Saturday, October 31, 2009

မင်းဒင် ရဲ့  သက်ခိုင် (၈၀)



၈၀။ စခန်းမြေ၊ ဟိုတခိုမှာလ ။


စခန်းတာဝန်ခံ ထောင်မှူး ဦးအေးနိုင်တယောက် မျောက်မီးခဲကိုင်မိသလို ဂဏှာမငြိမ် ယောက် ယက်ခတ်လျက်ရှိလေသည်။ အကြောင်းကား မန္တလေးလူဝင်မှုကြီးကြပ်ရေးမှာ တာဝန်ထမ်း ဆောင်နေသော သူ့ဇနီး ၊ခွင့်ရက်ရှည်ယူကာ စခန်းခွဲသို့ လာရောက်မည်ဆို သော ဖုန်းသတင်းကြောင့်ပင်တည်း။မောင်တရွာ မယ်တမြို့ အလုပ်တာဝန်အရ ခွဲခွာနေကြ ရ သူတို့ ၏ ဘဝကို ကိုယ်ချင်းစာနိုင်လျှင်ကား ဦးအေးနိုင်ပျာယာခတ်နေခြင်းကို အဆိုးဆို သာ မည် မဟုတ်ပါ။ ဇနီးသည်နှင့်ခွဲခွာနေရသည်မှာ နှစ်နှစ်ကျော်ခန့်ရှိပြီ ဟု ရဲဘက်ဘီဘီစီမှ ဆိုပါ သည်။ သူ့ဇနီး လတ်လတ်ထွေး မီးဖွားစဉ်ကပင် သူအနားမှာ မရှိခဲ့ဟု သိရသည်။ တီတီ တာတာ ပြောနေတတ်နေပြီ ဖြစ်သော သမီးငယ်ကို တွေ့လိုစိတ် စောနေခြင်းလည်း ဖြစ် ကောင်းဖြစ်နိုင် ပါသည်။




ရန်ကုန်ဘူတာကြီးသို့ သွားရောက်ကြိုရာတွင် လိုက်ပါမည့် ရဲဘက်တွေ ကို ဇကာတင် ရွေးထုတ်နေရာ စခန်းခွဲတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ကိုသက်ခိုင် ရဲဘက်စခန်း အပြင်ထွက်သည်မှာ မဆန်းလှ သော်လည်း အခြား အကျဉ်းကျရဲဘက်များအဖို့ကား ကြုံ တောင့် ကြုံခဲ အခွင့်အရေး တည်း။ ထို့ကြောင့် ထောင်မှူးနှင့် အတူလိုက်ပါလိုသော ရဲဘက် အရေအတွက်များလှသည်ဖြစ်ရာ ထောင်မှူးနှင့်အတူ အပြင်ထွက်ခွင့်ရရေးအတွက် တိုးတိုး တမျိုး ကျယ်ကျယ်တဖုံ လိုင်းဝင် နေကြသည် ။ ထောင်မှူး လက်စွဲတော် ကုလားခေါ် မျိုးဇော် ဦးတို့ မျက်နှာပန်း ပွင့်ချိန်ပင် ။
တစခန်းလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြချိန် ငြိမ်ချက်သား ကောင်းနေသော ကိုသက်ခိုင်ကို ၊အဆောင်ပေါ်မှာ မတွေ့ရသဖြင့် သူ့တဲဖက်ဆီ ကျနော် ကူးသွားလိုက်သည်။ ကိုသက်ခိုင် တယောက် သူ့တဲပေါ်မှာ ဘောပင်တချောင်းကို လက်ကကိုင်ကာ စာရွက်တွေပေါ်မှာ လေး ထောင့်ကွက်တွေ အဝိုင်းတွေ လျှောက်ခြစ်နေသည်ကို တွေ့ရသဖြင့် ကျနော်စပ်စုလိုက်သည်။
“ ဘာတွေလဲဗျ။ “အင်း “ ကွက်တွေ ချနေတာလား“
“ ပေါက်ပေါက်ရှာရှာဗျာ၊ ပွဲစဉ်ဇယား ဆွဲနေတာဗျ “
“ ဟ၊ ဘာပွဲစဉ်တုန်းဗျာ “
“ အော် ၊ ဒီနေ့ဘိုးတော် အပြင်သွားတာနဲ့ ပိုက်ကျော်ခြင်း ပြိုင်ပွဲ စမယ်လေ ၊ရဲဘက်တွေ စိတ် ပြေလက်ပျောက်ပေါ့ “
“ အော်၊ ခင်ဗျားဗျာ၊ အလုပ်မရှိ အလုပ်ရှာလို့“
“ ကိုမင်းဒင် ၊ခင်ဗျား အကျဉ်းသားတွေကို ကိုယ်ချင်းမစာလို့ အလုပ်မရှိ အလုပ်ရှာတယ် ထင်တာပါ ၊ ခင်ဗျား စဉ်းစားကြည့် ၊အကျဉ်းကျနေတဲ့ သူသူကိုယ်ကိုယ် အပြင်ထွက်ချင် ကြတဲ့ သူချည်းပဲဗျ။ ဒီစခန်းထဲက အကျဉ်းကျရဲဘက်ခြင်း အတူတူ အပြင်ထွက်ခွင့်ရတဲ့ ရဲဘက်ကို ကြည်ြ့ပီး စခန်းမှာငေါင်တောင်တောင်ကျန်ခဲ့တဲ့ ရဲဘက်တွေ စိတ်ထဲ ၊ဘယ်လိုနေမလဲ။ထွက်ခွင့် ရဘို့ကလည်း မလွယ်၊ ထွက်ခွင့်ရ ပြန် တော့လည်း ငွေကုန်ကြေးကျ ဒီလောက်များတာ တတ်နိုင်ဦးမှ၊ ဒီတော့ မထွက်နိုင်တဲ့ ရဲဘက် တွေ အာရုံအပြောင်းအလဲ ဖြစ်ပါစေတော့ပေါ့ဗျာ “
ကိုသက်ခိုင်ပြောမှ ကျနော်စဉ်းစားမိသည်။ ကျနော့်ဇနီးသည် ဧည့်တွေ့လာသွားသည်မှာ မကြာသေးသော်လည်း ကျနော်ကိုယ်တိုင် အခြားသူများ စခန်းအပြင်ထွက်ခွင့်ရသည်ကို ငေးရင်း အပြင်ထွက်ချင်စိတ်ပေါ်မိသည်ကား အမှန်။
ကိုသက်ခိုင်က ကျနော် ငိုင်သွားသည်ကို သတိပြုမိဟန် တူသည်။
“ ဘာလဲဗျ၊ ခင်ဗျားကော အပြင်ထွက်ချင်လို့လား၊ဘိုးတော်ကို ပြောပေးမယ်လေ“
“ နေပါစေဗျာ၊ ဒီလောက်များတဲ့ လိုင်းကြေး ကျနော်မတတ်နိုင်ပါဘူး။ ထွက်တော့ ထွက်ချင်တာပေါ့ဗျာ“
“ အေးဗျ။ ၊ဒီတခေါက်ပေါက်ဈေးက တသောင်းတဲ့၊ခင်ဗျား ထွက်ချင်လည်း ဒီလောက် လူအများကြီးနဲ့ လိုက်မသွားနဲ့ဗျာ။ ကျနော်ထွက်တဲ့နေ့မှာ ခင်ဗျားကို တိုင်ကယ်ချိတ်ပြီး ခေါ်သွားပေးပါ့မယ်၊ ခုတခေါက် က လိုက်သွားတဲ့မောင်တွေလည်း သွားချင်ရာ သွားနိုင် မှာမဟုတ်ဘူး။ ပြန်လာရင်လည်း ထောင်မှူးမိန်းမ ထဘီ(ထမိန်)သေတ္တာထမ်းပြန်လာရမှာ “
ကိုသက်ခိုင့် စကားကြောင့် ကျနော့် အပြင်ထွက်ချင်စိတ်သည် ရုတ်ခြည်း ငုတ်လျှိုး ပျောက် ကွယ် သွားခဲ့ပြန်ပါသည်။
………………………………

ကိုသက်ခိုင် ရောက်စကသော် တရက် စခန်းအပြင်ထွက်ကြေးသည် ဒီဇယ်ပေပါ တလုံး (ကာလ ပေါက်ဈေး ခြောက်သောင်းကျပ်ခန့်)အထိ မြင့်တက် သွားဘူးရာ စခန်းခွဲ(၁)တွင် အမြင့်ဆုံး ဈေးဖြစ်၍ ကိုသက်ခိုင် မှတပါး အခြားသူတို့ မတတ်နိုင်သောကြေးပင်။ နောက်ပိုင်း စခန်း တာဝန်ခံနှင့် မည်သို့ အပေးအယူတည့်သည်မသိ။ ကိုသက်ခိုင် စခန်းအပြင်ထွက်သော အကြိမ်မြောက် များစွာ ရှိခဲ့ သော်လည်း ဒီဇယ်ပေပါတို့ကိုမူ စခန်းခွဲတွင်မတွေ့ရချေ ။
စခန်းအပြင်ထွက်သည့် ဈေးနှုန်းကား ပုံမှန်အားဖြင့် ကြမ်းခင်းဈေး တရက်လျှင် ကျပ်တသောင်း ခန့်ဖြစ်သည်။ ထွက်ခွင့် ပေးသည့် အကြောင်းကား စခန်းခွဲအတွက်လိုအပ်သည့် မျိုးစေ့ ၊ဓာတ် မြေသြဇာ၊ ပေါက်တူး၊ဂေါ်ပြား၊ တူးရွင်း၊ ငန်းပြား စသည့် စခန်းအသုံးအဆောင် ဝယ်စရာခြမ်း စရာ တို့ကို သွားရောက်ဝယ်ယူခြင်းဟူ၍ ခေါင်း စဉ်တပ်ခြင်း ဖြစ်သည်။
ထို့ပြင်ထောင်ပိုင်ထောင်မှူး ပါးစပ်ထဲက တွေ့သမျှ ၊ရှောက်မှာသည့် ပစ္စည်းပစ္စယ များကို လည်း အပြန်တွင်ဝယ်ယူလာကြရသည်။ မှာသမျှမပါပဲ၊ မေ့လျော့ လွဲချော်ခဲ့လျှင်ကား နောက် တကြိမ် အပြင်ထွက်ခွင့် အပြီးကုန်ဆုံးမည့်အပြင် အပြစ်မရှိ အပြစ်ရှာ၍ ခြေကျင်းနှင့်ပင် ပြန်ညားသွားနိုင်သည်။
စခန်းက ထွက်ချိန်တွင် အကျဉ်းဦးစီးဝန်ထမ်းနှင့် အတူထွက်ကြခြင်းဖြစ်ပြီး စခန်းနှင့် အတန် ငယ်ဝေးသော မြို့ငယ်လေးကို ရောက်မှ လူချင်းခွဲကာ ပြန်ဆုံမည့်အချိန်ကို အချိန်းအချက် လုပ်ကာ အကျဉ်းသားက သူသွားလိုရာသွား ၊ထောင်ဝန်ထမ်းက သူ့လမ်းသူသွားကြခြင်းသာ ဖြစ်သည်။
ထိုသို့ထွက်ခွင့်ရခြင်းသည် တရားဝင်ဟူ၍တော့ မထင်မှတ်ပါလေနှင့် ။ ပြင်ပတွင် ပြဿနာ တစုံတရာ ဖြစ်ပေါ်ခဲ့သော် ထိုအကျဉ်းသားသည် ရဲဘက်စခန်းမှ ထွက်ပြေးကာ ပြစ်မှုကျူး ခြင်းသာ ဖြစ်ကြောင်း ထင်ရှားစေရန် အဆိုပါ အကျဉ်း သားကို ရဲဘက်ပြေး စာရင်းသွင်းရန် ၊ အကျဉ်းဦးစီးဝန်ထမ်းဖက်မှ ကိုယ်လွတ်ရုန်းနိုင်ရန် အစစ ကြိုတင်စီစဉ်ပြီး ဖြစ်ကြောင်း ကျနော့် ကို ကိုသက်ခိုင်ပြောပြဘူးသည်။ တခါတရံ အလွန်ဇယားနိုင်လှသော ရဲဘက်အကျဉ်းသားတို့ ၏ ပြောင်မြောက်လှသော လှည့်ကွက်များကြောင့် မလည်မဝယ်ထောင်ဝန်ထမ်းများပါ အလုပ် ပြုတ် ကိန်း ကြုံသွားတတ်သည်လည်း ရှိသည် ဆိုပါ၏။ထို့ကြောင့် စခန်းအပြင်ထွက်ခွင့် အတွက် အကျဉ်းသား ရွေးရသည် မှာ အချက်အလက်ပေါင်းများစွာကို စိစစ်ကြရသည်။ ရာဇဝင်လူဆိုးက စခန်းအပြင်ထွက်ကာ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြီး ရဲဘက် စခန်းအတွင်း ဟန်မပျက်ပြန်နေပါက ၊သူကျူးလွန်ခဲ့သော ပြစ်မှုကို မည်သို့မျှ ဖော်ထုတ်နိုင်ရန် အကြောင်း မရှိချေ။ထို့ကြောင့်စခန်းအပြင်ထွက်ခွင့်ကား အမှန်တော့ ထွက်ခွင့်ရသူ၊ ရဲဘက်ရော ဝန်ထမ်း အတွက် ပါ အလွန် အန္တရာယ်ကြီး လှချေ သည်။
……………………………………..

ကျနော်တို့စခန်းခွဲ (၁)တည်ရှိရာနေရာကား ရေနက်ကွင်းကြီးကို တူးမြောင်းများဖြင့် ရေထွက် ပေါက်များ ဖောက်ကာ ကုန်းမြေဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။ စခန်းခွဲနှင့် ကပ်လျက် ကား တူးမြောင်းအမှတ် (၁၆) ဖြစ်၏ ။အဆိုပါတူးမြောင်းမှ အရှေ့စူးစူးသို့ တမိုင် ကျော်ခန့် အကွာ တွင် တူးမြောင်း အမှတ် (၂)နှင့် ပေါင်းဆုံသွားသည်။တူးမြောင်း အမှတ်(၂) အတိုင်း နှစ်မိုင်ခန့် ခရီးနှင်သော် ပင်မစခန်းသို့ ရောက်သည်။ ပင်မစခန်းသည် အဝေးပြေး လမ်းမကြီး နှင့် ကပ်လျက်တည်ရှိသည် ။ ထို့ကြောင့် အပြင်ထွက်မည့် ထောင် ဝန်ထမ်း၊ ဧည့်တွေ့လာ သူများနှင့်ည အကျဉ်းသားပါ ပင်မစခန်းကို မဖြစ်မနေဖြတ်ကျော်ရ သည်။ခြွင်းချက်အားဖြင့် ကား နွေရာသီ တွင် ရေနက်ကွင်း တခုလုံး ခြောက်သွေ့နေသည် ဖြစ်ရာ စခန်းခွဲ(၁)မှ တောင် ဖက်စူးစူးအဝေး ပြေးလမ်းမကြီး ပေါ်သို့ ကုန်းလမ်းပေါက်သည်။
ကျနော်သည် ကိုသက်ခိုင်တဲပေါ်မှနေ၍ မလှမ်းမကမ်းရှိ တူးမြောင်း အမှတ် (၁၆)ဖက်ဆီသို့ ငေးနေရင်း ဦးအေးနိုင်ခရီးစဉ်နှင့် ပတ်သက်၍ကျနော့်ခေါင်းထဲမှာ မရှင်းသော ကိစ္စတခုကို မေးခွန်း ထုတ်မိပြန်သည်။
“ နေပါဦးဗျ။ ပင်မစခန်းမှာ အကျဉ်းဦးစီး ရုံးချုပ်က ညွှန်မှူး ရောက်နေတယ်ဆို ၊ ဦးအေးနိုင်က ဘယ်လိုလုပ်ပြီး ရန်ကုန်ကို သွားမလဲဗျာ“
“ ဒီတခေါက်တော့ ဦးအေးနိုင်လည်း ရဲဘက်တွေနဲ့ ဘဝတူပဲဗျ။ သူလည်း သူ့မိန်းမကို ကြိုရမှာမို့ ခိုးထွက်ရမှာ၊ပင်မစခန်းကို မဖြတ်ရဲဘူး၊ လေကြောင်းအရန် ငါးမွေးကန်နားက တူးမြောင်းကနေ လှေနဲ့လမ်းမကြီးပေါ်တက်မှာလေ“
“ ဟ၊ လေကြောင်းအရန်ငါးကန်နားက တူးမြောင်းထဲမှာ ဘယ်က လှေ ရှိလို့ လမ်းမကြီးပေါ် ရောက်မလဲဗျ“
“ ကျနော်တို့စခန်းက လှေကို အဲဒီတူးမြောင်းထဲ ရောက်အောင် ပို့မယ်လေ “
“ ဗျာ ၊ ကျနော်နားမရှင်းဘူးဗျ။ ဒီကနေ လေကြောင်းအရန် တူးမြောင်းကို ရောက်ဘို့ ဗွက် တောကို တမိုင်လောက်ဖြတ်ရမှာ မဟုတ်လား“
“ ခင်ဗျားဗျာ၊ အီဂျစ်မှာ ပိရမစ်ကြီးတွေ ဘယ်လိုတည်ဆောက်ခဲ့သလဲ၊ အုပ်ချုပ်သူတွေ ရက်ရက်စက်စက် အာဏာပြပြီး ဆောက်ခဲ့တာပဲ မဟုတ်လား၊အခုလည်း စခန်းကလှေကို အဲဒီတူးမြောင်းထဲရောက်အောင် အလုပ်ကြမ်းဘုတ်ထဲက ရဲဘက်နှစ်ဆယ်ကျော် မနက် ငါးနာရီလောက်ထပြီး ဗွက်တောကို ဖြတ်ထမ်းရမှာဗျို့ ၊ လှေက ဦးအေးနိုင် ပြန်လာတဲ့အထိ အဲဒီတူးမြောင်းထဲမှာ စောင့်နေမယ်၊ အပြန်ကျတော့ လှေကို မနက်ကပို့ထားတဲ့ အဖွဲ့ကပဲ စခန်းအထိ ပြန်ထမ်းလာရမယ်။ ရှင်းပြီလား “
“ အော် “
ကျနော့်နှုတ်မှ အော်တလုံးသာထွက်နိုင်ပါတော့သည်။ရဲဘက် အကျဉ်းစခန်း၏ လက်ရှိ အခြေ အနေ ကား အမေက ငါ့ကိုနိုင် ၊ငါက ကြက်မကြီး နိုင် ဟူသော စကားအတိုင်း ကြီးနိုင်ငယ်ညှင်း နိုင်ရာစားရပ်ဝှန်း ဒေသပေတည်း။
……………………………….
အကျဉ်းဦးစီးဌာန ရဲဘက်စခန်းမှထောင်မှူးတပွင့်ဟူသော ရာထူးမှာ စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်၊အသွင်ပြောင်း လာလျှင် ရနိုင်သော ရာထူးမျှသာဖြစ်သည်။တပ်မှ ဗိုလ်ကြီးပြောင်းလာလျှင်ကား ထောင်ပိုင် အဆင့်။ ထောင်မှူးတပွင့်သည် ထောင်ပိုင်ကို ပထွေးထက်ပင် ကြောက်ရသည်။ ထို့အတူ အကျဉ်း ဦးစီးအခြားအဆင့်ဝန်ထမ်းသည် တပွင့်နှင့်ထောင်မှူးကို သေမလောက်ကြောက်ရသည်။ ထိုနည်းနှင် နှင်ပင် အကျဉ်းသားရဲဘက်သည် ထောင်ဝန်ထမ်းကို အသက်ရဲရဲ မရှူဝံ့လောက်အောင် ကြောက်ရပြန်လေသည်။
အမှန်တော့ ရဲဘက်စခန်း အကျဉ်းဦးစီး အောက်ခြေဝန်ထမ်းများနှင့် အကျဉ်းသားများ၏ ဘဝမှာ ထွေထွေထူးထူးကွာခြား လှသည်တော့မဟုတ်။ စခန်းတာဝန်ခံ ဦးအေးနိုင်ပင်လျှင် အကျဉ်းသားများအိပ်ဆောင်နှင့် အရည်အသွေးမကွာလှသော ဝန်ထမ်း အိမ်ရာမှာ နေကြရ သည်။ မသဒ္ဓါရေစာကြောင့်ပေလော မဆိုနိုင်၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအတော်များများမှာ လူမွှေးလူတောင် ပြောင်လှသည်တော့မဟုတ်ချေ။ အခြားဝန်ထမ်းများကဲ့သို့ လူတောသူတော ကောင်းကောင်းမတိုးနိုင်သည်မှာ ထင်ရှားလှသည်။ သေချာလှသော အချက်မှာ မည့်သည့်ထောင်ဝန် ထမ်းမျှ အရပ်ထဲသို့ ဌာန ယူနီဖောင်းဖြင့် မသွားရဲခြင်းပင်။
အကျဉ်းသားများ ဧည့်တွေထောင်ဝင်စာလာတွေ့ရာတွင် ပေးခဲ့သော ကော်ဖီမစ်၊ ငါးပိကြော်၊ စသည့်စားသောက် ဖွယ်ရာ များမှာ ထောင်ဝန်ထမ်း များအတွက် အဓိကအားထားရာ ရိက္ခာ ဖြစ်သည်။ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ရဲဘက်တယောက်အနေဖြင့် ဧည့်တွေ့ အပြန်မှာထားခဲ့သည့် အစားအစာ တချို့ကို သက်ဆိုင် ရာ ထောင်ဝန် ထမ်းတို့ကို ခွဲဝေပေးရခြင်းကား ထောင်ယဉ်ကျေးမှု ဖြစ်နေချေပြီ။
ထောင်ဝန် ထမ်း များအတွက် အဓိကအပိုဝင်ငွေကား အကျဉ်း သားတို့၏ သက်သာခွင့် ကို နားလည်မှုဖြင့် လိုက် လျောရာက ရသောငွေတည်း။
အကျဉ်းသားတို့နေထိုင်မကောင်း၍ အလုပ်မဆင်းနိုင်လျှင် လာဘ်ထိုးရသည်။ အလုပ်သက် သာ လိုလျှင် ငွေပေးရသည်။ဧည့်တွေ့ချိန်ကြာကြာတွေ့လိုလျှင် ငွေကုန်ရသည်။နေရာကောင်း ကောင်းမှာ သက်တောင့်သက်သာ အိပ်လိုလျှင် ငွေကုန်ရသည်။ အတိုချုပ်ရလျှင် နေရာတကာ ငွေကုန်ပေါက်ချည်းသာ ဖြစ်သည်။ငွေကုန်ပေါက်သည် ထောင်ဝန်ထမ်း များ အတွက်သာ မ ဟုတ် ။အကျဉ်းသားအချင်းချင်း လုပ်ပိုင်ခွင့်ရှိသော နှစ်ကြီးအကျဉ်းသားကလည်းငွေရ ပေါက် ဖန်တီးသည်လည်း ရှိသေးသည်။
…………………………………
ဦးအေးနိုင် စခန်းမှထွက်ခွာသွားချိန်တွင် ကိုသက်ခိုင်တယောက် သူ့တဲနှင့် မလှမ်းမကမ်းမှ ရိုးပြတ်ကွင်းမှာ ပိုက်ကျော်ခြင်းဝိုင်းဖြင့် အလုပ်ရှုပ်နေသည်။ ရဲဘက်များကို လေးယောက်ပါ သော အသင်းရှစ်သင်းခွဲကာ ၊ ရှုံးထွက်ပွဲများဆက်တိုက်လုပ်ပေးသည့်အပြင် သူကိုယ်တိုင်ပါ စစ်ပြေးသန်းအောင်တို့နှင့်တွဲကာ လူငယ်ရဲဘက်တွေကြားမှာ ဝင်ခတ်နေသည်။ ဆုကြေးကား ပထမ စူပါကော်ဖီမစ် သုံးထုတ်၊ ဒုတိယ နှစ်ထုတ်၊တတိယ တထုတ် ဖြစ်သည်။ကိုသက်ခိုင်၏ တာဝန်ပေးမှုကြောင့် ကျနော်လည်း ပိုက်ကျော်ခြင်း ဒိုင်ဖြစ်နေရသည်။ ကျန် ရဲဘက်များကား ကွင်းလေးဖက်လေး တန်မှ ပရိသတ်များအဖြစ် နေပူကျဲကျဲမှာ တက်ရောက်အားပေးလျက် ရှိ ကြလေသည်။
ကိုသက်ခိုင်ကား အလုပ်တခုကို လုပ်မည်ဟု ဆုံးဖြတ်လျှင် အင်တိုက်အားတိုက် စိတ်ပါလက်ပါ လုပ်လိုသော အကျင့်စရိုက်ရှိသူတည်း။ အမှန်တော့သူပါဝင်သော အသင်းမှာ ခြေရည်သိပ်ရှိလှ သည်မဟုတ်လှသော်လည်း ကိုသက်ခိုင်၏ တက်ကြွသော လှုပ်ရှားဟန်၊ အားပါသော အမိန့် ပေးသံတို့ကြောင့်လော မဆိုနိုင် ။ နိုင်ပွဲဆက်နေသည်။
“ ဟေ့ကောင်၊ စိတ်ကို ငြိမ်ငြိမ်ထား၊ နိုင်ကို နိုင်ရမယ်“
“ ဆယ်၊ ဆယ်၊ ရအောင်ဆယ်“
“အသာလေး မြောက်အောင် ခတ်တင်ထား “
“ ဟုတ်ပြီ၊ ရိုက်ချလိုက်“
“ ကောင်းလိုက်တဲ့ ကန်ချက်ကွာ၊ နောက်တချက်လောက် လုပ်လိုက်ပါအုံး“
“ တမှတ်ပဲလိုတော့တယ်နော်၊ မလှန်နိုင်ဘူးလို့ ထင်နေတဲ့ ကောင်တွေကို ပညာပေးလိုက် ပါအုံးကွာ“
ရိုးပြတ်ကွင်း ၊ဟင်းလင်းပြင်အားကစားရုံကြီးမှ ပိုက်ကျော်ခြင်းဝိုင်းမှာ ကိုသက်ခိုင် သူ့လူတွေ ကို အားပေးသံဖြင့်သာ ဖုံးလွှမ်းနေသည်။ ကျနော်ကား လူငယ်တယောက်လို ဖျတ်လတ်သွက် လက်နေဆဲ ဖြစ်သည့် ကိုသက်ခိုင်ကို ကြည့်ကာ သံဝေဂပွားနေမိလေသည်။ ကိုသက်ခိုင်ကား သူ့ဘဝအတိတ်ကို မေ့နေယောင် တကား။တချိန်ကသော် သူကျွမ်းကျင်ရာ စီးပွားရေးလုပ်ငန်း များတွင် ဤဟန်ပန်နှင့်ပင် အားတက်သရော လုပ်ကိုင်နေခဲ့ပေလိမ့် မည် ။ ယခုသော် ကား ဘဝငရဲခန်းက အကျဉ်းသား ရဲဘက်များ အကြားတွင် လောကဓံ၏ ရိုက်ပုတ်မှုကို ပျော်ပျော်ပင် ရင်ဆိုင် ဖြတ်ကျော်နေပုံရလေသည် ။
…………………………
မွန်းတည့်ချိန် ပိုက်ကျော်ခြင်းဝိုင်း ဗိုလ်လုပွဲ စခါနီးတွင် ပင်မစခန်းမှ ဝန်ထမ်းတဦး ရောက် လာကာ ကိုသက်ခိုင်ကို ထောင်ပိုင်ကြီး အခေါ်လွှတ်သည် ဆိုသဖြင့် ချွေးတလုံးဖြစ်နေသော ကိုသက် ခိုင် အပေါ်အကျီ တထည် ကောက်စွပ်ကာ ချက်ချင်းလိုက်ပါသွားသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ကိုသက်ခိုင်ထွက်သွားပြီး တနာရီကျော်ကျော်ခန့်တွင် လှေစီးဧည့်သည် တဦး စခန်းခွဲသို့ ရောက်လာပြန်သည်။ အဆိုပါဧည့်သည်ကား အသက်သုံးဆယ်ကျော်ခန့် ရှိပြီး မွန်ရည်သော ရုပ်ရည်ရှိသည့် လူငယ်တဦးဖြစ်သည်။အရပ်အမောင်းကောင်း၍ အနည်း ငယ် ပိန်သွယ်သည်။ ကိုသက်ခိုင်ကို တွေ့လိုသော ဧည့်သည်ဟုဆိုသည်။
စခန်းခွဲယာယီတာဝန်ခံအဖြစ်ကျန်ခဲ့သော ဘေးကြယ်ကြီးလမ်းညွှန်မှုဖြင့် ထိုလူငယ်သည် ကျနော် ရှိရာသို့ ရောက်လာလေရာ ကျနော်က ကိုသက်ခိုင့် တဲပေါ်သို့ ခေါ်သွားလိုက်ရ သည်။သူက ကျနော် နှုတ်ဆက်သည်ကိုပင် မစောင့်ပဲ ၊ အမောတကော ဆိုသည်။
“ ကိုသက်ခိုင် နဲ့တွေ့ချင်လို့ဗျာ “
“ ဟာ၊ ကိုသက်ခိုင် ထောင်ပိုင်ကြီးခေါ်လို့ ပင်မစခန်းကို ထွက်သွားတယ်လေ၊ ပင်မစခန်းမှာ မတွေ့ခဲ့ဘူးလားဗျာ“
သူက စိတ်ရှုပ်ထွေးသွားသော အမူအရာဖြင့် ….
“ အင်း ၊ ကျနော့်အကိုကတော့ ရဲဘက်ရောက်တာတောင် အလုပ်က ရှုပ်နေတုန်းပါပဲလားဗျာ“
“ အော်၊ ခင်ဗျားက ကိုသက်ခိုင် ညီလားဗျ“
“ ဟုတ်ပါတယ်၊ ကျနော် သက်မြိုင် ပါ၊ သူ့ညီအလတ်ပါ “
ကိုသက်ခိုင့်ညီဟုပြောကာမှ ကျနော်သူ့ကို အကဲခတ်ကြည့်ရာ မျက်ခုံးမျက်လုံး မျက်နှာကျ ကိုသက်ခိုင် နှင့် အတော်ဆင်သည်ကို သတိပြုမိသဖြင့် စကားကို အလိုက်သင့် ရောချလိုက်ရ သည် ။
“ အော်၊ ကိုသက်ခိုင်ကတော့ သူ့တို့ညီအကို ခြောက်ယောက်တောင် ရှိတယ် လို့တော့ ပြောဘူးသားဗျာ “
“ ဒါနဲ့ ကိုသက်ခိုင် ဘယ်အချိန် ပြန်လာမလဲ သိသလားဗျာ၊ စောစောက အရာခံကြီးပြောတော့ အကိုက ဦးမင်းဒင်နဲ့အတွဲများတယ်ဆိုတော့ ဦးမင်းဒင်ကိုများ တခုခု မှာခဲ့သလားလို့ပါ “
“ ကျနော်တော့ စောစောပြန်ရောက်မယ် မထင်ဘူး ကိုသက်မြိုင်၊ ထောင်ပိုင်ကြီး အခေါ်ခိုင်း တာက ကိုသက်ခိုင့်ဧည့်သည်တွေ ကားသုံးလေးစီးလာပြီးနဲ့ ကိုသက်ခိုင်ကို အပြင်ခဏ ခေါ် သွားချင် တယ် ဆိုလို့ လာခေါ်တာတဲ့ဗျ ၊ သူ ရန်ကုန်ကို လိုက်သွားမယ်ထင်တယ်“
လူငယ်သည် ကွင်းပြင်ကျယ်ကြီးဖက်သို့ ခပ်ငေးငေးကြည့်ရင်း ၊
“ အေးဗျာ၊ ဦးမင်းဒင် ကျနော့်ကို စာရွက်လေးတရွက်လောက်ပေးပါလား၊ ကျနော်စာရေးထား ခဲ့ချင်လို့ပါ“
ကျနော်က ကိုသက်ခိုင့်တဲအတွင်းမှ ဗလာစာအုပ်တအုပ်ကို သူ့ရှေ့သို့ထိုးပေးလိုက်ရာ သူရေး နေသော စာများကို ကျနော်လှမ်းမြင်နေရသည် ။
…………………………………..
……………………………………
အကိုသက်ခိုင်၊
ကျနော် စခန်းခွဲကို လိုက်လာခဲ့ပါတယ်။
ကိုသက်ခိုင် အပြင်သွားတယ်ဆိုလို့ မစောင့်တော့ပဲ ပြန်သွားပါတယ်။
မနက်ဖြန် ကျနော်တာဝန်ကျရာ နယ်ကို ပြန်ရမှာမို့ နှုတ်ဆက် ကန်တော့ခဲ့ပါတယ်။
ဘယ်နေရာ ဘယ်ဘဝရောက်ရောက် ကျနော်ဟာ ကိုသက်ခိုင့်ညီ ဖြစ်ရခြင်း အပေါ် ဘယ်သောအခါမှ သိမ်ငယ်စိတ် မဖြစ်ပေါ်ခဲ့ပါဘူး။
သက်မြိုင်
(၂၉ /၇ /၂၀၀၄ )
………………………
………………………………………………….

ထိုနေ့က အိပ်ဆောင်ပိတ်ချိန် မိုးကြီးစုံးစုံးချုပ်မှ ကိုသက်ခိုင် ပြန်ရောက်သဖြင့် နောက်တနေ့ မနက် သူ့ညီရေးခဲ့သော စာပါသည့် ဗလာစာအုပ်လေးကို ကိုသက်ခိုင့် လက်ထဲထည့်လိုက် ရသည်။ကိုသက်ခိုင် သည် စာကိုဖတ်ရင်း ခပ်ငူငူ ခပ်ငိုင်ငိုင် ဖြစ်သွားလေသည်။ နှုတ်မှလည်း တီးတိုးရေရွတ်သံ ထွက်ပေါ်လာသည်။
“ အေးဗျာ၊ ကျနော့်ညီ သက်မြိုင်လာမယ်မှန်းသိရင် ကျနော်လိုက်သွားဖြစ်မှာ မဟုတ်ဘူးဗျာ။ ကျနော့်ညီကို ကျနော် မတွေ့ရတာ လေးငါးနှစ်လောက် ရှိရော့မယ် “
“ အင်း ၊ ခင်ဗျားညီကြည့်ရတာလူရည်သန့်ပဲ၊ အစိုးရဝန်ထမ်း ထင်ပါရဲ့“
“ ဟုတ်ပါတယ်၊ ကျနော်တို့မိသားစုထဲက တယောက်တည်းသော အစိုးရ ဝန်ထမ်းပေါ့၊ ကျနော်တို့ ညီအကိုမောင်နှမတွေထဲမှာ ကျနော် မျှော်လင့်ချက် အထားဆုံး ညီပေါ့၊တခြား ညီအကိုမောင်နှမတွေက အဖေဆုံးပြီးတဲ့နောက် ပညာရေးကို သိပ်စိတ်မဝင်စားကြတော့ဘူး၊ အကိုအကြီးဆုံးဆို နတ်မောက်ကို ပြန်ပြီး အမေ့အမွေ ယာတွေချောင်းတွေ ပြန်လုပ်နေတယ်၊ ကျန်တဲ့ ညီအကိုမောင်နှမတွေကလည်း အိမ်ထောင်တွေကျပြီး ပညာရေး တဝက်တပျက်နဲ့ စီးပွားရေးဖက် ခြေဦးလှည့်ကုန်ကြတယ် “
“ ဒါနဲ့ ခင်ဗျားညီက ဘယ်ဌာနကလဲဗျာ“
“ အင်း၊ ….. က မြို့နယ်ဦးစီးမှူးလေ “
“ခင်ဗျားညီ စာထဲမှာ “ဘယ်နေရာ ဘယ်ဘဝရောက်ရောက် ကျနော်ဟာ ကိုသက်ခိုင့်ညီ ဖြစ်ရခြင်း အပေါ် ဘယ်သောအခါမှ သိမ်ငယ်စိတ် မဖြစ်ပေါ်ခဲ့ပါဘူး“ ဆိုတာ ဘာသဘောလဲဗျ၊ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ“
“ အေးဗျာ၊ ကျနော်လည်း ဒီစာကြောင်းကို ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်၊ အမှန်တော့ ကျနော်ဟာ ကျနော့်ညီနဲ့အတူ ကျနော်ယုံကြည်ရာတွေကို လက်တွဲပြီး လုပ်ဘို့ ဆုံးဖြတ်ခဲ့ ဘူးပါတယ်၊ကျနော့်ညီကို ကျနော်နဲ့ ပုံတူနီးပါးဖြစ်အောင် ကျနော်လေ့ကျင့်ပျိုးထောင်ပေးခဲ့ ဘူးပါတယ်။ ဒါပေမဲ့ဗျာ၊ ထင်တိုင်းမဖြစ်တဲ့ လောကကြီးမှာ ကျနော့်ညီဟာ ကျနော့် လုပ်ပုံ ကိုင်ပုံတွေကို စိတ်အပျက်ကြီး ပျက်တယ်ထင်ပါရဲ့ ၊ ကျနော့်ကို လုံးဝကျောခိုင်းပြီး သူယုံကြည် ရာလမ်းကို ရွေးသွားခဲ့တာပါပဲ“
“ ခင်ဗျားက ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲဗျ “
“ တကယ်တော့ ကျနော့်ညီဟာ ခုနှစ်တန်းလောက်အထိ ပညာရေးမှာ အားရစရာ မရှိလှဘူးဗျ၊ တနေ့ကျနော်က သူ့ကျောင်းစာအုပ်တွေကို လျှောက်လှန်ကြည့်ရာက လက်ရေးတွေက ပဲပင်ပေါက်လို ဖြစ်နေတာတွေ့တာနဲ့ လက်ရေးလှစာအုပ်ဝယ်ပြီး လက်ရေးပြန်ကျင့်ခိုင်းရာက ကျနော်ဟာ သူ့ကို ကျနော့်စိတ်တိုင်းကျ ဖြစ်လာအောင် ပုံစံ စသွင်းမိတော့တာပါပဲ၊ အကောင်း ဆုံး ကျူရှင်ဆရာတွေနဲ့ အပ်တယ်၊ ကိုယ်ခံပညာမျိုးစုံသင်ခိုင်းတယ်၊ ဗဟုသုတ အလို့ငှာ စာမျိုးစုံကို ဖတ်ခိုင်းတယ်၊အိုဗျာ၊ မိန်းမကိစ္စက လွဲလို့ ယောကျာင်္းတို့တတ်အပ်တယ်လို့ ကျနော်ယူဆတဲ့ ပညာမျိုးစုံကို သင်ယူလိုက်စားဘို့ ကျနော်စံနစ်တကျ ကြပ်မတ်ပြီး ပုံသွင်းခဲ့ ပါတယ် “
“ ခင်ဗျားညီကကော ခင်ဗျား ပုံသွင်းသလို လိုက်နိုင်ရဲ့လား ဗျာ “
“ ကောင်းလိုက်တဲ့ မေးခွန်းဗျာ၊ ရုတ်တရက်ကြည့်ရင် သက်မြိုင်ဟာ ကျနော့် လမ်းညွှန်ချက် တွေကို လိုက်နာနိုင်ခဲ့တယ်လို့ ထင်မှတ်စရာပါပဲ၊ သာမာန်ဥာဏ်ရည်နဲ့ ခပ်အေးအေး ခပ်ကုပ်ကုပ်နေတတ်တဲ့ သက်မြိုင်ဟာ ဂျူဒိုမှာ ခါးပတ်အညိုအဆင့် ရှိခဲ့တယ်၊ဆယ်တန်းမှာ ဂုဏ်ထူးနှစ်ခုပါခဲ့တယ်၊အဲဒီခေတ်က မြန်မာစာ ထူးချွန်သူတွေကို ပေးလေ့ ရှိတဲ့ မြန်မာစာ ကျူရှင်ဆရာ ဆရာဒိုးရဲ့ ရွှေတံဆိပ်ရခဲ့တယ်၊ အင်္ဂလိပ်စာမှာ ယူမေးနီးယား သမ္မတဟောင်းချောင်ရှက်စကူးရဲ့ အထ္တုပတ္တိ ကို ဘာသာ စမ်းပြန်ခဲ့ဘူးတယ်၊ စစ်တုရင်မှာ ရုရှ စစ်တုရင် အကျော်အမော် အနာတိုလီကား ပေါ့ နဲ့ တောင် ထိုးခဲ့ဘူးလေရဲ့ဗျာ “
“ ဗျာ၊ ခင်ဗျားညီက အနာတိုလီကားပေါ့နဲ့ တကယ်ထိုးဘူးသလား”
“အော်၊ ခက်ပါလား၊ဘော်ဘီဖစ်ရှာနဲ့ စပတ်စကီတို့လို ကျနော့်ညီက အနာတိုလီနဲ့ တယောက်ချင်းထိုးဘူးတာတော့ ဘယ် ဟုတ်မလဲဗျာ၊ သူ မြန်မာပြည်လာလည်တုန်း စစ်တုရင် ဝါသနာရှင် အယောက်ငါးဆယ် ကိုရွေး ပြီး တပြိုင်နက်ထိုးခဲ့ဘူး တာကို ပြောတာပါ “
“ ဟာ၊ ဘာဘဲဖြစ်ဖြစ် ခင်ဗျားညီက အလာကြီးပါလား“
“ ဝေဖန်တာ မစောနဲ့အုံးဗျာ၊ ရုတ်တရက်ကြည့်ရင် ကျနော့် ပျိုးထောင်မှုဟာ အောင်မြင် သယောင် ထင်ရပေမဲ့ သူ့အတွင်းစိတ်မှာ ကြီးစွာသော ပင်ပန်းဆင်းရဲမှု ဖြစ်နေတာကို ကျနော် မမြင် နိုင်ခဲ့ဘူး၊သူ ဒုတိယနှစ်လည်း ရောက်ရော ၊ကျနော့်ကို လုံးဝမကြည့်ချင်တဲ့ ဝေဒနာတမျိုး စိတ်ရောဂါ ဆန်ဆန် စွဲကပ်လာပါတော့တယ်၊ ရောဂါသည်းတဲ့ အချိန်တွေဆိုကျနော့် အသံကြားတာနဲ့ ကျနော်မျက်နှာကို မြင်တာနဲ့ စိတ္တဇဝေဒနာ ဝေဒနာရှင်တယောက်လို အော်ဟစ်ဆန့်ကျင်တော့တာပါပဲဗျာ၊ အဲဒီနှစ်မှာ သူ စာမေးပွဲ မဝင်နိုင်ခဲ့ဘူး၊ကျနော့်မှာ စိတ် မကောင်းခြင်း ကြီးစွာဖြစ်လွန်းလို့ မျက်ရည်ကျရတဲ့ အထိပါပဲ။ တကယ်တော့ သက်မြိုင်ဟာ ကျနော် အချစ်ဆုံး ညီပါ၊
တလကျော်လောက် ဆေးဝါးကုသမှု ခံယူလို့ အကောင်းပကတိပြန်ဖြစ်သွားပေမဲ့ ကျနော့် အပေါ် နာကြည်းတဲ့ စိတ်ကတော့ လုံးဝပျောက်မသွားတော့ပါဘူး၊ ဓာတုဗေဒ ဂုဏ်ထူးတန်း ကျောင်းပြီးတဲ့နောက် ကျနော် မယူပါနဲ့တားခဲ့တဲ့ မိန်းမကိုလက်ထပ်တယ်၊ ကျနော် ဝင်ပြီး မလုပ်စေချင်တဲ့ အစိုးရအလုပ်မှာ ဝင်လုပ်တယ်၊ အိုး၊ ဘာဆိုဘာမှ ကျနော့်စကားကို နားမဝင် တော့တဲ့ အထိပါပဲ၊ အလုပ်ကိစ္စတွေ အရေးကြီးလို့ ကျနော်လုပ်နေတဲ့ စီမံကိန်း တချို့မှာ ဝင်ပြီး လုပ်ပေးဘို့ နားချကြည့်ပေမဲ့ ခဏပါပဲ။ သူ့ရဲ့ မသိစိတ်မှာ သူ့ဘဝကို အတင်းပုံသွင်း ခဲ့တဲ့ ကျနော့်ကို အတော်နားကြည်းသွားပုံပါပဲ၊ ဟော၊ အခု ဘာစိတ်ကူးပေါက်ပြီး ရောက်လာ လေသလဲတော့ မဆိုနိုင်ဘူး၊ သူရေးသွားတာကို ဖတ်ပြီး စိတ်မကောင်းဘူးဗျာ။ဘာဘဲဖြစ်ဖြစ် ဗျာ၊ သူဖြစ်ချင်တဲ့ အစိုးရအရာရှိ ဘဝမှာ သူပျော်ရွှင်နေတယ် ဆိုရင် ကျနော် ဖြေသာပါတယ် လေ “
“ ဒါနဲ့ ခင်ဗျား ဧည့်သည်တွေနဲ့ ရန်ကုန်လိုက်သွားတယ် ဆို“
ကိုသက်ခိုင် ပြောနေပုံမှာ စိတ်ဆင်းရဲခြင်း ကြီးစွာ ခံစားနေရပုံပေါ်သဖြင့် ကျနော်က သူစိတ်ပြေလိုပြေငြား စကား လမ်းကြောင်းလွှဲလိုက်ရသည် ။
“ ဟုတ်တယ်ဗျာ၊ ကျနော် အပြင်မှာ ရှိတုန်းက ကာလပေါက်ဈေး သိန်းပေါင်း သောင်းချီတန်တဲ့ အမွေဆိုင်ခြံကြီးတခုကို အမှုမပြီးပြတ်သေးပဲ ဝယ်ထားလိုက်တာ စာချုပ်မှာ ပိုင်ရှင်သုံးဦး စာရင်းထဲမှာ ကျနော့်နာမည်က ပထမပိုင်ရှင် နံမည်ပေါက်နေတဲ့ ကိစ္စပေါ့ဗျာ၊ လက်ပြောင်းပြီး ဝယ်ချင်တဲ့ အုပ်စုက ကျနော့်ဆီ က ကိုယ်စားလှယ်လွှဲစာ ပေးနိုင်မလား ခေါ်မေးတာပါ “
“ ဟ၊ သိန်းပေါင်းသောင်းချီပြီး တကယ်တန်သလားဗျ“
“ မဟာစည် သာသနာ့ရိပ်သာလမ်းလို နေရာမျိုးမှာ သုံးဧကကျော်ကျော်လောက် ရှိတဲ့ ခြံကြီးပဲ ဗျာ၊ တန်တာပေါ့“
“ လက်စသတ်တော့ ကိုသက်ခိုင်က သူဌေးပဲ“
“ လွဲပြန်ပြီဗျာ ၊ တကယ်တော့ အဲဒီ ခြံကြီးကို ဝယ်တဲ့ ငွေထဲမှာ ကျနော့်ငွေ တပြားမှ မပါပါဘူး ဗျာ ၊ ဒါပေမဲ့ ဒီခြံကြီး ကို လက်ဝယ်ရှိတဲ့ အစိုးရဌာနက ဝယ်သူလက်ထဲကို လွှဲပြောင်းပေးဘို့ ကိစ္စမှာတော့ ကျနော့်ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ရည်ကိုင်ရည်က မရှိမဖြစ် ဆိုပါတော့ ၊ ဒါကြောင့် အဲဒီခြံကြီးရဲ့ အရောင်းအဝယ်စာချုပ်မှာ ကျနော်က အဓိက နေရာက ပါနေတာပါ “
“ အမွေမှု ဆိုတာတော်တော်ရှုပ်တယ်လို့တော့ ကြားဘူးတယ်ဗျ“
“ ရှုပ်သလားတော့မမေးနဲ့တော့ဗျာ၊ မြန်မာပြည်မှာ အကြာဆုံးတရားမမှုပါပဲ၊ အမှုဖြစ်စဉ် မှတ်တမ်းကို ကြည့်ရင် ဒီအမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်က စဖြစ်ခဲ့တယ်၊ ဒီအမှုမှာ ဒေါက်တာမောင်မောင်( နိုင်ငံတော် သမ္မတဟောင်း)၊ ဂျပန်ခေတ် နိုင်ငံတော် အဓိပတိ ဒေါက်တာ ဘမော်ရဲ့ အကိုအရင်း ဝတ်လုံတော်ရဒေါက်တာ ဘဟန်လို ပုဂ္ဂိုလ် မျိုးတွေ အထိ ပါဝင်ပတ်သက်ခဲ့ပါတယ်“
“ ဟာ၊ တယ်လဲ ကြီးကျယ်တဲ့ အမှုပါလားဗျာ၊ဖြစ်ပုံပျက်ပုံကို ကြားချင်စမ်းပါဘိဗျာ “
“အမှုတွဲနံမည်က … ပြည်ထောင်စု မြန်မာနိုင်ငံနဲ့ ဒေါ်ကြည်ကြည် … တဲ့ ။ မြန်မာအမျိုးသမီး တွေ အတွက် မယားငယ်ဟူ၍ မရှိစေရ၊ မယားပြိုင်သာ ရှိစေရမည် ဆိုတဲ့ စီရင်ထုံး ထွက်လာ ခဲ့တဲ့ အမှုပေါ့ဗျာ၊ အဲဒီ စီရင်ချက်ကိုလည်း ဒေါက်တာမောင်မောင်က ချမှတ်လိုက်ရော၊ ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ ဇနီးဒေါ်ခင်မေသန်းကတောင် “ ကိုမောင်မောင် ၊ ရှင် ဘာတွေ လျှောက်လုပ်နေတာ တုန်း ဆိုပြီး ဖုန်းဆက် အကြိမ်းခံရဘူးသတဲ့ ၊ဒေါ်ခင်မေသန်း ဘယ်လို သိသလဲဆိုတော့ အဲဒီခေတ်က သတင်းစာတွေမှာ ဧရာမ စာလုံးမဲကြီးတွေနဲ့ ပါခဲ့လို့ပါပဲဗျာ“
“ ဒါဆိုလဲ ခင်ဗျား ဝင်ပါတဲ့ အဲဒီအမှုအကြောင်းလေး လုပ်စမ်းပါဦးဗျ “
“ အော် ၊ခက်ပါလား၊ ဒီအမှုတခုတည်း အကြောင်း ကွက်ပြီး ပြောလို့တော့ မဖြစ်ဘူးဗျ၊ ကျနော် ပြောခဲ့ဘူးတဲ့ အကြောင်းတွေ ဆက်ပြောနေရင်း သူ့နေရာနဲ့ သူရောက်လာပါ လိမ့်မယ် ဗျာ “
“ဒါဆိုလည်း ပြောသာပြောဗျာ၊ ဒီနေ့ ဦးအေးနိုင်လည်း သူ့မိန်းမရောက်နေပြီ ဆိုတော့ ….. “
“ဘာလဲဗျ၊ ခင်ဗျား စကားက …..“
“ အော် ၊ သူ့မိန်းမရောက်နေလို့ ထောင်မှူး စိတ်ကောင်းဝင်နေချိန်ဆိုတော့ ခင်ဗျားရဲ့ ဇာတ်လမ်းရှည်ကြီးကို အေးအေးဆေးဆေး နားထောင်ချိန် ရတာပေါ့ဗျာ “
ကျနော်က ရယ်ကျဲကျဲ နှင့် ပြောလိုက်ရာ ကိုသက်ခိုင်သည် တဲဖက်ကပ်လျက်က တူးမြောင်းကြီး ၏ အဆုံး၌ ရှိနေသော စိမ်းညှို့နေသောငှက်ပျောတောအုပ် ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း သူ့ ဇာတ်လမ်းကို ဆက်ပါသည်။
“ တကယ်တော့ဗျာ၊ ကျနော် အန်တီဆယ် နဲ့အတူ ထိုင်းနိုင်ငံကို ထွက်လာခဲ့တဲ့ ကာလတွေ ဟာ ကျနော့်ဘဝရဲ့ အအောင်မြင်ဆုံးကာလတွေ ကာလတွေဖြစ်သလို အခုကြုံတွေ့နေရတဲ့ ကံဆိုးမိုးမှောင်ကျရခြင်း ရဲ့ အစအဦး ခြေလှမ်းတွေ ဆိုပါတော့ ……. “

ဆက်လက် ရေးသားပါဦးမည်။

ရုပ်ပုံ။ ။ ဂူဂဲလ်

Read More...

Monday, October 26, 2009

“ ခေါင်း “ မရှိသူများ




“ခေါင်း“ မရှိသူများ ။


(မင်းဒင် ရေးသည်)

ဟောကြည့်၊ စိတ်ညစ်တဲ့ အထဲမှာ အဲဒါတွေ ထိပ်ဆုံးကပါတယ်။ ခင်ဗျားဥစ္စာ ခေါင်းစဉ်ကို စ ဖတ်လိုက် ကတည်းက မှားနေပြီ၊ ဘာတဲ့ “ခေါင်း “ မရှိသူများ၊ ဟုတ်လား။ ခက်တယ်ဗျာ။ “ခေါင်း“ မရှိရင်လည်း ဖျာလိပ်နဲ့သာ ပတ်ပြီးမြှုပ်လိုက်ပေတော့ဗျာ။ခင်ဗျား ဖတ်လိုက် တဲ့ “ခေါင်း“ဆိုတာက လူသေတွေထည့်တဲ့ “ခေါင်း“ ဗျ ။“ ခေါင်း“မရှိ ရအောင် ကျုပ်ကို သုဘရာဇာ တွေလို ခေါင်း တလားအရောင်း အဝယ်လုပ်နေတယ် မှတ်လို့လား။မြန်မာ စာမှာ ရေးတော့အမှန် ဖတ်တော့အသံလို့ ဆိုသမို့လား။ကျုပ်ပြောချင်တာက စဉ်းစားတဲ့ ခေါင်း တွေးခေါ်တဲ့ခေါင်း၊ ပုခုံးနှစ်ဖက်ကြားက ခေါင်း၊ဦးခေါင်း (ဂေါင်း) အကြောင်းပါဗျာ။ အဲဒီ “ခေါင်း“အကြောင်း ပြောချင်တာကလည်း အကြောင်း ရှိလေရဲ့ ။ဒီလိုဗျ။




…………….
အခုတလော ကျုပ်လည်း ကမ္ဘာ့အရေးမြန်မာ့အရေး ၊အရေးတကာ့ အရေးဘယ်အရေးမှ လှည့်မကြည့်ချင်လောက် အောင် “ခေါင်း“ ခြောက်တာနဲ့ ကံချွန်ရဲ့ဟာသ၊ လူထုဦးလှရဲ့ ကျောင်းကန်အနီးမှ ပုံပြင်များ၊ မောင်ကောင်းထိုက်ရဲ့ ဟာသတို့လို ပေါ့ပေါ့ပါးပါး စာတွေ ပဲလျှောက်ဖတ်နေတော့သဗျာ။
ဒီမှာတင် Ripley ရဲ့ Believe it or not ဆိုတဲ့ စာအုပ်ကိုမောင်သိန်းလွင်က “ယုံချင်ယုံမယုံ ချင်နေ“ဆိုပြီး ဘာသာပြန်ထားတဲ့ စာတအုပ် တောင်လှန်မြောက်လှန် လျှောက်လုပ်လိုက်တာအဲဒီအထဲမှာ ကြံကြံဖန်ဖန် ဖြစ်ရပ်တခုကိုလည်း သွားဖတ်မိသဗျာ။ ။
………………………..
ဘာတဲ့“ ဦးခေါင်းမဲ့သော ကြက် “တဲ့ ။ပေါက်ပေါက်ရှာရှာတော့ မထင်ပါနဲ့ဗျာ။၁၉၀၄ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့မှာ ဖြစ်ခဲ့တယ်ဆိုပဲ။အမေရိကန်ပြည်ထောင်စု မစ်ချီဂန် ပြည်နယ် ၊ ဆော့စိန့်မေရီက ဘယ်လ်ဗေးဒါး ဟိုတယ်မှာတဲ့ဗျာ။ဟိုတယ်စားဖိုမှူး ဟားဗတ် ဗီ ဟပ်ဂ်စ် က ကြက်သားဟင်းချက်မလို့ ကြက်တွေကို တကောင်ပြီးတကောင် သတ်နေသတဲ့။ သတ်ပုံသတ် နည်းကလည်း စဥ့်တီတုံးပေါ်တင်၊ တဖက်က ကိုင်ထားတဲ့ ပုဆိန်လေးနဲ့ခေါင်းတွေ ကို ဖြတ် တာတဲ့ ။ သူ့ဘေးက အကူဝန်ထမ်းအမျိုးသမီးက စားဖိုမှူးခေါင်းဖြတ်ထား တဲ့ ကြက်အသေ တွေကို အမွှေးနှုတ်ရသတဲ့ ။
အဲဒီအမျိုးသမီးဟာ ခါတိုင်းလိုပဲ ကြက်သေတွေကို အမွှေးနှုတ်နေရာကနေ အလန့်တကြား ဟိုတယ်အပြင်ကို ထွက်ပြေးသွားပါရောတဲ့ ။ထွက်ပြေးရတဲ့ အကြောင်းက ကြက်အသေတွေ ထဲက ကြက်နက်မတကောင်ဟာ ခေါင်းလုံးဝပြတ်နေပေမဲ့ မသေးဘူးတဲ့ဗျ။ ခေါင်းပြတ်ကြီးနဲ့ ထ ရပ်ပြီး အခန်းထဲမှာ ဟိုသွားဒီသွား လျှောက်လုပ်နေလို့တဲ့ဗျာ ။

အဲဒီအဖြစ်အပျက်ဟာ ထူးဆန်းလွန်းလို့ ဆော့စိန့်မေရီ သတင်းစာတွေကလည်း ရေးသား ဖော်ပြခဲ့ကြတယ် ဆိုပဲ ။ဒါတင်ဘယ်ကအုံးမလဲ၊လူတွေအများကြီး ပျားပန်းခတ် အုပ်နဲ့ချီပြီး ဘယ်လ်ဗေးဒါးဟိုတယ်ကို ရုတ်ရုတ်သဲသဲ လာကြည့်ကြတာ နှစ်ပါတ်ကျော်တောင် ကြာ သတဲ့။
မစ္စတာ ဟပ်ဂ်စ်က အဲဒီ ကြက်ကို အစာကျွေးသေးသတဲ့ ။ကျွေးပုံက ဆေးထိုးပြွတ်ထဲမှာ အစာကိုထည့်ပြီး ခေါင်းပြတ်နေတဲ့ကြက်ရဲ့ အသားနီလန်နေတဲ့ အစာပြွန်ထဲကို ထိုးထည့်တာ တဲ့ဗျာ။ ခေါင်းပြတ်ကြက်မကလည်း အဲသလို အစာထိုးထည့်တာကို သဘောတွေ့နေပုံရသတဲ့။ အချို့အချိန်တွေမှာ ခေါင်းပြတ်ကြက်မက ဖြည်းဖြည်းချင်း ဟိုလျှေက်သွားဒီလျှောက်သွားလုပ် တယ်၊ တခါတရံမှာ ကိုယ်ကို ဆန့်ပြီး တောင်ပံခတ်တယ်။ ပွယောင်းနေတဲ့ အမွှေးတွေကို သပ်ရပ်သွားအောင် လှုပ်ခါမှု တွေလုပ်သတဲ့ ။သူ့အပြုအမူတွေဟာ ခေါင်းနဲ့ကိုယ်တွဲလျက် ရှိနေတဲ့ တကယ့်ကြက်မတကောင်လို ဆိုပဲ။တချို့အချိန်တွေဆို အိပ်တန်းတက်တဲ့ သစ်သား တန်းပေါ်တက်ပြီး ဝပ်(နား)တယ်။ ပြီးတော့ သစ်သားတန်းပေါ်မှာ နားနေရာကနေ ပြန်ထ တယ်။ တခါတရံမှာတော့ ကြက်အကောင်းတွေ ကတော် ကတော် အော်သလိုမျိုး အသံပြုဖို့ တောင် ကြိုးစားသတဲ့ ။
ခေါင်းပြတ်နဲ့ ကြက်မကို ကြည့်ရတာ ဘာနာကျင်မှု ဝေဒနာမှ မခံစားရသလိုပုံစံနဲ့ တခြား ကြက်အကောင်းတွေ လို ပုံမှန် လှုပ်ရှားသွားလာပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိနေပုံပဲ တဲ့ ဗျား။အဲဒီကြက်မဟာ ခေါင်းပြတ်ပြီးတဲ့နောက် တဆယ့်ခုနှစ်ရက်တိတိ အသက်ရှင်နေခဲ့သေး သတဲ့ ။ဒါတောင် အဲဒီကြက်မကို စောင့်ရှောက်တဲ့သူက ပေါ့ဆပြီး သတိလက်လွတ်သွားလို့ တဲ့ ။မဟုတ်ရင် ဒီထက်ပိုပြီးတောင် အသက်ရှင်နိုင်သေးတယ်တဲ့ဗျ။ ကြက်မကို ပြုစုစောင့် ရှောက် ရတဲ့သူ အမှတ်တမဲ့ သတိမထားမိခင်မှာ ကြက်မရဲ့ လည်ပင်းက လေရှူပေါက်ပိတ်ပြီး အသက်ရှူ ကြပ်လို့ ကြက်မက သေသွားရတာပါတဲ့ဗျာ ။

အော်၊ယုံချင်ယုံ မယုံချင်နေ လို့ပြောထားပြီးပါပြီကော။ ခင်ဗျားယုံကိုယုံရမယ် လို့မပြောမိပါ လားဗျာ။ဒါပေမဲ့ဗျ၊ စောစောက ကြက် သာ ခေါင်းမရှိပဲ အသက်ရှင်နိုင်တာတော့မဟုတ်ဘူး။ ခေါင်းမရှိပဲ အောင်လံထူနေတဲ့ စစ်သူကြီးတွေလည်း ရှိပါ့ဗျာ။
………………………………

အခုလက်ရှိ မြန်မာအုပ်စိုးသူတွေလည်း ခေါင်းရှိတယ်လို့ ခင်ဗျား ထင်နေသလား။တကယ်ဆို သိပ်မဝေးလှတဲ့ အတိတ် သမိုင်းကိုပဲ ပြန်ကြည့်ပါဗျာ။ကျုပ်တို့ နိုင်ငံဟာ အခုခေတ်မှာ မဟာအင်အားကြီး နိုင်ငံ တခု စာရင်းဝင်လာနေတဲ့ ဂန္ဓလရာဇ် တိုင်းကိုလည်း အံတုဖက်ပြိုင် ဘူးလေရဲ့။စိန့်တိုင်းစစ်တပ်က သူလာပြီဆိုရင် မိုးပေါ်ကများ ကျလာလေမလားဆိုပြီး တိမ်တွေကြားကို မျှော်ကြည့်ရလို့ တိမ်ကြားမင်းခေါင် အမည် သမုဒ်ခံရတဲ့ မြန်မာစစ်ဗိုလ်ချုပ် မင်းကြီး မဟာသီဟသူရ ၊လက်ထက်တုန်းက မိုးညှင်းကောင်းတုံကနေ မကျော်နိုင်ခဲ့တဲ့ စိန့်တိုင်းသားတွေဟာ အခု တော့ မန္တလေး အထိ ဓားတလက်မကိုင်၊ သေနတ်တချက်မှ မဖောက်ရပဲနဲ့ သိမ်းထား နိုင် လေရဲ့ဗျာ။
ဘကြီးတော်ဘုရားလက်ထက် မဟာဗန္ဓုလရဲ့ အာသံ မဏိပူရ စစ်ပွဲ သတင်းကြောင့် အိန္ဒိယ ပြည် ဘင်္ဂလားတနယ်လုံး ဖိန့်ဖိန့်တုန်သွားခဲ့ဘူး ရသတဲ့။ခုများတော့ဗျာ။ မဇ္ဈိမ တိုင်းသား တွေအလိုကျ ရိုရိုကျိုးကျိုး ဆက်ဆံနေရတဲ့ အချိန်ဖြစ်သွားပြီဗျ။ဒါတင်ဘယ်ကအုံးမလဲ ။ တကမ္ဘာလုံးက အော့ကြောလန်နေတဲ့ မြောက်ကိုးရီးယားလို နိုင်ငံမျိုးနဲ့တောင် ရွှေလမ်းငွေ လမ်း ပွင့်နေရုံမက သူ့တိုင်းပြည် သူနိုင်အောင် မစုစည်းနိုင်တော့ပဲ အကွဲကွဲ အပြဲပြဲဖြစ်ခဲ့ရတဲ့ မဟာဆိုရှယ်လစ်နိုင်ငံတော်ဟောင်းကြီးဆီကလည်း နည်းပညာတွေ ရယူနေပြီတဲ့ဗျ ။
“ခေါင်း“မရှိဆုံးဆိုတဲ့ နောက်ဆုံးမြန်မာ ကုန်းဘောင်မင်းဆက် သီပေါမင်းလက်ထက်က တိုင်းတပါးလက်ထဲပါသွား တဲ့ ပတ္တမြားငမောက်တို့ ၊လှော်ကားတင်ကြီး၊လှော်ကားတင်လေး ကျောက်တွေ အကြောင်း လျှောက် စဉ်းစားမနေပါနဲ့တော့ ဗျာ။စိန့်တိုင်းသားတွေက စက်ကြီးစက်ငယ်နဲ့ ကြိုက်တဲ့ တွင်း ကြိုက်သလောက်တူးခွင့်ရနေတဲ့ ခေတ်ကြီးကို ရောက်နေပြီကောဗျာ။ ။
……………………………………….
လက်ရှိ မြန်မာပြည် စစ်ဝါဒကို စတင်မွေးထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးက လည်း သူ့သဘောနဲ့သူ မြန်မာဆိုရှယ်လစ် လမ်းစဉ်ကို ထူထောင်လိုက်လို့ သူတောင်းစား တိုင်းပြည်လည်း ဖြစ်ရော ပြည်သူတွေကို မိန့်ခွန်းခြွေလိုက်တာ “ သေနတ်ဆိုတာ ၊ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး ၊တည့်တည့်ပစ်တယ် ၊တဲ့ ။ဆိုလိုတာက ဗျာ။ သူအသုံးမကျတဲ့ အကြောင်း ပြည်သူ တွေ ပါးစပ်ဟရဲရင် ဟကြည့် ၊အကုန်ပစ်သတ်ပစ်မယ် ဆိုတဲ့ အဓိပ္ပါယ် ဆိုတာ ရှင်းနေတာပဲ ။
ဟော၊ သူ့အရိုက်အရာကို ဆက်ခံကြတဲ့ ဒီနေ့သူ့စစ်မျိုးဆက်တွေကလည်း တိုင်းပြည်ကိုသာ ပြန်ပြီး မထူထောင်နိုင်တာ။ လူထုကို နည်းမျိုးစုံညှင်းပန်းပြီး ပစ်သတ်ဘို့အမြဲ ဝန်မလေးတဲ့ နေရာမတော့ ဆရာကောင်းတပည့် ပန်းကောင်းပန်ပဲဗျာ။ကဲ ၊“ခေါင်း“ ရှိလား ၊မရှိဘူးလား စဉ်း စားသာကြည့်ပေတော့။ ။
အတည်မပြုနိုင်သေးတဲ့ အရပ်သတင်း တပုဒ်အရဆိုရင် လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လိုရင် လိုသလို သုံးဘို့လက်မရွံ့ ရာဇဝတ်သားဟောင်းတွေကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့သစ်မှာ စခန်းသွင်းနေသတဲ့ဗျာ။ ဒီလို ပြိုင်စံရှားခေါင်းတွေကို ချဉ်ရည်ချက်စားဘို့သာ ကောင်းတော့ တယ်ဗျာ။ ။
……………………………..
တကယ်“ ခေါင်း“ ရှိပြီး မျှော်ခေါ်စဉ်းစားတတ်တဲ့ ကျုပ်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးအတွက် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တပ်ဖွဲ့ ခဲ့တုန်းက အမြင်မတော်တာတွေ တွေ့ခဲ့တယ် ထင်ပါရဲ့။ အဲဒီလို နိုင်ငံမျိုး မဖြစ်ရလေအောင် သူ့မိန့်ခွန်းထဲမှာ အဝှာနိုင်ငံဖြစ်မသွားအောင် သတိပေးခဲ့ ဘူးသဗျ။ ဟော၊ ခုတော့ ၊ အမျိုး ဂုဏ် ဇာတိဂုဏ်နှင့် အမျိုးသားရေး စိတ်ဓာတ် ရှင်သန် ထက်မြက်စေရေးလို့ကြွေးကြော် နေ တဲ့ လက်ရှိ မြန်မာမင်းများ လက်ထက်မတော့ အဲဒီအဝှာ နိုင်ငံမှာ ကျုပ်တို့ လူမျိုး နှစ်သန်း ကျော် အဝှာတွေရဲ့ ကျွန် လာဖြစ်နေပြီဗျာ။
ခေါင်း မရှိတဲ့ ခေါင်းဆောင်တွေကြောင့် မြန်မာနိုင်ငံဖွား အမြောက်အများဟာ သူတပါး နိုင်ငံမှာ အိုးကင်းထဲထည့်လှော်ခံရသလို ဖြစ်နေတာလည်း ကိုယ်တွေ့ဗျ။ အခု ကျုပ်နေတဲ့ ဖူးခက်မြို့ မှာဆို နိုင်ငံကူးလက်မှတ် လျှောက်ရေးမလျှောက်ရေး ပြဿနာကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ခေါင်းခြောက်ကုန်ကြပါပကော။
မနေ့တနေ့ကပဲ လူချင်းဆုံခဲ့တဲ့ မြန်မာအလုပ်သမလေး တယောက်က ဆိုရင် “ ကျမတော့ ပတ်စပို့အကြောင်း ခေါင်းထဲရောက်လာရင် သေသာသေလိုက်ချင်တော့တာပဲ ၊ လျှောက်မယ် ဆိုပြန်တော့ ဈေးကြီးတာက တမျိုး၊ ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုတွေဆီ ငွေညှစ်မှာ ပူရတာ တမျိုး။ မလျှောက်ပြန်တော့ နောက်တခါ အလုပ်သမားလက်မှတ်ကို သက်တမ်းတိုးမပေးတော့ ဘူး “ ဆိုပဲ ။ ကျုပ်ဖွင့်ထားတဲ့ မြန်မာပစ္စည်းဈေးဆိုင်လေးမှာလည်း တနေ့တနေ့ ပတ်စပို့ လျှောက်ရေး မလျှောက်ရေး အကြံပေးနေရတာဈေးရောင်း ရတယ်ကို မရှိပါဘူးဗျာ။ ။
……………………………….
တကယ်တော့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ခေါင်းတွဲကြီးနဲ့တူတဲ့ ပြည်ပရောက် အလုပ် သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဦးဆောင်ဦးရွက်ပြုပြီး အကောင်းဆုံးနည်းလမ်း တွေ ရှာကြံသင့်တာပေါ့။ ပတ်စပို့လုပ်တယ်ဆိုတာ ကိုယ့်နိုင်ငံပြင်ပမှာ လူစာရင်း ဝင်မဲ့ ကိစ္စမို့ ဖြစ်နိုင်မဲ့ နည်းလမ်းကို ပြည်တွင်းကရော၊ ပြည်ပကပါ အောင်မြင်အောင် ဝိုင်းသင့် ဝန်းသင့် တာပေါ့။ ခုတော့ အတိုက်အခံဆိုတဲ့ မောင်တွေကလည်း အစိုးရလုပ်သမျှ အဆိုးမြင် ဘုရား တည် ရင် တောင် သာဓုမခေါ်ချင်ကြတဲ့ ဘဝရောက်ကုန်ကြယုံမက ၊ လူထုအခြေပြု အဖွဲ့ အစည်းတော်တော်များများကလည်း အာစီယံဒေသ ဆိုင်ရာ ညီလာ ခံ မှာနေရာ လုနေကြတာ နဲ့ပဲ အချိန်ကုန်နေကြသဗျာ။ခုချိန်မှာ ရွေ့ပြောင်းအလုပ်သမားတွေ့ကြည့်ရတာ ခေါင်းမပါတဲ့ ကြက် တောင်လျှောက်မြောက်လျှောက်၊လျှောက်သွားနေသလိုပဲဗျ။ ရွေ့ပြောင်းအလုပ်သမားတွေဘဝကတော့ အစိုးရက ခေါင်းဖြတ်လိုက်တဲ့ ကြက်ကို အတိုက်အခံတွေက ဂရုမစိုက်တာနဲ့ ကြာရင် အသက်ရှူလမ်းကြောင်း ပိတ်ပြီး မာလကီးယားရတော့ အဖြစ်ပါပဲဗျား ။
………………………….


ပြည်ပအကြောင်းသာ ပြောနေရတာ ပြည်တွင်းမှာကော ဘာထူးသတုန်းဗျာ။ အင်အားအကြီး ဆုံးအဖွဲ့ချုပ်ကြီးမှာလည်း ခေါင်းတွဲမပါတဲ့ ရထားကြီးလို ဖြစ်နေခဲ့တာ ကြာပါပြီကော။ ပါတီ ထိပ်တန်းခေါင်းဆောင် အကျယ်ချုပ်ကျခံနေရတဲ့ ကာလ၊ အစိုးရ က ထင်တိုင်း ကြဲနေတဲ့ အချိန်မှာ၊ စည်းကမ်းသေဝပ်စွာနဲ့၊ ငြိမ်ငြိမ်လေး အဖမ်းခံတဲ့ ဗျူဟာကနေ မတက်သေးတာ ဒီနေ့ အထိပါပဲ။ အခုလတ်တလော ပါတီညီလာခံခေါ်ဖို့တောင် ၊ ဥပဒေမရှိတဲ့ တိုင်းပြည်မှာ ဥပဒေနဲ့ညီမညီ ချိန်ဆနေကြတုန်းဗျာ။ ခေါင်းမရှိတဲ့ ကြက်က တန်းပေါ်တက်၊ အမွှေးအ တောင် ဖြန့်ပြီး ကတော်၊ ကတော်လုပ်နေပုံကိုပဲ ကျုပ်တော့ ပြေးပြေးမြင်မိတော့တာပါပဲ။ ။
…………………
အမယ် ၊သူများတွေ ခေါင်းမရှိတာ ဘာဆန်းသတုန်းဗျာ။ ကျုပ်လည်း ဒီလို စာမျိုးတွေရေးရင် အစိုးရဖက်က ဖတ်မိတော့ သူပုန်သူကန် စာရင်းသွင်းမယ်၊ အတိုက်အခံတချို့ အစိုးရလူ လို့သမုဒ်မယ်။ ဒီလိုအရပ်ဆယ်မျက်နှာက ဝိုင်းပြီးမေတ္တာပို့ကြမှာကို သိသိကြီးနဲ့ ခေါင်း အခြောက်ခံပြီးလျှောက် ရေးနေတာကိုက ခေါင်း မရှိလို့ ပေါ့ဗျ ။

ရုပ်ပုံ ။ ။ ဂူဂဲလ်

Read More...

Monday, October 19, 2009

မင်းဒင် ရဲ့  သက်ခိုင် ( ၇၉ )




၇၉။ ဘုရားဖြစ်မဲ့ အုတ်နီခဲ


ဒါနဲ့ ကျနော်လည်း အိပ်ကတ်ထဲက ပိုက်ဆံထုတ်လိုက်ပြီး “ ရော့ဗျာ ။ တရာသုံးဆယ့်ငါးကျပ် တွေဘာတွေလုပ်မနေပါနဲ့ ။ဒီမှာ တရာ့လေးဆယ်“ လို့ပြောရင်း ထီသည်ကို ငွေထုတ်ရှင်း လိုက်ပါတယ် ။ထီရောင်းသမားကတော့ ဝမ်းသာအားရနဲ့ “ ကျေးဇူးတင်ပါတယ် ဆရာ၊ သိန်းထီဆုကြီး ပေါက်ပါစေဗျာ၊ ဒါနဲ့ ဆရာ့လိပ်စာလေး မ စပါဆရာ၊ ပေါက်နေရင် အကြောင်း ကြားလို့ရတာပေါ့ “တဲ့ ။အမှန်တကယ်က ကျနော်ထီလက်မှတ်ဝယ်လိုက်တာ ထီပေါက်ချင် လို့ မဟုတ်ဘူးဗျ။ သူ့ကြည့်ရတာ စိတ်မချမ်းသာလွန်းလို့ ။ အဲဒီနေ့က သူ့ခမျာ ထီဖွင့်နေပြီ ဆိုတော့ ထီလက်မှတ်တွေ သူ့လက် ထဲကျန်မှာ စိုးရိမ်နေဟန်လည်းတူပါရဲ့ ။ နောက်တခုက ဌေးစိုးတို့ညီအကို သူ့ကိုဆက်ဆံတာ ရင့်သီးလွန်းတယ်ထင်တာလည်းပါတယ် ။ဒါကြောင့် ကျနော်က “ ကဲပါဗျာ၊ ဆရာသမား သွားစရာရှိတာသွားပါတော့၊ကျနော့်ဖာသာပဲ ထီပေါက်စဉ် ဝယ်တိုက်လိုက်ပါ့မယ် “ ဆိုပြီး စကားဖြတ်လိုက်ရပါတယ်။




ထီသည် ဝတ်စားဆင်ယင်ထားတာက အကျီင်္အစုတ်၊ ဥပဓိရုပ်ကလည်း မွဲမွဲ ခြောက်ခြောက် ဆိုတော့ ကျနော့်စိတ်ထဲ သနားသွားမိတာ အမှန်ပဲ ။အဲဒီလို သနားတတ်တဲ့ ကျနော့် အကျင့် ကြောင့် ပြဿနာ ကြုံရပေါင်းလည်း မနည်းဘူး ။ ကျနော့်အကျင့်ကလည်း ခက်တယ်ဗျာ။ ကျနော့်ရှေ့မှာ ဒုက္ခရောက်နေတာ တွေ့ရင် သူတို့ဒုက္ခကို လမ်းဆုံးအောင်လျှောက် စဉ်းစား နေတတ်တဲ့ အကျင့်ဗျ ။ ရန်ကုန်မြို့ကြီးမှာလည်း တောင်းရမ်းနည်းက တယ်စုံသကိုး၊ တချို့ မီးဖွားပြီးခါစမိန်းမတွေက တကိုယ်လုံးဆနွင်းတွေ ဝါထိန်ပြီးမွေးကင်းစကလေးလေးကို ပလက်ဖောင်ပေါ်ချတောင်းတာက တမျိုး၊တချို့ကလေးတွေက ဖွဲပြာဗန်းကို ခေါင်းမှာ ရွက်ပြီး မီးပွိုင့်တွေမှာ ကားအရပ် ကျမဖွဲပြာလေး ဝယ်သွားပေးပါ ဆိုတာမျိုးလည်း ရှိသေး။ ကျနော် ကတော့ အဲဒီသူတောင်းစားတွေတွေ့ရင်လည်းသိသိကြီးနဲ့ကို မျက်နှာလွှဲသွားရမှာ ဝန်လေး တတ်တဲ့ လူစားဗျ။ဘယ့်နှယ့် ၊ဖွဲပြာတွေကားပေါ်တင်လာလို့ ဖြစ်မှမဖြစ်တာ ငွေပေးပြီး အိမ် ပြန်ခို်င်းရတာပေါ့။
အထူးသဖြင့် စားတုန်းသောက်တုန်း အချိန်မှာ မစားနိုင် မသောက်နိုင် ချို့တဲ့ သူတွေကို မြင်ရင် ကျနော် စားမဝင်တော့ဘူး။မြေနီကုန်း လေဟာပြင်မှာဆို စားသောက် ဆိုင်တွေကို ထိုင်ကို မထိုင်ဘူး ။ဟုတ်တယ်လေ ။ကျနော်တို့ဝိုင်းဖွဲ့ စားနေ တုန်း တောင်းတဲ့ ရမ်းတဲ့ ကလေးတွေက“ အကိုကြီးတို့စားပြီးသား အကျန်လေးတွေ ကျနော်တို့ကို ပေးပါ“တဲ့ ။ကျနော်တော့ ကျနော်စားမဲ့ ပန်းကန်ထဲက အစားအသောက်တွေကို သွန်ထည့်ပေးလိုက်တော့ တာပဲ ။ကျနော်နဲ့ ပါလာတဲ့ အပေါင်းအသင်းတွေကတော့ ကျနော့် အကျင့်ကို တော်တော် စိတ်ပျက်ကြတယ်ဗျာ ။မတတ်နိုင်ဘူးဗျာ။ ကျနော်ကတော့ အဲဒါမျိုးကြုံ လာရင် မျိုလို့ကို မကျဘူး ။သနားမိလို့ကြုံရတဲ့ ဇာတ်လမ်းတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲဗျာ ။
……………………………

ကျနော်ငါးတန်းကျောင်းသားလောက်တုန်းက ကျနော့်အဖေ့ဆိုင်မှာ ဈေးကူရောင်းပေးတုန်းမှာ ကြုံရတာလေးနားထောင်ပါအုံး ။ကျနော်တို့ဆိုင်က အမြဲလာဝယ်နေကျ ကုလားမကြီး တ ယောက်ပေါ့ဗျာ။ သူက လစ်ရင်လစ်သလို အာလူးတွေ ကြက်သွန်တွေ အလစ်သုတ်တတ် တယ် ။ ခဏခဏ ကျနော်ကိုယ်တိုင် တွေ့နေပေမဲ့ သူ့ခမျာ မရှိရှာလို့ပဲ ဆိုပြီး ကျနော်က မမြင်ချင် ယောင် ဆောင်ဆောင်နေလိုက်တယ်ဗျ။ ခက်တာက သူက ကျနော်မမြင်ချင်ယောင် တာကို သိလို့လား။ မမြင်ဘူးထင်လို့လားတော့ မသိဘူး။ တဖြည်းဖြည်း လက်ရဲလာပုံရတယ် ။ နည်းနည်းချင်း သူ့ခြင်းထဲကို ယက်ယက်ပြီးထည့်ရာကနေ အများကြီး ယက်ထည့်လာတယ် ။ နောက်ဆုံးတော့ ကျနော့်မှာ သူ့အစားရင်ပူလွန်းလို့ သူ အာလူးတွေ ယက်ထည့်နေတုန်း သူ့ အနားသွားပြီး “ အဒေါ်ကြီး တော်ပါတော့ ၊ ကျနော်မြင်တာက အရေးမကြီးဘူး။ ကျနော့် အဖေ အမေ မြင်ရင် အဒေါ်ကြီး အရှက်ကွဲလိမ့်မယ် ။ကျနော်တောင်းပန်ပါတယ် “ ပြောလိုက် တော့မှ ရပ်တော့သဗျာ။
ဇာတ်လမ်းက ဒီမှာတင် မရပ်ဘူးဗျာ ။ နောက်သုံးလေးရက်နေတော့ သူကြက်သွန်နှိုက်ယူ နေတာကို အဖေလည်းတွေ့ရော အဲဒီကုလားမကြီးက “ ရှင့်သားက နည်းနည်းယူရင် ရတယ် ဆိုလို့ ယူတာပါ “ ဆိုပြီး မြှားဦးကို ကျနော့်ဖက် လှည့်လိုက်တာ အဖေက “တော်တော် အားကိုးရတဲ့ကောင် ၊ သူခိုးအားပေး“ ဆိုပြီး တနေကုန် ဆူလို့်မပြီးတော့ဘူးဗျာ ။
………………………
ကျနော်အိမ်ထောင်ကျပြီးခါစကလည်း ကြုံရပုံလေး ရှိသေးဗျ ။ ကျနော့်အိမ်အောက်ထပ် ကျနော့်ယောက္ခမဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာပေါ့ ။အဲဒီနေ့က မနက်ကိုးနာရီလောက် အလုပ်သွားခါနီးမှ မိုးက သည်းကြီးမည်းကြီး ရွာလာ တာနဲ့ လက်ဖက်ရည်ဆိုင် စားပွဲခုံတခုမှာ ထိုင်နေတုန်း အသက် ခြောက်ဆယ်ကျော် အဖွားကြီး တယောက် ကျနော့်ဆီ တန်းတန်း မတ်မတ် ရောက်လာပြီး “ သားရယ် ၊ အဖွားကို ငွေငါးကျပ်လောက် မစပါ ၊ အဖွားတို့ သူတောင်းစားမျိုးရိုးလည်း မဟုတ်ရပါဘူး၊ ဒုက္ခရောက်လွန်းလို့ပါ၊ စားစရာ မရှိလို့ပါ “ တဲ့ ။ ဒီမှာတင် ကျနော်လည်း သနားသွားတာနဲ့ “ ကဲ အဖွား ထိုင်ပါအုံး “ ဆိုပြီး လက်ဖက်ရည် ကော မုန့်ကော ထကြွေး လိုက်တယ်။နောက်တော့ မိုးစိုနေတဲ့ သူ့အဝတ်အစားတွေ ကြည့်ပြီး သူ့ကျန်းမာရေးကို စိုးရိမ် တာနဲ့ “ ကဲ အဖွား ။ ဘယ်လိုမှ စိတ်မရှိပါနဲ့၊ ဒီနေ့ မိုးက အရမ်း သည်းနေပြီ ။ ဒီအချိန်ဆို အိမ်ပြန်ပြီး အဝတ်အစားလဲ နားနေမှ ဖြစ်မယ် ။ ဒီတော့ အဖွား အိမ်ပြန်မှ ဖြစ်မယ် ။ နောက်နေ့တောင်းတာ မတောင်းတာတော့ အဖွားသဘောပါ။အဖွား တနေ့ တောင်းတဲ့ နေ့တွက် ဘယ်လောက်ရသလဲ ကျနော့်ကို ပြောပါ “ လို့မေးလိုက် မိ တယ်ဗျာ ။
ဒီတော့ သူက တုန်တုန်ရီရီနဲ့ ခဏစဉ်းစားပြီး “ ငါးဆယ်မျိုးတရာမျိုးတော့ ရတတ်ပါတယ် သားရယ် “ တဲ့ ။ကျနော်လည်း ဟန်ကျပြီဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်တွန်းလိုက်တယ် ။ “ ကဲ ။ ဒီလိုလုပ်ပါ အဖွားရယ် ။ ဒီနေ့တနေ့စာ တောင်းလို့ရမဲ့ ဝင်ငွေကို ကျနော်ပေးပါ့မယ် ။ ဒီနေ့တော့ ဒီကနေ ပြန်ရင် ဘယ်ကိုမှ လျှောက်မတောင်းတော့ပါဘူး ဆိုတဲ့ ကတိကိုတော့ ကျနော့်ကိုပေးပါ “ လည်း ပြောလိုက်ရော ၊“ စိတ်ချပါ သားရယ် အဖွား အခု ဒီကနေ အိမ်ကို တန်းပြန်ပါ့မယ် ။ အဖွားကတိပေးပါတယ် ။ ငါ့သား ဘုန်းကြီးပါစေ သက်ရှည်ပါစေ “တဲ့ ။ ဒီမှာတင် ကျနော်လည်း ပိုက်ဆံရာတန် တရွက်ထုတ်ပေးလိုက်တော့တယ်ဗျာ ။
တကယ်ဆို အဲဒီနေ့ကျနော်ပြုလိုက်တဲ့ ဒါနအတွက် ကျနော်တော်တော် စိတ်ချမ်းသာ နေခဲ့ တာဗျ ။ဒါပေမဲ့ ကျနော်ကံမကောင်းခဲ့ပါဘူး ။အဲဒီနေ့ကျနော် ရှမ်းစုလမ်း ရုံးခန်းကို ရောက်ပြီး လုပ်လက်စ အလုပ်တချို့ လက်စသိမ်း၊ညနေသုံးနာရီလောက် ရွှေလမင်းစားတော်ဆက်ထဲမှာ ဝိုင်းဖွဲ့နေတုန်း ကျနော့်နောက်ကျောဘက်ကနေ အသံတခု ကြားရပါလေရောဗျာ ။ ဘာတဲ့ ။ “ အဖွားကို ငွေငါးကျပ်လောက် မစ ကြပါ “တဲ့ ။ ကျနော့်လှည့်ကြည့်လိုက်တော့ မနက်ပိုင်းက ကျနော်နဲ့ ဆုံလိုက်တဲ့ အဖွားအိုပါပဲ ။ အဝတ်အစားတောင် လဲမထားသေးပါဘူး။ သေလိုက်ပါတော့ဗျာ ။ဒီမှာတင် ကျနော်လည်း ကျနော့် ဆီကို ရောက်မလာပါစေနဲ့ လို့ဆုတောင်းပေမဲ့ ဆုတောင်းမပြည့်ပြန်ပါဘူး ။ကျနော့်ဝိုင်း ကျနော့်ရှေ့တည့်တည့် ရောက်လာပြန်လို့ ကျနော်က သူ့မျက်နှာကို သေချာကြည့်ပြီး စိတ်မသက်မသာလေသံနဲ့
“ အဖွား၊ အိမ်မပြန်သေးဘူးလား အဖွားရယ် “လို့ လည်း ပြောလိုက်ရော အဖွားအိုဟာ ဆိုင်ထဲက ချာကနဲ လှည့်ထွက်သွားပါတော့တယ် ။ကဲ ။ စဉ်းစားသာ ကြည့်ပေတော့ဗျာ ။ခင်ဗျားသာ ကျနော့်နေရာမှာ ဆိုရင် စိတ်ထဲ ဘယ်လို နေမတုန်း ။ခက်တာက ကျနော် ကိုယ်က မရှင်းမရှင်း ကတိတွေဘာတွေ တောင်းမိတာပဲ မှားနေခဲ့သလားလို့ ။
……………………………………………


ဒါတင်ပဲလား မဟုတ်သေးဘူး ။ကိုယ့်ကိုယ်ကို လူငယ်မြှင့်တင်ရေးသမားလိုလို လုပ်ခဲ့ဘူး တာလည်း ရှိသေးတယ် ။ကျနော့်နဲ့ ကျနော့် ဇနီး မညားခင် အင်းယားကန်မှာ ချိန်းတွေ့ တုန်းကပေါ့ ။အေးအေးဆေးဆေး ရှိမဲ့ သစ်ပင်ကြီး တပင်အောက် ထိုင်မယ်ကြံကာ ရှိသေး ။
အသက်ရှစ်နှစ်ကိုးနှစ်ဝန်းကျင် ဇူဇကာပုဏ္ဏားလက်သစ်ကလေး နှစ်ကောင် ပေါ်လာပြီး “ အကိုကြီး ထမင်းမစားရသေးလို့ ပိုက်ဆံဆယ်ပြားလောက်“ တဲ့ ။သူတို့လည်း ကုလား လေးတွေပဲဗျ ။
အေးဗျာ။ ကျောင်းဆရာလုပ်နေတဲ့ ကောင်ဆိုတော့ ကျနော်လည်း ဒီကောင်လေးတွေ တောင်း စားနေတာကို စိတ်ထဲမှာ သိပ်ဘဝင်မကျလှဘူးဆိုပါတော့ ။ဒါနဲ့ ကျနော်လည်း အရစ်ရှည် လိုက် မိတယ် ။“နေပါဦးကွ ။ မင်းတို့ကြည့်ရတာ သူတောင်းစားရုပ်လည်း မပေါက်ပါ ဘူး ၊မင်းတို့လို ရွယ်တူတွေ ဇီးထုတ်ရောင်း ၊ စီးကရက်ရောင်း နေတာ မတွေ့ဘူးလား ။ သူတို့လို လုပ်ချင်စိတ် မရှိဘူးလား “ ဆိုတော့ သူတို့က မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ လုပ်ချင် တာပေါ့ အကိုရာ ။ အရင်းမှ မရှိတာ “တဲ့ ။ကျနော်လည်း ဟန်ကျပြီဆိုပြီး “ ဒါဆို အရင်းရှိရင် မင်းတို့ တကယ်လုပ်မလား “လည်းမေးလိုက်ရော လုပ်မှာပေါ့ တဲ့ ။တိုတိုပြောရရင် ကျနော် လည်း စီးကရက်တဗူး ဘယ်လောက် မီးခြစ်တဗူးဘယ်လောက် သူတို့နဲ့မေးမြန်း စုံစမ်းပြီး စုစုပေါင်းငွေတရာ့ ငါးဆယ် လောက်ကို ထုတ်ပေးခဲ့ရော ဆိုပါတော့ဗျာ ။ ဒါတင်ဘယ်ကမလဲ ။ သေချာမှာခဲ့ရသေးတယ် ။ နောက်တခါ ငါလာရင် မင်းတို့တောင်းစားနေတာ မမြင်ချင်ဘူး နော်လို့ ။မညားသေးတဲ့ ကျနော့် ဇနီးလောင်း ရည်းစားကတော့ ကျနော့်ကို စိတ်မနှံ့တဲ့ သူတယောက်ကို ကြည့်နေလေရဲ့ ။
ထုံးစံအတိုင်း ဒီတခါလည်း ကျနော်ကံမကောင်းပြန်ပါဘူး ။ ငါစီမံခဲ့တာ ကလေးနှစ်ယောက် တော့ တောင်းစားတဲ့ ဘဝက လွတ်သွားပြီလို့ စိတ်ချမ်းသာနေလိုက်တာ နောက်တပါတ် လောက်နေတော့ ထုံးစံအတိုင်း အဲဒီနေရာမှာ အဲဒီပုံစံမျိုးအတိုင်း ရွှေကိုယ်တော်လေးတွေနဲ့ ပြန်ဆုံရပြန်တာပါပဲ ။
ဒီတခါကတော့ ကျနော် ဘာမှ မပြောလိုက်နိုင်တော့ပါဘူး ။ “ ထမင်းမစားရသေးလို့ ပိုက်ဆံ ဆယ်ပြားလောက် “ ပြောလို့တောင် မဆုံးသေးဘူး ။ ကျနော့်မျက်နှာကို သေချာကြည့်ပြီး တချိုးတည်း လစ်တော့တာပဲဗျ ။
………………………………………
ဒီလို ဇာတ်လမ်းတွေ လျှောက်ပြောရင် ကုန်နိုင်မယ်မထင်ပါဘူးဗျာ ။ တခါတခါ ကျနော့် မျက်နှာကို ကျနော် မှန်ထဲ ပြန်ကြည့်ရင်း အလှူခံ မျက်စိကျလောက်တဲ့ ဘုရားဒကာရုပ် များပေါက်နေသလား တွေးမိပါရဲ့ ။
တခါကလည်း စိတ်မနှံ့တဲ့  တရုတ်မကြီးတယောက်နဲ့ ရှမ်းစုလမ်းထိပ်မှာပဲ ဆုံသေးတယ်။ အဲဒီတရုတ်မကြီးက တွေ့တဲ့ လူတိုင်းကို “ တကျပ် လောက် ၊ တကျပ်လောက် “ ဆိုပြီး တောင်းလေ့ရှိသဗျ ။ကျနော်က သူ့အကြောင်းသာ ကြားဘူးနေတာ တခါမှတော့ အတောင်း မခံရဖူးဘူး ။တနေ့တော့ ရုံးရှိရာ ကို ခြေလျင်လျှောက်ပြီး လာရာကနေ အဲဒီတရုတ်မကြီးနဲ့ ပက်ပင်းတိုးပြီး “ တကျပ်လောက် “ လုပ်ပါလေရော ။မနေတတ်မထိုင်တတ် ကျနော်ကလည်း သူတောင်းတယ်ဆိုတာနဲ့ အိတ်ကပ် ထဲလက်အရင် ရောက်ပြီး ငါးကျပ်တန် တရွက် ထုတ်ပေးလိုက်ပြီး ခပ်မြန်မြန် ထွက်လာလိုက် တယ် ။ အဲ .. ။စက်ကွင်းက မလွတ်ပြန်ဘူးဗျာ။ နောက်ကနေ အဲဒီတရုတ်မကြီးက “ ဟဲ့ ။ အကောင် နင့်ပိုက်ဆံ အစုတ်ကြီးကို ငါက ဘာလုပ်ရမလဲ ၊ အခုချက်ချင်း ပြန်လဲပေး“တဲ့ ။ ဘယ်ဖက်ကမှ မ လွတ်ပါလားဗျာ ။ ကျနော်လည်း မကြားချင်ယောင်ဆောင်ပြီး ဆက် လျှောက်လာလိုက်ရတယ် ။ အော် .. ဖြစ်ရပုံများဗျာ။
…………………………………………

ကျနော်ကလည်း ကိုယ့်ကိုယ်ကို လည်လှပြီ အောက်မေ့နေတာ တခါတခါ ကျနော့်စေတနာ ကပဲလူရီစရာ ဖြစ်နေတယ်ထင်ပါရဲ့ ။ ကျနော့်တပည့်ကျော်တယောက် ထူးထူးဆန်းဆန်း တပတ်ရိုက်တာ ခံရဘူးသေးတယ်ဗျာ။
ကျနော့်ရုံးမှာ ပစ္စည်းအတင်အချ တာဝန်ယူနေတဲ့ စိုးနိုင်ဆိုတဲ့ မောင်ပေါ့ဗျာ။ တနေ့မနက် အစောကြီး အိမ်ကို ငိုကြီးချက်မနဲ့ပေါက်ချလာတယ် ။“ဆရာရယ် ၊ ကျနော့်အမေဆုံးပြီး ကယ်ပါအုံး“တဲ့ ။တကယ်တော့ စိုးနိုင်ဆိုတဲ့မောင်ဟာ နေ့ရောညရော သောက်စားပြီး အနေအထိုင် သိပ်စည်းကမ်း ရှိလှတဲ့ကောင်တော့ မဟုတ်ဘူး။ကျနော်ဆိုတဲ့ကောင်ကလဲ အမေဆိုတဲ့ စကားနဲ့သူ့ငိုသံကိုကြားလိုက်ကတည်းက ဘာမှ ဆက်မမေးတော့ပဲ ငွေတ သောင်းထုတ်ပေး၊ “လောလောဆယ် ဒီငွေနဲ့ကြည့်သုံးထား ၊ ရက်လည်တော့ လာခဲ့အုံးမယ်။ ဒီကြားထဲ လိုတာရှိရင် ဖုန်းဆက်လိုက် “ ဆိုပြီးမှာလိုက်ရတာ ပေါ့ဗျာ ။
ဖြစ်ချင်တော့ အဲဒီရက်ပိုင်းက ကျနော်တော်တော် အလုပ်ရှုပ်နေတဲ့ အချိန်ဗျ။ စိုးနိုင်ပြန်သွားပြီး ကိုယ့်အလုပ်နဲ့ကိုယ် ချာလပတ်ရမ်းနေရာက စိုးနိုင်အမေ ရက်လည်ကိစ္စဟာ ရက်လည်တဲ့နေ့ မှာပဲ ဘယ်သူမှ သတိမပေးပဲကျနော့်ခေါင်းထဲကို ရောက်လာသဗျာ။ဒါနဲ့ကျနော်လည်း တပည့် ကျော်အမေရက်လည်တော့ မသွားလို့မဖြစ်ချေဘူး ဆိုပြီး ရုံးမှာ ရှိတဲ့ ဝန်ထမ်းတွေ ကားပေါ် တင်ပြီး စိုးနိုင်နေတယ်ဆိုတဲ့ ဒဂုံမြို့သစ်ကို ကားမောင်းထွက်ခဲ့ရောဗျ ။သူပေးထားတဲ့လိပ်စာ အတိုင်း ရှာလိုက်ရတာဗျာ။ မြို့သစ်တည်ကာစဆိုတော့ ဘယ်မေးမေးယောင်ဝါးဝါးချည်းပဲ ။ ကျနော့်ကလဲ နာရေးကိစ္စမို့ မတွေ့မနေဆိုတဲ့ စိတ်နဲ့ ရှာလိုက်တာ စိုးနိုင်နေတဲ့ လမ်းရော စိုးနိုင်ကိုပါ သိတဲ့ အသိတယောက်နဲ့တိုးပါလေရော ။
ဒီလူက စိုးနိုင်တို့လမ်းကို လိုက်ပြရင်း ဆရာဒီလောက် အရေးတကြီး ဘာကိစ္စများရှိလို့တုန်း တဲ့ ။ ကျနော်လည်း သူ့ကို တအံ့တသြပြန်ကြည့်ပြီး “ မင်းက စိုးနိုင်နဲ့ ခင်တယ်ဆိုတော့ စိုးနိုင့် အမေဆုံးတာ မသိဘူးလား“ လို့ မေးလိုက်ရတယ်။ဒီတော့ သူက အလန့်တကြားနဲ့ “ ဟာ ၊ ဆရာ တခုခုတော့ မှားနေပြီ၊ စိုးနိုင်အမေဆုံးတာ ငါးနှစ်လောက် ရှိပြီ“တဲ့ ။ ကျနော်ဆိုတဲ့ ကောင်က ဒါတောင် မလျော့ချင်သေးဘူး၊ မင်းဥစ္စာ သေချာမှလည်း လုပ်ပါကွာ။ ဘယ်သူက ကြံကြံဖန်ဖန် အမေမဆုံးပဲ ဆုံးပါတယ်လိမ်ပါ့မလဲ၊ သူ့ယောက္ခမတွေ ဘာတွေ ဆုံးတာများ ဖြစ်နေမလား“ ဆိုတော့ ဒီမောင်က ဘာမှ ဆက်မပြောတော့ပဲ စိုးနိုင်အိမ် အထိ ကျနော်တို့ အုပ်စုကို ခေါ်သွားပါတော့တယ်။ စိုးနိုင်အိမ်မှာ ဘာနာရေးမှ မရှိပါဘူး။ စိုးနိုင်လည်း မရှိပါဘူး။ ဒိထက်ပြည့်စုံအောင်ပြောရရင် အဲဒီနေ့က စိုးနိုင်တို့လမ်းထဲမှာ နာရေးရှိတဲ့ အိမ်လည်း မတွေ့ ရပါဘူး။
ပါလာတဲ့ ကျနော့်တပည့်တွေကတော့ ကျနော့်ကို သနားစရာသတ္တဝါလို ကြည့်ပြီး ဆရာ ၊ ဒီတခါ တော့ ညံ့သွားပြီ တဲ့ ။အမှန်အတို်င်း စိတ်ထဲ ရှိတာ ပြောရရင် ကျနော့်ကိုယ် ကျနော် သနားစရာလို့ မတွေးမိပါဘူး။ဒါပေမဲ့ စိတ်ထဲမကောင်းတာတော့ အမှန်ပါပဲ။ သူ့အရင် တပည့်ကျော်တယောက်လည်း သူ့သား ကိုးနှစ်သားလေး သံစူးပြီး မေးခိုင်ပိုး ဝင်တာ သုံးရက်ပဲ ခံတယ် ။ ဆုံးသွားပါပြီဆိုလို့ ကူညီခဲ့ဘူးပါတယ်။ သားကိုသေပါတယ် ပြောပြီး ငွေတောင်းတာ ထားပါတော့ ။အခုကိစ္စက သေသွားတဲ့ အမေကို နံမည်ထပ်ပျက်အောင် လုပ်တာမို့ စိတ်ထဲ အောင့်သက်သက် ခံစားရတယ်ဗျာ။ဒါနဲ့ပဲ ကားပေါ် မှာပါလာတဲ့ တပည့်တွေကို “ မင်းတို့လည်း လိမ်မယ်ဆိုရင်ကြည့်လိမ်ကြကွာ “ဆိုပြီး ကျနော်ကြားဘူးတဲ့ ပသီပုံပြင်တပုဒ်ကို ပြောပြဖြစ်ခဲ့ပါတယ်။
ရှေးခေတ်အီရတ်နိုင်ငံက သူဌေးကြီးတယောက်အကြောင်းပေါ့။အဲဒီသူဌေးကြီးဟာ မရှိဆင်းရဲ သားတွေကိုစာနာထောက်ထား တတ်သတဲ့ဗျာ။သူ့မှာ ပြိုင်ဘက်ကင်းတဲ့ မြင်းကောင်း တစီး လည်း ရှိသတဲ့ ။တခြားသော သူဌေးတွေက သူ့မြင်းရဲ့ကျော်စောလှတဲ့ သတင်းကြောင့် တန်ဘိုးငွေ အဆမတန်ပေးပြီး ပြန်ရောင်းဘို့် ကမ်းလှမ်းကြသတဲ့ ။ဘယ်လောက်ဈေးပေးပေး မရောင်းတာကြောင့် မြင်းလာဝယ်တဲ့ သူဌေးတယောက်က “ခင်ဗျား ဒီလောက်တောင် မရောင်းချင်တဲ့ မြင်းကို ကျုပ်မရရအောင် ယူပြမယ်လို့ ကြိမ်းဝါးပြီး ပြန်သွားပါသတဲ့ ။
ဒီလိုနဲ့ ရက်အတန်ကြာလာတော့ မြင်းပိုင်ရှင် သူဌေးဟာ သူ့မြင်းကို စီးပြီး ဒမတ်စကတ် မြို့ဖက်ကို ခရီးထွက်လာတော့ လမ်းမှာ လဲနေတဲ့ သူတောင်းစားတယောက်ကို တွေ့ရပါလေ ရော။ဒါနဲ့ သူဌေးဟာ မြင်းကို ရပ်ပြီး သူတောင်းစားကို အကျိုးအကြောင်းမေးတော့ အစာမစား ရတာ သုံးရက်တောင် ရှိပါပြီလို့ ဖြေသတဲ့ ။ဒီတော့ သူဌေးက ငွေစတချို့ထုတ်ပေးပြီး “ ရော့ ၊ ဒီငွေနဲ့ မင်းအစားဝယ်စားပေတော့ လို့လည်း ပြောရော သူတောင်းစားက “ထမင်းသုံးရက် မစားရတဲ့ သူဟာ ဘယ်လိုလုပ် ထမင်းရောင်းတဲ့ ဆိုင်ကို လျှောက်သွားနိုင်မလဲလို့ အထွန့် တက်ပြန်တော့၊ သူဌေးကြီးကလည်း “မင်းပြောတာ မှန်သားပဲ၊ဒါဆို မြင်းပေါ်ကို တက်“ လို့ ဆိုပြန်သတဲ့ ။
ဒီအခါမှာလည်း သူတောင်းစားက ထမင်းသုံးရက်မစားရတဲ့ သူက ဘယ်လိုလုပ် မြင်းပေါ် တက်နိုင်မှာလဲ ဆိုပြန်တော့ သူဌေးက မင်းပြောတာ မှန်တာပဲ လို့ ပြောရင်း မြင်းပေါ်ကဆင်း၊ သူတောင်းစားကို ပွေ့ချီပြီး သူတောင်းစားကို မြင်းပေါ်လည်း တင်လိုက်ရော သူတောင်းစားဟာ ပကတိလူကောင်းတယောက်လို မြင်းကို ကဆုန်စိုင်း စီးပြီး “ ကဲ ၊သူဌေး ၊အခုခင်ဗျား ဘာတတ်နိုင်သေးလဲ၊ ခင်ဗျားမြင်းကို ကျနော်ရပြီ “လို့ ပြောပြောဆိုဆို ရုတ်ခြည်း ထွက်သွားပါလေရောတဲ့ ။
ရုတ်တရက် မှင်တက်မိသွားတဲ့ မြင်းပိုင်ရှင် သူဌေးဟာ “လက်စသတ်တော့ ဒီလူဟာ တကယ့် သူတောင်းစားမဟုတ်ပဲ သူ့မြင်းကိုလာဝယ်တုန်းက ကြိမ်းဝါးသွားတဲ့ မြင်းဝယ်သူဆိုတာ သိလိုက်တာနဲ့ချက်ချင်း သတိပြန်ဝင်လာပြီး မြင်းစီးပြီး ထွက်သွားတဲ့ အယောင်ဆောင် သူတောင်းစားကို လက်ပြ တားလိုက်ရင်း “ အင်း ၊ ဟုတ်ပါပြီ၊ အလာဟ်အရှင် အလိုတော် ရှိရင်ရင်လည်း မင်း ငါ့မြင်းကို အပိုင်သာ ယူသွားပါတော့ ၊ဒါပေမဲ့ ငါ့မြင်းကို မင်းဘယ်လို ယူသွားတယ်ဆိုတာ ဘယ်သူ့ကို မှ မပြောပါဘူး ဆိုတဲ့ ကတိကိုတော့ ပေးပါ“လို့ ဆိုသတဲ့ ။
ဒီတော့ အယောင်ဆောင်သူတောင်းစားဟာ ထူးဆန်းလှတဲ့ သူဌေးရဲ့စကားကြောင့် မြင်းကို ခဏရပ်ပြီး “ ဘာကြောင့် ကျုပ်က သူတပါးကို ပြန်မပြောခိုင်းတာလဲ၊ ခင်ဗျား မြင်းကို အဆုံး ရှုံးရမှာ မနှမျောဘူးလား ဆိုတော့ သူဌေးက “ ငါ့မြင်းကို နှမြောတာထက် လောကကြီး ပျက်စီးသွားမှာ ငါပိုပြီး နှမြောလို့ “ ဆိုပဲဗျာ။
သူတောင်းစားလည်း တအံ့တသြနဲ့ ခင်ဗျား မြင်းကို ယူသွားရုံနဲ့ လောကကြီး ပျက်စီးရရော လားဗျာ“ လို့မေးပြန်တော့ သူဌေးက “ မင်းစဉ်းစားကြည့်ပေါ့၊ မရှိဆင်းရဲသားတွေကို ကူညီ စောင့်ရှောက်ဘို့ အလာဟ် အရှင်က သင်ကြားဆုံးမထားတယ်၊ မင်းက သူတောင်းစား ယောင်ဆောင်ပြီး ငါ့မြင်းကို ယူသွားတယ်၊ အဲဒီအကြောင်းကို မင်းက လူတကာကို လျှောက် ပြောတော့ ဒုက္ခရောက်နေတဲ့သူကို ဘယ်သူမှ ကူညီချင်တော့မှာ မဟုတ်ဘူး၊ဒုက္ခရောက်သူ တွေ ကူကယ်ရာမဲ့ပြီး ဆိုရင် လောကကြီး ပျက်စီးပြီပေါ့“ ဖြေတယ်တဲ့ဗျာ။
ပုံပြင်ဆုံးတော့ သူတောင်းစားလည်း သတိတရားရပြီး မြင်းကို ပြန်ပေးပြီး သူဌေးကို တောင်းပန် တာပေါ့။ကျနော်ပြောတဲ့ ပုံပြင်ကို နားထောင်နေတဲ့ကားပေါ်က တပည့်တွေ တယောက်မှ တုတ်တုတ် မလှုပ် တော့ပါဘူး။ ဟုတ်ပါတယ်။ ကျနော်အလိမ်ခံရတာကို ဝမ်းမနည်း လှပေမဲ့ ဒီလိမ်နည်း ကို ကျနော် မနှစ်မြို့ဘူးဗျာ။ ကျနော်ကိုယ်တိုင် ရည်ရွယ်ချက်ကြီး တခုနဲ့ မလိမ်လည်ခဲ့ဘူးပေမဲ့ လုပ်ရင်း ကိုင်ရင်း လိမ်သလို ဖြစ်သွားရတာ ၊တခါတခါ မလွှဲသာ မရှောင်သာ လိမ်လိုက်ရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။ ကျနော့်စိတ်က လိမ်ရမယ်ဆိုရင်တောင် မရှိဆင်းရဲသား တွေအပေါ် လိမ်လည်လို တဲ့ စိတ်အလျဉ်းမရှိခဲ့ဘူးဗျာ ။ကျနော့်အမေနာမည် သုံးပြီး လိမ်ဘို့ဆိုတာကတော့ ဝေလာဝေးဗျာ။
ကျနော်ဟာ သူခိုးတယောက်ဖြစ်ခဲ့ရင် မြန်မာရာဇဝင်ထဲက ငတက်ဖြားလို၊ ဓားပြဖြစ်ခဲ့ ရင် တောင် ရုပ်ရှင်ထဲက ဗိုလ်အောင်ဒင်၊ တောပုန်းကြီး စံဖဲ၊ ရော်ဘင်ဟုဒ် တို့လိုပဲ ဖြစ်ချင်ပါ တယ်။ကျနော့်ဘဝစာမျက်နှာတွေကို အခုပြန်လှန်နေတော့ ဇာတ်လမ်းဆုံးတဲ့အခါ ဒီအချက် ဟာ ပိုမိုပေါ်လွင်လာကောင်းပါရဲ့။ကျနော်လှုပ်ရှား ဖြတ်ကျော်ခဲ့တဲ့ မြန်မာ့စီးပွားရေးလောက ဟာ ပုံမမှန်လည်ပတ်နေတဲ့ ယန္တရားကြီးတခုလိုပါပဲ။အခြေအနေအားလုံးဟာ ရုတ်တရက် ပြောင်းလဲနေတတ်တဲ့ သဘောရှိပါတယ်။အစိုးရရာထူးအပြောင်းအလဲ ၊ဈေးကွက်အပြောင်း အလဲတွေဟာ မျှော်မှန်းထားသလို မဖြစ်ပဲ ကပြောင်းကပြန် ဖြစ်တာမျိုး ကြုံရတဲ့ အခါ ပေးထားတဲ့ ကတိတွေပျက်ပြီး ကြွေးရှင်ကို ရှောင်နေရတာ၊ အကြောင်းအမျိုးမျိုးပြပြီး လိမ် ရတာတွေ သေချာပေါက် ရှိခဲ့တာပေါ့ ။ဒါပေမဲ့ ကျနော် မရှိဆင်းရဲသားတွေကို မလိမ်ဘူး။ သူတို့ငွေမမျှော်လင့်ပဲ လာပြီးကြားညှပ်နေရင်တောင် သီးခြားဖယ်ထုတ်ပြီး ရှင်းပေးတတ် ပါတယ်။
ခင်ဗျား စဉ်းစားကြည့်လေ၊ တခါတလေ ဘယ်လိုမှ ရောင်းမထွက်တဲ့ ကားတို့အိမ်တို့ကို ရောင်းသူက သိန်းရာဂဏန်းဈေးကြီးတင်ပြီး သုံးလဆိုင်းလောက်နဲ့ ဇွတ်အတင်း ရောင်းချင်ကြတယ်။ ကိုယ်က အရင်းအနှီး ကြီးကြီးမားမားလိုနေတဲ့ အချိန်၊တခြားလုပ်ငန်းမှာ သေချာပေါက် အမြတ်အစွန်း ရမယ်မျှော်လင့်ပြီး လက်ခံမိတယ်။ တကယ်တော့ ထင်သလိုဖြစ်မလာတဲ့အခါ သူ့ငွေကို အချိန်မီ ပြန်ဆပ်နိုင်ဘို့ စောစောက သုံးလေးလဆိုင်းပြီး အရောင်းထိုင်း ပစ္စည်း ထုတ်မဲ့ လူမျိုးထပ်ရှာ ရှာရပြန်ရော ။ဒီလို လုပ်ရာက နှစ်ဆင့်သုံး ဆင့်လည်း လွဲရော လူလိမ် ဖြစ်တော့တာပါပဲ။ကျနော်ဟာ လူလိမ်တယောက်လို့ အများ မြင်စရာ ထင်စရာ ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။ သို့သော် ကျနော်ဟာ လိမ်မိရင် မျက်နှာမထားတတ်လောက်အောင် မျက်စိ မျက်နှာပျက်တတ်ပါတယ်။ “ ငါလိမ်နိုင်လိုက်ပြီကွ“ ဘယ်သောအခါကမှ ကျေနပ်အားရခြင်း မရှိခဲ့ပါဘူး။အပြစ်ကြီးတခု ကျူးလွန်ခဲ့တယ်လို့ပဲ အမြဲခံစားရပါတယ်။
……………………………………………………

အင်း … ။အဲဒီ ကုသိုလ်ကံစေတနာတွေကြောင့်လားတော့ မဆိုနိုင်ဘူး ။ ကျနော်ထီလက်မှတ် ဝယ်လိုက်ပြီး လေးရက်လောက်ကြာတော့ ကျနော့်ရုံးခန်းကို နဂါးနီ စားသောက်ဆိုင်မှာ တွေ့ ခဲ့တဲ့ ထီရောင်းသမား ပေါက်ချလာသဗျ ။ ပေါက်ချလာပုံကလည်း အမောတကောပုံစံ ။ “ ရှာလိုက်ရတာ ဆရာရယ် ၊ဆရာ့ကို ကျနော် ရှာနေတာ လေးရက်ရှိပြီ “တဲ့ ။ သူက ကျနော် ထိုင်ခိုင်းတာတောင် မထိုင်သေးပဲ “ဆရာ့ ထီလက်မှတ်တွေ ဘယ်မလဲ“တဲ့ ။ သူပြောခါမှ ကျနော်လည်း ထီလက်မှတ်တွေ ဘယ်နားထားမိပါလိမ့်ဆိုပြီး တော်တော်ပြန်စဉ်းစားယူရတာ ကလား ။
သူ့အပြောအရ အဲဒီနေ့ က သူထွက်သွားပြီး တနာရီလောက်အကြာမှာ ကျနော် ထီပေါက် နေတာ သူသိနေပြီ ဆိုပဲ ။ ဆိုင်ကို ပြန်လာရှာတော့လည်း မတွေ့ ၊ လိပ်စာလည်း ပေးမထား ခဲ့တော့ ဘယ်လိုမှ ရှာမရတဲ့ အဆုံး နဂါးနီစားသောက်ဆိုင်ပိုင်ရှင် ဦးကျော်မြင့်ကို လူုပုံပန်း မေးပြီး ရှာလာရတာ လေးရက်မြောက်မှ တွေ့သတဲ့ ။
အတိုချုပ်ရရင် မျှော်လင့်ချက်မဲ့တဲ့ နေ့တွေလို့ကျနော်ထင်ခဲ့တဲ့ အဲဒီနေ့မှာ ကျနော် ထီတ သိန်း ဆုပေါက်ခဲ့ပါတယ် ။ကားတစီးကို သုံးသိန်းကျော်လောက်ပဲ ရှိတဲ့ အချိန်၊ လက်ထဲ မှာလည်း ခြူးတပြားမှ မကပ်တဲ့အချိန်ဆိုတော့ တော်တော် အသုံးဝင်တယ် ဆိုရ မယ်ဗျ ။ထီရောင်းသမားက ထီလက်မှတ်ကို ရောင်းချင်ရင် သူရောင်းပေးပါ့မယ်ဆိုလို့ ရောင်းခိုင်း လိုက်တာ အပိုငွေ သုံးသောင်းတောင် ရသေးဗျ ။ထီရောင်းတဲ့သူကို အော်နာသဘောမျိုး ငွေငါးထောင်ထုတ်ပေးပြီး ကျန်တာကို လျှောက်သုံးပစ်လိုက်တာပါပဲ ။ ဘာမှ မယ်မယ်ရရ တော့ မဖြစ်လိုက်ပါဘူး ။ထင်တိုင်းလုပ်လို့ ဖြစ်မယ်ဆိုတဲ့ စိတ်တွေ မကုန်သေးတဲ့ အချိန်ပေါ့ ဗျာ ။တွင်းတူးပြီး မိုက်နေတုန်း အချိန်ပေါ့ ။ ဟုတ်တယ်။ ကျနော်ဟာ ဘဝတလျှောက်လုံးလိုလို ငွေကို ရေလိုလေလို သုံးဖြုံးနေခဲ့တယ် ။ငွေရမယ်ဆိုရင် ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ် ပါစေ ။ ကျနော် ရှင်းနိုင်တယ်လို့ ယုံကြည်နေခဲ့တယ် ။
တကယ်တော့ လောကကြီးဟာ ကျနော်ထင်ထားသလို မဟုတ်ပါဘူး။ကံကောင်းပါတယ် ဆိုတဲ့ အချိန်တွေ ကြုံခဲ့ရသလို ကံဆိုးတဲ့အခါကျတော့ လူငှားပြီး သတ်ခိုင်းတာမျိုးလည်း ကြုံခဲ့ ရဘူးပါရဲ့ဗျာ။သေချာတာပေါ့ဗျာ။ ကျနော့်ကို သတ်ခိုင်းတာပေါ့ ။အဆိုးထဲက အကောင်း လို့ ပြောရမယ်ထင်ပါရဲ့ ။ကျနော်ဟာ သူတပါးလက်ချက်နဲ့ သေနိုင်တဲ့ကံဇာတာ ပါမလာပြန် ဘူးဗျ ။ဟုတ်ပါတယ်။ ကျနော့်ကို မသေသေအောင် စံနစ်တကျ လူငှား အကွက် ၊ချပြီးအသတ် ခိုင်းတာ ကြုံရဘူးပါတယ် ။ဖြေးဖြေး ပြောတာပေါ့ဗျာ။ ဝင်္ကဘာဆန်တဲ့ ဘဝကို တညတည်း ၊တလတည်းတော့ ဘယ်လို အဆုံးသတ်နိုင်ပါ့မလဲ ။တထောင့်တညတော့ မကြာလောက် ပါဘူး။အာခြောက်လိုက်တာဗျာ။ ကွမ်းတယာလောက်စားပါရစေနော်။ ။
………………………..
ရုပ်ပုံ။ ။ ဂူဂဲလ်

Read More...

Monday, September 14, 2009

ငချစ်ညိုတို့ အမေ



“ ငချစ်ညို“တို့အမေ


(မင်းဒင် ရေးသည်)

ကျနော်ကြည့်ခဲ့ဘူးသမျှ ရုပ်သံဇာတ်လမ်းတို့တွင်ပါဝင်ကြသော ဇာတ်ကောင်များ အနက်“ ကြိုင်ဝင်းရီ “ကို ကျနော့် စိတ်မှာ မှတ်မှတ်ထင် ထင် ရှိနေခဲ့သည်။
ကြိုင်ဝင်းရီကား မြန်မာ့အသံမှ ထုတ်လွှင်ခဲ့သည့် “ပြည်သူ့တရားရှင်ဇာတ်လမ်းတွဲ“ တခုတွင်ပါဝင်သော ဇာတ်ကောင်ဖြစ်သည်။ ကြိုင်ဝင်းရီသည် ရက်စက်ယုတ်မာရာတွင် ပြိုင်စံ ရှားစာရင်းဝင်သည်။မုဒိန်းကျင့်သည် ။ လူသတ်သည်။ မတရားမှုမှန်သမျှအကုန်လုပ်သည်။ ကောက်ကျစ်သောနည်းလမ်းမှန်သမျှ အကုန်သုံးသည်။ နောက်ဆုံး သူ့ကောင်းစားရေးအ တွက် အဖေအရင်းကိုပင် စတေးခဲ့သည်။
ကြိုင်ဝင်းရီ လှည့်ကွက် ၊လိမ်လည်လှည့်ဖျားချက်တို့မှာ ပြည်သူ့တရားရှင် “ပေါင်ချိန်“ပင် လက်မြှောက် အရှုံးပေးရသည်။ ဇာတ်လမ်းအဆုံး မိုးကြိုးပစ်မှ ကြိုင်ဝင်းရီ ဇာတ်သိမ်း သည်။
************************





လူထုကြိုက်ပါတီက အပြတ်အသတ် အနိုင်ရခဲ့သော ရွေးကောက်ပွဲမှာ အာဏာ လွှဲရန်မဟုတ်ပဲ လွှတ်တော်ခေါ်ယူရန် ဖြစ်သည်ဟု မြန်မာ အစိုးရမင်းများက ဆိုခဲ့ပြန်ပါ သည်။လွှတ်တော်ခေါ်ယူနိုင်ရန်အတွက် အမျိုးသားညီလာခံကို ကျင်းပ ခဲ့ရာ ဆယ်နှစ် ကျော်ကြာမြင့်ပါသည် ။အတိုက်အခံခေါင်းဆောင်ကို လက်စတုံး အပြီး အပြတ်ရှင်း ရန် ဒီပဲယင်းတွင်ကြံစည်ရာ မအောင်သည့်အဆုံးတွင်နိုင်ငံတော်လုံခြုံရေး အတွက် ဆိုကာ ဆယ့်လေးမိုး နီးပါး နေအိမ်တွင် အကျယ်ချုပ်ထားရှိသည်။
အာဏာတည်မြဲရေးအတွက် စိုးရိမ်သည်ဟု ယူဆရသည့် ရှစ်ဆယ့်ရှစ်မျိုးဆက်တို့ကို ထောင် ဒဏ် (၆၅)နှစ်အထိချသည်။ဗိုလ်ချုပ်ဆေထင် ၊ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသား ခေါင်း ဆောင်တို့လည်း အနှစ်တရာနီးပါး ထောင်ဒဏ်တွေ တသီကြီးနှင့် ထောင်တွင်းမှာပင် ရှိနေ သည် ။ မြန်မာ့အရေးလှုပ်ရှားသူမှန်သမျှအတွက် ထောင်တံခါးအားလုံးကို အသင့်ဖွင့်ထား သည်။လူထုကား ဖွတ်ကျောပြာစု၊ခရုဆံကျွတ်၊ဖွတ်ဘိုးအေ ဘဝမှာပင် ကူကယ်သူဝေးနေဆဲ ။
မြန်မာအစိုးရမင်းများ၏ ခြေလှမ်းနှင့် ပြုမူဆောင်ရွက်တို့ကို မြင်ရတိုင်း ကျနော်“ ကြိုင်ဝင်းရီ“ ကို သတိရမိသည်။


…………………………………………….


ဤရက်ပိုင်းမှာပင် ငချစ်ညိုတို့အမေဒေါ်ဇံကလားကို ဆရာ အိုးဝေညိုမြ၏ ကုန်းဘောင် ရှာပုံတော်မှာ အမှတ်မထင်တွေ့ရသည်။
****************************
ဦးချစ်ညိုကား မြင်းစီး၊လှံထိုး၊ ကြိုးပစ် စသော သူရဲကောင်းအတတ်တို့၌ ကျွမ်းကျင်၏။ သူ့မိခင် ဒေါ်ဇံကလားက (ငါ့သား မင်းဖြစ်လိုလျှင် မုဆိုးဘိုသား အောင်ဇေယျကို ဦးစွာသုတ် သင်ရမည်။ အောင်ဇေယျကား ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစောကပင်မသုတ် သင်နိုင်သော် သင့်အဖို့အခက်ကြုံချိမ့်မည်။သူ့ကိုမရလျှင် အင်းဝသို့ဝင်၍ကျွန်ခံလေ ) ဟုဆို ၏။
ဒေါ်ဇံကလားကား ဗေဒင်အခါပေးကောင်း၍ တစ်နေ့သ၌ (ယနေ့သည် အခါကောင်းသော နေ့ဖြစ်၍ မုဆိုးဘိုသားကို အဖမ်းအယူထွက်လော့) ဟု ဆို၏။
*************************
ထိုနေ့၌ပင် ဦးအောင်ဇေယျလည်း ဦးချစ်ညိုကို ဖြားယောင်းသွေးဆောင် သိမ်းသွင်း ရန် မြင်းစီး၍ ခင်ဦီးမြို့ဆီသို့ထွက်ခဲ့၏။ ဦးချစ်ညိုက စစ်မှုစစ်ရေးကျွမ်းကျင်၍ ဗိုလ်ခြေတသိန်း သော်လည်း တစ်ယောက်နှင့်ခံနိုင်သူဟု ယူဆသဖြင့် အသာတကြည် ဆွေးနွေးစည်းရုံးလိုလေ သည်။
လမ်းတွင် သူတို့နှစ်ဦး ရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းပစ်ကာ ဦးအောင်ဇေယျ၏ လည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ရစ်ပတ်ဆွဲငင်ရာတွင် ဦးအောင်ဇေယျနှင့်တကွ မြင်း လည်း လဲလေသည်။ ဦးအောင်ဇေယျသည် လဲရာမှထ၍ ကြိုးကိုဓားနှင့်ဖြတ်နေခိုက် ဦးချစ်ညို က လှံနှင့်ပစ်သည်။ ဦးအောင်ဇေယျက ဓားနှင့်ကာသဖြင့် လွဲလေသည်။
ဦးချစ်ညို၏ညီ ဦးချစ်မြက အစ်ကိုဖက်မှ ကူညီရန်လိုက်လာ၏။ သို့သော်ထန်းပင်ထက် မှ ထန်းသမားက (တဦးချင်း ရန်ဖြစ်နေသည်ကို ဘာလို့ကူညီရမည်လဲ) ဆိုကာ ထန်းပင်မှ ဆင်း၍ ချစ်မြ၏ လည်ပင်းကိုညှစ်၏။ ဤတွင် ချစ်မြက (ကယ်ပါ) ဟု အော်သည်ကို သူ့အစ် ကို ဦးချစ်ညို ကြားသော် ဦးအောင်ဇေယျကိုလွှတ်ခဲ့၍ ညီနှင့်ထန်းသမားတို့ လုံးထွေး သတ် ပုတ်ရာသို့ ပြေးလာ၏။ သို့မှ ထန်းသမားလည်း ချစ်မြကို လွှတ်ကာ ပြေးလေသည်။ ဦးအောင် ဇေယျသည် တစ်ဦးနှင့်နှစ်ဦးဖြစ်၍ မြင်းစီးကာ အပြင်းဆုတ်ခွာလေသည်။


ခင်ဦးသို့ ဦးချစ်ညိုတို့ညီအကို ရောက်သော် မိခင်က မေးသည်။
မိခင်။ ။ အောင်ခဲ့၏လော။
ချစ်ညို။ ။ ကျွန်တော် အောင်ဇေယျနှင့် အထွေးထွေးရှိသည်တွင် ငချစ်မြသည် ထန်းသမားနှင့် အချင်းဖြစ်၍ ကူညီရန်သွားရပါသည်။ ထိုအတောအတွင်း အောင်ဇေယျကမြင်းစီးပြီး ခွာလေသောကြောင့် မအောင်မြင်လေ။
မိခင်။ ။(ထဘီကို ခါ၍) ဟယ်- သားမောင်မှားပြီ။ ရှင်ဘုရင်လုပ်မည့်သူမှာ ညီဟူ၍ အမှတ်ထား ရာ သလော။ ညီဆိုသည်မှာ ဟောဒီမိခင် ဝမ်းဗိုက်ရှိသမျှ ရနိုင်သည်။(မူရင်းသတ်ပုံအတိုင်း)
……………………………………….
ပရမတ္တမ အမြင်အရမူ လောကသည် အချည်းနှီးတည်း ဟုဆိုပါသော်ငြား ပညတ်ထဲက ခွဲမထွက်နိုင်လေသေးသော ကျနော့်စိတ်သည် ကုန်းဘောင်ခေတ်ဦးမှသည် မျက်မှောက် ခေတ်ဆီသို့ ရောက်လာပြန်ပါသည်။
အစိုးရမင်းများသည် သက္ကရာဇ်( ၂၀၁၀ )တွင် ပါတီစုံဒီမိုကရေစီစံနစ်အတွက် ရွေးကောက် ပွဲများ ကျင်းပတော့မည်ဟု ဆိုပါသည်။အပစ်ရပ်အဖွဲ့များအားလုံးကို နယ်ခြားစောင့်တပ်များ အဖြစ် အသွင်ပြောင်းရန် အားထုတ်နေလေရာ အများညီညီမညီညီ “ဤ“ ကို “ကျွဲ“ ဟု ဖတ်ခိုင်းရင်း ကိုယ့်ရှူးကိုယ်ပတ်လျက်ရှိပြီ ။
ကနဦးမီးပွားမှာ လောက်ကိုင်နယ်မြေကိုးကန့်တပ်ဖွဲ့တွေက စသည်။ လက်နက်စက်ရုံ ထောင် ခြင်း ၊မူးယစ်ဆေးဝါးအကြီးအကျယ်ရောင်းဝယ် ဖောက်ကားခြင်းဟူသော စွဲချက်များဖြင့် တပ် ရင်း တပ်မ အင်အား အလုံးအရင်းနှင့် ဝင်တိုက်ရာ ဖုန်ကြားရှင် တောပုန်းဘဝ ပြန်ရောက်သွား သည်။
ဖုန်ကြားရှင် အဖြစ်ကို ကြည့်ကာ ကျန်အပစ်ရပ်များ မျက်ကလဲဆန်ပြာဖြစ်ကုန် သည်။ နောက် ထပ်ဖွင့်မည့် စစ်မျက်နှာသည် ယူဒဗလျူအက်အေလော၊ကချင်တို့ပေလော အထိတ်တလန့် စောင့်မျှော်နေကြရပြီ ။လူထုအုံကြွမှုကိုသာ နှိမ်နှင်းတတ်သော မြန်မာစစ်တပ် ရှေ့တန်းပြန် ရောက်တော့မည့် အချိန်။ နယ်စပ်ဒေသတည်ငြိမ်မှုပျက်ပြားနေသောအချိန်တည်း။
…………………………………………


မြန်မာနိုင်ငံတွင် မတရားသော စစ်အစိုးရကို အံတုဖက်ပြိုင်အံ့ဟု ဖွဲ့စည်းခဲ့လေသော အဖွဲ့ချုပ်ကြီးတခုသည် ရှိ၏။ အဆိုပါအဖွဲ့ကြီးသည် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးကို အဖြေမပေး သေး ချေ။ မပေးနိုင်သေးသည်လော၊ဝေခွဲရခက်နေသည်လော မဆိုနိုင်။ လက်ရှိတိုက်ကွက် မှန်သမျှ သည်လည်း မဲပြာပုဆိုးထဲက မထွက်နိုင်သေး။ အစိုးရမင်းများကို ကြိုင်ဝင်းရီ က အဖေခေါ်ရ လောက်အောင် နိုင်ရင်ပြီးစတမ်း ခါးတောင်းကျိုက်မဖြုတ်တမ်း ရက်စက်မှုအပေါင်း သရဖူ ဆောင်းနေချိန် တွင်၊ယင်း အဖွဲ့ကြီးကား နစ်လု ဆဲဆဲ လှေပျက် ကြီးကို ဖက်တွယ်ထားနေဆဲ။ ခါးချိနားထိုင်း ဇရာပိုင်းလွန်နေသည့် ခေါင်းဆောင်များနှင့်ပင် နယ်ဖက်မှာသုံးနေဆဲ လော်ကယ် ရထားကြီးနှယ် အရွေ့ နှုန်းနှေးနေသည်။ လူထု၏ ဒုက္ခအပေါင်းကို ကယ်တင်မည့် အဖွဲ့ကြီးကား မည်သည်ကို တွေးတောနေပါသနည်း။
………………………………………..
အစိုးရမင်းတို့ ဖက်တွင်လည်း ကိုယ့်ဂတိနှင့်ကိုယ် ကိုယ့်ကြိုးကွင်းကိုယ်စွပ်ကာ ရွေးကောက် ပွဲအရေး၊ အပစ်ရပ်အရေး ၊နိုင်ငံတကာဖိအား၊ မျိုးစုံရင်ဆိုင်နေရချိန်သည် စစ်ဦိးကို ဟူးဟူး လျင်လျင် ဖွင့်ရမည့်အချိန်မဟုတ်လေသလော။စစ်မင်းများ အကြပ်ရိုက်နေမည့် ဤအချိန်သည် စစ်ဦိးကို ဟူးဟူးလျင်လျင် ဖွင့်ရမည့်အချိန်ပေတကား။ ငချစ်ညိုတို့အမေ ဒေါ်ဇံကလား သာရှိ ပါမူ ဤအချိန်ကို ထွက်တိုက်ကြရမည့် အချိန်ဟု အခ်ါတော် ပေးပေ လိမ့်မည်။
အရှည်ကို တွေးတောကြံဆခြင်း၊အစေ့အစပ်ဆင်ခြင်သုံးသပ်ခြင်းတို့သည် ကောင်းမွန်လှပါ၏။ သို့သော်ယင်းတို့သည် တွေဝေတွန့်ဆုတ်ြခင်းနှင့် အလွန်ပါးလွှာသော နံရံတချပ်သာ ကွာနေ ကြောင်း သတိချပ်သင့်သည်။အဖွဲ့ချုပ်ရှိနေ၍ပင် လက်ညှိုးထိုးစရာ တရားခံရှိနေပြီး အဖွဲ့ချုပ် မရှိလျှင် အစိုးရမည်သို့ရပ်တည်မည် ကိုပါ မစဉ်းစားသင့်ပေသလော။


တွန့်ဆုတ်တွေဝေခြင်း၊ စိတ်ကူးယဉ်နေခြင်း ၊ထောက်ထားညှာတာနေခြင်း ၊ တို့ဖြင့်အချိန်ကုန် မည်ဆိုပါမူ လူထုကိုကယ်တင်နိုင်မည့်အခြေအနေ သည် ရွေ့လျောသွားပေ လိမ့်မည်။ ယခု လတ်တလော အခြေအနေ၌ ငချစ်ညိုတို့အမေကိုမြန်မာ့အရေးအတွက် သဘောထား မှတ်ချက် တစုံတရာပေးရန် ပြောဖြစ် ခဲ့သည်ဆိုငြားအံ့။ရဲရဲတိုက်၊အပြုတ်ခံတိုက်၍အဖွဲ့ချုပ်ကြီး မရှိသည့်တိုင် သူရဲ ကောင်းဟူသည် လူထုရှိနေသမျှ မွေးဖွားလာနိုင်ကြောင်း ဒေါ်ဇံကလား က ထဘီကို ပုတ်၍ပြော မည်ဟု ကျနော်ထင်ပါသည် ။
..........................
ရုပ်ပုံ။ ။ ဂူဂဲလ်

Read More...

Thursday, September 10, 2009

မင်းဒင် ရဲ့ သက်ခိုင် အတွဲ-၂



ဓာတ်ပုံ - ဂျစ်တူး(မုံရွာ)

‎စာဖတ်သူများအတွက် မင်းဒင်ရဲ့သက်ခိုင် အတွဲ-၂ (အခန်း-၃၅ မှ အခန်း-၇၀ အထိ) အား ပီဒီအက်ဖ် ဖိုင်ဖြင့် ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည် ။
ဤနေရာ‎ တွင် ရယူနိုင်ပြီဖြစ်ပါ သည်။( Side bar တွင်လည်း download လုပ်ယူနိုင်ပါသည်။)။
ပီဒီအက်ဖ် ဖိုင် အဖြစ် တပင်တပန်း ဖန်တီးပေးခဲ့သော ကိုဟယ်ရီ (ခရမ်းပြာကြယ်စင် လှိုင်းခတ်သံများ)နှင့်မျက်နှာဖုံး ဓာတ်ပုံကို မေတ္တာဖြင့် ကူညီ ရိုက်ကူးပေးပို့သော ဂျစ်တူး (မုံရွာ)တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ဖော်ပြအပ်ပါသည် ။

Read More...

Tuesday, September 8, 2009

ကျနော်နှင့် နက်ကျား၊ ဓားတောင်နှင့် မီးပင်လယ်




ကျနော်နှင့်နက်ကျား၊ဓားတောင်နှင့် မီးပင်လယ် ။


(မင်းဒင် ရေးသည်)

နက်ကျားသည် ကျနော့်အိမ်က ကြောင်မလေးဖြစ်ပါသည် ။ အဖြူနှင့်အနက်ကြားနေသော ကြောင်ကလေးဖြစ်၍ ကျနော်က နက်ကျားဟု အမည်သညာပြုထားသည်။ နက်ကျားကား ကျနော့်အိမ်ပေါက်ကြောင်ဖြစ်သည်။
နက်ကျား၏ အမေသည် တကိုယ်လုံးအနက်ရောင် ကြောင်နက်ဖြစ်၍ ထိုင်းရိုးရာ အစွဲ အလန်းကြောင့် ဘေးအိမ်တို့ လက်မခံလေသလော မဆိုနိုင်ချေ။ ကျနော့်အိမ်မှာ လာ၍ သားပေါက်သည် ။ သူတို့မွေးစဉ်ကသော် စုစုပေါင်း လေးကောင်ဖြစ်သည်။ အကြင်ကြောင် ပေါက်လေးကောင် ဖင်သရမ်းလွန်း၍ အနံ့ဆိုးကို မခံနိုင်သည့် အဆုံး ကြောင်ချေးပါနည်း သင်တန်းပေးရန်စီစဉ် သော တည၌ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ အကြောက်လွန်ကြကာ ကျနော့်အိမ် မှ ပြောင်းရွေ့ ပျောက်ကွယ်သွားကြသည်။ တလခန့်အကြာတွင် သူ့မိခင် ကြောင်နက်မကြီး နှင့် အတူ ပြန်ပေါက်ချလာပြီးမှ တကောင်ချင်းပြန်ပြန် ပျောက် သွားကြပြန် ရာ နက်ကျားမှာ နောက်ဆုံး ကျနော့်အိမ်တွင် နောက်ဆုံးသောင်တင်နေရစ်ကာ အိမ်ထောင်စု စာရင်းဝင် ဖြစ်လာခဲ့သည် ။နက်ကျားအမေကား နောက်ထပ် အိုးသစ်အိမ်သစ် ထူထောင် သွားခဲ့ပြီ ။နက်ကျားကို ပြန်လှည့်မကြည့်တော့ ။
………………………………….




တိရိစ္ဆာန်သဘာဝပေလော မဆိုနိုင် ။ နက်ကျားအမေသည် နက်ကျားကို ဂရုတစိုက်မရှိခဲ့ချေ ။
နက်ကျာုး ငယ်စဉ်ကသော်၊သူ့မိခင်က ကြောင်တို့တတ်အပ်သော အတတ်ပညာတို့ကို ရက်တိုသင်တန်း မျှ သင်ကြားပေးသည်ကို ကျနော်မြင်ခဲ့ဘူးသည်။ခြံစည်းရိုးပေါ်သို့ ခုန်တက်နည်း ၊ထိုမှသည် ခုန်ချနည်း နှင့် ကျွန်တော့်ခြေထောက်ကို သူ့ခေါင်းနှင့် ပွတ်နည်း ၊ဤသုံးနည်းမျှသာ ကျနော့် စိတ်မှာ မှတ်မှတ်ထင်ထင်ရှိသည် ။ရက်တိုသင်တန်းကို နက်ကျား မကျေညက်သည်မှာ သေချာသည်။ အကြောင်းကား ကျွန်တော့်ခြေထောက်ကို ပွတ်နည်း မှလွဲ၍ ကျန်နည်းတို့ကို ယခုထက်တိုင် နက်ကျား မကျွမ်းကျင်သောကြောင့်တည်း ။
……………………………………………………

အထီးကျန် သင်းကွဲကြောင် နက်ကျားဘဝကား မလုံခြုံလှချေ။ ဘေး ရှေ့ ဝဲယာအိမ်များမှ ဧရာမကြောင်ထီးကြီး များက တွေ့ရာနေရာမှာ ကိုက်သည်။ ကျနော်ရှေ့တွင်ပင် ဘေးအိမ် မှ ကြောင်ဝါကြီးလိုက်ကိုက် သည်ကို မြင်ဘူးသည်။ နက်ကျားမြောင်းကျဉ်းလေး ထဲသို့ခုန်ချ ထွက်ပြေးမြန်၍ သာ လွတ်ခဲ့ သည်။၊တကြိမ်သော် ကြောင်ဝါကြီးလက်ချက်ကြောင့် ပင်ထင် သည်။ ဘယ်ချိန်က အကိုက်ခံထားရသည်မသိ ။အကိုက်ခံထားရသောပေါင်မှ ဒါဏ်ရာမှာ မြင်မကောင်းအောင် စုတ်ပြဲနေသည် ။ ကြောင်မွေးကျင့်မရှိ၍ ကြောင် ပြုစုနည်း နိဿရည်း လုံးလုံးမသိရကား ကျနော်တတ်သမျှနည်းမှာ ဆနွင်းမှုန့် သိပ်ခြင်းသာ ဖြစ်လေရာ သည်လို နှင့်ပင် နက်ကျားဒဏ်ရာ ပျောက်ရသည် ။
ထို့ကြောင့် နက်ကျားတကောင် ညည ခြံဝင်းမှာ ဆင်းမအိပ်ရဲ ။ အိမ်ပေါ်မှာ ကျနော့်အနား ကပ်၍ တညောင်ညောင်လုပ်နေရရှာသည် ။ကျနော့်အိပ်ခန်းထဲမဝင်ရန် ရိုက်မောင်းပုတ်မောင်း လုပ်ထားမိ၍ အခန်းထဲမဝင်ရဲရှာပဲ အခန်းပြင်က တညောင်ညောင်လုပ်နေကျ။ ကျနော် အခန်း အပြင်ထွက်လိုက်သည်နှင့် တံခါးဝမှာ ငုတ်တုတ်တွေ့ရမြဲ။ဤကား နက်ကျား၏ အိပ်ကောင်း ခြင်း မအိပ်ရသော ဒုက္ခတည်း ။
………………………………………..
ကျနော်ကား တောသားမြန်မာဖြစ်၍ ကြောင်စာကို ခေတ်မီကုန်တိုက်များမှ မရွေးတတ် ၊ မဝယ်တတ်ရကား ထမင်းနှင့်ဟင်းကိုနယ်၍သာ ကြွေးတတ်သည်။ နက်ကျားသည် သူ့စားခွက်ထဲက အစာကို ခွက်ထဲမှာ ထား၍ မစားရဲရှာ ။ခွက်နှင့်ဝေးရာကို တတုံးတလေ ဆွဲချီပြီး စားလေ့ရှိသည်။ အစတော့ ကျနော်“ ဒီကြောင် စားခွက်ထဲမှာမစားပဲ ဘာကြောင့် ညစ်ပတ်အောင်လုပ်ရသလ“ဲ ငြိုငြင်မိသည်။ သေချာလေ့လာမိမှ သိရသည်ကား ဘေးခြံက ကြောင်ကြီးများ ရုတ်တရက် အလစ်အငိုက် ဝင်ရောက်လာခါ အစာရော ကြောင်ပါ ဝင်ရောက် ကိုက်ဆွဲတတ်ခြင်းကြောင့် ရုတ်ခြည်းပေါ်လာတတ်သော အဆို ပါရန်မှ ရှောင်ရန်ပင် ။ နက်ကျားကား စားကောင်း ခြင်း လည်း မစားနိုင်လေ ။
…………………………………….
ကျနော်ခြံထဲသို့ဆင်း၍လမ်းလျောက်ချိန်သည် နက်ကျားလွတ်လပ်ရေးရချိန်ဖြစ်သည် ။ သစ်ပင်ကြားမှာ မြူးတူး ခုန်ပေါက်မည် ။ မမှီမကမ်းသစ်ရွက်တို့ကို လှမ်းပုတ်သည် ။ဟိုမှ သည်မှ လှစ်ကနဲ လှစ်ကနဲ မျက်စေ့နောက်လောက်အောင် ပြေးလွှားသည်။ သူဘာကြောင့် မြူးနေမှန်း အစက ကျနော်မသိ။ကျနော်ရှိနေ၍ အခြားကြောင်ကြီးများ မလာရဲသည့်အချိန် နက်ကျားတကောင် သတ္တိပြောင်ပြောင်လက်ခမောင်း ခတ်နေခြင်းဖြစ်သတည်း။
…………………………
ယခုကား နက်ကျား ကိုယ်ဝန်ဆောင်သည် ဘဝရောက်နေလေပြီ။ အလိုတူကြည်ဖြူ လေသည်လား အဓမ္မအနိုင်ကျင့်ခံရလေသည်လား ၊ကျနော်အတိအကျ မသိနိုင်ပါ ။ အခြေအနေအရပ်ရပ်ကို ထောက်ချင့်ရသော် နက်ကျားခြံထဲဆင်းအိပ်သော အချိန်များမှာ ဝုန်းဝုန်းဒိုင်းဒိုင်း လိုက်တမ်း ပြေးတမ်းအသံများကြောင့် အသာတကြည်ကိစ္စတော့ မဖြစ် တန်ရာ။ဤအမှုအရေးနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းရေးကော်မရှင် မဖွဲ့နိုင်သည် ဖြစ်ရာ သည်အတိုင်းသာ လက်ပိုက်ကြည့်နေလိုက်ရသည်။ဤရက်ပိုင်း ကျနော့်ကို လာပြီး ပွတ်သီး ပွတ်သံလုပ်နေသည်မှာ သူ့မီးနေ သည်ဘဝအတွက်ကြိုတင် အသနားခံနေ ဟန် တကား ။ဤလည်း တဒုက္ခပေတကား။
………………………….

အချုပ်ဆိုရလျှင် နက်ကျားသည် ကြောင်ဖြစ်ပါလျက် ကြောင်တန်းစေ့ ဘဝမရရှာခဲ့ချေ ။
ကြောင်ချင်းတူ သူချင်းမျှမျှ မနေရရှာချေ။ထိုင်းဖွားကြောင်အများစုမှာ ကြောင်စဉ်မှီမှီ နေကြရသည် ။ဖျားနာသော် ကြောင်ဆေးခန်းတို့ လက်ညှိုးထိုးမလွှဲရှိသည် ။ ထိုင်းကြောင် အများစုမှာ ကြောင်စာသီးသန့် သုံးဆောင်တော်မူကြသည် ။ ထိုမျှမကသေး ။ ကြောင်ရေချိုး ရာ တွင် သုံးသော ရှန်ပူ ။ ကြောင်ရေမွှေး ။ကြောင်ပိုးသတ်ဆေး။ ကြောင်အိပ်ရာ။ ကြောင် အသုံး အဆောင် အပြည်အစုံနှင့်အပြုအစုခံကြရသည် ဖြစ်ရာ ကြောင်ဘဝကိုအားကျ စရာ၊ ကြောင်ဖြစ်ရပါလို၏ဟုပင် ဆုတောင်းချင်စိတ်ပေါ်လောက်သည်။
……………………………………..
ပြောမည့်သာ ပြောရသည် ။ ကျနော်လည်း ယခုပစ္စက အချိန်တွင် လူဖြစ်လျက် လူလိုနေရ သည်မဟုတ်ချေ။ သမိုင်း ထဲက ရန်ဖက်တိုင်းပြည်မှာ နက်ကျားနည်းတူ ကံကွက်ကြား ၍ လာပြီးသောင်တင်နေရသည် ။ ပြည်တော်ပြန်ရန်လည်း မဖြစ်နိုင်။ ဇာတိမြေနှင့်ဝေး နေရ ခြင်းကား ကြီးစွာသော ဆင်းရဲခြင်း ပေတည်း။ နတ်ဘုံနတ်နန်း တွင် နေရလင့် ကစား ၊ကိုယ့်ရေကိုယ့်မြေနှင့် ကွေကွင်းရလျှင် ငရဲတမျိုးပေတည်း ။ကျနော်သည် နက်ကျားနှင့် ဘာထူး ပါ သနည်း ။
……………………………………….

ကျနော်သည်ငွေကြေးအထိုက်အလျောက် ပြည့်စုံသူကား မှန်ပါ၏။ သို့သော် ထိုင်းရဲကား မြန်မာမှန်လျှင် တရားခံချည်း ဟူ၍ သဘောပိုက်လေရကား ကျနော့်ကို ပြဿနာ ရှာမရလျှင် ကျနော့် အလုပ်သမားတွေနှင့် ကျနော့် စားဝတ်နေရေးကို ဖြေရှင်းပေးနေသည့် ဈေးဆိုင်ကို ပြဿနာ ရှာမည်ကို စိုးရိမ်ရပေသေးရာ ဆိုင်အတွက်ရဲကြေးပေးနေရရုံမျှမက ၊တွေ့သမျှ အိမ်လာသမျှ ရဲကို အရက်ဘီယာမျိုးစုံ ပေးရ ကမ်းရသည် ။ မျက်နှာ ချိုသွေးရသည် ။ အချိန်မရွေး ဝါးရမ်းနှင့်တမျိုး ဝါးရမ်းမပါပဲ တသွယ် ဒုက္ခလာပေး မည့်နေ့ကို တကြောင့်ကျကျ ဖြစ်နေ ရသော ဘဝပင်တည်း ။
ထိုင်းအစာ ခပ်စပ်စပ်ကို ကျနော်မနှစ်မြို့သော်ငြား ကျိတ်မျိုချခဲ့သည့် အကြိမ်ပေါင်းမနည်း သည့် နည်းတူ အိမ်အနီးဘေးဘီဝန်းကျင်မှ ထိုင်းအသိမိတ်ဆွေတို့ပြောသမျှ သဘောကျကျ မကျကျ “ခပ်“ “ခပ်“ “ခပ်“ တခပ်တည်းခပ်နေရသည်မှာလည်း ဝဋ်ဒုက္ခတမျိုးပေတည်း ။မည်သို့ပင်ဆိုစေ ကျနော့်ဘဝသည် တမြို့တည်းနေ မြန်မာအလုပ်သမားတို့၏ ဘဝနှင့် နှိုင်း စာပါလျှင်ကား လောကနိဗ္ဗာန်ဆိုနိုင်ပါသေး၏ ။
……………………………


မျိုးစုံသော အနိဌာရုံတို့တွင် ကျနော်တယောက်တည်း လောကနိဗ္ဗာန်တည်ဆောက်နေ၍ မဖြစ်ချေသေး။ ကျနော်နေထိုင်ရာ ဖူးခက်မှ ကျနော်နှင့်အနွယ်တူ ရွေ့ပြောင်း အလုပ် သမား များ၏ဘဝကား ကျနော့်ထက် အပုံကြီးဆိုး နေလေသေးသည် ။နိုင်ငံတကာ ဧည့်သည်တို့ ဥဒဟိုဝင်ထွက်နေ၍ ယဉ်ကျေးဖွံ့ဖြိုးလှသည်ဆိုလေသော ဖူးခက်လို မြို့ကြီး မှာပင် လျှင် မကြာသေးမီ ရက်ပိုင်းကပင် သူခိုးဟု မတရားစွပ်စွဲခံရသော မြန်မာလူငယ်တဦး ဥပဒေမဲ့ သေလုမတတ် အရိုက်ခံရ၍ ဆေးရုံတင်သည့် တိုင် ကျနော်အပါအဝင် မည်သည့် မြန်မာက မျှဝင်၍ စကားဟဟ အရေးမဆိုဝံ့ခဲ့ချေ ။ တရားဝင်အလုပ်သမားဘတ်ရှိသော်ငြား အလုပ်ရှင် နာမည် မတူသည်ကို အကြောင်းပြ၍ ထိုင်းဘတ်ငွေတောင်းခံရသည့် ဒုက္ခသတင်း။ မြန်မာ အလုပ် သမား တို့၏ လုပ်အားခမရှင်းပဲ အလုပ်ရှင်က ထိုင်းရဲကို လက်တို့ကာ အချုပ်ထဲ ထည့်သည့် မကြားချင် စရာသတင်းတို့လည်း အပုံအပင် ။ဖူးခက်မြို့ အပါအဝင် ထိုင်းနိုင်ငံ တနံတလျား မြန်မာ အလုပ်သမားတို့လူဖြစ်ရှုံးရသည့် အဖြစ်တို့ကို စာဖြင့်စီကုံးလျှင် ကျမ်း ထူထူ အုပ်ရေသောင်း ချီ ပေလိမ့်မည် ။
………………………………………………….
အမှန်စင်စစ် မွေးရပ်မြေနှင့် အိုးမကွာအိမ်မကွာ နေထိုင်ကြရလေသော ကျနော်တို့ တိုင်းပြည်က လူထုသည်လည်း လူလိုနေကြရသည်မဟုတ်ချေ။မီးမှန်မှန်မလာသေး၍ ကျောက်ခေတ် လူသား တပိုင်းဘဝမှာသာ ရှိသေးသည် ။ ထင်ရှားသော ဥပမာကား နာဂစ်မုန်တိုင်း ကာလ မှာလူအများမှာ လူလိုပင်မသေနိုင်ခဲ့ကြချေ။လူသားတဦးကဲ့သို့ မိမိထင်မြင်ချက် ကို ထုတ်ဖော်ပြောခွင့်မရှိကြချေ။ ရေးသားခွင့်မရှိချေ။ လူအခွင့်အရေးဟူသည် အိပ်ရာဝင်ပုံပြင် အဖြစ်ပင် ထုတ်ဖော်ပြောခွင့်မရနိုင်ကြချေ ။တိုင်းပြည်ကောင်းစားစေလိုသူတို့ ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံတည်း။တကယ်တော့ ကျနော်တို့ ပြည်တွင်း က မြန်မာလူထုသည်လည်း ကိုယ့်အိမ်မှာကိုယ်နေရင်း ထောင်ကျနေသော အကျဉ်းသားများ နှင့် ကွာခြားလှသည်တော့မဟုတ်ချေ ။ ၊
…………………………..
ပြည်တွင်းပြည်ပ မြန်မာတို့ကား လူဖြစ်ရှုံးသည့် ဒုက္ခကို မခံစားနိုင်သည့် အဆုံး အစိုးရ ကို မုန်းလွန်းသည်နှင့် မြန်မြန်ပြုတ်ပြီးရော သဘောနှင့် မီးလောင်ရေကြီး ပျက်စီးခြင်း ငါးပါးဆိုက် သည့် ပြည်တွင်းက အကုသိုလ်သတင်းကိုပင်ကြံဖန် ဝမ်းမြောက် နေတတ်ကြ လေပြီ။ လူဖြစ်ရှုံးခြင်း တမျိးပေတည်း ။ လူဟူသည်ကား အမင်္ဂလာသတင်းကို ကိုယ်ချင်းစာစုတ် သတ်ဝမ်းနည်း ရရိုး ဓမ္မတာ မဟုတ်လော။
………………..
ထိုမှတဖန် မြန်မာပြည်အုပ်စိုးသူတို့ ဘဝကိုစေ့ငုပါလျှင်လည်း အထက်တန်းကျကျ လူဖြစ်ရှုံး နေရခြင်းဟုပင် ကျနော်မြင်သည် ။သိက္ခာမဲ့သော လူ့ဘဝကား အထက်တွင်နေနေ အောက် တွင်လျောင်းလျောင်း နေပျော်သောဘဝမဟုတ်သည်ကား သေချာသည် ။တိုင်းပြည် ဘာဖြစ် ဖြစ် အာဏာလက်မလွှတ်ရလျှင်ပြီးရော စိတ်သဘောမွေးလေသည့် ဗိုလ်ချုပ်အုပ်စုကား သား တရားစီရင်ခန်း အရ ကြည့်လျှင် မိခင်အရင်းသည် သားငယ်ကို အသေခံ၍ အဓမ္မ တွန်းထိုး ဆွဲယူ နေသကဲ့သို့တည်း။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ မှတ်ယူခြင်း မရှိသည်မှာ ထင်ရှား သည် ။လူမိုက်အားကိုး မိတ်ဆွေမဖွဲ့အပ်သူ ကိုအဆွေခင်ပွန်းဖွဲ့ကာ တရုတ်နှင့်ပေါင်း မြောက်ကိုးရီးယားနှင့် ပလဲနံပသင့်နေခြင်းသည်ပင် မြန်မာ့အုပ်ချုပ်သူတို့လူ့အဝန်းအဝိုင်းနှင့် ဝေးနေခြင်းပင်တည်း။တနည်းလူဖြစ်လျက် လူတောမတိုး၊နိုင်ငံတခု အမည်ခံပါလျက် နိုင်ငံတကာတောမတိုး နိုင်သော အဖြစ်ပင် ။
………………………………………
ဆယ်တန်း အောင် သည်နှင့် လူဖြစ်နိုင်ရန် လူတောတိုးနိုင်ရန် အလို့ငှာ၊ မြန်မာပညာတတ် လူငယ်တို့ လည်း မြန်မြန်ကြီးပွားလျှင်ပြီးရော စစ်ဆေးစစ်အင်ဂျင်နီယာကျောင်းတွေတက်ကာ စစ်ဝါဒ အမွေ ဆိုးကို ပျော်ပျော်ကြီး ဆက်ခံနေမြဲပင်။ ကွန်မြူနစ် စံနစ်စတင်သန္ဓေတည်ရာ နိုင်ငံကြီးသို့ ရောက်နေရခြင်း ပင်လျှင် ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာထင်မှတ်နေကြသော စစ်ဗိုလ်ငယ်တို့သာ ရှိကြလေသလော။တိုင်းပြည်နှင့် လူမျိုးလူစဉ်မမှီ လူတောမတိုးသော ဘဝဖြင့်နေထိုင်နေကြရသည်ကို ကြည့်နေရင်း အနှစ်တရာ အသက်ရှည်ရသော်ငြား လူထု လူလိုနေရရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရဲသော စစ်သားဘဝဖြင့် တရက်အသက်ရှင် ရခြင်း က ပို၍ မြင့်မြတ်သေး သည် ဟူသော အယူအဆရှိသော မျိုးချစ်စစ်သည် တို့ မရှိကြ တော့ လေပြီလော ။
…………………………………………
ပညာရေးဝန်ထမ်း၊ ဆေးဖက်ဆိုင်ရာဝန်ထမ်းပါမကျန် ပြည်တွင်းက ဝန်ထမ်းအများ စုသည် လည်း စားပွဲအောက်က ငွေကိုမျှော်ကိုးကာ လူဘဝ၏ အနှစ်သာရသည် အသက်ရှင် ယုံသက် သက်တည်း ဟူသော ခံယူချက်ရှိကုန်ကြလေပြီ ။ထို့ထက်ဆိုးသော လူ့ဖြစ်ရှုံးခြင်း ဘယ်မှာ လျှင် ရှိပါတော့အံ့နည်း ။ဘယ်သူ့ကိုမှ၊ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်သော ငတေ လူမျိုး အဖြစ် ရောက်နေကြလေပြီ ။ နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံသားတိုင်း ၊လူတန်းစေ့ အောင် လူစဉ်မှီ နေထိုင်နိုင်အောင် နည်းပညာ စီမံခန့်ခွဲမှုအတတ်ပညာ ပုံစံမျိုးစုံဖြင့် မီးကုန် ယမ်းကုန် အားထုတ်နေကြချိန်တွင် ကျနော့်တို့အဖြစ်ကား ကိုယ်တွင်းကိုယ်ယက် ၊ ကိုယ့်သေတွင်းကိုယ် တူးနေကြသည်နှင့်သာ တူတော့သည် ။စစ်ဝါဒ စံနစ်ဆိုးကြီးကို မဖြိုဖျက် နိုင်သေး သမျှ ကာလ ပတ်လုံး မြန်မာပြည်သည်လည်းကောင်း မြန်မာလူထုသည်လည်းကောင်း မြန်မာ အုပ်စိုး သူတို့ သည်လည်းကောင်း လူအဖြစ်နှင့်ဝေးသထက်ဝေး နေဦးမည်သာ ဖြစ် ပေသည် ။
………………………………….
လူလိုနေနိုင်သော သဘာဝသယံဇာတ နှင့် လူ့အရင်း အမြစ် တို့ ရှိနေပါလျက် လူစဉ်မမှီ ရသော ကျနော့်ဇာတိနိုင်ငံ၏ အဖြစ်ကား တွေးမိလေ ရင်နင့်ဖွယ်ကောင်းလေပင် ။ မှန်ကင်း အစစ်က ထင်းဖြစ်နေသောဘဝများအတွက် ကြေကွဲဖွယ် ကောင်းလေစွ ။

လူလိုနေနိုင်ခြင်းပင်လျှင် ဒီမိုကရေစီပေလော ။ထိုသို့ဆိုပါမူ ကျနော်သည် ဒီမိုကရေစီကို သည်းစွာတောင့်တာပါ၏။မြန်မာတဦး၏ လူ့သက်တမ်း ကြေးမုံသတင်းစာပါ နာရေးကို အခြေခံလျက် တွက်စစ်ပြရလျှင် ၇၀ နှစ်ဝန်းကျင်သာ ရှိသည်။ ထိုအသက်အပိုင်းငယ် လေးအတွင်း မဂ်တရားဖိုလ်တရား အားထုတ်ဖို့ မဆိုထားဘိ၊ နေစာညစာပင် နပ်မမှန်သော ပြည်သူတို့ကား အရှင်လတ်လတ် ငရဲအထပ်ထပ်က ဘဝမျိုးစုံတွင် နေသားကျလျက်ရှိပေပြီ ။
အုပ်စိုးသူတို့ကားအိုရနာရသေရဦးမည်ကို ပင်မေ့လျော့ကာ ငွေနှင့်အာဏာသာ ရှိ၍ လူ့သိက္ခာ တပြားသားမှ မရှိသော ဘဝမရှိသောအဖြစ်ကြီးကို လောက နိဗ္ဗာန်နှင့်ယိုးမှား နေကြလေ ယောင်တကား ။
………………………………….


ကြာညောင်းလှပြီ မဆိုနိုင်သေးသော သမိုင်းတလျှောက်လုံး မြန်မာကို မော်မကြည့်ရဲခဲ့သော ကျနော်နားခိုရာနိုင်ငံတွင်ပင် နိုင်ငံသား အများစုမှာလူအဖြစ်ကို ရနေကြလေပြီ။ ကျနော်တို့ တမျိုးသားလုံးတင်းပြည့်လူလိုနေနိုင်သော ဘဝရောက်အောင် ဓားတောင်ကို ကျော်၍ မီးပင် လယ်ကို ဖြတ်ရသော်လည်း ဖြတ်သင့်ဖြတ်ကောင်းသည်ဟုသာ ကျနော်ယူဆချင်တော့သည် ။
။မေတ္တာပို့ခြင်းနည်းနာကား စစ်ဝါဒကို တိုက်ဖျက်ရာ၌ ဆေးကောင်းတလက်မဖြစ်နိုင်ခဲ့ကြောင်း မျက်ဝါးထင်ထင် မြင်ခဲ့ကြရပြီးလေပြီ။
ကျနော်တို့လူမျိုးကား သီးခံခွင့်လွှတ်ခြင်း တရားဘာဝနာပွားများခြင်းဖြင့် ငြိမ်း အေး မှုကို အတန်အသင့် ရှာနိုင်လေသော်ငြား ဆွေးနွေး စေ့စပ်ခြင်းမှသည် ဓားကိုဓားချင်း လှံကိုလှံချင်း အံတုန့်နှင်းဘို့ သာ ထိုက်သည်ဟု ကျနော်မြင်တော့သည် ။
……………………………………………
ကြောင်ဖြစ်ရကျိုးမနပ်သော၊ကြောင်လိုမနေရသော ကြောင်ကလေး နက်ကျား ၏ဘဝကို ကြည့်၍ ကျနော့်အဖြစ် ကျနော့်လူမျိုး ကျနော့်တိုင်းပြည်အဖြစ်တို့နှင့် ချိန်ထိုးစဉ်းစားကာ ကျနော် လူလိုနေချင် စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာပါသည် ။ဒင်ပြည့်ကြပ်ပြည့်လူလိုမနေ ရသော ဘဝ၌ လောက စည်းစိမ်ဟူသမျှကား ရယ်ဖွယ်မျှသာ ဖြစ်ပေလိမ့်မည်။ ကျနော် မသေမီ စပ်ကြား ကာလ၌ လူလိုနေသွားချင်သေးသည်ကား သေချာလှပါသည် ။ စစ်ဝါဒဆိုးကြီး လောင်းရိပ်မှ လွတ်မြောက်သည်၏ တနေ့၌ လူသားတဦး၏ ဂုဏ်သိက္ခာ အပြည့်ဖြင့် ကျနော့်မွေးရပ်ဇာတိရွာအနီးမှ ဖျောက်ဆိပ် ပင်ကြီးအောက်မှာ ဟိုင်ဖိုင်စံနစ်သုံး ကွန်ပြူတာ တလုံးဖြင့် ရေးလက်စ“သက်ခိုင် “ဇာတ်လမ်းရှည်ကြီးကို ဆက်ရေး ချင်ပါသေး သည်။
…………………………
ထိုအတွေးဤအတွေးတို့၏ အဆုံးတွင် လူ့ဘဝရောက်ခိုက်လူလိုနေရရေးနှင့်ကျနော်တို့ လူမျိုး၏ သစ္စာ အရောင် ၊ ဥာဏ်တန်ဆောင် သည် အနာဂတ် ကာလ၌် ပြောင်လျက်ဝင်းလျက် ကျန်စေရေးအတွက်၊ကျနော်သည် မူလဗီဇအခြေခံအားဖြင့် သတ္တိ၊ဗျတ္တိနည်းသည်ဆို နိုင်လေ ငြား၊ ဓားတောင်နှင့်မီးပင်လယ်ကို ထီမထင်သော စိတ်သဏ္ဍာန် သည် ကျနော့်ရင်တွင်းမှ ရုတ်ခြည်းလူးလွန့်နိုးထလာယောင်တကား ။ ။
………………………
မင်းဒင်

Read More...

Wednesday, August 26, 2009

မင်းဒင် ရဲ့  သက်ခိုင် (၇၈)




၇၈။ မျှော်လင့်ချက်မဲ့တဲ့ နေ့တွေလည်းရှိ


တကယ်တမ်းပြောရရင် ဆရာဦးအောင်သင်းရဲ့ စာပေသြဇာကို ကျနော်နည်းနည်းတော့ လန့်တယ်ဗျ။ သူက မေမြို့စစ်တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြဆရာ လုပ်ခဲ့ဘူးသတဲ့ ။ ဆရာ အောင်သင်းဟာ စာအရေးအသားထက် စာပေဝေဖန်ရေးမှာ အားကောင်းတယ် ။ တခါ ကဆို “အောင်သင်းဘာ ပြောပြော“ဆိုပြီး မဂ္ဂဇင်းတခုမှာ ရေးလိုက်ရာကနေ မဂ္ဂဇင်း စာမျက် နှာတွေမှာ အပြန်အလှန်ရေးကြ အော်ကြနဲ့ ဧရာမစာပေတိုက်ပွဲ ကြီး တခုလိုဖြစ်ပြီး စာပေ လူ ကြမ်း မင်းသားလို့တောင် အမည်တွင်သွားခဲ့ဘူးသေးတယ်ဗျ ။နောက်ပိုင်းတော့ စာပေ ဝေဖန် ရေးတွေ ၊လူငယ်မြှင့်တင်ရေးတွေဖက်ကို ရောက်သွားတယ်။သူဟောတဲ့စာပေ ဟောပြောတွေ ကို ကျနော် ရှစ်တန်းကျောင်းသား ဘဝလောက် ကတည်းက ကျနော်တို့ကျောင်းမှာ လာဟော လို့ နား ထောင် ခဲ့ဘူးတယ် ။ တော်တော် အပြောအဟော ကောင်းတာကလား။ ။သူဟောတာ ပြောတာ ချက်ကျလက်ကျ ဖြစ်လွန်းလို့ ကျနော်ကြိုက်တယ် ။






သူက စကားပြောတဲ့နေရာမှာ တကယ့်ကို ပါရဂူမြောက်ကျွမ်းကျင်တာဗျ။ စကားကြီး ဆယ်ခွန်း ထဲမှာ ဆရာ အောင်သင်း အကျွမ်းကျင်ဆုံးကတော့ ကောက်ပင်ရိတ်လှီးပြောနည်းလို့ ထင် တာ ပဲဗျ ။ကျနော်သတိထားမိသလောက် သူစကားပြောရင် တဖက်လူကို နလံမထူနိုင်အောင် ဖြတ်ပိုင်းလှီးချ အောင်ပွဲရအောင် ပြောတတ်တယ်။ခုလဲ ၊ ကြည့်လေ၊ ဝိုင်းမှာ ထိုင်တောင် မထိုင်သေးဘူး၊ သူနဲ့ ဆရာမောင်သာရ ခွန်းကြီးခွန်းငယ် ဖြစ် လာတာကို စားမြုံ့ပြန်နေလေရဲ့ ။ အေးဗျ။ အဲဒီ ခေတ် အဲဒီအချိန်တုန်းက ဆရာမောင်သာရကလည်း စာပေအသိုင်းအဝိုင်းမှာ သူ့ခေတ်နဲ့ သူတွင်ကျယ် နေတဲ့အချိန်ဗျ ။ ကျနော်လည်း ဆရာ မောင်သာရ ရေးသမျှ စာအုပ်ကို မဖတ်ဘူးတဲ့စာအုပ် မရှိသလောက်ပါပဲ။ ဆရာမောင်သာရ ရဲ့ စာပေသြဇာဟာ ကျနော်တို့ အပေါ်မှာ တော်တော်ကြီးခဲ့တယ် ဆိုပါစို့ ။ အေးလေဗျာ။ သြဇာ ကြီးဆို သူရေး တဲ့စာအုပ်ကို မဖတ်ခင် စာအုပ်နံမည်ကြားရကတည်းက စိတ်ထဲမှာ သရိုး သရီ ဖြစ်ကြရတာ ကလား ။ ကြည့်လေ။“ ထမိန်ကျွတ်၍ လွှတ်လိုက်သည်“။“ စီးပလေစေ ၊မောင်မ သုတ်နဲ့“။ “ခါးတကယ် မတို့ခင်က ယားတယ်လို့တွန့်“ “နောက်ဆုံး ကျတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ“ ။ ကဲ၊ အဲဒါ သူ့စာအုပ် နာမည်တွေဗျ ။
ဆရာအောင်သင်းနဲ့ ဆရာမောင်သာရ မြို့ထဲတနေရာမှာ ဆုံမိကြတော့ ဘယ်ကဘယ်လို ငြိကြသလဲ မပြောတတ်ဘူးဗျ ။ ဆရာမောင်သာရက “ ဆင်သွားရင် လမ်းဖြစ်တယ် “ လို့ ပြောတာကို ဆရာအောင်သင်းက “ခင်ဗျား ဆင်က အကန်းကြီး “လို့ ပြန်ပက်ခဲ့သတဲ့ ။သဘော ကတော့ ဆင်ကန်းတောတိုး ဖြစ်နေတာကို ဆိုလိုတယ် ထင်ပါရဲ့ ဗျာ။ ဆရာအောင်သင်းက သူနဲ့ ဆရာမောင်သာရ အချေအတင်ပြောခဲ့တာကို အားရပါးရပြောနေပေမဲ့ ကျနော်ကတော့ ဘေးကနေ ငြိမ်ပြီး အကွက်ချောင်းနေတယ်ဗျာ ။ ဟုတ်တယ်လေ၊ ရှိန်တာလန့်တာက တခြား ဒီလိုနိုင်ငံကျော် ပုဂ္ဂိုလ်နဲ့တွေ့တုန်း ကိုယ့်စိတ်ထဲမရှင်းတာ မေးဘို့ သူ့အလစ်အငိုက်ကို စောင့်နေတယ်ဆိုပါတော့ ။
ဆရာအောင်သင်းကတော့ ဆရာလယ်တွင်းသားလောက် အရက်သောက်တာ မကြမ်းဘူးဗျ ။ အမြည်း လေး စားလိုက် တခွက်မော့လိုက်နဲ့ ပုံမှန်လေးသွားနေတယ် ။ ဒီလိုနဲ့ ညခုနှစ်နာရီခွဲ ဝန်းကျင် လောက်မှာ ဟောပြောပွဲစဘို့ အချိန်ကျနေတာနဲ့ ဆရာလယ်တွင်းသားက ပွဲဦးထွက် သူပဲတာ ဝန်ယူလိုက်ပါ့မယ် ။ ဆရာအောင်သင်း အရှိန်ရအောင် အေးအေးဆေးဆေးသောက် ပါစေဆို ပြီး ဟောပြောပွဲရှိရာ ထွက်သွားသဗျ ။အရက်ဝိုင်းမှာ ဆရာအောင်သင်းနဲ့ ကျနော်နှစ် ယောက်တည်းကျန်ခဲ့ပါလေရော ။
အဲဒီအချိန်မှာ ဆရာအောင်သင်းက အမြည်းပန်းကန်တွေ လျှောက်ကြည့်ပြီး ကိုက်လန်ကြော် တဖတ်ကို တူနဲ့ညှပ်ပြီး စားလိုက်တယ်။ပြီးတော့ “ဟေ့ ဖိုးသက်ခိုင် ဒါက ဘာတုန်းကွ ။ ကန်ဇွန်း ရွက် လည်းမဟုတ်ပါလား“တဲ့ ။ ဒါနဲ့ကျနော်လည်း ဟာ ၊ ဆရာ ဒါ ကိုက်လန်လို့ ခေါ်တယ် ။ အရက်နဲ့တော့ တော်တော်လိုက်တယ် ဆရာလို့လည်းပြောလိုက်ရော “အေးကွ ။ ကိုက်လန် ဆိုတာ ကိုယ်တခါမှ မစားဖူးဘူး“ ဆိုပဲ ။ဒါနဲ့ ကျနော်လည်း အကွက်ကောင်း ဆိုက်ပြီ ဆိုပြီး .. “ဒါနဲ့ဆရာ ၊ ဆရာနဲ့ကျနော်နှစ်ယောက်တည်း ရှိတုန်း ကျနော့်စိတ်ထဲ ပြောချင်တာလေး ပြော ပါရစေ “ဆိုတော့ ဆရာကလည်း“ အေး ၊ ပြောလေကွာ“တဲ့ ။
အမှန်က ကျနော့်စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတာက သမိုင်း ကိစ္စဗျ ။အဲဒီခေတ်တုန်းက သမိုင်းပြုစုရေးကော်မရှင် ဆိုပြီး နိုင်ငံတော်က ကမကထပြုပြီး လုပ်နေတာရှိတယ်။ ကျနော့် စိတ်ထဲ သမိုင်းဆိုတာ အစိုးရက ပြုစုမှတော့ ဘယ်မှာလာပြီး အမှန်တရားပေါ်တော့မလဲ ။ သမိုင်းကို ပြုစုရမှာက သမိုင်းပညာရှင်တွေရဲ့ အလုပ်လို့ ပဲ ကျနော် ရိုးရိုးသားသားနားလည် တယ် ။ခင်ဗျား စဉ်းစားကြည့်လေ။ ဘုရင်က မှန်နန်းဆောင်မှာနေရာပေးပြီး သမိုင်း(ရာဇဝင် ) ရေးခိုင်းသတဲ့ ။အမှီအခိုမကင်းတဲ့ သမိုင်းဆရာဟာ ဘယ်လို လုပ် သမိုင်းအမှန်ကို ပြုစုမလဲ ဗျာ ။
ဒီတော့ကျနော်က ဆရာအောင်သင်းကို “ဆရာ ၊ ကျနော်သမိုင်းကို အယုံအကြည်မရှိဘူး“ လို့ စွတ်တင်ပစ်လိုက်ရောဗျာ ။ ဒီတော့ ဆရာအောင်သင်းက အာမေဋိတ်သံနဲ့ “ဟေ ၊ ဒါဆို မင်းက သီပေါမင်းပါတော်မူတာကို မယုံဘူးလား“တဲ့ ။ကဲ ၊ကြည့် ။ မေးသူကို နလံမထူ နိုင်အောင် ပြန်ခွပ်လိုက်တာပဲဗျ ။
ဒါပေမဲ့ကျနော်ပြောတာကတခြား ဆရာအောင်သင်း ကျနော့်ကို ထောက်လက် သီးပေးသလို ပြန်ဖြေတာက တခြားဖြစ်နေတယ်ဗျ ။ဒါနဲ့ ကျနော်က သမိုင်းကော်မရှင်ဖွဲ့တဲ့ ကိစ္စကို ပြောပြ ပြီး အဲဒါကြောင့် ကျနော်မယုံကြည်နိုင်တဲ့ အကြောင်း ပြန်ရှင်းတော့ သူက .. “မင်းက သမိုင်း ပြုစုတဲ့ လူတွေကိုမယုံတာပဲ။ သမိုင်းကို မယုံတာမှ မဟုတ်တာ“တဲ့ ။ကျနော်လည်း ဟောတဲ့ ပြောတဲ့နေရာမှာ စကားနိုင်လုတဲ့ နေရာမှာ တခေတ်မှာတယောက် ဆိုသလို နံမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်နဲ့ ဆက်ပြီးငြင်းမလို့လုပ်နေတုန်း ကိုမြင့်ဦးဝင်လာပြီး ဆရာမြသန်းတင့်က ကျနော့်အိမ် မဝင်နိုင်တော့ပဲ ဟောပြောပွဲဆီကို သွားပြီ ၊ အရက်ဝိုင်းကို အထပ်သား စက်ရုံ ဧည့်ရိပ်သာကို ရွေ့ခဲ့ပါပြောတာနဲ့ စကားပြတ်သွားရောဗျာ ။
ကျနော်လည်း တပည့်ကျော် ဝင်းကြည်ဆိုတဲ့ ကျနော့်တပည့်ကျော်တယောက်ကို အမြည်းတွေ အရက်တွေ အထပ်သား ဧည့်ရိပ်သာထဲ စံနစ်တကျ ရွေ့ပြောင်းဘို့မှာခဲ့ပြီး ဆရာအောင်သင်း ကို ကားပေါ် တင်ပြီး ဟောပြောပွဲဆီ လိုက်ပို့လိုက်ရရော ဆိုပါတော့ ။
………………………………………..


ကျနော်ရောက်သွားတော့ ဆရာ လယ်တွင်းသားစောချစ်က တရုပ်သိုင်းဝတ္တုတွေအကြောင်း ကနေ မျက်မှောက်ခေတ်စာပေအကြောင်း ဆက်စပ်ပြီးဟောနေလေရဲ့ ။ ကျနော်လည်း ဧည့်ခံရေးကို တာဝန်ယူထားတော့ ဟောပြောပွဲကို သေချာတော့ နားမထောင်လိုက်ရပါဘူး။ ကျနော့်အမြင်ပြောရရင် ဆရာလယ်တွင်းသားစောချစ်က သူ့စာတွေဘယ်လိုကောင်းကောင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအာဘော်က မလွတ်ပါဘူး ။ဆရာအောင်သင်းကတော့ “သရက်ထောင် ဖောက်ခဲ့စဉ်က“ ဆိုတဲ့ ဆောင်းပါးနဲ့ စာရေးဆရာဖြစ်လာပေမဲ့ မဆလအစိုးရကို ထိခိုက်မဲ့ အချက်တွေကိုတော့ လိမ်လိမ်မာမာ ပါးပါးနပ်နပ် ရှောင်လွှဲပြောသွားတာပါပဲ ။ဆရာမြသန်းတင့် အတည်ငြိမ်ဆုံးနဲ့ သူယုံကြည်ရာကို စွဲစွဲမြဲမြဲ ဆက်ပြီး စွဲကိုင်ထားတဲ့ ပုံစံလို့ ကျနော့်စိတ်ထဲ အကဲရမိတာပါပဲ ။
ဆရာ မြသန်းတင့်က သူ့ရဲ့နာမည်ကျော် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဆိုတဲ့ ဝတ္တု ဖြစ်လာပုံ ၊ သူရေးဖွဲ့ခဲ့ပုံတွေကို လူတန်းစားအမြင်တွေပါထည့်ပြီး ဟောတယ်။ နောက်ဆုံးပိတ် ဆရာကတော့ ထုံးစံအတိုင်း ဆရာအောင်သင်းပေါ့ ။ ခံစားသိနဲ့ ကြံဆသိ၊ ကြောင်မှာ ကြောင်ကျူကေးရှင်း ရှိသလို လူမှာ အက်ကျူးကေးရှင်း ရှိတယ် ဆိုတာတွေ ဟောတော့ တာပါပဲ ။တကယ်တမ်းလည်း ဆရာအောင်သင်း ဟာ ဟောတဲ့ပြောတဲ့နေရာမှာ အချက်ကျကျ ပြောတတ်တာတော့ ပြိုင်စံရှားပဲဗျ ။ ပရိသတ်တဝါးဝါး တဟားဟား လက်ခုပ် သံတဖြောင်းဖြောင်းနဲ့ ပွဲကို ဆူအောင်လုပ် နိုင်တာကတော့ ဆရာအောင်သင်းပဲဗျာ ။
………………………………………
ညဆယ့်တစ်နာရီလောက် ဟောပြောပွဲလည်း ပြီးရော သောက်ပွဲဆက်ကြပြန်ရောဗျ ။ ကျနော် ကတော့ အထပ်သားစက်ရုံထဲမှာ ကိုယ့်အိမ်လို လူတွင်ကျယ်လုပ်လို့ မတော်ချေဘူး ဆိုပြီး ခပ်ကုတ်ကုတ်ပဲနေပြီး ပြန်ပို့ဘို့ သာ စောင့်နေလိုက်တော့တယ် ။
ထူးခြားတာက ဆရာမြသန်းတင့်ဗျ ။လူလုံးလူဖန်သေးသေး၊မျက်မှန်ထူထူနဲ့ စကားဟဟ မပြောလှဘူး ။ခပ် အေးအေးပုံစံပဲ ။ တကယ့်ကို ဂန္တဝင်စာပေတွေကို ရေးခဲ့တဲ့ ဆရာမြသန်း တင့် ဆိုတာ သူမှ ဟုတ်မှလေစ လို့တောင် ထင်စရာပါပဲ ။အဲဒီညက ကျနော်နဲ့ ဆရာမြသန်း တင့် စကားမပြောဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီညက တွေ့ခဲ့တဲ့ စာရေးဆရာ သုံးယောက်မှာ ဆရာမြသန်းတင်ကို ကျနော့် အလေးစားဆုံးပါပဲ ။
ရေချိန်ကိုက်လာလို့ထင်ပါရဲ့ ၊ ဆရာအောင်သင်းဟာ အဆိုတော်ရုပ်ရှင်မင်းသား မြတ်လေး ရဲ့ ကပြားမလေး ဂိုယာရမ် သီချင်းကို အကျယ်ကြီးဟစ်နေလေရဲ့ ။ဆရာလယ်တွင်းသားကလည်း ဘေးကနေ ရောပြီးသံယောင်လိုက်နေတယ် ။ အဲဒီအချိန်မှာ ဗြုန်းဆို ကုတ်အင်္ကျီ အမည်းကြီး ဝတ်ပြီး လူတယောက် ဝင်ချလာပါရောဗျာ ။ထူးထူးဆန်းဆန်း ဒီလူဟာ အရက်တော် တော်မူး နေပြီး အာလေးလျှာလေးသံကြီးံနဲ့အင်္ဂလိပ်ကဗျာတပုဒ်ကို ရွတ်ရင်းဝင်ချလာတာဗျ ။ဒါကို မြင်လိုက်ကြားလိုက်တဲ့ ဆရာ အောင်သင်းဟာ ရုတ်တရက် မျက်နှာထားတည်သွားပြီး မတ်တတ် ထရပ်လိုက်တယ်၊ ပြီးတော့ “ ဟေ့ကောင် ၊မင်းဘာကောင်တုန်း၊ ဘယ်ကကောင် တုန်း“ တဲ့ ။ ကျနော်လည်း ရုတ်တရက်ဆိုတော့ ကြောင် သွားတယ်။ အမှန်ပြောရရင် သူ့ကို ကျနော်လည်း မမြင်ဘူးဘူးဗျာ ။ အဝတ်အစား ဝတ်ထားတာကလည်း ကုတ်အကျီင်္အစုတ်၊ ဥပဓိရုပ်ကလည်း တော်တော်ညံ့ဆိုတော့ ဒီလူ ဘယ်ကလဲ ၊ဘာလို့ဝင်လာတာပါလိမ့်ဆိုပြီး စဉ်းစားနေတုန်း ဦးခင်မောင်ရင် ပြာပြာသလဲ ဝင်လာပြီ ..“ ဟာ ၊ ဆရာ တို့နဲ့မိတ်ဆက်ပေး ဘို့ မေ့နေတယ် ။သူက အမှတ်(၁၀) အထပ်သား စက်ရုံမှူး ဦးကျော်မြင့် သိန်းပါ“တဲ့ ။ကောင်း ကြ ရော ပေါ့ဗျာ။သူ့စက်ရုံက လုပ်တဲ့ စာပေဟောပြောပွဲကို လာဟောတဲ့ စာရေးဆရာတွေက စက်ရုံမှူးကို ဆီးဟောက်မိနေတာပေါ့ ။ ခက်တာက ဧည့်ခံကြိုဆိုရေးတာဝန်ယူထားတဲ့ ကျနော်တောင် စက်ရုံမှူး ဥပဓိရုပ်ညံ့တာ ကြားဘူးနားဝ ရှိပေမဲ့ လူကိုယ်တိုင်တော့ မမြင်ဖူး ခဲ့ဘူးဗျာ။နောက်ပိုင်းမှ သိရတာက စက်ရုံမှူး ဦးကျော်မြင့်သိန်းဟာ စာပေကို ဝါသနာထုံတဲ့ စာသမားပေသမား ။ဒီဟောပြောပွဲမှာ ဒီဆရာတွေကို ဖိတ်ပါဆိုတာ လည်း သူကိုယ်တိုင် စီမံ ခန့်ခွဲခဲ့တာဆိုပဲ။
……………………………………….
စက်ရုံမှူးပါလို့လည်း မိတ်ဆက်ပေးလိုက်ရော ဆရာအောင်သင်းလည်း စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ ..“ အော် ဖြစ်မှဖြစ်ရလေဗျာ ။စောစောစီးစီး မိတ်ဆက်ပေးထားမှပေါ့“တဲ့ ။နောက်တော့ ဆက်ပြောသေးတယ်။ “နေအုံးဗျ ၊စောစောက ခင်ဗျား ရွတ်လိုက်တဲ့ ကဗျာဟာ တကယ့်ဂန္တဝင် ကဗျာ၊ ခင်ဗျား ရွတ်ပုံ ဆိုပုံ ဌာန်ကရိုဏ်းမကျဘူး ။ကျနော်ရွတ်ပြမယ် နားထောင်“ဆိုပြီး စောစောက ဦးကျော်မြင့်သိန်း ဝင်လာရင်း ရွတ်ခဲ့တဲ့ အင်္ဂလိပ်ကဗျာကို အသံနေအသံထားနဲ့ ရွတ်ပါ လေရောဗျာ။ ကျနော်ဆိုတဲ့ ကောင်ကလည်း ကဗျာဆိုရင် မြန်မာကဗျာတောင် သိပ်နား ရည် ဝလှတာ မဟုတ်တော့ ဘယ်သူရေးတယ် ဘယ်လို ဂန္တဝင်မြောက်တယ် ဆိုတာ မပြော တတ် ပါဘူးဗျာ။ ဒါပေမဲ့ ဆရာအောင်သင်း ရဲ့ ကဗျာရွတ်ဟန် ကဗျာရွတ်သံဟာ ကဝိတဆူ ဟန် ပေါက်နေတာ တော့ အမှန်ပဲဗျ ။
ကျနော်ကတော့ သူတို့သောက်နေတဲ့ ဝိုင်းကို အကဲခတ်ပြီး လိုတဲ့အရက် အချိန်မှီရောက် အောင် ကြည်ဝင်းကိုကားနဲ့ ကျနော့်အိမ်လွှတ်လွှတ်ပြီး ရမ်ပုလင်းရော ဆော်ဒါပုလင်းပါ သုံးခေါက်လောက် ယူခိုင်း လိုက်ရ တယ်။
အင်း ကျနော်လည်း နေရာတကာ အရာရာနဲ့အကြောင်းကြောင်းချည်း ပြောရမလိုပဲဗျာ ။ အဲဒီညက စာရေးဆရာအဖွဲ့ကို ဧည့်ခံရာကနေ ကားနဲ့လူနင်းသတ်မိသလို ဖြစ်တော့မလို့ဗျ။ ဖြစ်ပုံက အဲဒီညဆယ့်နှစ်နာရီလောက်လည်း ရှိရော စာရေးဆရာတွေကို ပြန်ပို့ဘို့ စီစဉ်ကြတဲ့ အချိန်ပေါ့ ။ အချိန်က တော်တော်နောက်ကျနေပြီဆိုတော့ စာရေးဆရာတွေကို ကားတစီး တည်း စုတင်ပြီး လိုက်ပို့လို့ မဖြစ်တော့ဘူးဗျ ။ဒါနဲ့ တယောက်တစီးစီ နေအိမ်တွေအရောက် ပြန်ပို့ကြဘို့ တာဝန်ခွဲလိုက်တာ ကျနော်က ဆရာအောင်သင်းကို ပြန်ပို့ဘို့တာဝန်ကျ တယ် ဗျာ ။ဆရာ အောင်သင်းကို ကားပေါ်တွဲမတင်ရပေမဲ့ သောက်တာ တော်တော်များ နေတော့ ခြေလှမ်း မမှန် ချင်တော့ဘူး။
ကိုမြင့်ဦးက ဆရာအောင်သင်းနဲ့ ကားနောက်ခန်းမှာ ထိုင်ပြီး ကားကို ကျနော်မောင်း မယ် ပေါ့ဗျာ။ ဒါပေမဲ့ ကျနော် ကားထဲဝင်ထိုင်လိုက်ပြီး ကားစတီယာရင်ကို ကိုင်ရင်း ကျနော့်စိတ်ထဲ စနိုးစနောင့်ဖြစ်လာသလို ခံစားရတယ် ။ဆရာအောင်သင်းကလည်း ကိုမြင့်ဦးကို ဘာတွေပြော မှန်းမသိ ဝူးဝူးဝါးဝါး တွေပြောနေရာကနေ “ဟေ့ကောင် ၊သက်ခိုင် မောင်းလေကွာ“ တဲ့ ။ ဒါပေမဲ့ ကျနော် စိတ်ထဲမှာ တစုံတခုက သတိပေးနေသလို ထူးထူးဆန်းဆန်း ခံစားရတာနဲ့ မမောင်း သေးပဲ ခပ်ငူငူ စဉ်းစားနေမိတယ် ။
အဲဒီအချိန်မှာ ကျနော့်ခေါင်းထဲကို ဝင်းကြည်အကြောင်း ဝင်လာတယ်ဗျ ။ဟုတ်တယ် ။ တပည့်ကျော်ဝင်းကြည်ဆိုတဲ့ကောင်က တကယ့်အရက်ဂျိုး။ အဲဒီနေ့က စာရေးဆရာတွေ ဧည့်ခံမှာမို့ ဝင်းကြည်ကို ပွဲပြီးမှသောက်ပါကွာလို့ ချော့မော့တောင်းပန်ထားတာ အခုပွဲပြီး တော့ ဒီကောင် ဘယ်ရောက်နေသလဲ ကျနော်စဉ်းစားနေတာ ။ဒါနဲ့ကျနော်က ကားနောက် ခန်း က ကိုမြင့်ဦးကို “ ဝင်းကြည်ဘယ်ရောက်နေသလဲ “ မေးလိုက်မိတယ်။ သူကလည်း မသိဘူးတဲ့ ။ ဒါနဲ့ ကျနော် ကားပေါ်က ဆင်းပြီး ဧည့်ရိပ်သာပေါ်ပြန်တက်ပြီး ရှာတယ် ။ မတွေ့ ဘူး။ ဒါနဲ့ ဟိုရှာဒီရှာလုပ်ရင်း စိတ်ထဲမှာ သိပ်မသကာင်္တာနဲ့ ကျနော့်ကား အောက်ကိုငုံ့ကြည့် လိုက်မိတယ် ။ ဟာ ။ တကယ့်လူမိုက်ပါပဲဗျာ ။ ဝင်းကြည်ဟာ ကျနော့် ကားအောက် တည့် တည့်မှာ ဝမ်းလျားထိုးကြီး အိပ်ပျော်နေသဗျ ။အေးပေါ့ဗျာ။ ကျနော်သာ ကားပေါ်က ဆင်းမရှာ မိရင် ဝင်းကြည်ဟာ ကားဘီးနဲ့ အကြိတ်ခံရဘို့သေချာပေါက်ပေါ့ဗျာ ။ ကြည့်ရတာ စာရေး ဆရာတွေ အတွက် အိမ်ကို သွားသွားယူခိုင်းနေတဲ့ အရက်ပုလင်းတွေထဲကနေ လမ်းမှာ ကြား ဖြတ်ပြီး မော့လာတာ ရေချိန်လွန်သွားတယ် ထင်ပါရဲ့ ။
ကျနော်က ဝင်းကြည်ခြေထောက်ကို ဆွဲပြီး နှိုးရင်း ထွက်ခဲ့ဘို့အော်တော့မှ ဗလုံးဗထွေး အသံနဲ့ ကားအောက်က ထွက်လာလေရဲ့ ။ ကျနော်က “ဟေ့ကောင် ငါ့ကို ထောင်ထဲ ထည့်နေတာလား“လုပ်တော့ “မဟုတ်ဘူးလေ ဆရာရယ် ။ ဆရာပြန်ထွက်ရင် ကျနော် မကျန်ခဲ့အောင် ကားနားမှာ စောင့်နေတာပါ“တဲ့ ။ကျနော့်မှာ စိတ်ဆိုးရအခက် ဒေါသဖြစ် ရအခက်နဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူး ။ဒါနဲ့ ကျနော်လည်း အဲဒီညက ကား မမောင်းတော့ပဲ ကိုမြင့်ဦးကို ကားမောင်းဘို့ပြောပြီး နောက်ခန်းမှာ ဝင်ထိုင်လိုက်တယ် ။ ဆရာအောင်သင်းကတော့ ကျနော်တို့ အဖြစ်ကို ဘာမှ မသိတော့ပါဘူး ၊ ဇက်ကျိုးနေပါပြီ ။ ကျနော့်ပေါင်ပေါ်မှာ ခေါင်းတင်ပြီး အိပ်နေရင်းက “ သက်ခိုင် ၊ မင်းကိုတော့ မမေ့ဘူးကွ၊ ငါ့ကို ကိုက်လန်စားဘူးအောင် ကျွေးတဲ့ကောင် “ လို့ တတွတ်တွတ် လုပ်နေလေရဲ့ ။
………………………….
စာရေးဆရာတွေ အကြောင်း စကားကောင်းနေလိုက်တာ ကံကောင်းတဲ့ အကြောင်းတောင် စကားစ ပြတ်သွားတယ်။ဟုတ်ပြီ ။ကံကောင်းတဲ့ ဖက် ပြန်လှည့်ဦးမှ ။ ကျနော်ကံကောင်း တယ်ဆိုတာ မီးလောင်တာနဲ့ ပတ်သက် နေတယ် ။
ကျနော်တို့နေတဲ့ လှိုင်မြို့နယ်ကတော့ ဗျာ။နွေရာသီရောက်လို့ အဆိုတော် ကိုထွန်းရွှေ ဆိုတဲ့ “ရန်သူမီးကို အစဉ်အမြဲ သတိပြုပါ “ ဆိုတဲ့ သီချင်းကို လမ်းပေါ်မှာ လော်စပီကာနဲ့ လိုက် အော်လို့ မဆုံးခင် မီးစလောင်တတ်တဲ့ မြို့နယ်ဗျ။ မီးဟေ့ဆိုတာနဲ့လောင်ပြီးသား ဆိုတဲ့မြို့ နယ်ပါပဲ ဗျာ။အဲဒီခေတ် အဲဒီအချိန်ကတော့ မီးလောင်တဲ့နေရာမှာတော့ နှစ်တိုင်း လိုလို တံခွန်စိုက်ဆု ချိတ်နေကျပါပဲ ။မတော်တဆလောင်တယ် ။ မတော်တဆ မလောင်ရင် လောင်အောင်ရှို့တယ် ။၁၉၇၄ ဝန်းကျင်လောက်က ကျနော်တို့နေတဲ့(၅)ရပ်ကွက်မှာ ရှို့မီး အကြီးအကျယ် လောင်ဘူး တယ်ဗျ။ သေချာပေါက်မှတ်မိနေတာက အဲဒီအချိန်က လှိုင်ဈေး ကြီး မီးလောင်ပြီး ခါစအချိန် ။ တမြို့နယ်လုံး မီးလန့်နေတဲ့အချိန် ။မီးလန့်နေလို့ မီးကင်း တွေဘာတွေ ပိုချပြီး သတိနဲ့နေ နေကြရင်းက ထလောင်တာပါပဲဗျာ ။စလောင်တာက သမဝါ ယမဆိုင်ဗျ။ ရှို့တဲ့သူက ဆိုင် တာဝန်ခံ။သမဝါယမဆိုင်က စလောင်တာဆိုတော့ သက်ဆိုင် ရာက စစ်တာ ဆေးတာ ဖမ်းတာ ဆီးတာတွေလုပ်တာပေါ့ဗျာ ။အစကတော့ ဆိုင်ထဲက ဝါယာ ရှော့ဖြစ်ပြီး လောင်သလိုလို ဘာလိုလို အသံထွက်ပေမဲ့ သမဥက္ကဋ္ဌ ဦးထွန်းလှအောင်တို့ ဆိုင် တာဝန်ခံ ဦးစိုးနိုင်တို့ကို တလကျော်လောက် ဖမ်းထားပြီးလည်း စစ်လိုက်ရော အမှုမှန် ပေါ်လာတော့ တာပါပဲ ။ ဦးထွန်းလှအောင်နဲ့တော့ မဆိုင်ဘူးဗျ။ သူ့ခမျာ စစ်ကြောရေးမှာ တော်တော် ထုထောင်းခံလိုက်ရတယ်လို့ သူကိုယ်တိုင်ပြောပြ ဘူးတယ် ။နောက်ဆုံးတော့ ဝါယာရှော့ဖြစ်တယ် ထင်ရအောင် စံနစ်တကျ မီးရှို့တာက ဆိုင်တာဝန်ခံဦးစိုးနိုင်ဆိုတာ ပေါ် လာတယ် ။ တကယ့်ဥာဏ်ကြီးရှင်ပဲဗျာ ။ သမဝါယမဆိုင်နဲ့ ပတ်သက်တဲ့ စာရင်း စာအုပ် တွေ ကို ဓာတ်ဆီ အပြည့်ထည့်ထားတဲ့ ဇလုံကြီး တခုနားမှာ စုပုံပြီး အဲဒီ ဇလုံပေါ်မှာ လေးဆယ် ဝပ်မီးလုံးတလုံး ကို မထိတထိ ထားခဲ့လိုက်တာတဲ့ ။ညဖက်ရောက် လို့ ညစောင့်လုံခြုံရေးက မီးဖွင့် လိုက်တော့ မီးလုံးက တဖြည်း ဖြည်းပူလာပြီး မနက်နှစ်နာရီ တရပ်ကွက်လုံး က လူတွေ အိပ်မောကျနေတုန်း ဝုန်းကနဲ ထ လောင်တဲ့ အဖြစ်ပါပဲဗျာ ။ အဲဒီနေ့က လောင်တဲ့မီးကတော့ သမဝါယမဆိုင်တင်မကဘူး ။ ငါးရပ်ကွက်တကွက်လုံး ပြောင်အောင် လောင်တာပဲဗျို့။ အဲဒီဆိုင်တာဝန်ခံ ဦးစိုးနိုင်က အရောင်းတာဝန်ခံ အမျိုးသမီးနဲ့ လည်း ဘာလိုလို ဇာတ်လမ်း ရှိသေးသတဲ့ ။ အမှုကို တရား ရုံးတင်ပြီးတော့ ဦးစိုးနိုင်လည်း ထောင်ဆယ်နှစ်ဆိုလား ကျသွား လေရဲ့ ။ဒါပေမဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တခုနဲ့တိုးပြီး ငါးနှစ်လောက်အကြာမှာ လွတ်လာ တယ်။ လွတ်လာပြီး မကြာခင် အဆုတ်ကင်ဆာလိုလို အဆုတ်နာလိုလို ရောဂါနဲ့ သေတာပါပဲ ။တချို့ ပြောတော့ ထောက် လှမ်းရေးက စစ်ကြောရေး မှာ ထုထောင်းထားတဲ့ ဒဏ်တွေလို့ လည်း ပြောကြသဗျ ။
……………………………..

အဲသလို မီးလောင်တဲ့အကြိမ်ပေါင်းများစွာထဲက တကြိမ်မှာတော့ ကျနော်လည်း မီးဘေး ဒုက္ခ သည် ဘဝရောက်ခဲ့ရရောဗျာ ။ ၁၉၉၃ မှာ ကျနော့်နေတဲ့ ယောက္ခမအိမ် မီးထဲပါ သွား တယ်။ မီးလောင်တော့ ကျနော်က ဘားလမ်းတရား ရုံးမှာ အရက်ထိုင်သောက်နေ တဲ့အချိန် ။ ကျနော့် ဇနီးကလည်း အသုဘတခုလိုက်ပို့နေတော့ အတွင်းပစ္စည်း တွေပါ ဘာတခုမှ မရလိုက် တော့ ဘူးဆိုပါတော့ ။
အမှန်တော့ လှိုင်မြို့နယ် မှာ မီးလောင်နေတယ်ဆိုတာ ကျနော်အစောကြီး သိနေတာဗျ ။လှိုင် မြို့နယ်မှာ မီးလောင်တာ အဆန်းမှ မဟုတ်တာ ကိုယ့်အိမ်တော့ မပါလောက်ပါဘူး ဆိုပြီး ပန်းဘဲတန်း ရဲစခန်းက ရဲအုပ်ဦးချစ်မြိုင်နဲ့ ထိုင်သောက်နေရာက မထဖြစ်တာ ။လောင်နေတဲ့ မီး က ကျနော့်အိမ်နားရောက်နေပြီဆိုလို့ ကသောမမျော ပြန်ပြေးလိုက်တော့ အိမ်နေရာမှာ တိုင်ငုတ်ပဲကျန်တော့တယ် ဆိုပါတော့ ။
……………………………………..
အဲဒီမီးလောင်မှုပြီး မကြာခင် ရက်တရက်မှာပေါ့ ။
အဲဒီနေ့က ရှမ်းစုရုံးခန်းကို ကျနော် မနက်ရှစ်နာရီလောက်ကတည်းက ရောက်နေတယ် ။လက်ထဲမှာ ငွေပြတ်နေပြီး ဘာကြံရ မှန်းကို မသိလို့ ရုံးခန်း ခေါင်းရင်းဘက်က မြေကွက် လပ်မှာ ဒရင်းဘတ်ခင်းခိုင်းပြီး ပက်လက် လှန်နေလိုက်တယ် ။အကြံအိုက်လွန်းလို့ ရုံးစောင့် ဦးတင်ရွှေကို မြေဖြူခဲတခဲ ယူခိုင်းလိုက်ပြီး ရုံးခန်းခေါင်းရင်းဖက် အပြင်နံရံမှာ “ မျှော်လင့် ချက်မဲ့တဲ့ နေ့တွေလည်း ရှိ “ ဆိုပြီး စာတကြောင်းတောင်ရေးထားလိုက်မိတယ် ။ ရေးယုံတင် မကဘူး ၊ အဲဒီစာကြောင်းနဲ့ ကျနော့်ပုံကိုတွဲပြီး ဦးတင်ရွှေကို ဓာတ်ပုံပါ ရိုက်ခိုင်းထားမိသေးဗျာ ။
တကယ်တော့ အဲဒီနေ့ဟာ မျှော်လင့်ချက်မမဲ့ခဲ့ပါဘူး ။ မနက်ကိုးနာရီလောက်ကျတော့ ဌေးစိုး တို့ ညီအကို ပေါက်ချလာတယ် ။ ဒီကောင်တွေ ညီအကိုက တကယ့်ဖိုးတွမ်တီးတွေ ။ အော် ။ ကျနော်သူများကို ဖိုးတွမ်တီးလို့ မတရားမပြောပါဘူးဗျာ။သူတို့ စီးပွားရေးဂွင် တချို့မှာလှိမ့်နေ ပတ်နေတာတွေ ကျနော်အကုန်သိနေလို့ပါ ။ဌေးစိုးအကိုနာမည်က မြင့်စိုးတဲ့ ။ စီးပွား ရေး လောကထဲမှာတော့ သူတို့ကိုယ်သူတို့ မိတ်ဆက်ထားတာ ဗိုလ်ကြီးဌေးစိုး နဲ့ ဗိုလ်မှူးမြင့်စိုး ပေါ့ ။
အဲဒီမတိုင်ခင်လွန်ခဲ့တဲ့ခြောက်လလောက်က ဒီမောင်တွေညီအကိုနဲ့ ရန်ကုန်သစ်လုပ်ငန်း ရုံးချုပ်မှာကျနော်သိခဲ့တာဗျ ။ အဲဒီတုန်းက နံမည်ကြီးသစ်ပွဲစား ကိုလှမြင့်ဆိုတဲ့ ညီအကို နဲ့ ငွေပေးငွေယူကိစ္စ အလုံသစ်တောရုံးရှေ့မှာ ပြဿနာဖြစ်နေတုန်း သိခဲ့တာ ။ကျနော်က ကိုလှမြင့်နဲ့ခင်နေတော့ “ခင်ဗျား တို့ပြဿနာ ကျနော့်ရုံးမှာ လိုက်ရှင်းကြပါ ၊ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ လူမြင်မတော်ပါ ဘူး“ဆိုပြီး ကျနော်ကိုယ်တိုင် သူတို့သုံးယောက်လုံးကို ပင့်လာခဲ့တာ။ အမှန်တော့သူတို့ပြဿ နာ ကို ကျနော်စိတ်ဝင်စားတာလဲပါတယ်။ နောက်တ ချက်က သူတို့ ညီအကိုဟာ တပ်မတော် အရာရှိတွေ မဟုတ်လောက်ဘူးဆိုတာ ကျနော့်စိတ် ထဲက အလိုလိုသိနေသလိုပဲ ။
ဒါနဲ့ကျနော့်ရုံးခန်းမှာ စာရင်းရှင်းကြတော့လည်း ထိုးမယ်ကြိတ်မယ်တွေ ဖြစ်လာကြလို့ ကျနော်ပဲ ဝင်ထိန်းပြီး ပြေလည်အောင်ဝင်ရှင်းပေးလိုက်တယ် ။ အဲဒီကစပြီးသူတို့ ညီအကို ကျနော့်ကို အကိုအကို နဲ့ အဖွဲ့စကျတော့တာပဲ ။အမှန်က သူတို့ညီအကိုဟာ နဝတ အစိုးရ တက်လာပြီး တည်ဆောက်ပြုပြင်မြန်ပြည်တခွင် ဆိုတဲ့ စီမံကိန်းတွေနဲ့လုပ်စားနေကြတာဗျ ။ သူတို့ စားကျက်က ကချင်ပြည်နယ်ဖက်မှာ ။ ကချင်ပြည်နယ်က တည်ဆောက်ရေး စီမံကိန်း နဲ့ ပတ်သက်တဲ့ သစ်ပါမစ်တွေ ရန်ကုန်ယူလာပြီး ပြန်ဖျောနေကြတာ ။ကချင်ပြည်နယ်မှာ သူတို့ ဘယ်လို အဆက်အသွယ်ရှိသလဲတော့ မသိဘူး။ ရန်ကုန်မှာတော့ နဝတရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီး သန်းတင်နဲ့လုပ်စားနေကြတာဗျ။ ဒါဟာသေချာတယ် ။ ကျနော်ကိုယ်တိုင် သံသယ ရှိလို့ ဗိုလ်မှူးကြီးသန်းတင်ရဲ့အိမ်ကို ပါမစ်လက်မှတ်ထိုးဘို့ ဌေးစိုးနဲ့လိုက်သွားခဲ့ဘူး တယ် ။ ကျနော်အကဲခတ်မိသလောက်တော့ ဗိုလ်မှူးကြီးသန်းတင်ဟာ ဌေးစိုးယူလာတဲ့ လျှောက်လွှာတွေကို ကချင်ပြည်နယ်က တင်ပြတဲ့ လျှောက်လွှာမှန်မမှန် စစ်ဆေးပြီး လက်မှတ် ထိုးပေးတာဟာ လိုင်းကြေးကျေနပ်လောက်အောင် ရလို့ ထိုးပေးလိုက်တာပါပဲ ။ဟုတ်တယ် ။ အဲဒီလို လိုင်းကြေးမဝင်တဲ့ လျှောက်လွှာဟာ လေးငါးလကြာနေတတ် တယ် ။တခါတခါဆို ပြန်တောင်ကျမလာတတ်တာမျိုးပါ ရှိတယ် ။
…………………………………….

ဌေးစိုးတို့ညီအကို အဲဒီနေ့မနက်ကလာတာ တကယ်တော့ ကောင်းသောလာခြင်း မဟုတ်ဘူး ။ ကျနော့်တပည့်လေး တယောက်ကို အချုပ်ထဲထည့်ချင်လို့ ကျနော့်ကို လာပြီး စည်းရုံးတာ။
တပည့်နံမည်က အောင်ချိုတဲ့ ။ မြန်မာမလေးတယောက်နဲ့ အိမ်ထောင်ကျနေတဲ့ ဟိန္ဒူကုလား လေး ။အသက်နှစ်ဆယ်ကျော် လောက်ရှိမယ်ထင်ပါရဲ့ ။ သူ့ကို ကျနော် အင်းစိန်ထောင်ထဲမှာ သိခဲ့တာဗျ။ ထောင်ထဲမှာနေတုန်း တရက်မှာ ဂီတနက်သန် ကိုစောငြိမ်း ရဲ့ “ချစ်ပြုံးနှင်းဆီ “ သီချင်းကို အသံကောင်းကောင်း၊အလူးအလိမ့်မှန်မှန် နဲ့ဆိုနေသံကြားလို့ သေချာသွားကြည့် တော့ ကုလားလေး အောင်ချိုဖြစ်နေတယ် ။ကျနော်က ထောင်ထဲမှာပျင်းရင် အောင်ချို့ကို ခေါ်ခေါ်ပြီး ချစ်ပြုံးနှင်းဆီ သီချင်းဆိုခိုင်းရာက သူကလည်း ကျနော့်ကို ဆရာသမားတယောက် လို ခင်နေခဲ့တာ ။ထောင်အပြင်ကို ရောက်တော့ လည်း ကျနော့်ရုံးကို ဝင်ထွက်နေတာမို့အခင် အမင်မပျက် ရှိနေခဲ့တယ်။အဲဒီ အောင်ချိုက ပဲခူးကဝဖက် က လယ်ထွန်စက်ဟောင်း တခုနဲ့ ပတ်သက်ပြီး ရောင်းမှား ဝယ်မှား ဖြစ်ရာက အမှုဖွင့်ခံရပြီး ရှောင်နေရတဲ့အချိန် ဌေးစိုးတို့ ညီ အကို ရောက်ချ လာတာပဲ ။
အမှန်က အောင်ချို ဝယ်လိုက်တဲ့ လယ်ထွန်စက် အဟောင်းဖျက်ထားတဲ့ သံတိုသံစတွေကို ဌေးစိုးတို့အသိမိတ်ဆွေပိုင်တဲ့ကားနဲ့ ငှားတင်လာတာဆိုတော့ ရဲက ကားကို သိမ်းထားတယ် ။ သိမ်းထားတဲ့ ရဲကလည်း ပဲခူးတိုင်း ရဲ ။အောင်ချိုဟာ ကျနော့်တပည့်ဖြစ်နေမှန်း ကဝရဲစခန်း က သိနေတော့ စွတ်မလုပ်ရဲဘူး ။ အေးလေ။ တိုင်းရဲမင်းကြီးနဲ့ ကျနော်က အဆမတန်ခင်နေ တာ ကလား ။
ဒီမှာတင် ရဲက အောင်ချို့ကို ဖမ်းမိမှ ကားကို ပြန်ထုတ်ပေးမယ်ဆိုပြီး အကြပ်ကိုင်တယ် ။ ဒီတော့ ကားပိုင်ရှင်က ဌေးစိုးတို့ညီအကို ကို အပူကပ်တယ် ။ဌေးစိုးတို့ညီအကိုက အောင်ချို့ ကို ဖမ်းနိုင်အောင် ကျနော့်ကို အကူအညီတောင်းဘို့ အတွက် ရောက်လာကြတာလေ။
ဒီမောင်တွေ ကျနော့်ကို ဒီအတိုင်းအမှုကိစ္စ မပြောရဲဘူးဗျ ။အကို ၊ တခုခု စားရအောင်ဆိုပြီး ဘူတာရုံလမ်းနားက နဂါးနီ စားသောက်ဆိုင်ကိုခေါ်သွားတာနဲ့ ကျနော်လည်း ညစ်နေတဲ့ အချိန်ဆိုတော့ လွယ်လွယ်ပဲ ခေါင်းငြိမ့်ပြီး လိုက်သွားလိုက်တယ် ။
……………………………………
တကယ်တော့ ဌေးစိုးတို့ညီအကို ကျနော့်ကို မလှန်ရဲပါဘူး ၊ မလှန်ရဲတဲ့ အကြောင်းလည်း ရှိ ပါတယ် ။ကိုလှမြင့်နဲ့ ပြဿနာဖြစ်ပြီးတဲ့နောက် သူတို့ညီအကို ကျနော့် ရုံးခန်းကို မကြာမကြာ ပေါက်ချလာတတ်တယ် ။ကျနော့်ရုံးက ကျနော့်တပည့်တွေကော ရုံးကို လာလည်တဲ့ ဧည့်သည် တွေကရော သူတို့ညီအကို ကို ဗိုလ်ကြီး ဗိုလ်မှူး လို့ပဲ ခေါ်ကြတယ် ။ ကျနော်ကတော့ကိုဌေး စိုး ၊ကိုမြင့်စိုးပဲ ခေါ်တယ် ။ဒါကို သူတို့က သိပ်ကျေနပ်ပုံမပေါ်ဘူး ။ဒါနဲ့ ကျနော်လည်း နဂါး မှန်း သိအောင် အကြောင်းတော့ပြလိုက်အုံးမှ ဆိုပြီး အကွက်ချောင်းနေလိုက်တာ မကြာပါ ဘူးဗျာ ။သူတို့ဗိုလ်မဟုတ်တဲ့ အကြောင်း သက်သေပြလိုက်နိုင်တော့တာပါပဲ ။
ဖြစ်ချင်တော့ တနေ့ သူတို့ညီအကို ရောက်လာပြီး ကျနော်နဲ့ အရက်သောက်ရအောင် အဖော်ညှိလာတယ်ဗျ ။ကျနော်ကလည်း ညနေသုံးနာရီလောက် ဖြစ်နေတော့ ရုံးမှာပဲ ချလိုက် ကြရအောင်ဆိုပြီး ဦးလှရွှေကို အမြည်းအတွက်ဘဲကင်ဝယ်ခိုင်းလိုက်တယ် ။ အရက်က ဝယ်စရာမလိုဘူးဗျ။ ကျနော့်တပည့်တွေ လာပို့ထားတဲ့ အာမီရမ် နှစ်လုံးရှိနေတယ်လေ ။ဒါနဲ့ ကျနော်လည်း ရုံး နောက်ခန်းထဲက အာမီရမ်တလုံးကို ယူလာပြီး ဌေးစိုးလက်ထဲကိုထည့်လိုက် တယ် ။“ ကဲ ကိုဌေးစိုး ဖွင့်ဗျာ “ လို့လည်း ပြောလိုက်ရော ဌေးစိုးဟာ စားပွဲပေါ်က ကြက်သွန် လှီး တဲ့ ဓားလေး ကို ယူပြီး အာမီရမ် ပုလင်းထိပ်က ချိတ်တွေကို တတောက်တောက်နဲ့ ခွာ နေတယ် ။ ဌေးစိုး ပုလင်းထိပ်က ချိတ်ကိုခွာနေတာလည်း မြင်ရော ကျနော်က ကျန်တဲ့ အာမီ ရမ် တလုံးကို ချက်ချင်း ဆွဲထုတ်လာလိုက်တယ်။ ပုလင်းကို လက်မှာကိုင် ပုလင်းအဝကို အောက်ဖက် လေးဆယ့်ငါး ဒီဂရီ လောက်လှည့်ထားပြီး ပုလင်းဖင်ကို ကျန်တဲ့ လက်တဖက် ကလက်ဖနောင့် နဲ့ ခပ်ဆတ်ဆတ် ရိုက်ချ ပြလိုက်တာ အာမီရမ် ပုလင်းဟာ ဖောင်းကနဲ လည်း ပွင့်ထွက် သွားရော ဌေးစိုးရော မြင့်စိုးပါ မျက်နှာမှာ သွေးမရှိတော့ဘူး ။သူတို့ နှစ်ယောက်လုံး ကျနော့် မျက်နှာကို ပြိုင်တူလှမ်းကြည့်လိုက်ကြတယ် ။သူတို့ကြည့်တဲ့ မျက်လုံးတွေထဲမှာ “ ကျနော် တို့ကို နားလည်ပေးပါဗျာ “ ဆိုတဲ့ အဓိပ္ပါယ်ပေါက်နေလေရဲ့ ။ကျနော်လည်း မျက်လုံးနဲ့ပြန် ကြည့်ပြီး အဖြေပေးလိုက်ပါတယ် ။“ မင်းတို့ဖာသာ ကိုယ့်အလုပ် ကိုယ်လုပ်ကြ၊ ငါဟာ မင်းတို့ ထင်သလို အချဉ်မဟုတ်ဘူးလို့ “။
အေးလေ။ အာမီရမ်ပုလင်းတောင် မဖွင့်တတ်ပဲ ဘယ်လိုလုပ် ဗိုလ်ဖြစ်နိုင်တော့မလဲဗျာ ။ အာမီရမ်ပုလင်းကို စစ်သားတိုင်းဖွင့်တတ်တယ်ဗျ။ ရှေ့တန်းစစ်မြေပြင်မှာ အာမီရမ်ပုလင်း အဝကို ဓားလေးနဲ့ တတောက်တောက်လုပ်နေလို့ မရတာ ။အဲဒီနေ့ကစပြီး သူတို့ကလည်း အပိုးကျိုးသွားရော ဆိုပါတော့ ။
………………………….

နဂါးနီစားသောက်ဆိုင်ကို ကျနော်တို့ရောက်တော့ မနက်ကိုးနာရီ လောက်ပဲ ရှိအုံးမယ် ။ ဆိုင်ပိုင်ရှင်က ဦးကျော်မြင့်တဲ့ ။ သူက တရုပ် ။ ကျနော့်လိုပဲ အင်းစိန် ဂျီတီအိုင်ဆင်း ။ ကျနော်ရော ကျနော့်လုပ်ဖော်ကိုင်ဖက်တွေပါ နဂါးနီမှာသောက်နေကျ ဆိုတော့ ဦးကျော်မြင့်နဲ့ မျက်မှန်းတန်းမိနေတယ် ဆိုပါတော့ ။ဌေးစိုးတို့ညီအကိုက အကြံနဲ့ဆိုတော့ မှာလိုက်တဲ့ စားစရာတွေ စားပွဲ အပြည့် ပါပဲဗျာ ။ကျနော့်ကို ဘာအရက် သောက်မလဲမေးတော့ black label ချခိုင်းလိုက်တယ် ။ဖန်ခွက်တွေထဲလည်း အရက်ငှဲ့ပြီးရော ဌေးစိုးက ကျနော့်ကို ဘယ် လောက်ခင်ကြောင်း ၊ ကျနော်နဲ့သိကျွမ်းရတာ ဘယ်လောက်တန်ဖိုးရှိကြောင်း ကျနော့် ကို ဘယ်လောက်အားကိုး ကြောင်း စကားတွေ ဖောင်ဖွဲ့ပြီး လျှောက်ပြောနေတော့တာပဲဗျာ ။ ကျနော်ကတော့ ဘာမှ ခွန်းတုန့်မပြန်ပဲ မျက်နှာထားတည်တည်နဲ့ပဲ အသာငြိမ် ပြီးနား ထောင်နေလိုက်တယ် ။ငြိမ်ပြီးနားထောင်ရုံပေါ့ဗျာ ။ သူတို့ ဂွင်ဆင်ပြီး ကျနော့်ကို တခုခု ဂျင်းထည့်တော့မယ် ဆိုတာ ကျနော့် ရိပ်မိနေပြီပဲ ။
အဲဒီအချိန်မှာ ဗြုန်းဆို လက်ပွေ့ထီရောင်းတဲ့ ထီရောင်းသမားတယောက် ဆိုင်ထဲကို ဝင်ချလာသဗျ ။ သူက တဆိုင်လုံးကို လှည့်အကဲခတ်လိုက်ပြီး ဌေးစိုးအနားကို ကပ်သွားတယ် ။ပြီးတော့ “ ဆရာ ၊ ထီထိုးပါအုံး ၊ ထီဖွင့်နေပြီ “တဲ့ ။ဌေးစိုးဟာ စိန်ကောင်းကျောက်ကောင်း ရောင်းနေတဲ့နေရာ ထီသည်လာရှုပ်နေတယ် ထင်သွားဟန်တူပါရဲ့ ။ ထီသည်ကို လှည့်တောင် မကြည့်ပဲ လက်နဲ့ နောက်ပြန်တွန်းလိုက်သဗျ ။ဌေးစိုးက လက်နောက်ပြန်တွန်းလိုက်ပေမဲ့ ထီသည်က လက်မ လျော့ဘူး။ မြင့်စိုးရှေ့က စားပွဲပေါ်ကို ထီစာအုပ်တွေ ထိုးတင်လိုက်ပြီး “ ထီက ဖွင့်နေပြီ ဆရာ“ လို့ လုပ်ပြန်ရောဗျာ ။မြင့်စိုးဟာ ဌေးစိုးနဲ့စာရင် စိတ်ပိုဆတ်တယ်ဗျ ။ထီစာအုပ်တွေကို လက်မှာ လုံးချေဆုပ်ကိုင်ပြီး ပြန်ပေးရင်းက ထီသည်ရဲ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်တယ် ။ ရုတ်တရက် အတွန်းခံလိုက်ရတော့ ထီရောင်းသမားဟာ နောက်ကို ခြေနှစ်လှမ်းလောက်ဆုတ် သွား တယ် ။
ဒီတော့ ကျနော်လည်း ထီရောင်းသမားကို သေချာလှမ်းကြည့်လိုက်တယ် ။ အော် ။ ဥပဓိရုပ်က တော့ နုံရှာတယ်ဗျာ ။ဘာဘဲဖြစ်ဖြစ် ဌေးစိုးတို့ ညီအကိုလုပ်ပုံကို ကျနော်သဘောမကျလှဘူး ။ မဝယ်ချင်ရင် အေးအေးဆေးဆေးပြောလည်း ရတာပဲ ။ကျနော်ထီရောင်းသမားကို တော်တော် သနားသွားတယ်ဗျာ ။ဒါနဲ့ ကျနော်က ထီရောင်းသမားကို “ ကဲ ၊ ဒီဖက်လာစမ်းပါဗျာ“ လို့ လည်း ခေါ်လိုက်ရော ထီသည်ဟာ မျက်နှာဇီးရွက်လောက်ပဲ ရှိတော့တယ် ။အမှန်က ကျနော် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ နေ့မို့ ကျနော့်မျက်နှာထားတင်းနေတာကို သူလန့်နေပုံ ရပါ တယ် ။ဒါကြောင့်လည်း ဆိုင်ထဲကို ဝင်လာကတည်းက ကျနော့်ဆီကို လာမရောင်းပဲ ဌေးစိုးတို့ ညီအကို ကို သွားရောင်းတယ် ထင်ပါရဲ့။ဒါကို ရိပ်မိတဲ့ ကျနော်က တင်းနေတဲ့ မျက်နှာထားကို အတတ်နိုင်ဆုံး ပြင်လိုက်ရင်း …
“ လာပါဗျာ ။ ခင်ဗျား ဒီလောက်ရောင်းချင်နေရင် ကျနော် ဝယ်လိုက်ပါ့မယ်။ ဒါပေမဲ့ ကျနော် ထီထိုးတဲ့ အလုပ်ကို အယုံအကြည်မရှိဘူး ။ဝါသနာလည်း မပါဘူး။ အခု ဝယ်မှာကကိုယ့်ဆရာ ကို သနားလို့ ဝယ်မှာ“ လို့ပြောလိုက်တယ် ။
ဒီမှာတင်သူက ကျနော့်အနားကို မရွံ့မရဲနဲ့ကပ်လာပြီး ထီစာအုပ်သုံးလေးအုပ်ကို ကျနော့်ရှေ့ က စားပွဲပေါ်ကိုလှမ်းတင်လိုက်တယ်။ကျနော်လည်း “ခင်ဗျား ထီလက်မှတ်ဖိုး ဘယ်လောက်တုန်း “ လို့မေးလိုက်တယ် ။ထီရောင်းသမားဟာ တုန်တုန်ရီရီလေသံနဲ့ ပြန်ဖြေရှာပါတယ် ။
“ တရာသုံးဆယ့်ငါးကျပ် ပါ ဆရာ“ တဲ့ ။
......................
(ဆက်လက် ရေးသားပါဦးမည်။)

ရုပ်ပုံ ။ ။ ဂူဂဲလ်

Read More...