မယ်တွေ ဖြစ်လာကြလို့ ကျနော်ပဲ ဝင်ထိန်းပြီး ပြေလည်အောင်ဝင်ရှင်းပေးလိုက်တယ် ။ အဲဒီကစပြီးသူတို့ ညီအကို ကျနော့်ကို အကိုအကို နဲ့ အဖွဲ့စကျတော့တာပဲ ။အမှန်က သူတို့ညီအကိုဟာ နဝတ အစိုးရ တက်လာပြီး တည်ဆောက်ပြုပြင်မြန်ပြည်တခွင် ဆိုတဲ့ စီမံကိန်းတွေနဲ့လုပ်စားနေကြတာဗျ ။ သူတို့ စားကျက်က ကချင်ပြည်နယ်ဖက်မှာ ။ ကချင်ပြည်နယ်က တည်ဆောက်ရေး စီမံကိန်း နဲ့ ပတ်သက်တဲ့ သစ်ပါမစ်တွေ ရန်ကုန်ယူလာပြီး ပြန်ဖျောနေကြတာ ။ကချင်ပြည်နယ်မှာ သူတို့ ဘယ်လို အဆက်အသွယ်ရှိသလဲတော့ မသိဘူး။ ရန်ကုန်မှာတော့ နဝတရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီး သန်းတင်နဲ့လုပ်စားနေကြတာဗျ။ ဒါဟာသေချာတယ် ။ ကျနော်ကိုယ်တိုင် သံသယ ရှိလို့ ဗိုလ်မှူးကြီးသန်းတင်ရဲ့အိမ်ကို ပါမစ်လက်မှတ်ထိုးဘို့ ဌေးစိုးနဲ့လိုက်သွားခဲ့ဘူး တယ် ။ ကျနော်အကဲခတ်မိသလောက်တော့ ဗိုလ်မှူးကြီးသန်းတင်ဟာ ဌေးစိုးယူလာတဲ့ လျှောက်လွှာတွေကို ကချင်ပြည်နယ်က တင်ပြတဲ့ လျှောက်လွှာမှန်မမှန် စစ်ဆေးပြီး လက်မှတ် ထိုးပေးတာဟာ လိုင်းကြေးကျေနပ်လောက်အောင် ရလို့ ထိုးပေးလိုက်တာပါပဲ ။ဟုတ်တယ် ။ အဲဒီလို လိုင်းကြေးမဝင်တဲ့ လျှောက်လွှာဟာ လေးငါးလကြာနေတတ် တယ် ။တခါတခါဆို ပြန်တောင်ကျမလာတတ်တာမျိုးပါ ရှိတယ် ။
…………………………………….

ဌေးစိုးတို့ညီအကို အဲဒီနေ့မနက်ကလာတာ တကယ်တော့ ကောင်းသောလာခြင်း မဟုတ်ဘူး ။ ကျနော့်တပည့်လေး တယောက်ကို အချုပ်ထဲထည့်ချင်လို့ ကျနော့်ကို လာပြီး စည်းရုံးတာ။
တပည့်နံမည်က အောင်ချိုတဲ့ ။ မြန်မာမလေးတယောက်နဲ့ အိမ်ထောင်ကျနေတဲ့ ဟိန္ဒူကုလား လေး ။အသက်နှစ်ဆယ်ကျော် လောက်ရှိမယ်ထင်ပါရဲ့ ။ သူ့ကို ကျနော် အင်းစိန်ထောင်ထဲမှာ သိခဲ့တာဗျ။ ထောင်ထဲမှာနေတုန်း တရက်မှာ ဂီတနက်သန် ကိုစောငြိမ်း ရဲ့ “ချစ်ပြုံးနှင်းဆီ “ သီချင်းကို အသံကောင်းကောင်း၊အလူးအလိမ့်မှန်မှန် နဲ့ဆိုနေသံကြားလို့ သေချာသွားကြည့် တော့ ကုလားလေး အောင်ချိုဖြစ်နေတယ် ။ကျနော်က ထောင်ထဲမှာပျင်းရင် အောင်ချို့ကို ခေါ်ခေါ်ပြီး ချစ်ပြုံးနှင်းဆီ သီချင်းဆိုခိုင်းရာက သူကလည်း ကျနော့်ကို ဆရာသမားတယောက် လို ခင်နေခဲ့တာ ။ထောင်အပြင်ကို ရောက်တော့ လည်း ကျနော့်ရုံးကို ဝင်ထွက်နေတာမို့အခင် အမင်မပျက် ရှိနေခဲ့တယ်။အဲဒီ အောင်ချိုက ပဲခူးကဝဖက် က လယ်ထွန်စက်ဟောင်း တခုနဲ့ ပတ်သက်ပြီး ရောင်းမှား ဝယ်မှား ဖြစ်ရာက အမှုဖွင့်ခံရပြီး ရှောင်နေရတဲ့အချိန် ဌေးစိုးတို့ ညီ အကို ရောက်ချ လာတာပဲ ။
အမှန်က အောင်ချို ဝယ်လိုက်တဲ့ လယ်ထွန်စက် အဟောင်းဖျက်ထားတဲ့ သံတိုသံစတွေကို ဌေးစိုးတို့အသိမိတ်ဆွေပိုင်တဲ့ကားနဲ့ ငှားတင်လာတာဆိုတော့ ရဲက ကားကို သိမ်းထားတယ် ။ သိမ်းထားတဲ့ ရဲကလည်း ပဲခူးတိုင်း ရဲ ။အောင်ချိုဟာ ကျနော့်တပည့်ဖြစ်နေမှန်း ကဝရဲစခန်း က သိနေတော့ စွတ်မလုပ်ရဲဘူး ။ အေးလေ။ တိုင်းရဲမင်းကြီးနဲ့ ကျနော်က အဆမတန်ခင်နေ တာ ကလား ။
ဒီမှာတင် ရဲက အောင်ချို့ကို ဖမ်းမိမှ ကားကို ပြန်ထုတ်ပေးမယ်ဆိုပြီး အကြပ်ကိုင်တယ် ။ ဒီတော့ ကားပိုင်ရှင်က ဌေးစိုးတို့ညီအကို ကို အပူကပ်တယ် ။ဌေးစိုးတို့ညီအကိုက အောင်ချို့ ကို ဖမ်းနိုင်အောင် ကျနော့်ကို အကူအညီတောင်းဘို့ အတွက် ရောက်လာကြတာလေ။
ဒီမောင်တွေ ကျနော့်ကို ဒီအတိုင်းအမှုကိစ္စ မပြောရဲဘူးဗျ ။အကို ၊ တခုခု စားရအောင်ဆိုပြီး ဘူတာရုံလမ်းနားက နဂါးနီ စားသောက်ဆိုင်ကိုခေါ်သွားတာနဲ့ ကျနော်လည်း ညစ်နေတဲ့ အချိန်ဆိုတော့ လွယ်လွယ်ပဲ ခေါင်းငြိမ့်ပြီး လိုက်သွားလိုက်တယ် ။
……………………………………
တကယ်တော့ ဌေးစိုးတို့ညီအကို ကျနော့်ကို မလှန်ရဲပါဘူး ၊ မလှန်ရဲတဲ့ အကြောင်းလည်း ရှိ ပါတယ် ။ကိုလှမြင့်နဲ့ ပြဿနာဖြစ်ပြီးတဲ့နောက် သူတို့ညီအကို ကျနော့် ရုံးခန်းကို မကြာမကြာ ပေါက်ချလာတတ်တယ် ။ကျနော့်ရုံးက ကျနော့်တပည့်တွေကော ရုံးကို လာလည်တဲ့ ဧည့်သည် တွေကရော သူတို့ညီအကို ကို ဗိုလ်ကြီး ဗိုလ်မှူး လို့ပဲ ခေါ်ကြတယ် ။ ကျနော်ကတော့ကိုဌေး စိုး ၊ကိုမြင့်စိုးပဲ ခေါ်တယ် ။ဒါကို သူတို့က သိပ်ကျေနပ်ပုံမပေါ်ဘူး ။ဒါနဲ့ ကျနော်လည်း နဂါး မှန်း သိအောင် အကြောင်းတော့ပြလိုက်အုံးမှ ဆိုပြီး အကွက်ချောင်းနေလိုက်တာ မကြာပါ ဘူးဗျာ ။သူတို့ဗိုလ်မဟုတ်တဲ့ အကြောင်း သက်သေပြလိုက်နိုင်တော့တာပါပဲ ။
ဖြစ်ချင်တော့ တနေ့ သူတို့ညီအကို ရောက်လာပြီး ကျနော်နဲ့ အရက်သောက်ရအောင် အဖော်ညှိလာတယ်ဗျ ။ကျနော်ကလည်း ညနေသုံးနာရီလောက် ဖြစ်နေတော့ ရုံးမှာပဲ ချလိုက် ကြရအောင်ဆိုပြီး ဦးလှရွှေကို အမြည်းအတွက်ဘဲကင်ဝယ်ခိုင်းလိုက်တယ် ။ အရက်က ဝယ်စရာမလိုဘူးဗျ။ ကျနော့်တပည့်တွေ လာပို့ထားတဲ့ အာမီရမ် နှစ်လုံးရှိနေတယ်လေ ။ဒါနဲ့ ကျနော်လည်း ရုံး နောက်ခန်းထဲက အာမီရမ်တလုံးကို ယူလာပြီး ဌေးစိုးလက်ထဲကိုထည့်လိုက် တယ် ။“ ကဲ ကိုဌေးစိုး ဖွင့်ဗျာ “ လို့လည်း ပြောလိုက်ရော ဌေးစိုးဟာ စားပွဲပေါ်က ကြက်သွန် လှီး တဲ့ ဓားလေး ကို ယူပြီး အာမီရမ် ပုလင်းထိပ်က ချိတ်တွေကို တတောက်တောက်နဲ့ ခွာ နေတယ် ။ ဌေးစိုး ပုလင်းထိပ်က ချိတ်ကိုခွာနေတာလည်း မြင်ရော ကျနော်က ကျန်တဲ့ အာမီ ရမ် တလုံးကို ချက်ချင်း ဆွဲထုတ်လာလိုက်တယ်။ ပုလင်းကို လက်မှာကိုင် ပုလင်းအဝကို အောက်ဖက် လေးဆယ့်ငါး ဒီဂရီ လောက်လှည့်ထားပြီး ပုလင်းဖင်ကို ကျန်တဲ့ လက်တဖက် ကလက်ဖနောင့် နဲ့ ခပ်ဆတ်ဆတ် ရိုက်ချ ပြလိုက်တာ အာမီရမ် ပုလင်းဟာ ဖောင်းကနဲ လည်း ပွင့်ထွက် သွားရော ဌေးစိုးရော မြင့်စိုးပါ မျက်နှာမှာ သွေးမရှိတော့ဘူး ။သူတို့ နှစ်ယောက်လုံး ကျနော့် မျက်နှာကို ပြိုင်တူလှမ်းကြည့်လိုက်ကြတယ် ။သူတို့ကြည့်တဲ့ မျက်လုံးတွေထဲမှာ “ ကျနော် တို့ကို နားလည်ပေးပါဗျာ “ ဆိုတဲ့ အဓိပ္ပါယ်ပေါက်နေလေရဲ့ ။ကျနော်လည်း မျက်လုံးနဲ့ပြန် ကြည့်ပြီး အဖြေပေးလိုက်ပါတယ် ။“ မင်းတို့ဖာသာ ကိုယ့်အလုပ် ကိုယ်လုပ်ကြ၊ ငါဟာ မင်းတို့ ထင်သလို အချဉ်မဟုတ်ဘူးလို့ “။
အေးလေ။ အာမီရမ်ပုလင်းတောင် မဖွင့်တတ်ပဲ ဘယ်လိုလုပ် ဗိုလ်ဖြစ်နိုင်တော့မလဲဗျာ ။ အာမီရမ်ပုလင်းကို စစ်သားတိုင်းဖွင့်တတ်တယ်ဗျ။ ရှေ့တန်းစစ်မြေပြင်မှာ အာမီရမ်ပုလင်း အဝကို ဓားလေးနဲ့ တတောက်တောက်လုပ်နေလို့ မရတာ ။အဲဒီနေ့ကစပြီး သူတို့ကလည်း အပိုးကျိုးသွားရော ဆိုပါတော့ ။
………………………….

နဂါးနီစားသောက်ဆိုင်ကို ကျနော်တို့ရောက်တော့ မနက်ကိုးနာရီ လောက်ပဲ ရှိအုံးမယ် ။ ဆိုင်ပိုင်ရှင်က ဦးကျော်မြင့်တဲ့ ။ သူက တရုပ် ။ ကျနော့်လိုပဲ အင်းစိန် ဂျီတီအိုင်ဆင်း ။ ကျနော်ရော ကျနော့်လုပ်ဖော်ကိုင်ဖက်တွေပါ နဂါးနီမှာသောက်နေကျ ဆိုတော့ ဦးကျော်မြင့်နဲ့ မျက်မှန်းတန်းမိနေတယ် ဆိုပါတော့ ။ဌေးစိုးတို့ညီအကိုက အကြံနဲ့ဆိုတော့ မှာလိုက်တဲ့ စားစရာတွေ စားပွဲ အပြည့် ပါပဲဗျာ ။ကျနော့်ကို ဘာအရက် သောက်မလဲမေးတော့ black label ချခိုင်းလိုက်တယ် ။ဖန်ခွက်တွေထဲလည်း အရက်ငှဲ့ပြီးရော ဌေးစိုးက ကျနော့်ကို ဘယ် လောက်ခင်ကြောင်း ၊ ကျနော်နဲ့သိကျွမ်းရတာ ဘယ်လောက်တန်ဖိုးရှိကြောင်း ကျနော့် ကို ဘယ်လောက်အားကိုး ကြောင်း စကားတွေ ဖောင်ဖွဲ့ပြီး လျှောက်ပြောနေတော့တာပဲဗျာ ။ ကျနော်ကတော့ ဘာမှ ခွန်းတုန့်မပြန်ပဲ မျက်နှာထားတည်တည်နဲ့ပဲ အသာငြိမ် ပြီးနား ထောင်နေလိုက်တယ် ။ငြိမ်ပြီးနားထောင်ရုံပေါ့ဗျာ ။ သူတို့ ဂွင်ဆင်ပြီး ကျနော့်ကို တခုခု ဂျင်းထည့်တော့မယ် ဆိုတာ ကျနော့် ရိပ်မိနေပြီပဲ ။
အဲဒီအချိန်မှာ ဗြုန်းဆို လက်ပွေ့ထီရောင်းတဲ့ ထီရောင်းသမားတယောက် ဆိုင်ထဲကို ဝင်ချလာသဗျ ။ သူက တဆိုင်လုံးကို လှည့်အကဲခတ်လိုက်ပြီး ဌေးစိုးအနားကို ကပ်သွားတယ် ။ပြီးတော့ “ ဆရာ ၊ ထီထိုးပါအုံး ၊ ထီဖွင့်နေပြီ “တဲ့ ။ဌေးစိုးဟာ စိန်ကောင်းကျောက်ကောင်း ရောင်းနေတဲ့နေရာ ထီသည်လာရှုပ်နေတယ် ထင်သွားဟန်တူပါရဲ့ ။ ထီသည်ကို လှည့်တောင် မကြည့်ပဲ လက်နဲ့ နောက်ပြန်တွန်းလိုက်သဗျ ။ဌေးစိုးက လက်နောက်ပြန်တွန်းလိုက်ပေမဲ့ ထီသည်က လက်မ လျော့ဘူး။ မြင့်စိုးရှေ့က စားပွဲပေါ်ကို ထီစာအုပ်တွေ ထိုးတင်လိုက်ပြီး “ ထီက ဖွင့်နေပြီ ဆရာ“ လို့ လုပ်ပြန်ရောဗျာ ။မြင့်စိုးဟာ ဌေးစိုးနဲ့စာရင် စိတ်ပိုဆတ်တယ်ဗျ ။ထီစာအုပ်တွေကို လက်မှာ လုံးချေဆုပ်ကိုင်ပြီး ပြန်ပေးရင်းက ထီသည်ရဲ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်တယ် ။ ရုတ်တရက် အတွန်းခံလိုက်ရတော့ ထီရောင်းသမားဟာ နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ် သွား တယ် ။
ဒီတော့ ကျနော်လည်း ထီရောင်းသမားကို သေချာလှမ်းကြည့်လိုက်တယ် ။ အော် ။ ဥပဓိရုပ်က တော့ နုံရှာတယ်ဗျာ ။ဘာဘဲဖြစ်ဖြစ် ဌေးစိုးတို့ ညီအကိုလုပ်ပုံကို ကျနော်သဘောမကျလှဘူး ။ မဝယ်ချင်ရင် အေးအေးဆေးဆေးပြောလည်း ရတာပဲ ။ကျနော်ထီရောင်းသမားကို တော်တော် သနားသွားတယ်ဗျာ ။ဒါနဲ့ ကျနော်က ထီရောင်းသမားကို “ ကဲ ၊ ဒီဖက်လာစမ်းပါဗျာ“ လို့ လည်း ခေါ်လိုက်ရော ထီသည်ဟာ မျက်နှာဇီးရွက်လောက်ပဲ ရှိတော့တယ် ။အမှန်က ကျနော် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ နေ့မို့ ကျနော့်မျက်နှာထားတင်းနေတာကို သူလန့်နေပုံ ရပါ တယ် ။ဒါကြောင့်လည်း ဆိုင်ထဲကို ဝင်လာကတည်းက ကျနော့်ဆီကို လာမရောင်းပဲ ဌေးစိုးတို့ ညီအကို ကို သွားရောင်းတယ် ထင်ပါရဲ့။ဒါကို ရိပ်မိတဲ့ ကျနော်က တင်းနေတဲ့ မျက်နှာထားကို အတတ်နိုင်ဆုံး ပြင်လိုက်ရင်း …
“ လာပါဗျာ ။ ခင်ဗျား ဒီလောက်ရောင်းချင်နေရင် ကျနော် ဝယ်လိုက်ပါ့မယ်။ ဒါပေမဲ့ ကျနော် ထီထိုးတဲ့ အလုပ်ကို အယုံအကြည်မရှိဘူး ။ဝါသနာလည်း မပါဘူး။ အခု ဝယ်မှာကကိုယ့်ဆရာ ကို သနားလို့ ဝယ်မှာ“ လို့ပြောလိုက်တယ် ။
ဒီမှာတင်သူက ကျနော့်အနားကို မရွံ့မရဲနဲ့ကပ်လာပြီး ထီစာအုပ်သုံးလေးအုပ်ကို ကျနော့်ရှေ့ က စားပွဲပေါ်ကိုလှမ်းတင်လိုက်တယ်။ကျနော်လည်း “ခင်ဗျား ထီလက်မှတ်ဖိုး ဘယ်လောက်တုန်း “ လို့မေးလိုက်တယ် ။ထီရောင်းသမားဟာ တုန်တုန်ရီရီလေသံနဲ့ ပြန်ဖြေရှာပါတယ် ။
“ တရာသုံးဆယ့်ငါးကျပ် ပါ ဆရာ“ တဲ့ ။
......................
(ဆက်လက် ရေးသားပါဦးမည်။)
ရုပ်ပုံ ။ ။ ဂူဂဲလ်


10 comments:
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဟွန်း----ကောင်းခန်းဆိုရပ်ပြီ--ဘယ်လောက်အထိ
စောင့်ရမလဲမသိဘူး-တကတည်းမှဘဲ စိတ်တိုစရာကောင်း
လိုက်တာ-ဦးသက်ခိုင်ရေ---ကျန်းမာပါစေ----
တာတာ
ဆရာကြီး...
ကျွန်တော်.ကိုလည်းအာမီရမ်ဖွင်.နည်းလေးသင်ပေးပါဦး...
ဒါမှလုပ်စားလို.ရမှာဗျာ....
ဟဲဟဲ...
စိတ်ဝင်စားစွာဖြင့် ဖတ်သွားပါတယ်ဗျာ
ပုလင်းစောက်ထိုး ၄၅ ဒီကရီဆိုတော့ အဖုံပွင့်သွားရင် အရက်တွေ မဖိတ်ကုန်ဘူးလား ဆရာရယ်၊
mg you should check how they seal army first. Ko Minn Dinn your That Khine story is very good. Wish you luck.
သက်ခိုင်ရေ---ငါတော့ဒုက္ခရောက်နေပြီ-နေ့ တိုင်းလာ
ပြီး မင်းဒင် ကိုဖွင့်ကြည့်ဖြစ်တယ်-နင်ကတော့ဘယ်ရောက်နေလည်းမသိပါဘူး-
မျှော်ရတာမောလိုက်တာဟာ-
နင့်ကိုစောင့်နေရင်းနဲ့ ငါတော့နှလုံးရောဂါရမလားမသိဘူး-
ဟူး-----ရင်မောရပါလားသက်ခိုင်ရယ်---
အကို
တခန်းနဲ့တခန်းတော်တော်လေးကြာတယ်နော်၊စောင့်နေ
တယ်ဗျို့။
နက်ဖြန်သို့ မဟုတ်ဘယ်သောအခါ------အဆိုတော်
ထားသီချင်းခေါင်းစဉ်မဟုတ်ပါဘူးခင်ဗျာ-မင်းဒင်ရေးတဲ့
သက်ခိုင် ၇၉ ကိုပြောတာပါခင်ဗျာ----
လေးစားစွာဖြင့် တာတာ*****
ရောက်ရှိကြောင်းပါခင်ဗျာ-သက်ခိုင်ကိုမဆက်ဘဲ-
ဆရာမင်းဒင်တယောက်မယ်ပြိုင်ပွဲများကျင်းပနေတာကိုးဗျ-
အဲဒါလည်းဖြစ်တာဘဲနော်-အဲဒါကလေးတွေပြီးရင်တော့
သက်ခိုင်ကိုဆက်ပါအုံးခင်ဗျာ-ကျေးဇူးတင်ပါတယ်-
Post a Comment