၇၅။ ကွေကွင်းနောက်ဆုံး အမုန်းမှတ်တိုင်။
ကျနော်ရန်ကုန်ရောက်ပြီး နှစ်ပတ်လောက်အကြာတနေ့၊နေ့လည် နှစ်နာရီလောက်မှာ ကျနော့် ရုံးခန်းကို အောင်မင်းဟာ သူ့ယောက်ဖဝင်းမြင့်နဲ့အတူ ပေါက်ချလာပါတယ် မျက်စိ မျက်နှာလည်း တော်တော် ပျက်နေရှာ ပါတယ် ။သူ့ကြည့်ရတာ ကျနော်နဲ့ နင်ပဲငဆ ဖြစ်ခဲ့ တာတွေလည်း မေ့မေ့ပျောက်ပျောက်ပုံစံပါပဲ ။
သူက ရုံးခန်းကို ရောက်ရောက်ချင်း ထိုင်တောင်မထိုင်သေးပဲ အကို ကျနော့်ကို အရက်တိုက် စမ်းပါဗျာ ဆိုပြီး အချိန်မဟုတ်အခါမဟုတ် နားပူပါလေရော ။ကျနော်က ဟ …မင်းဥစ္စာ နေ့ခင်း ကြောင်တောင်ကြီးသောက်တော့ မလို့လားမေးတော့ ဘာမှပြန်မဖြေပဲ ငူငူကြီးထိုင်နေပါတယ် ။ သူ့ယောက်ဖဝင်းမြင့်က ကျနော့်ကို ရုံးခန်းနောက်မသိမသာခေါ်ပြောလို့ သိရတာက၊အဲဒီနေ့မွန်းတည့် ချိန်လောက်မှာ သူနဲ့အောင်မင်း ကိုခင်ဝင်းရုံးခန်းကို ရောက်သွားတော့ ခင်မာလာနဲ့ ကိုခင်ဝင်းကို ရုံးခန်းထဲ မှာ မတော်တရော် ပက်ပင်းတွေ့ခဲ့ရလို့ဆိုပဲ။ အောင်မင်း က တွေ့တွေ့ချင်းဘာမပြောညာ မပြော လှည့်ထွက်လာရာက ကျနော့်ရှမ်းစု ရုံးခန်းကိုရောက် လာခဲ့ တယ် လို့ဆိုပါတယ်။ပုံစံကို အကဲခတ်ရတာ ခင်မာလာဟာ ကျနော့်ကို အားကိုးနေလဲ အပိုပဲ ဆိုပြီး နောက်ဆုံးနည်းတွေသုံးပြီး ၊ဗြောင်စစ်ကြေညာပြီးတိုက်တော့မဲ့ အခင်းအကျင်း လို့ထင် မိတာပါပဲ ။

ကျနော်လည်း အောင်မင်းနဲ့ဖြစ်ခဲ့သမျှ မေ့ထားပြီး သူစိတ်ချမ်းသာပါစေတော့ ဆိုတဲ့ စိတ်တခု နဲ့ပဲ ရွှေလမင်းဘားထဲ ခေါ်သွားပြီး ပြုစုလိုက်ပါတယ်။အပြန်မှာ ကျနော်ကိုယ်တိုင် ကားပေါ်လိုက်တင် ပေးပြီး ၊ ဒီနေ့မင်း အမေအိမ် တညလောက်ပြန်အိပ်ရင်ကောင်းမယ် ၊ လင်မယား စိတ်ကတောက်ကဆဖြစ်တုန်း ခဏခွဲနေလိုက်တာ အကောင်းဆုံးပဲ လို့သေချာမှာလိုက်ပါ တယ်။အောင်မင်းဆိုတဲ့ မောင်ကတော့ဗျာ။ သေချာမှာလိုက်ခါမှ ပြဿနာကို ရှာဖြစ်အောင် ရှာသေးတယ်ဗျာ ။အဲဒီညကျနော်အိမ်ပြန်ရောက်လို့ နာရီဝက်တောင် မရှိသေးပါဘူးဗျာ။ သန်လျင်ကနေ ခင်မာလာဖုန်းဆက်လာပါ လေရော ။
“ကိုသက်ခိုင် ၊ ကိုအောင်မင်းကို ဘယ်လောက်များတိုက်လွှတ်လိုက်သလဲ ၊ အခုအောင်မင်း အိမ်ရှေ့မှာ လာရမ်းနေလို့ ရဲက လာဖမ်းသွားပြီ“တဲ့ ။ရော၊ အမှုက ကိုယ့်ဖက်ပြန်ပတ်လာပါပကောဗျာ။ နောက်နေ့မနက် အောင်မင်း ခံဝန်နဲ့ပြန်ထွက်လာတော့မှ အကြောင်းစုံသိရတာက မနေ့ညက သူ့အမေအိမ်မပြန်ပဲ ခင်မာလာငှားထားတဲ့ တောင်လုံးပြန်ရပ်ကွက်က အိမ်ကို သွားတော့ ခင်မာလာ သူ့မိဘတွေ ရှိတဲ့ သန်လျင်ကို ပြန်သွားတာသိရသတဲ့။ဒါနဲ့ တောင်လုံး ပြန်ကနေ သန်လျင်ကို ဆက်လိုက်သွားပြီး သူ့ယောက်ခမတွေ အိမ်ရှေ့မှာ ခြံစည်းရိုးတွေ ရိုက်ချိုးပြီး ရမ်းသတဲ့ဗျာ။ အောင်မင်းတပ်တဲ့ ရမ်းရခြင်း အကြောင်းရင်း ခေါင်းစဉ်ကတော့ သူနဲ့ခင်မာလာ မကွဲကွဲအောင် သူ့ယောက်ခမတွေက ပူးပေါင်းကြံစည်မှုတဲ့ ။နောက်တော့ ယောက်ခမတွေ အသည်းစွဲဖြစ်နေတဲ့ သူ့သမီးလေးကို သူနဲ့ ထည့်လိုက်ဘို့လည်း အရေးဆို သတဲ့။အောင်မင်းပြောတာ ကျနော်နားထောင်ကြည့်တော့ ခင်မာလာ့ကို အောင်မင်းက တချက်မှ အပြစ်မဆို တာကို သတိထားမိသဗျ။ အော် .. လူတကာကိုလိုက်ရမ်းနေတဲ့ အောင်မင်းတယောက် ခင်မာလာ့ဘက်ကို မရမ်းရဲပဲ ကုပ်နေပါရော့လား လို့တွေးမိပါတယ်။
……………………………
ကျနော်ကတော့ ပြဿနာဟာ လွယ်လွယ်နဲ့ ရှင်းလို့ရမဲ့ အဆင့်မဟုတ်ဘူး ဆိုတာသိနေတာ နဲ့ အောင်မင်းကို အကြံပေးတာ ဆွေးနွေးတာ ဘာမှ မလုပ်တော့ပါဘူး။ သူပြောတာ ငြိမ်ပြီးနားထောင်နေ လိုက်တာပါပဲ။ ဒါပေမဲ့ဗျာ ၊အောင်မင်းဟာ ကိုမြင့်ဌေးနဲ့ အဖွဲ့ကျပြီး မိုးလင်း တာနဲ့ ကျနော့်ရုံးကို ရောက်ရောက်နေပါတော့တယ်။ တခါတခါမူးလာရင် ခင်ဝင်းကို အပြတ်ရှင်းမယ် ဆိုပြီး ကျနော့်ရှေ့မှာ မျက်ရည်တစမ်းတစမ်းနဲ့ ဓားကြိမ်းကျိန်း နေပြန်ပါတယ် ။ ကျနော့် လက်စွဲတော် လူမိုက်တွေကိုလည်းတဖက်လှည့်စည်းရုံးသလိုလိုလျှောက်လုပ်နေပြန် ပါတယ် ။တကယ်တမ်း ပြောရရင် အောင်မင်းကို ကျနော်သနားမိပါတယ်။ သူ့ခံစားနေရတဲ့ ဒုက္ခကို လည်း ကိုယ်ချင်းစာနိုင်ပါတယ်။မိသားစု မခွဲမခွာနေလိုတဲ့ ဆန္ဒကို ကျနော် နားလည် နိုင်ပါတယ်။ခက်နေတာက အမှားအမှန်ကို ဝေခွဲနိုင်တဲ့ဥာဏ်ပညာ ချို့တဲ့မှုနဲ့ မတည်ငြိမ် တဲ့သူ့စိတ်ပါပဲ ။
တကယ်တော့ အဲဒီအချိန်မှာ ခင်မာလာနဲ့ခင်ဝင်းသတင်းဟာ ရန်ကုန်ပန်းဆိုးတန်း တဝိုက်မှာ မကြားဘူးသူ မရှိသလောက်ဖြစ်နေပါပြီ ။နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ နေရာတဝိုက်မှာပြောင်ပြောင် တင်းတင်း တွဲသွားတွဲလာ လုပ်နေကြပါပြီ။ကျနော်ကိုယ်တိုင်တောင် နှစ်ကြိမ် လောက် သူတို့နှစ်ယောက်တွဲလျက် မျက်နှာချင်းဆိုင် ဆုံခဲ့ပါသေးတယ်။ခင်မာလာကတော့ ခင်ဝင်းကို ကျနော်နဲ့ပြောင် ပြောင်ပဲ မိတ်ဆက်ပေးပါတယ် ။ကိုခင်ဝင်း ကမ်းပေးတဲ့ လက်ကို ဆွဲယူလှုပ်ရမ်းရင်း သူ့မျက်နှာကို လှမ်းကြည့်ပြီး ယောကျာ်းတို့တတ်အပ်သော အတတ်ပညာ ကိုယ်စီနဲ့ အသံတိတ်အမေး အဖြေ လုပ်လိုက်မိပါတယ် ။ကျနော့်စိတ်မှာ ကိုခင်ဝင်း က “ ရက်စ်“ လို့ဖြေတယ်လို့ အဓိပ္ပါယ်ထွက်ပါတယ် ။မှားချင်လည်း မှားပေမပေါ့။ သို့သော် ဒီဇာတ်လမ်းကြီးဟာ ကျနော့်အတွက် အဖြေထွက်နေခဲ့ပါပြီ ။သွေးထွက်သံယိုဖြစ်ချင်ဖြစ်၊ ဒါမှ မဟုတ် အရှက်တကွဲ အကျိုးနည်းဖြစ် ၊ ဘယ်ဖက်ကတွက်တွက် စိတ်နှလုံးမချမ်းမြေ့စွာနဲ့ နိဂုံး ချုပ်ဘို့သာ ရှိပါတော့တယ် ။ခင်မာလာဟာနောက်ဆုတ်ဘို့မစဉ်းစား တော့တာလား ။ဘယ်အ ရာကိုမဆို ကျော်ဖြတ်ရင်ဆိုင်တော့မယ်လို့ ဆုံးဖြတ်လေသလား တော့ မသိပါဘူး ။ကျနော့်ကို ကိုခင်ဝင်းနဲ့ မိတ်ဆက်ပေးပုံက “ဒါ ကျွန်မ နောက်ထပ်ယူမဲ့ ယောကျာ်းပဲလို့ အသိပေးတဲ့ ပုံစံဖြစ်နေပါတယ် ။ကျနော့် ဘာများတတ်နိုင်မလဲဗျာ။
…………………………………..

ခင်မာလာ ဒီလိုအချိုးချိုးလေ အောင်မင်း ပိုပိုပေါက်ကွဲလေပေါ့ဗျာ။ ခင်မာလာက တောင်လုံး ပြန်အိမ်မှာလည်း မနေတော့ပဲ သန်လျင်က သူ့မိဘတွေ အိမ်ကို ပြောင်းနေပါတယ်။ အောင်မင်းကတော့ ခင်မာလာကို တွေ့ချင်ရင် ပန်းဆိုးတန်းတဝိုက်မှာ ယောင်လည်လည်နဲ့ လျှောက်လုပ်နေတာပါပဲ ။ထူးဆန်းတာက အောင်မင်းဟာ ခင်မာလာကို လူရှေ့သူရှေ့မှာ ပွဲမကြမ်းရဲဘူး ဆိုတာပါပဲ။ နောက်တချက်က ခင်မာလာ့မောင် ဝင်းမြင့်နဲ့အောင်မင်းက တတွဲတွဲလုပ်နေတာဆိုတော့ ဝင်းမြင့်ကို အလိမ္မာနဲ့ထိန်းနေတာလည်း ဖြစ်နိုင်ပါတယ် ။ ဇာတ်လမ်းက ရှုပ်သထက်ရှုပ်လာတာကို ဝင်းမြင့်ကိုယ်တိုင် ကျနော့်ကို ဝန်ခံဘူးပါတယ် ။ ကိုသက်ခိုင်ရာ ၊ မာလာနဲ့ကျနော်က မောင်နှမဝမ်းကွဲသာပြောရတယ်။ကျနော့်သြဇာမညောင်း ဘူး။ မာလာက လုပ်လိုက်ရင် တဇွတ်ထိုးချည်းပဲ။ ကျနော်လည်း မပြောသာဘူး ဖြစ်နေတယ် ။ဒီကောင်မလေး ဘာတွေလျှောက်လုပ်နေတယ်ဆိုတာ ကျနော်လည်း မစဉ်းစား တတ်တော့ ဘူး ဆိုပဲ ။
ဒီလိုနဲ့ခင်မာလာက အောင်မင်းကို အတွေ့မခံ၊အောင်မင်းကလည်း သန်လျင်မှာ ခြေချုပ်ခံဝန် သဘောမျိုး လုပ်ထားရတော့ ယောက်ခမအိမ် သွားရမ်းဘို့ကလည်း မဖြစ်နိုင်။ခင်ဝင်းနဲ့ခင်မာလာ ကလည်း နှစ်ယောက်တည်းနေချင်တယ် ဆိုတဲ့ ဇာတ်ကို ဆက်က ။ နောက်ဆုံး တော့ အောင်မင်းကျနော့်ရုံးမှာ နေ့ရောညရော လာမူးနေတာသာ အဖတ်တင်ပါတယ်။ နောက်ပိုင်းတော့ အောင်မင်း ခံယူချက်တမျိုးပြောင်းလာပြန်ရော။ အဲဒါက သူ့သမီးလေးကို သူနဲ့ခေါ်ထားချင်တယ်ဆိုတာပဲဗျာ။ ခင်မာလာနဲ့ ကွဲချင်ကွဲပေစေတော့ ။လင်မယားကွဲရင် သမီးလေးရဲ့ အုပ်ထိန်းသူအဖြစ် သူလက်ထဲ ကို သူ့သမီးရောက်အောင်လုပ်ပေးပါလို့ ကျနော့် ကိုနားပူပြန်ပါတယ် ။
တကယ်တော့ ဒါလည်း ဖြစ်နိုင်ချေအလွန်နည်းပါတယ် ။ထုံးစံအားဖြင့် သမီးမိန်းခလေးကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ဟာ မိခင်သာရဘို့များပါတယ် ။ခင်မာလာ့ စာရိတ္တနဲ့ပတ်သက်လို့အလွန်ခိုင်မာ တိကျတဲ့ အထောက်အထားတွေလိုပါတယ် ။ဒီလို အထောက်အထားရဘို့ဆိုတာ ကလည်း မလွယ်ကူတဲ့ကိစ္စပါ ။အခြေအနေအားလုံးကို အောင်မင်းကို ရှင်းပြတော့ သူက ခပ်ငူငူကြီးငိုင်ဆင်းသွား ပါတယ် ။လက်တွေ့အခြေအနေနဲ့စဉ်းစားကြည့်ရင်လည်း လက်ရှိ စီးပွားရေးအနေအထား၊အောင်မင်းရဲ့ စရိုက်နဲ့ အောင်မင်းဟာ သူ့သမီးလေးကို လူတလုံး သူတလုံး ပြုစုပျိုးထောင်ဘို့လွယ်ကူ တဲ့ကိစ္စတော့မဟုတ်ပြန်ပါဘူး ။
အားလုံးကို ခြုံငုံကြည့်လိုက်ရင် အောင်မင်းက ခင်ဝင်းနဲ့ခင်မာလာကို သတ်ရင်သတ်၊ ဒါမှ မဟုတ် ခင်ဝင်းနဲ့ခင်မာလာက အောင်မင်းက လက်စတုံးရင်တုံး ဒီနှစ်လမ်းပဲ ကျန်ပါတော့တယ် ။တခုသော နေ့မှာတော့ အောင်မင်းဟာ သူ့အမေနဲ့အတူ ကျနော့်ရုံးခန်းကို ရောက်လာ လာပြန်ပါတယ် ။ အောင်မင်းအမေကို ပိန်ပိန်ပါးပါးနဲ့ စဉ်းစားတွေးတောတတ်ပုံရပါတယ် ။ ဦးသက်ခိုင် ရယ် ၊ ကျမသားကို ဒီကလေးမလေးနဲ့ တရားဝင်ကွာရှင်းနိုင်အောင် ကူညီ ပေးစေ့ချင်ပါတယ် တဲ့ ။ကျနော်လည်း ပြောမထွက်လို့သာနေရတာ ဒီနည်းလမ်းဟာ နာကျင်မှု ရှိပေမဲ့ အကျအဆုံးအနည်းဆုံးလမ်းဆိုတာ သဘောပေါက်နေပါတယ် ။ဒါပေမဲ့ အောင်မင်း စိတ်ကို သိနေတဲ့ ကျနော်က… အမကြီးရယ် ကွာတာရှင်းတာ ကို ကျနော်လိုက်ကူညီ ပေးနိုင် ပါတယ် ။အမကြီးသား စိတ်ပိုင်းဖြတ်နိုင်ဘို့သာ လိုရင်းပါ။ သူ့ကိုသာ ထပ်ပြီးမေးပါအုံးလို့ တိုတိုပဲ ပြန်ချည်လိုက်ရပါတယ် ။အောင်မင်းကတော့ ထုံးစံအတိုင်း ခေါင်းကြီးငိုက်စိုက်နဲ့ပေါ့ ။
နောက်ဆုံးအောင်မင်းဟာ သူ့အမေနဲ့ ကျနော့်ရုံးခန်းကို သုံးလေးကြိမ်ပေါက်လာပြီးတဲ့နောက် အောင်မင်းဟာ အထိုက်အလျောက် တည်တည်ငြိမ်ငြိမ် ဖြစ်လာပါတယ် ။“ အကို ၊ ကျွန်တော့ အတွက် မိန်းမမရှားပါဘူးအကိုရာ၊ ကျနော်“လာ့“ကို ကွာလိုက်တော့မယ်။ သမီးလေးကို နောက်ပိုင်းမှာ ကျနော်နဲ့တင့်တောင့်တင့်တယ်ခေါ်ထားနိုင်ဘို့ ကျနော်ကြိုးစားမယ်။ အဲဒီ အချိန်ကျလာရင် တရားရုံး ကနေ စကားပြောမယ်တဲ့ ။
ကျနော်လည်း သက်ပြင်းရှည်ကြီးချပြီး ကူညီပေးမယ်လို့ ခေါင်းငြိမ့်လိုက်ပါတော့တယ် ။ ကျနော့်စိတ်ထဲမှာလည်း တမျိုးကြီးပါပဲဗျာ။ ဒီလိုကိစ္စမျိုး ကူညီရတာ စိတ်ထဲမှာ တော်တော် မချမ်းမြေ့စရာ ကောင်းတာကလား။သိပ်တော့တက်တက်ကြွကြွ ရှိလှတယ် မဟုတ်ပါဘူး ။
………………………………….
အဲဒီညမှာ ခင်မာလာ့ဆီ အကျိုးအကြောင်း ဖုန်းဆက်တော့ ခင်မာလာက မင်္ဂင်္လာစုံတွဲ သိန်းထီ ပေါက်တဲ့လေသံနဲ့ “သေချာရဲ့လား ကိုသက်ခိုင်၊ကျေးဇူးတင်လိုက်တာ ကိုသက်ခိုင်ရယ်၊ကျမဘယ်နေ့ ဘယ်ရုံးကို လာခဲ့ရမလဲ“တဲ့ ။ ဝမ်းသာလုံးဆို့နေတဲ့ အသံဟာ တော်တော်ကို သိသာ သဗျာ။
၁၉၉၅ ခှုနှစ်တခုသောလ တခုသောနေ့မှာတော့ အောင်မင်းနဲ့ ခင်မာလာဟာ လှိုင်မြို့နယ် တရားရုံးမှာ ကွာရှင်းခဲ့ကြပါတော့တယ် ။အဲဒီနေ့က ခင်မာလာဟာ သူ့အမေ သူ့အမကျောင်းဆရာမ တယောက်နဲ့အတူ ပါပလစ်ကာ ကားလေးနဲ့လှိုင်မြို့နယ် တရားရုံးကို ရောက်လာပါတယ် ။အောင်မင်းကတော့ ကျနော့်ကားပေါ်မှာ ပါလာပါတယ် ။အောင်မင်း အမေတော့ပါမလာပါဘူး ။ ကျနော်ရယ် ကိုမြင့်ဌေးရယ် ဘားလားရယ်လည်း ပါသပေါ့ဗျာ။
အော် ဒါနဲ့ ကမာရွတ်တရားရုံးကို ရွေးလိုက်တာ ကျနော့် အစီအမံဗျ။ အဲဒီရုံးက ဥပဒေ အရာရှိ ဦးသန်းထွန်းတို့ တရားသူကြီး ဦးတင့်ဝေတို့ဆိုတာ ကျနော်နဲ့ မကင်းရာမကင်းကြောင်းတွေ ၊ကိုသန်းထွန်း ဆို ဥပဒေ စာပေးစာယူတက်တုန်းက စာမေးပွဲတွေမှာ ဘေးချင်းကပ် ကျခဲ့ကြတာ ၊ကိုသန်းထွန်းကြည့်ရတာ စာမေးပွဲခန်းထဲသာ ဝင်လာခဲ့တာ ဘာစာမှ ကျက်လာပုံမရဘူး။ပထမနှစ် ကနေနောက်ဆုံးနှစ် အထိတော်တော်များများ အဖြေလွှာတွေဟာ ကျနော့် ကောင်း မှုတွေချည်းပဲဗျာ။သူက အခု လှိုင် တရား ရုံးမှာ ဥပဒေအရာရှိ ဖြစ်နေတယ်လေ။ဒါနဲ့ စကားမစပ်ကိုသန်းထွန်းဆိုတဲ့ မောင်ကလည်း တကယ့်အထုပ်ရှုပ်ဗျာ။ နေဦး သူကသာ အထုပ်ရှုပ်လို့သာ ပြောရတာ သူ့ဇနီးက အလယ်တန်းကျောင်းအုပ်ဆရာမကြီးဗျ။ သူ့သမီး တယောက်လည်းဆေးကျောင်း တက်နေတယ် ။ တကယ့် တည်တည်တန့်တန့် ဂုဏ်သရေရှိ မိသားစုပါ ။သူတယောက်တည်း လျှောက်ဖောက်နေတယ်ထင်ပါရဲ့။ ကျောင်းပြီးတဲ့နောက်ပိုင်း သူနဲ့ကျနော်ကြိုကြား ကြိုကြားဆုံမိကြတယ်။ကျနော်ပဲခူး မှာကန်ထရိုက်နေတုန်းကိုသန်းထွန်း က သူ့မိတ်ဆွေ ဥပဒေအရာရှိ တယောက် ပဲခူးတိုင်း ဖက်ကို ပြောင်းမိန့်ကျတော့ပဲခူးတိုင်း တိုင်းမင်းကြီး ဦးချစ်မောင်နဲ့ မိတ်ဆက်ပေးပါဆိုလို့ သူ့ကိုပဲခူး ခေါ်သွား ခဲ့ဘူးတယ် ။ပဲခူး ကိုရောက်လာတဲ့အချိန်က ညကြီးမင်းကြီးဆိုတော့ မနက်ကျမှပဲ တိုင်းမင်းကြီး ဆီ ခေါ်သွား တော့မယ်ဆိုပြီး ကျနော်တို့ စတည်းချတဲ့ ဇီဇဝါ တည်းခိုခန်းမှာ သူ့ကိုအခန်း တခန်းပေး၊ အိပ်ခိုင်းလိုက်တယ် ။
ဒီမှာတင်မအိပ်ခင်သောက်ချင်လှချည့်ဆိုတာနဲ့ အန်ဖတ်ဆို့ခါနီးနီး တိုက်လိုက်တာ မူးလည်း လာရော နောက်ထပ်တမျိုးတိုးလာပြန်ပါလေရော။ ထုံးစံအတိုင်းပေါ့ဗျာ။ မူးလာတော့ အဖော်မပါပဲမအိပ်ရဲ တော့ ဘူးပေါ့။ကျနော်ကလည်း နားအေးရင်ပြီးရော ဇီဇဝါမှာ တည်းနေတဲ့ နတ်မိမယ်လေး တယောက် နဲ့ ချိတ်ပေးလိုက်တယ် ။ကျနော်က အဲဒီကိစ္စမျိုး မကင်းပေမဲ့ မူးလာ ရင် လျှောက်အပင်လိမ်သလို မျိုးတော့ မလုပ်တတ်ဘူးဗျ။သူ့လိုင်းနဲ့ သူ သီးသီးခြားခြားလေး လုပ်တတ်တဲ့ အကျင့် ရှိတယ် ။
ညဆယ့်နှစ်နာရီလောက် ကျနော့် အခန်းထဲ ပြန်ရောက်ပြီး အိပ်မယ်လို့ခေါင်းချခါရှိသေး ကိုယ်တော်ချောက ကျနော့်အခန်းကို တဒုန်းဒုန်း လာထုသဗျာ။ ကျနော်က တံခါးဖွင့်ပေးပြီးဘာများသေရေး ရှင်ရေး ဖြစ်လာသတုန်း မေးတော့ ၊ ကိုရွှေသန်းထွန်းက .. ဟေ့ ၊ ကိုသက်ခိုင် ၊ မောင်ရင်ကူညီမှ ဖြစ်မယ် လုပ်ပါအုန်းတဲ့ ။ကျနော်ကလည်း မူးမူးနဲ့ အိပ်ချင်စိတ်လည်းများ နေတော့ စိတ်တိုတို နဲ့ ဘာကူညီရမှာလဲဗျာ။ လို့လည်းပြောလိုက်ရော ၊ ကိုယ် ဒီကလေး မလေး ကို မြင်မြင်ချင်း သံယောဇဉ် ဖြစ်သွားပြီတဲ့။ အဲဒါ ကိုယ်တို့ လက်ထပ်လို့ရအောင် ဒီညပဲ မောင်ရင် ကူညီပါအုံးတဲ့ ။ကဲ ၊ ကြည့်ပေတော့ဗျာ။ ဘယ်လောက်အူကြောင်ကြောင်နိုင် တဲ့လူလဲလို့ ။ ဒါနဲ့ ကျနော်လည်း အိပ်ချင်စိတ်ပျောက်သွားပြီး ဒီမယ် ကိုသန်းထွန်း ငှက်ကို ငှက်လို သဘောထား ၊ခင်ဗျားကလေးလေး လည်း မဟုတ်ဘူး ။ ဟိုဟာခင်သလို ဒီဟာခင်သလို လာလုပ်မနေနဲ့လို့ ခပ်ဆတ်ဆတ်ပြန်ပြောတော့ သူကမျက်နှာထားတည်တည်နဲ့ ၊ သက်ခိုင် ရာ ချစ်ခြင်းမေတ္တာဆိုတဲ့သဘောတရားကိုမင်းမသိသေး တာပါ ။ ကိုယ်အတည်ပြော နေတာပါ ။ သူ့ကို ကိုယ်တကယ် အတည်လက်ထပ်ယူမှာပါ တဲ့။ လုပ်ပြန်ရော ။ကြည့် သူ့အသက် ကလေးဆယ် ကျော်နေပြီ။ ကျနော့်ထက် ဆယ်နှစ်နီးပါးကြီးတယ်။ သူတွေ့ရာမိန်းမနဲ့ ရှုပ်ခဲ့ သမျှ ဇာတ် လမ်းတွေလည်း ကျနော်သိပြီးသားတွေ ချည်းပဲ ။ ရှုပ်တာ ရှုပ်လို့ရပါတယ်၊ တွေ့ရာမိန်းမ ဆိုင်းမဆင့် ဗုံမဆင့် ကောက်ယူမယ်လုပ်တာတော့ ကြောင်လွန်းတယ် ထင်လို့ ပါဗျာ ။
နာရီဝက်သာသာလောက် အမျိုးမျိုးအကြောင်းပြပြီး နားချလို့ လည်း မရ၊ အချိန်မတော် ညတနာရီလောက်မှာ ဘယ်မှာလာပြီး တရားသူကြီးနဲ့သက်သေတွေ ခေါ်လို့ရမလဲဗျာ။ တော်တော့်ကို အုံးစားတဲ့သူ။ နောက်ဆုံးတော့ ကျနော်လည်း မတတ်သာတဲ့ အဆုံး ဒီလိုလုပ် ကိုသန်းထွန်းရာ။ မနက်မိုးလင်းတာနဲ့ ခင်ဗျားတို့ လက်ထပ်နိုင်အောင် ကျနော် စီစဉ်ပေးမယ် ။ဒီည ခင်ဗျား ကျနော့် အခန်းမှာပဲ အိပ်လိုက်တော့ ။ ကျွန်တော်ကတော့ ခင်ဗျားကောင်မလေး သဘောထားတီးခေါက်ကြည့်ရအောင် ခင်ဗျား အခန်းထဲ ကျနော်ရွေ့အိပ်မှ ဖြစ်မယ်လို့လည်း ပြော လိုက်ရောကိုယ်တော်ချော က ဒါဖြင့်ရင်လည်း မောင်ရင့်အခန်းမှာပဲ မောင်ရင် အိပ်ပါတော့ မနက်ကျရင်သာ စီစဉ်စရာရှိတာ စီစဉ်ပေးပါတဲ့ ။ကဲ ကြည့်။
…………………………………

အခု အောင်မင်းတို့ကွာရှင်းမဲ့ကိစ္စကို အဲဒီကိုသန်းထွန်းကို အပူကပ်ရတော့ပေါ့ဗျာ။ အရေးထဲ ကွာတာ ရှင်းတာကို ဝိုင်းကောင်းကောင်းလုပ်ပေးရမယ်ဆိုပြီး ကတိတောင်းနေသေးသဗျ။တရားသူကြီး ဦးတင့်ဝေရှေ့မှာ ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးကြတော့ ခင်မာလာက တက်ကြွလန်းဆန်းနေသလောက် ကြက်ကြီးလည်လိမ်ထားလို ဖြစ်နေတဲ့ အောင်မင်း ပုံစံကို ကျနော့်မျက်စေ့ထဲကမထွက် ဘူးဗျာ။ဂျာကင်အကျီအရောင် ခပ်ဖျော့ဖျော့ လေးဝတ်ထား တဲ့အောင်မင်း ဟာ ကျော့နေအောင်ပြင်ဆင်လာတဲ့ ခင်မာလာကို သံယောဇဉ်မကုန်တဲ့  မျက်လုံးတွေနဲ့လှမ်းလှမ်းကြည့်နေလေရဲ့။ တရားသူကြီး ဦးတင့်ဝေက ခင်ဗျားတို့သေချာ စဉ်းစားဆုံးဖြတ်ပြီး ကြပြီလားမေးတော့လည်းခင်မာလာက ခပ်သွက်သွက်ပြန်ဖြေသလောက် အောင်မင်းကတော့ မပွင့်တပွင့်မငြိမ့်ချင်ငြိမ့်ချင်နဲ့ ခေါင်းငြိမ့်ရှာလေရဲ့ဗျာ။
ဒီလိုနဲ့ သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးဘို့ ရည်ရွယ်ခဲ့ကြတဲ့ အောင်မင်းနဲ့ခင်မာလာ ဇာတ်လမ်းဟာ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး နိဂုံးတိုင်ခဲ့ ပါ တော့တယ် ။နောက်တလလောက် ကြာတော့ လားရှိုးစီမံကိန်းလည်းပြီး၊ ခင်မာလာ ရသင့် ရထိုက်တာခွဲဝေပေးပြီးတဲ့နောက်ပိုင်း ခင်မာလာကို ကျနော်မေ့မေ့ပျောက်ပျောက် ဖြစ်နေ ခဲ့ပါတယ်။တနေ့ကျနော့် သူငယ်ချင်း ချစ်စိန် တယောက်ရုံးကိုရောက်လာပြီး စကားမစပ် ပြောတော့မှ ခင်မာလာဟာ ကိုခင်ဝင်းနဲ့ မညားဘူး ဆိုပဲ။တတိယမြောက်ပုဂ္ဂိုလ် သဘောင်္သား တယောက်နဲ့ ညားပြီး စကာင်္ပူကို ထွက်သွားပြီ တဲ့ ။အော် ။ မိန်းမ ၊ မိန်းမ လို့ပဲ ညည်းချင်းချ ရမလိုပါလားဗျာ။
ခင်မာလာကို နောက်ထပ်မတွေ့ရတော့ပေမဲ့ အောင်မင်းနဲ့ကတော့ ရေစက်က မကုန်နိုင် ဘူးထင်ပါရဲ့ဗျာ။ခင်မာလာနဲ့ ကွာရှင်းပြီးတဲ့ နေ့ကစပြီး ပျောက်သွားလိုက်တဲ့အောင်မင်းဟာ နောက် နှစ်နှစ်ကျော်လောက်အကြာမှာ ဘုန်းကြီးလမ်းက ကျနော့်ရုံးခန်းကို ဗြုန်းဆို ပေါက်ချ လာပြန်ပါတယ် ။ဒီတခါတော့ အောင်မင်းနဲ့ကျနော်ဟာ နောက်ဆုံးတွေ့ဆုံခြင်းပါပဲ။ စိတ်မကောင်းစရာ ခွဲခွာခြင်းပါပဲ ။ ကျနော်လည်း ကံကောင်းလို့ လူသတ်မှုမဖြစ် လိုက်တာ ပေါ့ဗျာ။ဖြစ်ပုံက ဒီလိုဗျာ ။
အဲဒီနေ့သူရောက်လာတော့ မနက်ဆယ်နာရီ ဝန်းကျင်။ ခပ်ကြော့ကြော့ ဝတ်စားဆင်ယင်ပြီး ရုံခန်းးထဲကို ပြုံးပြုံးရွှင်ရွှင်ဝင်လာတာပါပဲ ။ရောက်ရောက်ချင်း အကို့ညီ သဘောင်္လိုက်နေ တယ် အကိုရ တဲ့ ။ကျနော် နောက်မိန်းမယူတော့မယ်။ ဟိုမိန်းမနဲ့ပြတ်သွားတာ အကိုကျေးဇူး ပဲ ။ဘာညာဆိုပြီး အသေးသုံးလေး ငွေသုံးသောင်းလောက် လုပ်ပါအုံးတဲ့ ။တကယ်တော့ ငွေသုံးသောင်းဟာကျနော့် အတွက်မခက်လှပါဘူး။ ဖြစ်ချင်တော့ အဲဒီအချိန် ကျနော့်လက်ထဲ မှာ ငွေသားမရှိတဲ့ အချိန်ဖြစ်နေတယ် ။ဒါနဲ့ ဒီလိုလုပ်ပါ အောင်မင်းရာ ။ ငါ့ကို ငွေလာပို့ မဲ့ လူရှိပါတယ် ။နေ့လည်လောက်တခေါက် ပြန်လာလိုက်ဆိုတော့လည်း ကျနော်ဒီမှာပဲစောင့် မယ် တဲ့ ။ ဒီလိုဆို မင်းဒီမှာ ထိုင်စောင့်မဲ့အတူတူ ၊ အောက်ထပ်က ဆိုင်မှာ ကြိုက်သလောက် သာ မှာစားထားလိုက်၊ သောက်ချင်တာမှာသောက် ပေတော့လို့ စေတနာရေစီးကမ်းပြိုလိုက် မိရောဗျာ။
ဆယ်နာရီလောက်မှာ အောက်ထပ်က ဆိုင်ကို ဆင်းသွားပြီးသောက်နေတဲ့ အောင်မင်းဟာ ကျနော့်ဆီလာသမျှ ဧည့်သည်တွေကို အောက်ထပ်ကနေဆီးကြိုပြီး ဒကာခံနေလိုက်တာ နေ့လည် တနာရီလောက်လည်းရောက်ရော အောက်ထပ်စားသောက်ဆိုင်က ဘီလ်ရောက် လာလို့ ကြည့်လိုက်တော့ တသောင်းခြောက်ထောင်တဲ့ ။ဒီကြားထဲ ဘီလ်ယူလာတဲ့ ကျနော့် ရုံးဝန်ထမ်း ကျော်အေးက ဆရာ၊ကိုအောင်မင်း တော်တော်များနေပြီ ။ ဆရာ့ကိုလည်းပေါက်ကွဲ နေတယ် တဲ့ ။
ဒီလိုဆိုလည်း မြန်မြန်ဇာတ်လမ်းသိမ်းလိုက်ရအောင် အောင်မင်းကိုခေါ်လိုက်တော့ကွာ ။ ငွေလာယူခိုင်းလိုက်တော့လို့ပြောလိုက်ရတာပေါ့။ချက်ချင်းဆိုသလိုပါပဲဗျာ။ အောင်မင်းဟာ လှေခါးကနေ ဒယီးဒယိုင်နဲ့ကျနော့်ကိုမအေကော နှမပါကော်ဆဲပြီး ကြွမြန်း လာပါလေရော ။ကျနော်လည်း လက်ထဲမှာ အဆင်သင့်ကိုင်ထားတဲ့ ငွေသုံးသောင်းပါစာအိတ် ကို ကိုင်ရင်း ဘာပြောရမှန်းမသိတော့ ဘူးဖြစ်သွားတယ် ။

ရုံးခန်းမှာ တခြားဧည့်သည်တွေလည်းရောက်နေတော့ စိတ်ကို အတတ်နိုင်ဆုံးထိန်းပြီး ခပ်လှမ်းလှမ်းကနေလေအေးလေးနဲ့ အောင်မင်းရာ၊ ဘာဖြစ်လာပြန်တာတုန်းလို့ မေးလိုက်တာ စကား တောင်မဆုံးသေးဘူးဗျာ။ သူ့လက်ကိုနောက်ကျောဖက်မှာထားပြီး ဖွက်ယူလာတဲ့ မန္တလေးဘီယာပုလင်း နှစ်လုံးနဲ့ကျနော့်မျက်နှာဆီကို ဝှီးကနဲ ဝှီးကနဲနေအောင် လှမ်းပစ်ထည့် လိုက်ပါလေ ရော။ကျနော်ခေါင်းကိုငဲ့ပြီးရှောင်လိုက်တော့ ဘီယာပုလင်းတွေဟာ ကျနော့် နောက်က နံရံနဲ့ ထိပြီး ဖောင်းကနဲ ဖောင်းကနဲ ကွဲကုန်ပါတော့တယ် ။ ကျနော် စိတ်မထိန်း နိုင်တော့ပါဘူး ။ကောင်းစေလိုတဲ့ စိတ်နဲ့ အကြိမ်ပေါင်းများစွာ သည်းခံခဲ့ပါပြီ ။သူတို့လင် မယားအကြား ဇာတ်ရှုပ်ထဲမှာလည်း မဖြစ်သင့်တာ မဖြစ်ရအောင် မဝင်သင့်ပဲ ဝင်ရှင်းခဲ့ပြီးပါပြီ။ စိတ်သစ်လူသစ်နဲ့ ဘဝတခု ကိုထူထောင်နေ ရမဲ့အချိန်မှာ ဘာအချိုးမှမပြောင်း၊ သမီးလေးမျက်နှာလည်း မထောက်၊ ထင်တိုင်း ကြဲနေတဲ့ အောင်မင်းကို လည်မျိုပြေးညှစ်ပြီး ကျန်တဲ့လက်တဖက်နဲ့ သူ့မျက်နှာကို အချက်ပေါင်းများစွာ ရက်ရက်စစ် ထိုးပစ်လိုက်မိ ပါ တော့တယ် ။ လက်သီးဒဏ်နဲ့ ကြမ်းပြင်ပေါ်ကို ပုံကနဲ လဲကျသွားတော့ သူ့မျက်နှာမှာ သွေးချင်းချင်းနီနေပါပြီ ။ဒါပေမဲ့ ကျနော့်စိတ်က ဒေါသ အရှိန် မပြေတာနဲ့ သေသွားလည်း အေးရောကွာ ဆိုပြီးသူ့အုတ်ဆက် ချက်ကောင်းကို ခြေဖမိုးနဲ့ အားကုန်ထည့်ပြီး ဖြတ်ကန် လိုက်တာ အောင်မင်းရာ ကြက်ဝိုင်းမှာ ကြက်များ အမွှန်အခွပ်ခံရသလို ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲသလို ဖြစ်နေ ပါတော့တယ် ။ဇာတ်ကနဲ ဇတ်ကနဲ တွန့်တွန့်ပြီး အသက်ငင် နေသလို ဖြစ်နေတော့ ကျနော် လည်း ဒီတခါတော့ လက်လွန်သွားပြီး ဆိုပြီး သတိပြန်ဝင် လာပါတယ် ။အမှန်တော့ အောင်မင်း ဒီလိုရမ်းကားတာ ထူးဆန်းတာမှ မဟုတ်တာ၊ ကျနော်ကသာ ရုံးမှာရောက်နေတဲ့ ဧည့်သည် တွေ ရှေ့မို့ ရှက်ရမ်းရမ်း ရမ်းမိတာလည်း ပါပါလိမ့်မယ် ။
ကျနော့်ရုံးအဖွဲ့သားတွေ နာရီဝက်ကျော်ကျော်လောက် အောင်မင်းကို နှာနှပ်ပြီး ကားတစီးပေါ် တင်ပေးလိုက်ကြပါတယ် ။တနာရီကျော်လောက်ကြာတော့ အောင်မင်းဦးလေးဆိုတဲ့သူက ကျနော့်ရုံးကို ဖုန်းဆက်ပြီး အမှုဖွင့်မယ် လက်စားချေမယ်လုပ်လာပြန်ပါတယ် ။ကျနော်လည်း ခင်ဗျားတူကို သေချာမေးဗျာ။ ဘယ်သူလွန်သလဲလို့ ၊ ကျနော်လွန်တယ်ထင်ရင် ကြိုက်တဲ့ လမ်းကသာတက်ခဲ့ပေ တော့လို့ ပြောပြီးဖုန်းကို ဆောင့်ချပစ်လိုက်တယ် ။

အေးဗျာ။ အဲဒီနေ့ဟာ အောင်မင်းနဲ့နောက်ဆုံးတွေ့ခြင်း နောက်ဆုံးခွဲခွာခြင်းပါပဲ ။ဒေါသတ ရား ကြောင့် ဒီထက်စောပြီး ထောင်ထဲရောက်တော့မလို့ဗျာ။ အင်း .. ။ ဒီအချိန်ဆို အောင်မင်းသမီးလေး တောင် အပျိုပေါက် ဖြစ်လောက်ပြီထင်ပါရဲ့ ။
အောင်မင်းနဲ့ ကျနော် အကြိမ်ပေါင်းများစွာ ဖိုက်တင်ပလေးခဲ့တာတွေကို လျှောက်ပြောနေတာ ဟာ ဂုဏ်ယူပြီးပြောနေတာတော့ မဟုတ်ဘူးဗျာ။အထူးသဖြင့် ကျနော်က ပြေပြေလည်လည် ဖြစ်နေချိန် အောင်မင်းက ကမ္ဘာပျက်နေတဲ့ အချိန်မို့ ပြန်စဉ်းစားရင် စိတ်မကောင်း စရာတွေ ချည်းပါပဲ ။ ကျနော့်ပင်ကိုယ်စိတ်ဟာ အားကြီးသူက အားနည်းသူကို နိုင်တိုင်းလုပ်တာကို လက်ခံသူမဟုတ်ပါဘူး ။
နိုင်တိုင်းမလုပ်နဲ့ဆိုတာ ရူပဗေဒ ပါမောက္ခု ဒေါက်တာမြင့်ဝေဆုံးမခဲ့တဲ့စကားဗျ။ အဲဒီ ဆုံးမ စကားပြောခဲ့တဲ့နေ့က အဖြစ်အပျက်ကို ကျနော်ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ကျနော်ဆယ်တန်းအောင် တဲ့နှစ်တုန်းက သမိုင်းကောလိပ်ထဲက အဆောင်တွေမှာ တက္ကသိုလ်တွေ မဖွင့်ခင် စက်မှုလုပ်အားပေးဆိုပြီး စခန်းသွင်းခဲ့ဘူးတယ်။ ကျနော်က မေခဆောင်မှာ ကျတယ်။ မေခဆောင်နဲ့ ကပ်လျက်က ဇွဲကပင်ဆောင် ။ ကျနော်တို့အဆောင်မှူးက သင်္ချာဌာနမှူး ဒေါက်တာ ကျော်ညွန့်နဲ့ ဒေါက်တာမြင့်ဝေ ပူးတွဲတာဝန်ကျတယ် ။ဇွဲကပင်အဆောင်မှူးက ဥပဒေဌာနမှူးဒေါက်တာတင်အောင်အေးပေါ့ ဗျာ။ အဲဒီတုန်းက ပညာရေးဝန်ကြီးက ဗိုလ်မှူးကြီးကျော်ငြိမ်းဗျ။ ဖဆပလခေတ်က ဦးကျော်ငြိမ်း မဟုတ်ပါဘူးဗျာ။ ဒီဝန်ကြီးက စစ်ဗိုလ်ပါ ။
တနေ့တော့ မေခဆောင်နဲ့ဇွဲကပင်ဆောင် ၊အဆောင်အလိုက် ဘောလုံးပြိုင်ပွဲ ကျင်းပရင်း ဘောသမားအချင်းချင်း ငြိကုန်ကြပြီး နှစ်ဖက် အဆောင်နေကျောင်းသားပရိသတ်တွေပါ ပါတဲ့ ရိုက်ပွဲကြီး ဖြစ်ပါလေရော ဗျာ။
အဲဒီအချိန်မှာ ဒေါက်တာတင်အောင်အေးက ဥပဒေ ဒေါက်တာဘွဲ့ယူပြီး ပြန်လာတာ မကြာ သေးပဲ လျှမ်းလျှမ်းတောက်နေတဲ့ အချိန်၊ပညာရေးဝန်ကြီးက တော်တော် မျက်နှာသာပေးနေ တဲ့ အချိန်တဲ့ ။
မေခနဲ့ဇွဲကပင်ဆောင်ဘောလုံးပွဲကနေစတဲ့ အဆောင်အချင်းချင်း ရိုက်ပွဲသတင်းကို ဒေါက်တာ တင်အောင်အေးက ပညာရေးဝန်ကြီးဆီကို ဦးအောင်အစီရင်ခံလိုက်တာ ပညာရေးဝန်ကြီးဟာ ဘာမှ မေးမြန်းစုံ စမ်းမှုမလုပ်ပဲ ဘောလုံးပွဲတာဝန်ခံဒေါက်တာမြင့်ဝေကို ခေါ်ပြီး ပြင်းပြင်းထန် ထန် ကြိမ်းမောင်း ပါလေရောတဲ့ ဗျာ။
ဝန်ကြီးအကြိမ်းခံရာကပြန်လာတဲ့ ဒေါက်တာမြင့်ဝေဟာ ကျနော်တို့မေခဆောင်ကကျောင်း သား တွေကို အဆောင်လှေခါးရင်းမှာ လူစုခိုင်းပြီး မျက်ရည်စမ်းစမ်းနဲ့ .. ငါ့တပည့် တို့သေချာမှတ်ထား ပါ။လောကကြီးမှာ ကိုယ်နိုင်တယ်ဆိုတိုင်း ၊အားနည်းသူကို ဘယ်တော့မှ အနိုင်မကျင့်မိပါစေနဲ့တဲ့ ။ဒီယဉ်ကျေးမှုထွန်းကားတဲ့ ဒီနိုင်ငံမှာ ဆရာဆက်မနေတော့ဘူးတဲ့ ။ဒေါက်တာမြင့်ဝေကတရုတ်သွေး ပါတယ်ထင်တယ်၊ မျက်နှာတခုလုံး နီရဲပြီး စကားမဆက် နိုင်တော့ပဲ အခန်းထဲ ပြန်ဝင်သွားတာ ကျနော်အခုထိ တွေးလိုက်တိုင်း မျက်စေ့ထဲမှာ ပေါ်နေတုန်းပါပဲဗျာ ။အခုဒေါက်တာမြင့်ဝေဟာမြန်မာ ပြည် ထဲမှာပဲ ရှိနေလေသေးသလား၊ ပြည်ပ နိုင်ငံတခုခု ကိုပဲ ထွက်သွားလေရော့သလား မပြောတတ်ပါဘူးဗျာ။
ကျနော် လောလောဆယ်ပြေလည်နေတယ် ဆိုတာကလည်း ကျနော့်ဘဝ ကံတရားကြောင့် ထင်ပါရဲ့။ အော် ဒါနဲ့ ၊ ကျနော့် ကံတရားဆိုလို့ ကျနော်ဟာ တော်တော်ကို ကံကောင်းသူလို့ ဆိုရမယ်ဗျ။ ကျနော့်မိတ်ဆွေ ကိုသန်းဝင်းကိုဆို ကျနော့်ကို တွေ့တိုင်း “ ခင်ဗျားဟာ အတိတ် ကံတော်တော်ကြီးတဲ့လူလို့ ခဏခဏပြောတတ်တယ်။ သူပြောမယ်ဆိုလည်း ပြောစရာပဲဗျာ ။ကျနော့်ဘဝမှာ ကံကောင်း ခဲ့ပုံတွေများ ပြောပြရင် ယုံနိုင်စရာတောင် မရှိဘူး ။ဗျာ.. ။ခင်ဗျားက ကျနော့်ရဲ့ ထူးဆန်းလှတဲ့ ဘဝကံအကြောင်း တရားတွေကို သိချင်ပြန်ပြီလား ။ပြောတာပေါ့ဗျာ။ အခုလောလောဆယ် တော့ အိပ်ဆောင်ပိတ်ခါနီးနေပြီး ။ မနက်ပိုင်း ဘုတ်ဆင်းထွက်ပြီးချိန်မှာ ဆက်ပြောကြတာ ပေါ့ဗျာ ။ပြောမှာပါဗျာ။ ဈေးမကိုင်ရပါဘူး ။စိတ်ကိုလျော့နော် ။
………………………………….


6 comments:
အကိုမြန်မြန်ရေးပေးလို့ ကျေးဇူး။
where is aung min now?
BTW, Dr Myint Wai is still in Rangoon, he is living in Hle dan,
ရင်မောရပါလားဘဝတွေရယ်။အမြဲတမ်းစောင်.ြ့ပီးဖတ်ဖြစ်ပါတယ်။
i want to read more and more.
ကိုအောင်မင်း ဇာတ်လမ်းက တော်တော်ခံလိုက်ရတာပဲ
ဗျ။ ကိုသက်ခိုင်လည်း ဘာမှ မကူနိုင်လိုက်ဘူး..။
ဖောက်ပြန်တဲ့မိန်းမနဲ့ လင်ရှိမယားကိုပြစ်မှားတဲ့
ယောင်္ကျားက အသာအယာပဲလက်ထပ်သွားကြတယ်
တဲ့လား..။ ဥပဒေရဲ့ ဒဏ်ခတ်ခြင်း၊ ကိုသက်ခိုင်ရဲ့
ဒဏ်ခတ်ခြင်း မခံရဘူးလားဗျာ...။ ဖြစ်သင့်တာက..
၁) ခင်ဝင်းကို မယားခိုးမှုနဲ့တရားစွဲရမယ်။ မဟုတ်လဲ
ပတ်ဝန်းကျင်ကသိနေပြီကိုး။
၂) ခင်မာလာကို မိခင်ကောင်းမပီသမှုဆိုတဲ့အချက်ကို
ရှာပြီး သမီးကိုရအောင်ယူရမယ်။ ကွာရှင်းရမယ်။
ဒါဆိုပြီးပြီ..။ တစ်ခုပဲ ကိုအောင်မင်းက
လူကောင်းတစ်ယောက်ဖြစ်ဖို့တော့လိုတယ်ဗျာ။
တိတ်တိတ်ဆိတ်ဆိတ်---အရိပ်ကလေးတောင်မမြင်ရပါ
လား သက်ခိုင်ရယ်---မောလာသလိုဘဲ---ဘာလုပ်ရ
မယ်မှန်းတောင်မသိတော့ဘူး---ထပ်ထပ်ဖတ်ဖြစ်တယ်-
အဆုံးမသတ်သေးသောဇတ်လမ်းကိုနေ့ တိုင်းမျှော်နေတယ်-
ဘယ်ကိုဒေါသဖြစ်မှန်းတောင်မသိတော့ဘူး-
မင်းဒင်ကိုလားသက်ခိုင်ကိုလား-
ဖတ်မိသွားတဲ့ မိမိကိုယ်လား(ဒါဘဲဖြစ်နိုင်တယ်)
အတင်းရေးခိုင်းလို့လည်းရတာမဟုတ်တော့----
စောင့်ပြီးဖတ်ယုံပေါ့ဗျာ---ကိုမင်းဒင်ကြီးကျန်းမာပါစေ---
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
Post a Comment